Friday, June 19, 2020

ပင်လုံနှင့် xenophobia ဆက်စပ်၍---

ပင်လုံနှင့် xenophobia ဆက်စပ်၍---

ပြည်ပတွင် အသက်ရှင်နေထိုင်ခဲ့သည့်ကာလသည် မွေးရပ်တွင်ထက် ၁၀နှစ်ခန့်ပိုမိုကြာညောင်းခဲ့ပါပြီ။ 
သို့သော်ပြည်ပနိုင်ငံအားမိမိ၏ မွေးရပ်မြေကဲ့သို့ တွယ်တာမြတ်နှိုး စွဲလမ်း ပူပင်သည့် စိတ်ဝိဥာဉ်ရှင်သန်ကြီးထွားမှုနှုန်းထားကတော့ သိသိသာသာဖွံ့ဖြိုးတိုးတက်လာခြင်းမရှိပါပေ။
သို့ပင်ဖြစ်သော်လည်း ဖိတ်ခေါ်ခံရခြင်းမရှိဘဲ မိမိလာရောက်မှီခိုနေသောပြည်ပနိုင်ငံအား အသားလွတ်မုန်းတီး အထင်သေးသည့်စိတ်ဓါတ်မှာမူ လေ့လာသုံးသပ် တွေ့မြင်နေရသော အခြေအနေမှန်များအရ တိမ်ကောသွားခဲ့ပြီဟုတော့ဆိုနိုင်သည်။ 
အမှန်တွင်ငယ်စဉ်အခါက သင်ကြားခဲ့ရသော သမိုင်းများနှင့်မဆလအစိုးရ၏ ပြည်ပနိုင်ငံမုန်းတီးရေး ၀ါဒသွတ်သွင်းမှုများကြောင့် ကျုနုပ်တို့တွင် ပြည်ပနိုင်ငံအတော်များများကို တဘက်သတ်မုန်းတီးသောစိတ်ဓါတ်များစွဲကပ်နေခဲ့ရခြင်းဖြစ်ကြောင်း ရှင်းလင်းစွာနားလည်သိမြင်လာခဲ့ခြင်းက ယင်းသို့တဘက်သတ် အသားလွတ်မုန်းတီးရန်လိုသောစိတ်ရောဂါ (xenophobia) များကို ခြေဖျက်လိုက်ခြင်းဖြစ်သည်။


မြန်မာပြည်ဟူ၍ တရားဝင် ကမ္ဘာ့အသိအမှတ်ပြုခြင်းကိုရရှိခဲ့သည့် ၁၉၄၈ မတိုင်မီက အများသိကြသည့်အတိုင်း မြန်မာပြည်ကိုဗြိတိသျှအစိုးရက ဖွဲ့စည်းအုပ်ချုပ်ခဲ့သည်။ သမိုင်းတလျှောက်တွင် သူနိုင်ကိုယ်နိုင်အပြိုင်ကျဲခဲ့ကြသော ဘင်္ဂလားဒေရှ်၊ရခိုင်၊အာသံ၊မဏိပူရ၊ မွန်၊ရှမ်း၊ အယိုးဒယား၊ လန်းနာ၊ လာအိုနှင့် ဗမာ ကိုယ့်မင်းကိုယ့်ခြင်းများအကြားစစ်ရေးနိုင်ငံရေး အားပြိုင်မှုပဋိပက္ခအားလုံးသည် ဗြိတိသျှအုပ်ချုပ်သောခေတ်တွင် ရပ်တန့်အေးချမ်းသွားခဲ့သည်။ ဘင်္ဂလားဒေ့်၊ရခိုင်၊ဗမာ၊အာသံ၊မဏိပူရ၊ လာအို၊ လန်းနာပါဝင်သည့်အယိုးဒယားနှင့် လာအိုနယ်နိမိတ်များကို အပြည်ပြည်ဆိုင်ရာတရားဝင်နယ်နိမိတ်များအဖြစ်ပိုင်းချားသတ်မှတ်နိုင်ခဲ့သည်။ ငြိမ်းချမ်းသွားသောထိုအနေအထားအရ အဆိုပါ နယ်နိမိတ်သားအသီးသီးးသည် တနေရာမှတနေရာသို့တရားဝင်ခွင့်ပြုချက်စာရွက်စာတမ်းများဖြင့် စတင်ကူးလူးသွားလာလုပ်ကိုင်အခြေခြနေထိုင်နိုင်ကြသည်။ မိုးခေါင်ရေရှားဒေသမှ ဗမာတောင်သူလယ်သမားများသိန်းသန်းချီခါ မွန်-ဗမာစစ်မြေပြင်ဖြစ်ခဲ့သော အေရာဝတီမြစ်ဝကျွန်းပေါ်ဒေသသို့ပြောင်းရွှေ့အခြေချလာကြသည်။ မွန်ကုန်သည်များကလည်း အထက်အညာဒေသသို့ စိုးရိမ်ကြောက်လန့်မှုကင်းဝေးစွာဖြင့် သွားလာကူးသန်းရောင်းဝယ်ကြသည်။ ရခိုင်-ဗမာစစ်မြေပြင်ဖြစ်ခဲ့သော ရခိုင်ဒေသအတွင်းသို့ ရခိုင်-ဗမာစစ်ကာလက ဘင်္ဂလားသို့ရှောင်တိမ်းနေခဲ့ကြသောရခိုင်ပြည်သားအများအပြား ပြန်လည်ပြောင်းရွှေ့လာကြသည်။ ဘင်္ဂလားတွင်ရခိုင်တချို့ကျန်ရှိနေသကဲ့သို့ ရခိုင်ထီးနန်းခေတ်က ရခိုင်ပြည်သားဖြစ်ခဲ့ဘူးသည့် ဘင်္ဂလားတချို့သည်လဲရခိုင်ပြည်သို့ပြန်လာအခြေချကြသည်။ ဘဂ်လားဒေ့်တွင် ရာသီဥတုဆိုးယွားမှုကြောင့် ဆင်းရဲဒုက္ခရောက်ကြသော ဘင်္ဂလီစစ်စစ်များလဲ ပြည်တော်ပြန် ရခိုင်၊ရခိုင်ဘင်္ဂလီများနှင့် တခေတ်တည်းတွင် ကူးပြောင်းအခြေချလာခဲ့ကြသည်။ အင်းဒီးယားကုန်သည်ကြီးများကလည်း ရန်ကုန်တွင်လာရောက်အခြေချခါ ရန်ကုန်မြို့အား အာရှစီးပွားရေးစင်တာတခုအဖြစ်တည်ဆောက်ခဲ့ကြသလို၊ မြန်မာနယ်စပ်နှင့်ထိစပ်နေသော တရုတ်ပြည်နယ်များမှ ကုန်သည်၊ပွဲစား၊စက်မှုလက်မှုလုပ်ငန်းပညာရှင်များနှင့်အလုပ်သမားလူတန်းစားများလည်း ကချင်၊ ရှမ်း၊မန္တလေး၊ ရန်ကုန်၊မော်မြိုင်နှင့်မြို့ပြဒေသအားလုံးနီးနီးသို့ပြောင်းရွှေ့လာကြသည်။ ထိုခေတ်ကာလူတို့၏အစုလိုက်အပြုံလိုက်ရွှေ့ပြောင်းမှုများတွင် ဥရောပသားများအမေရိကားသို့ပြောင်းရွှေ့မှုသည်အကြီးမားဆုံးဖြစ်ခဲ့သည်တွင် အာရှတိုက်အတွင်းတွင်မူ မြန်မာဒေသအတွင်းသို့ပြောင်းရွှေ့လာမှုက အများပြားဆုံးဖြစ်ခဲ့သည်။ ရေကြည်ရာမျက်နုရာ၊ ဘေးကင်းရာသို့ ပြောင်းရွှေ့ကြခြင်းသည် လူနှင့်တိရိစ္ဆာန်အားလုံး၏သဘာဝဖြစ်ပေရာ ထိုခေတ်တွင် ဗြိတိသျှစီမံအုပ်ချုပ်သည့် မြန်မာပြည်သည် လူသားထုတရပ်လုံးအတွက် ရေကြည်မျက်နု အန္တရယ်အကင်းဆုံးသောဒေသကြီးဖြစ်ခဲ့ကြောင်းကို