Friday, June 19, 2020

ပထမဗမာ့လွတ်လပ်ရေးနေ့အကြောင်းတစောင်းတစေ့...

ပထမဗမာ့လွတ်လပ်ရေးနေ့အကြောင်းတစောင်းတစေ့...

ဇန္နဝါရီလ ၄ရက်နေ့သည် (၇၂)ကြိမ်မြောက် ဒုတိယဗမာ့လွတ်လပ်ရေးနေ့ဖြစ်သည်။ ပထမဗမာ့လွတ်လပ်ရေးမှာမူ ၁၉၄၃ ဩဂုတ်လ ၁ရက်နေ့ဖြစ်သည်။ လွတ်လပ်ရေးခေါင်းဆောင်မှာ ဒေါက်တာဘမော်ဖြစ်သည်။ ဒေါက်တာဘမော်ကို အင်္ဂလိပ်အစိုးရကဗမာပြည်ကိုအင်းဒီးယားမှခွဲထုတ်သော ( ၁၉၃၇ ) ခုနှစ်မှစ၍ အင်္ဂလိပ်ဘုရင်ခံလက်ထောက် ဗမာပြည်ဝန်ကြီးချုပ်အဖြစ်ခန့်အပ်ခဲ့သည်။ ဆရာစံအမှုကိုရှေ့နေလိုက်ခဲ့စဉ်က မအောင်မြင်သဖြင့် အင်္ဂလိပ်အစိုးရကိုညိုညင်နေသူဖြစ်သော်လည်း အင်္ဂလန်တက္ကသိုလ်များမှရှေ့နေဘွဲ့နှင့်ပါရဂူဘွဲ့များရရှိခဲ့သည့်ထူးချွန်သူဖြစ်သဖြင့်အင်္ဂလိပ်က ဝန်ကြီးချုပ်ရာထူးကို ၁၉၃၇တွင်အပ်နှင်းခဲ့ခြင်းဖြစ်သည်။သို့သော် အင်္ဂလိပ်အစိုးရအုပ်ချုပ်ရေးကိုဆန့်ကျင်သောတရားဟောပြောမှုများ၊ အင်္ဂလိပ်ဆန့်ကျင်သောဗမာမျိုးချစ်လူငယ် များကိုအားပေးမှုများကြောင့် ၁၉၃၉တွင်ရာထူးပြုတ်ခါ မိုးကုတ်ထောင်တွင်အကျဉ်းချထားခြင်းခံရသည်။
 အင်းဒီးယား၊ ဗမာပြည်နှင့်အင်ဒိုချိုင်းနားကျွန်းဆွယ်နိုင်ငံများအားအင်္ဂလိပ်နှင့်ပြင်သစ်လက်အောက်မှဆွဲထုတ်ရေးစီမံချက်အရ ၁၉၄၀ ဇွန်လ ၁၂ရက်နေ့တွင် ဂျပန်က ထိုင်းအစိုးရနှင့် စစ်ရေးမဟာမိတ်စာချုပ်ကိုတိုကျိုတွင်လက်မှတ်ထိုးခဲ့သည်။ ထိုစာချုပ်နှင့်ဂျပန့်ရာဇသံပေးမှုအရ ပြင်သစ်ခွဲထုတ်သွားသောလောနိုင်ငံနှင့်ကမ္ဘောဒီးယားအရှေ့ဘက်ခြမ်းတိုင်းဒေသကြီးများကို ပြင်သစ်က ထိုင်းနိုင်ငံအားပြန်လည်လွှဲအပ်လိုက်ရသည်။ သံလွင်အရှေ့ဘက်ခြမ်း ကျိုင်းတုံဒေသနှင့်ကရင်နီပြည်များကိုမူ အင်္ဂလိပ်ကထိုင်းအားပြန်မလွဲအပ်ပေ။



