Friday, June 19, 2020

ဘဝတကွေ့ အမှတ်တရ

ဘန်ကောက် စူထိစန် ၌် ရုံးစိုက်ထားသော ကေအဲန်ယူ နိုင်ငံခြားရေးဌာနတွင် စစ်လက်နက်ခဲယမ်းမီးကျောက် အမှုဖြင့် ၁၉၇၆ခုနှစ်က အဖမ်းဆီးခံခဲ့ရသည်။ကေအဲန်ယူ စခန်းသို့ပို့ဆောင်မည့် M16,M79,M57,M72 RSM များအပြင် အမေရိကန်စစ်သုံး Digitalကြားဖြတ်ဆက်သွယ်ရေးစက်များ(အမေရိကန်နှင့်ရုရှားတပ်တွင်သာ စတင်တီထွင်အသုံးပြုသော Digital ကို ထိုစဉ်က ဗီယက်နမ်၊ ထိုင်းနှင့်မြန်မာစစ်တပ်များတွင် မသုံးနိုင်ကြသေးပေ။ Analog စနစ်ကိုသာသုံးနိုင်သေးသည်) အိမ်အောက်ထပ်တိုက်ခန်းအတွင်း အပြည့် သိုလှောင်ထားသည်ကို ထိုင်းရဲ၊မြို့စောင့်တပ်၊ကြည်းတပ်နှင့်လေတပ်များက အမြောာက်ကားကြီးများဖြင့် လာရောက်ဝိုင်းဝန်းပိတ်ဆို့ပြီး ဖမ်းဆီးခြင်းဖြစ်သည်။ ဖမ်းဆီးစဉ်တွင် ရုံး၌ လူ ၂၀ခန့်ရှိနေသည်။ အဖမ်းခံရသူများတွင် ဘန်ကောက်ဆေးရုံများတွင် ခွဲစိတ်ကုသမှုခံယူခဲ့ပြီးစခန်းပြန်ရန်စောင့်ဆိုင်းနေကြသော တိုက်ပွဲမှဒဏ်ရာရစစ်သားများ၊ ထားဝယ်ခရိုင်မှ ကေအဲန်ယူမိုင်းလုပ်ငန်းတာဝန်ခံများနှင့်သူနပြုဆရာမများ၊ကားဒရိုင်ဘာအဖြစ်လစာပေးငှားရမ်းထားသောထိုင်းတဦးအပြင် ကျောက်ကုန်သည်ကြီးတဦးနှင့်ဘန်ကောက်ရုံးအမှုထမ်းများပါဝင်သည်။

အမ်းမကားများနှင့် တင့်ကားကန်းကြီးက စူထိစန်လမ်းမပေါ်တွင် အပြည့်ဖြစ်နေပြီး အရပ်ကားများဖြတ်သန်းမှုကို ပိတ်ဆို့ထားလိုက်သည်။ ရပ်ကွက်သားများ လန့်ဖြန့်ကြောက်လန့်ခြင်းမရှိကြရန် မိမိ အိမ်တွင်းတွင်နေကြရန် လျှပ်စစ်မီးတိုင်များရှိ အော်လန်များမှတချိန်လုံးထုတ်ပြန်ကျေညာလျှက်ရှိသည်။ ကျေညာလေ လူများလမ်းဘေးအပြည့်ဝိုင်းအုံစောင့်စားကြည့်ရှု လာကြလေဖြစ်တော့သည်။

