Friday, June 19, 2020

(သမိုင်းဝါသနာရှင်များအတွက်) ရန္တပို ငြိမ်းချမ်းရေးစာချုပ်ကောက်ကြောင်း..

(သမိုင်းဝါသနာရှင်များအတွက်)

ရန္တပို ငြိမ်းချမ်းရေးစာချုပ်ကောက်ကြောင်း..

ဤစာချုပ်ကို အမရပူရဘကြီးတော်မင်းလက်ထက်ကအင်္ဂလိပ်ကိုစစ်ရှုးံပြီးနောက် ၁၈၂၆ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင်ချုပ်ဆိုခဲ့သည်။ စာချုပ်၏အမည်အပြည့်အစုံမှာ "အရှေ့အိန္ဒိယကုပ္မဏီနှင့်အင်းဝဘုရင်မင်းမြတ်တို့ အကြားချုပ်ဆိုသည့်ငြိမ်းချမ်းရေးစာချုပ်"(Treaty of Peace between the East India Company and Majesty of the King of Ava) ဖြစ်သည်။ချုပ်ဆိုသည့်နေရာမှာ အင်းဝအနောက်ဖက် မိုင် ၅၀ အကွာရှိ ရန္တပိုရွာဖြစ်သည်။  (ထိုခေတ်က နေပြည်တော်မှာ အမရပူရဖြစ်သည်။)

ထိုစစ်ပွဲသည် အင်္ဂလိပ်တို့ ကနိုင်ခဲ့သော်လည်း အင်္ဂလိပ်အင်ဒီးယားသမိုင်းတလျှောက်တွင်အင်္ဂလိပ်တို့ သေကျေဆုံးရှုံးမှု အများပြားဆုံးနှင့်ကြုံရသောစစ်ပွဲဖြစ်ခဲ့သည်။  

ယင်းစစ်ပွဲတွင်အင်္ဂလိပ်ဘက်က စကော့လူမျိုး ဗိုလ်ချု ပ်အာချီဘော (Archibald Campbell) စစ်ဦးစီးသည်။  အင်္ဂလိပ်ဘက်တွင် အရှေ့အိန္ဒိယကုပ္မဏီ၏တပ်မတော်၊ စယမ်(ယခုအခေါ် "ထိုင်း") ဘုရင့်စစ်ကူတပ်များနှင့် ရခိုင် အလှည့်ကျတပ်(Levie)များ ပါဝင်ပြီး စုစုပေါင်းအင်အား ၅၀,၀၀၀ ခန့်ရှိခါ ၃၈,၁၅၀ သေကျေသည်။ ဘကြီးတော်မင်းဘက်တွင် စစ်သူကြီးမဟာဗန္ဓုလစစ်ဦးစီးပြီး ဘုရင့်တပ်မတော်နှင့် ရှမ်းပြည်မှအလှည့်ကျပေးဆောင်ရသော တပ်(Levie)များအပါအဝင်အင်အား ၆၀,၀၀၀ကျော်ခန့်ရှိခါ ၄သောင်းကျော်ခန့်သေကျေခဲ့သည်။ 

ရခိုင်၊မဏိပူရနှင့်အာသံတပ်များမှာ အနော်ရထာမင်းလက်ထက် (၁၀၄၄-၁၀၇၇)
ကသိမ်းပိုက်ထားခဲ့သော အာရကန်(ရခိုင်)၊ မဏိပူရနှင့် အာသံပြည်များမှ တိမ်းရှောင်သွားခဲ့ကြသည့်တော်လှန်ရေးအင်အားစုများဖြစ်သည်။ အင်္ဂလိပ်ကအားပေးသဖြင့်အင်္ဂလိပ်ဘက်ကပါဝင်တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။ 

အင်္ဂလိပ်စစ်ဆင်ရေးမှူး ဗိုလ်ချုပ်အာချီဘောက နတ်မြစ်ဝရှိရှင်မဖြူကျွန်းကို အရှေ့အိန္ဒရိယတပ်အနည်းငယ်အပါအဝင်စယမ်ဘုရင့်တပ်မတော်စစ်ကူ၊ အာသံ၊မဏိပူရ၊ရခိုင် အလှည့်ကျတပ်များ အလုံးအရင်းဖြင့်ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်စေခြင်းဖြင့်ဘကြီးတော်မင်းအား အရောင်ပြစစ်ပြုခါလှည့်စားမြူဆွယ်သည်။ ဘကြီးတော်ကတောင်ပိုင်းတွင်ရှိနေသော စစ်သူကြီးမဟာဗန္ဓုလကိုစစ်အင်အား ၆သောင်းဖြင့် ရခိုင်သို့အပျင်းချီတက်ခါ အင်္ဂလိပ်တပ်များကိုလာရောက်တိုက်ထုတ်စေသည်။
ဗန္ဓုလ၏တပ်များမှာ မိုင်ပေါင်း ၆၀၀ကျော်ခန့်ဝေးကွာသော အင်းဒီးယားနှင့် မြစ်ဝကျွန်းပေါ်အကြားဟိုချီဒီရွှေ့အကြိမ်ကြိမ်လုပ်နေရသဖြင့်ပမ်းနာကျနေသောအနေအထားတွင်ရှိနေသည်။ ဤတွင်မော်တင်စွမ်း၌ အသင့်လျိုထားသော အင်္ဂလိပ်နှင့်အင်ဒီးယားတပ်သား ၅ထောင်ကျော်စီပါဝင်သည့် ရေတပ်အင်အား တသောင်းကျော်ခန့်မျှ ဖြင့် မြို့စောင့်တပ်ကလေးမျှသာကျန်ရှိသောရန်ကုန်မြို့ကို ဗိုလ်ချုပ်အာချီဘောကလျှပ်တပျက်တက်သိမ်းလိုက်ပြီး ရွှေတိဂုဏ်တွင် ချက်ခြင်းခံတပ်ကြီးအခိုင်အမာတည်ဆောက်လိုက်သည်။  