   
League of Nations ခေါ်နိုင်ငံပေါင်းချုပ်အသင်းဝင်ကောင်းရှေ့ဆောင်နိုင်ငံတနိုင်ငံဖြစ်ခဲ့သည့်ဂျပန်က ချုပ်ဆိုထားခဲ့သည့်စာချုပ်များကိုချိုးဖောက်ခါ ၁၉၄၁ ဒီဇင်ဘာ၇ရက်တွင် အမေရိကန်နှင့် အင်္ဂလန်ကိုစတင်တိုက်ခိုက်သည်။ ဂျပန်ကတရုတ်အရှေ့မြောက်ပိုင်းကိုကျူးကျော်တိုက်ခိုက်သိမ်းပိုက်မှုအတွက်နိုင်ငံပေါင်းချုပ်အသင်းက ကန့်ကွက်ရှုံ့ချသောကြောင့်ဖြစ်သည်။ တရုတ်ကိုစစ်ကူပို့ရန် အင်္ဂလိပ်ကလားရှိုး၊ ဗန်းမော်-ကူမင်လမ်းမကြီး (Burma Road)ကိုဖောက်လုပ်သည်။  ဂျပန်ကဗမာပြည်ကိုအင်္ဂလိပ်လက်မှသိမ်းပိုက်ရေးမဟာစီမံကန်းအရ Burma Road ကိုပိတ်ပင်ဖြတ်တောက်ရန်နှင့် ဗမာပြည်တွင်းဗြိတိသျှဆန့်ကျင်ရေးပုန်ကန်ထကြွမှုများဖြစ်ပွားစေရန်နာမိကိကန်ခေါ် အထူးလျှို့ဝှက်စစ်ဆင်ရေးကိုချမှတ်ခါ စစ်ထောက်လှမ်းရေးဌာနတာဝန်ခံဗိုလ်မှူးကြီး စူဇူကီးအား ၁၉၄၁ခုဒီဇင်ဘာလ၂၆ နေ့တွင်တာဝန်ပေးသည်။ ဒီဇင်ဘာ၂၈တွင်  စူဇူကီးက BIA ကို ဘန်ကောက် ဂျပန်-ထိုင်းစစ်မဟာမိတ် အခန်းအနားတွင်တရားဝင်ဖွဲ့စည်းသည်။ ဂျပန်က Leauge of Nations ခေါ်နိုင်ငံပေါင်းချုပ်အသင်းစာချုပ်အရ တရားဝင်အင်္ဂလိပ်ပိုင်ဖြစ်နေသည့်ဗမာပြည်ကိုတိုက်လျှင် ကျူးကျော်မှုမြောက်သဖြင့်ဗမာများကိုယ်တိုင်လာပြန်တိုက်ခြင်းဖြစ်သည်ဟုဇာတ်လမ်းဆင်နိုင်ရန် BIA ကိုဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ဤနည်းဖြင့် ဂျပန်ကဗမာပြည်ကိုတိုက်ရာတွင် နိုင်ငံရေးနှင့်ဥပဒေရေးအရ legitimacy တရားဝင်မှု ကို လက်တလုံးခြားရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ဗမာပြည်နှင့်ပတ်သက်လျှင် ဂျပန်ထက်အတွေ့အကြုံများစွာရှိသည့် ထိုင်းကလည်း ထိုအကြံအစည်ကို ထောက်ခံပံ့ပိုးသဖြင့် BIAကိုဘန်ကောက်တွင်ထူထောင်ခဲ့ကြခြင်းဖြစ်သည်။ BIAတွင်ထိုင်းနိုင်ငံဖွားဗမာစကားမတတ်သည့် မြန်မာ ၂၂၇ယောက် နှင့် ဂျပန်စစ်မှုထမ်း ၇၄ဦးပါဝင်သည်။စူဇူကီးက BIAကို ယူနစ် ၆ခုခွဲထားသည်တွင် Intelligence လျှို့ဝှက်ထောက်လှမ်းရေးယူနစ်၊ Terrorist အဖျက်လုပ်ငန်းများဖော်ဆောင်ရေးအတွက် Saboteur ယူနစ်နှင့် Forangers ခေါ် ဓားပြယူနစ်တပ် တို့မှာအဓိကဖြစ်သည်။ BIA ဖွဲ့စည်းအသုံးချနိုင်မှုကြောင့်ဂျပန့် ကြည်းတပ်အင်အား ၈၅၀၀၀ ကျော်ဗမာပြည်တွင်းသို့ အပတ်ပိုင်းအတွင်းထိုးဖောက်ဝင်ရောက်နိုင်သည်။  ဂျပန်ဘက်က အင်းဒီးယားအမျိုးသားတပ်မတော် INA တပ်မများနှင့်ထိုင်းကျားတပ်ပါဝင်သည်။ဗမာ့ဒေါင်းအလံကိုင်ဆောင်သောBIA  တပ်ကို တပ်ထူထောင်သည့် ဆူဇူးကီးကိုင်ဂျီ ခေါ်ဗိုလ်မိုးကြိုးက BIA စစ်ဦးစီးချုပ်ဖြစ်သည်။ ထိုင်းကျားတပ်မတော်ကိုမူ ထိုင်းကြည်းတပ်ဗိုလ်ချုပ် ကျရွန် ရတနခွန် စေရီရွန့်ရစ်က ဦးစီးသည်။

