Friday, June 19, 2020

ကရင်လက်နက်ကိုင်အင်အားစု အားလုံးနှင့် ပြည်တွင်းပြည်ပကရင်လူထု အစုအဖွဲ့အားလုံးသို့ ပန်ကြားချက်။

ကရင်လက်နက်ကိုင်အင်အားစု အားလုံးနှင့် ပြည်တွင်းပြည်ပကရင်လူထု အစုအဖွဲ့အားလုံးသို့ ပန်ကြားချက်။
မြန်မာ့တပ်မတော်က ကေအိုင်အေကို ယခုနှစ်ဦးမှစ၍ ထိုးစစ်စတင်ခဲ့သည်။ စစ်ဆင်ရေးများ၏ လုပ်ထုံးလုပ်နည်းများအရ ခြေမှုန်းရေးထိုးစစ်အော်ပရေးရှင်းကို မိုးရာသီအစပိုင်းတွင်အဆုံးသပ်ရမည်ဖြစ်သည်။
မိမိ၏တပ်သားများအပေါ်စာနာစိတ်ထားရှိသောမည်သည့်တပ်မတော်ကမျှမိမိ၏ စစ်သည်များ ၃-၄ဆပိုမို သေကျေကျိုးကန်းကြရမည့် မိုးရာသီတွင်ထိုးစစ်မဆင်ကြပါ။မြန်မာ့တပ်မတော်၏ အောက်ခြေအကြပ်တပ်သား အားလုံးနီးပါးသည် မရှိဆင်းရဲ အခြေခံလူတန်းစား အလုပ်သမား လယ်သမားများ၏ ချစ်သောရင်သွေး သားငယ် များဖြစ်ကြသည်။ သို့ဖြစ်သဖြင့် မြန်မာ့တပ်မတ်ေသည် တိုင်းရင်းသားများ အပေါ်ရက်စက်ကြမ်းကျုတ်လူမဆန်သည့်တိုင် မိမိ၏တပ်သားများအတုံးအရုံးသေဆုံးကျိုးကန်းကြရမည့် စစ်အမျိုးအစားကိုတော့ ရှောင်ကျဉ်ကြမည်သာဖြစ်ပါသည်။  

မြန်မာ့တပ်မတော်မှ တပ်သားများသည် ကေအိုင်အေ၏ကြံ့ ကြံ့ခံတုံပြန်တိုက်ခိုက်မှုဖြင့် ကချင်ပြည်နယ်စစ်ပွဲတွင် တွက်ချက်ထားသည်ထက် ၂ဆမက အတုံးအရုံးကျိုးကန်း သေကျေလျှက်ရှိသောကြောင့်သော်လည်းကောင်း စစ်ချီစစ်ခင်းရန်အဆင်မပြေတော့သော မိုးရာသီသို့ဝင်လာပြီဖြစ်သည်ကတကြောင်းတို့ကြောင့် ကချင်ထိုးစစ်ကို တ၀က်တပျက်ဖြင့် ခေတ္တရပ်နားထားရမည့်အနေအထားဖြစ်ပါသည်။