ဘန်ကောက်မြို့တော်ဝန်နှင့် ဂတ်များက ရုံးဧည့်ခန်းတွင် ကေအဲန်ယူရုံးဒုတာဝန်ခံနှင့် တွေ့ဆုံစကားပြောညှိနှိုင်းသည်။ထိုစဉ်ကရှိသော TV channel 3,5,7 အပြင် ထိုင်းရတ်အပါအ၀င် သတင်းဌာနများမှ သတင်းထောက်တွေကင်မရာကြီးငယ်များတကားကားဖြင့် လှေကားတက်လိုက်ဆင်းလိုက် ကင်မရာ အကွက်ကောင်းချိန်နိုင်ရန် အလုအယက်ဖြစ်နေကြသည်။ ရဲတပ်ဖွဲ့ဝင်များကလည်းစစ်တပ်အဖွဲ့ကိုအိမ်ထဲမ၀င်စေဘဲ သူတို့ချည်းအပေါ်ထပ်အောက်ထပ်များတွင် မွေနှောက်လှန်လှောနေကြသည်။




နာရီဝက်ခန့်အကြာတွင် မြို့တော်ဝန်ထွက်သွားသည်။ တင့်ကားတန်းကြီးများနှင့် ဘန်ကောက်ဂတ်တပ်မတော်တပ်ဖွဲ့များလည်း တပ်ပြန်ခေါက်သွားကြသည်။ မရှေးမနှောင်းတွင် ကေအဲန်ယူရုံးတာဝန်ခံက အဖွဲ့ဝင်များကိုအ၀တ်အစားလဲကြရန် နှင့် သွားလည်ကြမယ်ဟုပြောသည်။ ပူအိုက်ချိန်ဖြစ်သဖြင့် အများစုမှာ အင်္ကျီင်္မ၀တ်ထားကြပေ။ ဆလွန်းကားများဖြင့်ဘန်စူးရဲဌာနကိုရောက်သည်။ ဧည့်ခန်းပုံမပေါက်သည့် အချုပ်ခန်းကျဉ်းလေးထဲတွင် ခနနားကြပါရန် ဆိုင်ရာရဲအမှုထမ်းများက အားပါးတနာပင်ဧည့်ခံပြုစုသည်။ ထိုင်းထုတ် gold city, samit14, Kraung thong စီးကရက်ဗူးများဖြင့်လာရောက်ဧည့်ခံရာ 555,Kent King size, Lucky strike နှင့် Camel  များသာသောက်တတ်ကြကြောင်းပြောသဖြင့် လာပြန်လဲပေးကြသည်။ အဲလိုသားနားသည်။

ညပိုင်းတွင်TV မှသတင်းကြည့်ရသည်။ Channel တိုင်းတွင် ဘန်ကောက်၌လျှို့ဝှက်တပ်စွဲထားသည့်တိုင်းတပါးမှ အမျိုးအမည်မသိစစ်တပ်တတပ်ကို ထိုင်းစစ်တပ်တွင်ပင်မတပ်ဆင်နိုင်သေး သောနောက်ဆုံး ပေါ်စစ်လက်နက်ကရိယာများစွာနှင့်အတူ ဖမ်းဆီးလိုက်ပြီဖြစ်သဖြင့်ထိုင်းပြည်သူများ အဖို့ ပြည်ပကျူးကျော်မှုအန္တရယ်ရန်စွယ်များမှကင်းဝေးပြီဖြစ်ကြောင်းသတင်းတွင် တမျိုးဆောင်းပါးများတွင်တဖုံ ပွားကြသည်။

နောက်တနေ့တွင် ရဲမှုးတဦးက ထိုင်းနှင့် အဂ်လိပ်သတင်းစာများလာပေးသဖြင့် မိမိတို့အကြောင်းများကိုသာမျက်နှာဖုန်းသတင်းကြီးများလုပ်ထားကြသည်ကိုတွေ့ရသည်။ ကြည်နူးရမလိုလိုပင်…
ကျနုပ်တို့အဖွဲ့တွင် စီအိုင်အေကိုယ်စားလှည်တဦးနှင့် ကွန်မြူနစ်ပါတီ ထိတ်သီးကေဒါတဦးလည်းပါသည်။ သူတို့၂ဦးမှာ တချိန်လုံးဆွေးနွေးညင်းခုံနေကြခြင်းဖြင့်စိတ်လှုပ်ရှားမှုအရသာကိုအပြည့်အ၀ခံစားနေကြရသဖြင့် အဖမ်းခံထားရခြင်းမှမြန်မြန်လွတ်သွားမည်ကိုပင်စိုးရိမ်နေကြမည့်ပုံပေါ်သည်။