ထင်ရှားစွာသက်သေခံနေခြင်းဖြစ်တော့သည်။ သဘာဝအခြေအနေကောင်းသောမြန်မာပြည်အဖို့ ရေကြည်မျက်နုခြင်းမှာ ပင်ကိုအနေအထားဟုဆိုနိုင်သော်လည်း မြန်မာ့သမိုင်းတွင်မရှိဘူးခဲ့သော သာမန်ပြည်သူလူထုလူမျိုးပေါင်းစုံ အေးချမ်းစွာ လုပ်ကိုင်စားသောက်နေထိုင်နိုင်ကြသည့် အေးချမ်းငြိမ်သက် အန္တရာယ်ကင်းရှင်းမှုမှာမူ ဗြိတိသျှကိုလိုနီအုပ်ချုပ်စီမံချက်အရဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်ကိုမူ အသားလွတ်ငြင်းဆန်၍မရနိုင်ပေ။
ဗြိတိသျှကိုလိုနီအာဏာလျှန်းတောက်ခဲ့စဉ်က ဘင်္ဂလားဒေရှ်၊ရခိုင်၊အာသံ၊မဏိပူရ၊ မွန်၊ရှမ်း၊ အယိုးဒယား၊ လန်းနာ၊ လာအိုစသည်တို့နှင့် လက်ရှိမြန်မာနိုင်ငံနယ်နိမိတ်ကို နိုင်ငံတကာ အသိအမှတ်ပြုအဆင့်ဖြင့် ရေး ဆွဲချမှတ်ပေးခဲ့သည့်နည်းတူအင်းဒီးယားနိုင်ငံ၏ပြည်နယ်တခုအဖြစ်မှမြန်မာပြည်ကိုပြန်လည်ခွဲထုတ်ပေးခြင်းကိုလည်းလုပ်နိုင်ခဲ့သည်။ ထို့နည်းတူ ကိုယ်ပိုင်ထီးနန်းနှင့်ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ်ထွန်းကားခဲ့ဘူးသော ရခိုင်၊မွန်၊ရှမ်းပြည်များအပြင် ကချင်၊ကယားပြည်များ၏သီးချားလွတ်လပ်ရေးသို့မဟုတ်ကိုယ်ပိုင်ပြဌာန်းခွင့်အဆင့်အတန်းအသိအမှတ်ပြုမည့်
အခြေခံမူများချမှတ်ထားခဲ့သည်။ ကရင်များမှာ ဗြိတိသျှအုပ်ချုပ်ရေးနှင့်စစ်ရေးစစ်ရာတွင် ပထမတန်းအဆင့်မှ ပါဝင်အမှုထမ်းခဲ့ကြသော်လည်း သီးသန့်ကရင်ပြည်လွတ်လပ်ရေးကိုမူ မစွမ်းဆောင်ပေးနိုင်ခဲ့ပေ။ အကြောင်းရင်းမှာ ကရင်လူမျိုးထူထပ်စွာအခြေချနေထိုင်သော မြစ်ဝကျွန်းပေါ်ဒေသ၊ ပဲခူးရိုးမနှင့်တနသာင်္ရီတိုင်းများ၏ ပူပူနွေးနွေးသမိုင်းနောက်ခံအထောက်အထားများအရ ထိုဒေသများကို ဗမာမင်းများ တိုက်ခိုက်စိုးမိုးခြင်းမပြုရသေးသောကာလများတွင် မွန်ထီးနန်းနိုင်ငံတော်အုပ်ချုပ်ရေးများထွန်းကားခဲ့ရာဒေသဖြစ်သောကြာင့်ဖြစ်သည်။ တနသ်ာရီတိုင်းသည်လည်း မွန်လက်မှ စယမ်အယိုးဒယားလက်သို့နှစ်ပေါင်းရာချီ ကျရောက်ခဲ့ပြီးနောက် ဗြိတိသျှဝင်လာသောအချိန်တွင် ဗမာမင်းက