ကချင်စစ်ပွဲတွင်အတုံးအရုံးကျဆုံးနေသော မြန်မာ့တပ်မတော်သည် အာရုဏ်ပြောင်း သတင်းဖန်တီးသည့် စစ်အမျိုးအစားအဖြစ် ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နယ်မြေများအား ကျူးကျော်ရန်စခြင်းဖြင့် အသေးစားတိုက်ပွဲများကိုဖေါ်ထုတ်မည့် စစ်ရေးနည်းနာကျင့်သုံးလာနေသည်ကိုလည်း တွေ့ရပါသည်။ ထိုအသေးစားစစ်ဆင်ရေးအမျိုးအစားနှင့်ပူးတွဲကျင့်သုံးမည့်နိုင်ငံရေးနည်းနာမှာ တဖွဲ့တစည်းတည်းအဖြစ်ပြန်လည်ပေါင်းစည်းခြင်းမပြုနိုင်သေးသော ကရင့်လက်နက်ကိုင်အဖွဲ့များအကြား ပဋိပက္ခတခုခုဖြစ်ပွားအောင် တနည်းနည်းဖြင့် အကွက်ချလုပ်ဆောင်ခြင်းဖြစ်ပါသည်။ ဤနည်းသည်လက်ရှိကမ္ဘာပေါ်တွင် နိုင်ငံတကာရှိစစ်တပ်များအားလုံးလိုလိုက မိမိတို့၏ စစ်ဆင်ရေးလက်စွဲလမ်းညွှန်စာအုပ်ထဲတွင် ထည့်သွင်းထားသော စစ်အောင်နိုင်ရေးနည်းနာများဖြစ်ကြပါသည်။ 
ကချင်ပြည်နယ်တွင်စစ်အင်အားပုံအောအသုံးချနေရသည့် မိုးရာသီထိုးစစ်မျိုးကို ကရင်ပြည်နယ်တွင် အောင်မြင်စွာလုပ်ဆောင်နိုင်မည်မဟုတ်သော်လည်း ကရင်အဖွဲ့အစည်းများအကြား ပြန်လည်မစည်းလုံးမခိုင်မာလာအောင် လုပ်နိုင်လောက်သည့် အချိန်အကန့်အသတ်တခုကိုတော့ မြန်မာ့တပ်မတော်က အသုံးချနိုင်ပါသေးသည်။ထိုသို့လုပ်ရန်လည်း မြန်မာ့တပ်မတော်အတွက် အထူးလိုအပ်လျှက်ရှိနေပါသည်။အကြောင်းမှာ မြောက်ပိုင်းနှင့်တောင်ပိုင်းရှိတိုင်းရင်းသားတပ်ဖွဲ့များသည် အရေးပေါ်လျှင် နောက်ဆုံးတွင် အပြန်အလှန်ဖေးမထောက်ကူခဲ့ကြသည့်သမိုင်းသည် မြန်မာပြည်လွတ်လပ်ရေးရပြီးစမှ ဒီနေ့အထိအထင်အရှားရှိနေခြင်းကြောင့်ဖြစ်သည်။ မြန်မာ့တပ်မတော်က ကချင်စစ်ကြောင့်စစ်နာကျနေစဉ်တွင် ကရင်များစည်းလုံးခဲ့လျှင် တောင်ရောမြောက်ပါ အင်နှင့်အားနှင့် ညှပ်တိုက်လာကြမည့် စစ်ရေးအလားအလာများစွာကောင်းနေသောကြောင့်ဖြစ်သည်။သို့ဖြစ်၍ နိုင်ငံခြားပြည်ပတိုင်းပြည်ကိုတိုက်နေသည့်နှယ် ကချင်ကိုအားကုန်သွန်တိုက်နေချိန်တွင် ကရင်များအား တင်းပြည့်ကျပ်ပြည့်စစ်ဆင်ရန်စစ်အင်အားမလုံလောက်သည့်အနေအထားအရ ကရင့်တိုက်ခိုက်ရေး နှင့်နိုင်ငံရေးစွမ်းပကားကိုခြေဖျက်လျှော့ချနိုင်ရေးအတွက် ကရင်အချင်းချင်း တိုက်ခိုက်စေသည့်နည်းသည်သာလျှင် မြန်မာ့တပ်မတော်အတွက် လတ်တလောလက်ဝယ် ကျန်ရှိနေသည့် တခုတည်းသောရွေးခြယ်စရာနည်းလမ်းဖြစ်နေရခြင်းဖြစ်သည်။

သို့ဖြစ်၍ မစုမစည်းနိုင်ကြသေးသော ကရင်လက်နက်ကိုင်အဖွဲ့အစည်းအားလုံးအား ပန်ကြားလိုသည်မှာ မြန်မာ့တပ်မတော်၏မြူဆွယ်သွေးဆောင်မှုမှန်သမျှအား လက်မခံကြပါရန်နှင့် မြန်မာ့တပ်မတော်သာလျှင်မဟုတ် မြန်မာ့တပ်မတော်နှင့်အတူ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို သစ္စာခံထားသည့် မြန်မာအစိုးရဌာနများကိုလည်းသတိထား ဆက်ဆံကြရမည်ဖြစ်ပါသည်။ အကြာင်းမှာ မြန်မာ့တပ်မတော်မှ တိုင်းရင်းသားခြေမှုန်း ၀ါးမျိုရေး မဟာလူမျိုးကြီးဝါဒ အောင်မြင်ရေးလမ်းစဉ်အတွက် တိုက်ရိုက်လုပ်လျှင် အလိမ်ပေါ်နိုင်သည့် အခန်းကဏ္ဍတချို့တွင် အစိုးရဌာနများကို အစားထိုးလုပ်ဆောင်စေနိုင်သောကြောင့်ဖြစ်သည်။ထိုသို့လုပ် လျှက်ရှိနေသည်လည်းဖြစ်သည်။