ထိုင်းနိုင်ငံကစစ်မဟာမိတ်ဂျပန်နှင့်အဆိုပါပူး တွဲစစ်ဆင်ရေးချမှတ်ခြင်းဖြင့် ဂျပန်တပ်များကတခြားဒေသများကိုထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ချိန်တွင် ထိုင်း ကျားတပ်မတော်က ကျိုင်းတုံကိုသေနပ်တချက်မဖောက်ရဘဲသိမ်းနိုင်ခဲ့သည်။ဒေသခံရှမ်းများနှင့် ထိုင်းတပ်များမှာ အပြန်အလှန်အလွယ်တကူနားလည်နိုင်သောဘာသာစကားကြောင့်လဲ လူထုဆက်ဆံရေးပြေလည်ခဲ့ကြခြင်းဖြစ်သည်။

၁၉၄၂မေလတွင်ဂျပန်တပ်များကရန်ကုန်မြို့တော်ကိုသိမ်းပိုက်ပြီးနောက် အင်္ဂလိပ်ကထောင်ချထားသည့်ဒေါက်တာဘမော်ကိုဂျပန့်အစိုးရလက်ထောက်ဗမာပြည်အရပ်ဘက်ဝန်ကြီးချုပ်အဖြစ်တာဝန်နှင့်ရာထူးကိုခန့်အပ်သည်။၁၉၄၃ မေလ ၈ရက်တွင် ဒေါက်တာဘမော်က ဗမာပြည်လွတ်လပ်ရေးအတွက်ပြင်ဆင်ရေးကော်မီတီကိုဖွဲ့စည်းပြီးဥက္ကဌအဖြစ်ဆောင်ရွက်ခါ ဗမာပြည် လွတ်လပ်ရေးကို ၁၉၄၃ ဩဂုတ်လ ၁ရက်နေ့တွင် ကမ္ဘာသိကျေညာခဲ့သည်။ ပထမအကြိမ်လွတ်လပ်ရေးရသော ဗမာပြည်တွင် ဒေါက်တာဘမော်က ဝန်ကြီးချုပ်နှင့်နိုင်ငံတော်အဓိပဓိခေါင်းဆောင်ကြီးဖြစ်လာသောအခါ ဂျပန်တပ်နှင့်အတူပါလာသည့် BIAလက်ထောက်ခေါင်းဆောင်တဦးဖြစ်သူ အိုမိုဒါမွန်ဂျိ (Omoda Monji) ခေါ်ဗိုလ်အောင်ဆန်းအား စစ်ရေးဝန်ကြီးအဖြစ်ခန့်အပ်ခါ ဗိုလ်ချုပ်ကြီးရာထူးအဆင့်ချီးမြှောက်သည်။

(ညောင်းပြီ နောက်နေ့ဆက်ရေးပေးမယ်။ ဒီဆောင်းပါးမှာပါတဲ့ရက်စွဲတွေအားလုံးကိုသမိုင်းဌာနများကအတည်ပြုထားပြီးဖြစ်တာမို့ reference အဖြစ်သုံးနိုင်တယ်)

No comments:

Post a Comment

mr.kyaingtun@gmail.com