ယိုးဒယားလက်မှ တဆင့်တိုက်ခိုက်သိမ်းယူထားသောကာလဖြစ်သည်။ သို့ဖြစ်၍ ဗြိတိသျှအစိုးရ၏ လေ့လာမှုများအရ ထိုကာလက ထိုဒေသများတွင် ကရင်များသည် သာမန်ပြည်လူထုအဖြစ်သာရှိခဲ့ကြသဖြင့် ဗြိတိသျှအစိုးရက ကရင်ပြည်ဟုသတ်မှတ်ပေးရေးမှာအထောက်အထားမခိုင်မာသည့်အနေအထားဖြစ်နေတော့သည်။
ထိုအခြေအနေအခက်အခဲကို ကောင်းစွာအသုံးချနိုင်ခဲ့သူမှာ ဖဆပလ AFPFL ခေါ်ဗမာလက်ဝဲလက်ယာ အမျိုးသားရေးတပ်ပေါင်းစုပင်ဖြစ်တော့သည်။ ဖဆပလအနေနှင့်အတ္တလန်တိတ်ချာတာနှင့်အမေရိကန်ဖိအားကြောင့်  ဗြိတိသျှကမြန်မာပြည်ကို လွတ်လပ်ရေးပေးကိုပေးရမည်မုချဖြစ်ကြောင်းသေချာပေါက်ယုံကြည်သည်။ သို့သော် မန္တလေးနှင့်မြန်မာပြည်အလယ်ပိုင်းတိုင်းများလောက်သာပါပြီး ရခိုင်၊ချင်း၊ကချင်၊ရှမ်း၊ကရင်နီနှင့်မွန်သမိုင်းဝင်ဒေသများကိုမူ မြန်မာပြည်ပိုင်အဖြစ်မထည့်သွင်းဘဲထားလိုက်နိုင်သည်။ ထိုကိစ္စကိုနိုင်ငံတကာက ကန့်ကွက်မည့်သူမရှိနိုင်သကဲ့သို့ စစ်မတိုက်ရဘဲ သီးသန့်လွတ်လပ်သောကိုယ်ပိုင်နိုင်ငံများအဖြစ် အသိအမှတ်ုပြုပေးခြင်းခံရမည့် ရခိုင်၊ချင်း၊ကချင်၊ရှမ်း၊ကရင်နီနှင့်မွန်တို့ကလည်း ၀မ်းနဲကျေကွဲခါ ရှိုက်ကြီးတငင်ဟစ်ကျောငိုကျွေးကြလိမ္မည်မထင်ပါပေ။
ဗြိတိသျှနိုင်ငံသည် ကိုယ်ပိုင်ပြဌာန်းခွင့်ရ စကော့တလန်၊အိုင်ရီလန်၊ဝှေးလ်နှင့် အင်္ဂလန်နိုင်ငံများပေါင်းစပ်ဖွဲ့စည်းထားသောနိုင်ငံဖြစ်ကြောင်းကို လေးနက်လျှင် မိမိအုပ်ချုပ်ခဲ့သောဗမာပြည်ရှိ လူမျိုးစုဒေသများအား မိမိနိုင်ငံမှာကဲ့သို့ ကိုယ်ပိုင်ပြဌာန်းခွင့်ရနိုင်ငံများအဖြစ် အသိအမှတ်ပြုပေးခြင်းမှာသူတို့၏ မူရင်းအခြေခံမူဝါဒနှင့်နိုင်ငံရေးရာယဉ်ကျေးမှုတရပ်ဖြစ်ကြောင်းကိုနားလည်နိုင်မည်ဖြစ်သည်။ ဖဆပလအဖို့ ဗြိတိသျှပြည်ထောင်စုမူ ဗမာပြည်ကိုချမှတ်ပေးသွားမည်ကိုအလွန်စိုးရိမ်ခဲ့သည်။ မြန်မာပြည်၏သယံဇာတဒေသအားလုံးမှာ လူမျိုးစုဒေသများတွင်သာရှိသကဲ့သို့ ပင်လယ်ထွက်ပေါက်မှာလည်း မွန်နှင့်ရခိုင်ဒေသများတွင်သာရှိသည်။ သို့ဖြစ်၍ဗြိတိသျှအစိုးရ၏ ကိုယ်ပိုင်ပြဌာန်းခွင့်ပြည်နယ်များဖြင့်ဖွဲ့စည်းသော ပြည်ထောင်စုမူကိုကြိုတင်ကာကာဆီးနိုင်ရေး