ပြည်တွင်းပြည်ပရောက် လက်နက်ကိုင်မဟုတ်သော ကရင်လူထုအစုအဖွဲ့အားလုံးသို့ပန်ကြားလိုသည်မှာ မြန်မာစစ်အုပ်စု၏ ထိုးခွဲမှုကြောင့် ကရင်တပ်ဖွဲ့များကွဲပြဲသွားရသည့်အနေအထားကို မြန်မာ့တပ်မတော်အလိုကျ ဆက်လက်ထိမ်းသိမ်းထားခြင်းကိုရှောင်ကျဉ်ကြရန်ဖြစ်သည်။ ဘယ်သူခွဲခွဲတို့မကွဲဆိုသည့် ဆောင်ပုဒ်ကို ကိုင်စွဲလျှက် ကရင်အမျိုးသားညီနောင်ရင်းလက်နက်ကိုင် တပ်ဖွဲ့အားလုံး ပြန်လည်စည်းလုံးရေးကိုသာလျှင်ဝိုင်းဝန်း တွန်းအားပေးကြပါရန် အထူးပန်ကြားလိုပါသည်။

သီးသန့်ယဉ်ကျေးမှု၊ ဘာသာစာပေနှင့် သမိုင်းရှိလျှင် Race,Tribe, Ethnic, Native ဆိုသော 
နိုင်ငံတနိုင်ငံအတွင်းရှိလူမျိုးစုတမျိုး၏အဆင့်ကိုမှီသော်လည်း ကိုယ်ပိုင်ပြဌာန်းခွင့်ရအမျိုးသား National တရပ်ဖြစ်တော့အသိအမှတ်ပြုခံရနိုင်သည့် အရည်အသွေးများမဟုတ်ပါပေ။ သင့်တင့်လျှောက်ပတ်သည့် နယ်မြေအကျယ်အ၀န်းတခုကို ထိမ်းသိမ်းအုပ်ချုပ်ပြီးကာကွယ်ထားနိုင်သည့် တခုတည်းသောအမျိုးသားတပ်မတော်တရပ်ရှိနေမှသာလျှင် အပြည်ပြည်ဆိုင်ရာတရားဝင်နားလည် မှုများအရ ကိုယ်ပိုင်ပြဌာန်းခွင့်အဆင့်မီသည်ဟုသတ်မှတ်ထားကြခြင်းဖြစ်ပါသည်။ သေးငယ်သောနယ်မြေတခုထဲကို စစ်တပ်၃-၄ခု က ခွဲထုတ်ပိုင်ဆိုင်ထားသည့်အနေအထားသည် ကိုယ်ပိုင်ပြဌာန်းခွင့်အဆင့်အတန်းမှီဖို့ရန်အလွန်အလှမ်းဝေးနေသည်ကိုသဘောပေါက်ကြဖို့လိုပါသည်။  
အင်အားခြင်းမတိမ်းမယိမ်းဖြစ်နေသောတဖွဲ့က ကိုယ်ပိုင်ပြဌာန်းခွင့်အစိုးရအာဏာကိုရသွားခဲ့လျှင် ကျန် ၃ဖွဲ့က သူပုန်ဆက်ဖြစ်နိုင်သဖြင့် နိုင်ငံတကာသုံးသပ်သူများက “ကွဲနေတဲ့ကရင်တွေကို ကိုယ်ပိုင်ပြဌာန်းခွင့်မပေးသင့်၊ ပေးလိုက်ရင် ဒီကောင်တွေ အခြင်းခြင်းထသတ်ကြပြီး သူတို့ကရင်ပြည်သူတွေခုထက်ပိုဒုက္ခရောက်ကြဖို့ဘဲရှိတယ်” ဟုတွက်ဆကြမည်ဖြစ်ခါ တိုင်းရင်းသားများအားဆက်လက်အုပ်စီးသိမ်းပိုက်ထားရန် အစီအစဉ်အတိအကျချထားသော မြန်မာစစ်အုပ်စုနှင့် ၂၀၀၈ ခြေဥသစ္စာခံအစိုးရတို့၏ စားပေါက်အဖြစ်ကွက်တိကြီးကို ၀င်နေပေတော့မည်။

No comments:

Post a Comment

mr.kyaingtun@gmail.com