Context ကိုခင်းပြရလျှင် ထိုခေတ်သည် အမေရိကန်နှင့် ဗီယက်နမ်စစ်ဖြစ်နေသောအချိန်ဖြစ်သည်။ အာရှနိုင်ငံအများစုသည် ကွန်မြူနစ်စနစ်သို့ပြောင်းလဲရန်လှုပ်ရှားနေကြသည်။ ရုရှားနှင့်တရုတ်တို့တွင်ကွန်မြူနစ်အစိုးရခေတ်ရောက်နေသည်။ လာအိုနှင့်ကဘောဒီးယားတွင်လဲ ကွန်မြူနစ်တော်လှန်ရေးတပ်များက အစိုးရအဖြစ်သို့အနိုင်ရပြောင်းလဲစပြုနေသည်။

မြန်မာပြည်တွင်လည်း ၀အမျိုးသားတပ်မတော်ကို တောင်ပံပြုထားသည့် ဗမာပြည်ကွန်မြူနစ်ပါတီ အင်အားအကြီးဆုံးသောအချိန်ဖြစ်သည်။ ထိုင်းနိုင်ငံတွင်လည်း တကသိုလ်ကျောင်းသားများနှင့် ထိုင်းတောင်တန်းသားနယ်စပ်လူမျိုးစုများဖြင့်ဖွဲ့စည်းသော ထိုင်းကွန်မြူနစ်ပါတီသဘောရားသည် ထိုင်းအခြေခံလူတန်းစားအတွင်းတွင် သြဇာကြီးမားလာနေလျှက်ရှိသည်။

အမေရိကန်နှင့်ထိုင်းပူးပေါင်းကာ အရှေ့တောင်အာရှ ကွန်မြူနစ်ဝါဒထိမ်းချုပ်ရေးသေနင်္ဂဗြူဟာများကိုချမှတ်လှုပ်ရှားကြသည်။
ထိုင်းနိုင်ငံ၏အချက်အခြာကျသောမြို့ရွာများတွင် CIA ၏ကွန်မြူနစ်ဆန့်ကျင်ရေးရုံးများကိုဖွင့်လှစ်ထားသည်။ ဗီယက်နမ်တွင် အမေရိကန်က မီးလောင်ဗုံးများနှင့်အဆိတ်ငွေ့များကိုပင်နေ့မအိပ်ညမနားကျဲနေသည်။ ဘီ ၅၂လေယဉ်ကြီးများတွင် ထိုဗုံးများကိုတန်ချီတင်ဆောင်နိုင်သည်။ ထိုလေယဉ်များသည်ထိုင်းစစ်လေယဉ်ကွင်းများတွင် စခန်းချသည်။ အမေရိကန်တွင် နစ်ဆင်သမတကို ဗီယက်နမ်စစ်ပြန် ဒုက်ခိတများဦးစီးလျှက် အကြီးအကျယ်ဆန့်ကျင်ဆန်ဒပြနေကြသည်။ အမေရိကန်ရဲများကလည်း အကြီးအကျယ်ရိုက်နှက်အရေးယူဖမ်းဆီးကြသည်။ ဒီမိုကရေစီနှင့်လူ့အခွင့်အရေးစကားဘယ်သူကမှ ပါးစပ်ထဲထည့်မပြောသေး သောခေတ်ဖြစ်သည်။
ထိုအချိန်တွင် နိုင်ငံရေးတက်ကြွလာသော ထိုင်းကျောင်းသားသပိတ်ကြီးဖြစ်လာသည်။ ထိုင်းစစ်တပ်၏နှိမ်နင်းမှုကြောင့် ရာကျော်သေဆုံးသည်။ ထိုင်းစာနယ်ဇင်းများတွင် ကျောင်းသားသပိတ်သတင်းက နေရာယူလွမ်းခြုံနေသည်။