နှင့် တိုင်းရင်းသားလူမျိုးဒေသများဗမာပိုင်အဖြစ်လွတ်လပ်ရေးရလာစေနိုင်ရေးအတွက် ပင်လုံနိုင်ငံရေးကျိုးပမ်းမှုသို့ဝင်ရောက်ခါ ဦးဆောင်မှုနေရာကို လှည့်ယူခဲ့သည်။ သမိုင်းမှန်အရ ပင်လုံညီလာခံဖြစ်မြောက်ရေးကို ထိုစဉ်ကတညီတညွတ်တည်းမဖြစ်သေးသော ရှမ်းအမျိုးသားနိုင်ငံရေးပါတီပေါင်းစုံက တီထွင်ကြံဆပုံစံရေးဆွဲခဲ့ခြင်းဖြစ်သည်။ ထိုကာလကသျှမ်းနိုင်ငံရေးးခေါင်းဆောင်များသည် ဥရောပ၊အမေရိကားနှင့်သြစတျေးလျားနိုင်ငံများသို့ ဥဒဟိုကူးလူးသွားလာ ရွှေလမ်းငွေလမ်းပေါက်နေသောခေတ်ဖြစ်သည်။ဗြိတိသျှဘုရင်ခံ၏ ညွှန်ကြားချက်နှင့်လုပ်ပိုင်ခွင့်အာဏာလွှဲအပ်မှုအရ မြန်မာပြည်အုပ်ချုပ်ရေးကော်မီတီဘုတ်အဖွဲ့က ပင်လုံနိုင်ငံရေးတွင်နေရာဝင်ယူလာနိုင်ခြင်းဖြစ်သည်။ မြန်မာအုပ်ချုပ်ရေးကော်မီတီတွင် ဗိုလ်ချုပ်အောင်ဆန်းပါဝင်ပြီး နောက်ကွယ်တွင် ဖဆပလကနိုင်ငံရေးကျိုးကိုင်ထားသည်။
နောက်ခေတ်ကာလများတွင် ပင်လုံညီလာခံကိုရှမ်းများစတင်ကြံဆလုပ်ဆောင်ခဲ့သည်ဆိုသည့် သမိုင်းကြောင်းအားမြန်မာမှုပြုလိုက်သဖြင့် ရှမ်းလက်ရာမှဗီုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သော ဗမာလက်ရာအဖြစ်သို့အလိုအလျှောက်နား လည်မှုလမ်းကြောင်းလွဲသွားခဲ့သည်။ 
တဘက်တွင် ဗမာပြည်အပေါ်တရားဝင်အာဏာရှိနေသေးပြီးဖဆပလ က နိုင်ငံရေး မွေးစားဘခင်အဖြစ်အားထားနေရသော ဗြိတိသျှ၏နိုင်ငံရေးသိက္ခာနှင့် သြဇာကို နောက်ကွယ်မှချေဖျက်ရေးမှာ ဗြိတိသျှအစိုးရအားကပ်ချွဲနေရခြင်းနည်းတူ လိုအပ်လာသည်။ အထက်ခေါင်းဆောင်များက ဗြိတိသျှအာဏာပိုင်များကို ဆရာကြီးများအဖြင့်ခယဆက်ဆံနေကြချိန်တွင်မြန်မာမီဒီယာများမှတဆင့် ပြည်သူလူထုအတွင်းဗြိတိသျှမုန်းတီးရေးစိတ်ဓါတ်ကို သွတ်သွင်းသည်။ မြန်မာပြည်အတွင်း Xenlophobia စိတ်ရောဂါတမဟုတ်ကူးစက်ပြန့်ပွားခဲ့သည်။ မြန်မာပဒေသရာဇ်ခေတ်တလျှောက်တွင် အုပ်ချုပ်ခံလူမျိုးစုအဆင့်ဖြင့်နေခဲ့ကြရသော