ထိုအခါ ဘကြီးတော်ဘုရားက ဗန္ဓုလတတ်များကိုပေ၁သောင်းခန့်မြင့်မားသည့်ရခိုင်တောင်တန်းကို မိုးသည်းထန်လှသောဩဂုတ်လတွင် ကျား၊ကျားသစ်တောရိုင်းတိရိစ္ဆာန်များနှင့်ငှက်ဖျားရောဂါတို့ကိုပင်ပမ်းကြီးစွာဖြတ်ကျော်စေပြီး ရန်ကုန်ကိုပြန်တိုက်ရန်အမိန့်ပေးပြန်သည်။ 

နိုဝင်ဘာလတွင် ဗန္ဓုလကရေတပ်အပါအဝင်စစ်အင်အား ၃၀၀၀၀ဖြင့် အာချီဘောလ်၏ရေတပ်ကိုချီတက်တိုက်ခိုက်သည်။ စစ်အင်အား ၃၀၀၀၀တွင် ၁၅၀၀၀သာ တူမီးသေနပ်များတပ်ဆင်ထားသည်။ တိုက်ပွဲယှဉ်ပြိုင်သောအာချီဘောတပ်မှာ သေနပ်ကိုင်စစ်သည် တပ်သားတသောင်းသာရှိသည်။ သို့သော် အင်္ဂလိပ်စစ်သင်္ဘောမှအမြှောက်များက နောက်ဆုံးပေါ်ပေါက်ကွဲကျည်ကိုသုံးပြီး ဗန္ဓုလ၏အမြှောက်များမှာမူ ပေါက်ကွဲမှုမရှိသော သံလုံးကျည်ကိုသာသုံးနိုင်ခဲ့သည်။ မဟာဗန္ဓုလ၏တပ်သား ၃၀၀၀၀မှ ၂၃၀၀၀ ကျဆုံးသည်။ ဧပြီလ၁ရက်နေ့တွင် ဓနုဖြူမှခုခံသော စစ်သူကြီးမဟာဗန္ဓုလ သည် အင်္ဂလိပ်၏အမြှောက်ဆံများကြောင့်ကျဆုံးခဲ့ရရှာသည်။ ထိုနောက်ပိုင်းတွင် အင်္ဂလိပ်တပ်များက ဧရာဝတီမြစ်ကြောင်းဖြင့်အမရပူရသို့ အလျှင်အမြန်စစ်ချီခါ ဘကြီးတော်မင်းအား ရန္တပိုငြိမ်းချမ်းရေးစာချုပ်ဖြင့် အနိုင်ယူ လိုက်နိုင်ခြင်းဖြစ်သည်။

စစ်ပွဲတွင်အင်္ဂလိပ်ဘက်ကပါဝင်တိုက်ခိုက်သောစယမ်(ထိုင်း)မှာအင်္ဂလိပ်နှင့်သံခင်းတမန်ခင်းဆက်ဆံရေးအရှိန်တိုးမြှင့်ရန် စစ်မဟာမိတ်အဖြစ် ပါဝင်တိုက်ခိုက်ခြင်းဖြစ်သည်။ ထိုအချိန်က အရှေ့နှင့်အလည်အင်ဒိုချိုင်းနားကျွန်းဆွယ်ရှိနိုင်ငံများကိုပြင်သစ်ကသိမ်းပိုက်ထားပြီး စယမ်ထိုင်းနှင့်ပါ နယ်စပ်စစ်ပွဲများစတင်ဖြစ်ပွားလာနေချိန်ဖြစ်၍ စယမ်ထိုင်းက အင်္ဂလိပ်ထံမှ အထောက်အကူရရန်လိုနေသည့်အချိန်ဖြစ်သည်။

လူဝီဘုရင် ၁၄ က အယုဒ္ဒယခေတ်တွင် စယမ်ထိုင်းထီးနန်းနိုင်ငံကို ပြင်သစ်၏အစောင့်ရှောက်ခံနိုင်ငံအဖြစ်သိမ်းသွင်းရန်ကျိုးပမ်းခဲ့သော်လည်း ၁၆၈၈ ၄လကြာ စယမ်-ပြင်သစ်စစ်ပွဲတွင် ပြင်သစ်တို့ရှုံးနိမ့်ပြီး ဆုတ်ခွာသွားခဲ့ကြသည်။

