Tuesday, March 4, 2014

ONE Kachin ဆိုသည်မှာ ( ဘာသာပြန်ဆောင်းပါး )



ကချင်မျိုးနွယ်စုဝင်များ ဖြစ်ကြသော ဂျိန်းဖော့၊ လချိဒ်၊ လောဝ်ဝေါ်၊ လီဆူ၊ ရ၀မ်နှင့် ဇိုင်ဝါး လူမျိုးစုတို့သည် ရှေးပဝေသဏီ အချိန်ကာလမှစ၍ တူညီသော နောက်ခံသမိုင်းကြောင်းဖြင့် နေထိုင်ခဲ့ကြသည့် ညီရင်းအစ်ကို မောင်ရင်းနှမများ ဖြစ်ကြသည်။ ယခုအခါ ကချင်မျိုးနွယ်စုဝင်များ၏ ဘာသာစကား (Dialect) အမျိုးအစားစုံလင်ကွဲပြားမှုကို အကြောင်းပြကာ တိုင်းတစ်ပါးသား လူမျိုးခြားများမှ ကချင်လူမျိုးကို မျိုးနွယ်စုအမည်များဖြင့် အစိတ်စိတ် အမွှာမွှာ ခွဲခြားရန် ကြိုးစားနေကြသည်။

အချိန်ကာလကြာမြင့်စွာ တစ်နေရာမှ အခြားတစ်နေရာသို့ ရွှေ့ပြောင်းအခြေချ နေထိုင်ခဲ့ကြသည့် အတွက် နေရာဒေသအပေါ်မူတည်၍ လေယူလေသိမ်း၊ စကားလုံးနှင့် ဝေါဟာရ ကြွယ်ဝမှုတို့တွင် အထိုက်အလျောက် ကွဲပြားမှုများရှိသော်လည်း ကချင်မျိုးနွယ်စုဝင်များသည် ယဉ်ကျေးမှု ဓလေ့ထုံးတမ်း၊ ဆင်ယင်ထုံးဖွဲ့မှု နှင့် ရွှေ့ပြောင်း အခြေချနေထိုင်ခြင်းတို့၌ တူညီကြသည့်အလျောက် မျိုးနွယ်စုတစ်ခုနှင့် တစ်ခု ခွဲခြားမရနိုင်ဘဲ တစ်ခုတည်းသော လူမျိုးအဖြစ် စည်းလုံးညီညွတ်စွာ နေထိုင်လျက်ရှိပါသည်။

ကချင်မျိုးနွယ်စုဝင်များသည် မိမိတို့၏ ရွှေ့ပြောင်းနေထိုင်မှုသမိုင်းတွင် အထင်ကရ ဒေသ များဖြစ်သည့် မလိခူးမဂျွယ် (Mali Hku Majoi)၊ ကျိုင်ခူးမဂျွယ် (Chyai Hku Majoi)၊ ခရန်ခူးမဂျွယ် (Hkrang Hku Majoi) စသည့် ဒေသများ၌ အခြေချနေထိုင်ခဲ့ကြပြီး မြောက်အရပ်မှ တောင်ဘက်အရပ်သို့ ဆက်လက် ရွှေ့ပြောင်းနေထိုင်ကြသည်။ ဤသို့ အရှေ့၊ အနောက်နှင့် မြောက်ဘက်မှ တောင်ဘက်သို့ ရွှေ့ပြောင်းနေထိုင်ခဲ့ကြသည့်အတွက် ဘာသာစကားအရ အရပ်လေးမျက်နှာကို ခေါ်ဝေါ်ရာ၌ပင် အရှေ့(Sinpraw)၊ အနောက်(Sinna)၊ မြောက်(Dingdung)၊ တောင်(Dingda) ဟူ၍ အစဉ်လိုက် သတ်မှတ် ခေါ်ဆိုကြပါသည်။