တချိန်လုံးဘန်ကောက်တွင်ပင်အခြေစိုက်ထားသော ကျနုပ်တို့ကေအဲန်ယူအဖွဲ့သည်ထိုအဖမ်းဆီးခံရသည့်အခါကျမှ သတင်းဌာနများကသိရှိလာကြတော့သည်။ ကျနုပ်တို့၏သတင်းများဖြင့်ထိုင်းနိုင်ငံကလတ်တလောရင်ဆိုင်နေရသော ကျောင်းသားသပိတ်ကို ဖုန်းအုပ်လိုက်နိုင်သည်။ နောက်တပါတ်ခန့်တွင်ပင် ထိုင်းသပိတ်သတင်းများသည်လည်းလူထုစိတ်ဝင်စားမှုမှလုံးဝ လွတ်ကင်းသွားတော့သည်။

ထိုင်းစာနယ်ဇင်းအားလုံးတွင် ဖမ်းဆီးသိမ်းယူခံလိုက်ရပြီဟု ဖေါ်ပြခဲ့သော ဘန်ကောက်ရုံးမှ ကျနုပ်တို့၏လက်နက်ကရိ ယာတန်ဆာပလာအားလုံးမှာလည်း ထိုအပတ်အတွင်းမှာပင် ကေအဲန်ယူစခန်းများသို့ရောက်ရှိသွားခဲ့ပြီဖြစ်သည်။ ထိုအကြောင်းကိုမည်သည့်သတင်းဌာနကမျှဖေါ်ပြခြင်းမရှိပေ။

သည်story ကလေးမှရရှိသော သင်ခန်းစာတခုမှာ သတင်းဆိုသည် လူသိရှင်ကြားအကြောင်းအရာများကိုသာ တခြားအရပ်မှသိရှိနိုင်ရန်ဖေါက်သည်ချ မှန်ရိပ်ထိုးနေကြသောအဆင့်တွင်သာလုပ်ကိုင်နေကြခြင်းဖြစ်၏။

မှန်ရိပ်ထိုးပြခြင်းမျှသာဖြစ်သဖြင့် အမှောင်တွင်းက အဖြစ်အပျက်များကို ဖေါ်ပြနိုင်ခြင်းမရှိပေ။ အမှောင်များကိုမီးမောင်းထိုးသောအလုပ်ကိုမူ တချို့ဆောင်းပါးများကသာလုပ်နိုင်ကြသည်။ သို့ဖြစ်သဖြင့် အဖြစ်မှန်များကို သတင်းများမှသိရှိနိုင်ရန် ရာနှုန်းပြည့်မျှော်လင့်ထားလို့မရနိုင်ခြင်းဖြစ်တော့သည်။

မှတ်ချက်..ဘ၀တကွေ့မှအမှတ်တရအဖြစ်သာ အပျင်းပြေရေးသားခြင်းဖြစ်သည်။ အလွန်မေ့တတ်သောရောဂါ အရှိန်တိုးတက်လာနေသဖြင့် မေ့ပျောက်မသွားရန်ဖြစ်သည်။ နောက်ပိုင်းအချိန်ရလျှင်၁၉၇၁ခုနှစ် ကလေးလူငယ်ဘ၀က မန်းတလေး ရန်ကုန် မီးရထားကို ကျောင်းနေဘက် သူငယ်ချင်း ၉ဦးနှင့်အတူ ပြန်ဘေးဆွဲခဲ့သည့် ပုံပြင်ကလေးကို အပျင်းပြေ မှတ်တမ်းတင်ပါဦးမည်။

No comments:

Post a Comment

mr.kyaingtun@gmail.com