ဗြိတိသျှခေတ်တွင်မှ လူတလုံးသူတလုံးပြန် ဖြစ်လာခဲ့ကြသည့်လူမျိုးစုတချို့ပင်လျှင် ဘုမသိဘမသိဖြင့် ဗြိတိသျှဆန့်ကျက်မုန်းတိးရေးရောဂါ ကူးစက်သည်ကိုတွေ့ရသည်။ နေ၀င်းခေတ်တွင် ဗြိတိသျှမရှိတော့သဖြင့် ဗြိတိသျှအစား နိုင်ငံသားဖြစ်နေသော ကုလားမုန်းတီးရေးနှင့်နိုင်ငံသား တရုတ်မုန်းတီးရေးအစုလိုက်အပြုံ လိုက်လူသတ်ပွဲများကိုဖန်တီးခဲ့သည်။ တရုပ်သတ်ဖြတ်ပွဲမှာ ဗကပခြေမှုန်းရေးအတွက်လူထုစည်းရုံးရးနည်းနာဖြစ်သည်။ မိမိအစိုးရကိုဆန့်ကျင်သောအဖွဲ့အစည်းတိုင်းသည် အိမ်နည်းခြင်းနိုင်ငံများတွင် ခိုအောင်းနေထိုင်ကြသဖြင့် အိမ်နီးချင်းနိုင်ငံမုန်းတီးရေး Xenlophobia စိတ်ရောဂါကိုဆက်လက်ထုတ်လုပ်ဖြန့်ဖြူးပြန်သည်။ ရခိုင်ပြည်စိုးမိုးရေးအတွက် ရခိုင်ပြည်သားများစည်းလုံးမှုပြိုကွဲရန် ရိုဟင်ဂျာသတ်ပွှဲများကိုလဲ ဖန်တီးပြန်သည်။ ဤနည်းဖြင့် မျက်မှောက်ကာလတွင်ပင် မြန်မာပြည်သည် Xenlophobia စိတ်ရောဂါမှကောင်းစွာမလွတ်မြောက်နိုင် သေးခြင်းဖြစ်တော့သည်။ ဤစိတ်ရောဂါသည် လူမျိုးပေါင်းစုံဖြင့်ဖွဲ့စည်ထားသောနိုင်ငံအာဏာပိုင်များ အာဏာတည်မြဲရေး အတွက် ပြည်နယ်များအတွင်းလူမျိုးကွဲ၊ ဘာသာကွဲပဋိပက္ခကြီးများ၊ အချင်းချင်းလက်နက်ကိုင်တိုက်ခိုက်သတ်ဖြတ်ပွဲများကို လိုအပ်မှုရှိတိုင်း ဖန်တီးအသုံးချနိုင်သောအနေအထားဖြစ်သည်။ 
သို့ဖြစ်၍ မြန်မာပြည်တကယ်တန်းငြိမ်းချမ်းရေးသည် အပေါ်ယံပင်လုံနိုင်ငံရေးအစီအစဉ်မျှလောက်နှင့် မဖြစ်နိုင်ဘဲ လူမျိုးကွဲမုန်းတီးသောစိတ်ရောဂါဖြစ်သည့် Xenophobia စိတ်ရောဂါကိုအခြေအမြစ်မှ မြေလှန်ပစ်နိုင်ဖို့မလွဲမသွေလိုအပ်ခြင်းဖြစ်သည်။
(ဤဆောင်းပါးသည်စာရေးသူ၏ကိုယ်ပိုင်လေ့လာသုံးသပ်မှု 
နှင့်ရှုထောင့်အမြင် ရာနှုန်းပြည့်ဖြစ်သည်။ မည်သူတဦးတယောက်ကိုမျှ ဤအတိုင်းလိုက်မြင်ပေးရမည်ဟု အတင်းအကြတ်မတိုက်တွန်းပါ။ အမြင်မတူသည်များရှိလျှင် အလားတူအချက်အလက်များဖြင့်.ယဉ်ကျေးမှုရှိစွာချေပနိုင်ပါသည်)

No comments:

Post a Comment

mr.kyaingtun@gmail.com