နောက်တစ်ရာစုအကြာ ၁၇၈၇ ခုနှစ်လူးဝစ်ဘုရင် ၁၆ ခေတ်ရောက်မှ ဗီယက်နမ်ပိုင် ပူလို-ကွန်ဒိုကျွန်းကို ပြင်သစ်ကလာရောက်သိမ်းပိုက်နိုင်ရာမှစ၍ အရှေ့အင်ဒိုချိုင်းနားကျွန်းဆွယ်တွင် ပြင်သစ်တို့ပြန်လည်လွမ်းမိုးလာပြီး ဗီယက်နမ်အပြင် ထိုင်းပိုင်ဆိုင်ခဲ့သည့် လာအိုနှင့် ကမ္ဘောဒီးယားတို့ကိုပါ အစောင့်ရှောက်ခံနိုင်ငံများအဖြစ်သိမ်းပိုက်ပြီးနောက်ထိုင်းကိုဆက်လက်သိမ်းပိုက်ရန် လမ်းစရှာသည်။ 

ထိုအနေအထားတွင် စယမ်ထိုင်းက ပြင်သစ်၏ပြိုင်ဘက်ဖြစ်သည့် အင်းဒီးယားကိုသိမ်းပိုက်ထားသော အင်္ဂလိပ်နှင့်မဟာမိတ်ဖွဲ့လိုက်ခြင်းဖြစ်သည်။

ထိုင်းစယမ်ကအင်္ဂလိပ်နှင့်ယင်းသို့မဟာမိတ်ဖွဲ့ထားသောကာလတွင် ပြင်သစ်က ထိုင်းနိုင်ငံလွမ်းမိုးသိမ်းပိုက်ရေးအစီအစဉ်များကိုရပ်ထားလိုက်သည်။ 

ဘကြီးတော်မင်းက ထိုင်းစယမ်လုပ်နည်းအတိုင်း အင်္ဂလိပ်ကိုခုခံရန် ပြင်သစ်နှင့် ဆက်ဆံရေးစတင်နေပြီဖြစ်သော်လည်း မဟာမိတ်အဆင့်ကိုမရောက်မီတွင် အင်္ဂလိပ်က ပထမအင်္ဂလိပ်မြန်မာစစ်မဖြစ်ဖြစ်အောင်အကြောင်းရှာပီး အာသံ၊ မဏိပူရ၊ ရခိုင်၊နှင့်တနသာင်္ရီတိုင်းတို့ကို သိမ်းပိုက်လိုက်ခြင်းမှာလဲ ပြင်သစ်ကို ထိုင်းစယမ်အထိ ကျော်တက်လာဖို့မကြံစည်တော့အောင်စည်းခတ်လိုက်ခြင်းဖြစ်သည်။  

ရန္တပိုစာချုပ်ကိုလက်မှတ်ထိုးသူမှာ အင်္ဂလိပ်ဘက်က ဗိုလ်ချုပ်အာချီဘောလ် နှင့် ဘကြီးတော်မင်းဘက်က မဟာမင်းလှကျော်ထင်ဖြစ်သည်။ ( စစ်ဦးစီးမဟာဗန္ဓုလကျဆုံးသွားခဲ့ပြီဖြစ်၍)။

စာချုပ်တွင် အချက်(၁၁)ချက်ရှိပြီး အဓိကအကျဆုံး ၅ချက်မှာ..

- အာသံ၊မဏိပူရ၊ ရခိုင်နှင့်သံလွင်တောင်ပိုင်းတနင်္သာရီတိုင်းကို အင်္ဂလိပ်အားပေးအပ်ရမည်၊

-အင်းဝက ကာရှာနှင့်ဂျိန်ရှာနိုင်ငံများအားနှောက်ယှက်နေမှုများအားလုံးကိုရပ်ပြစ်ရမည်၊

-လျှော်ကြေးငွေ စတာလင်ပေါင်တသန်းပေးဆပ်ရမည်၊

-နှစ်ဘက်သံတမံများထားရှိခွင့်ပြုရန်နှင့် စီးပွားရေးစာချုပ်များကိုချုပ်ဆိုရမည်။

- အင်္ဂလိပ်၏မဟာမိတ်ဖွဲ့စစ်ကူပေးသော စယမ်အယုဒ္ဒသည်ဤစာချုပ်၏အကျိုးကိုခံစားခွင့်တွင်ပါဝင်သည်ကိုအသိအမှတ်ပြုရမည်။

             *********

(ဆက်စပ်သမိုင်းကြားဖြတ်ရှင်းလင်းချက်။ ၁၆၄၄မှ ၁၇၅၈ နှစ်တစ်ရာကျော်အတွင်း ထိုင်း-မြန်မာ အကြားစစ်အေးသော ငြိမ်းချမ်းရေးကာလဖြစ်၍ စယမ်နိုင်ငံတွင် ပြင်သစ်ကိုယှဉ်ပြိုင်တိုက်ခိုက်အနိုင်ယူနိုင်သည့် အင်အားလုံလောက်စွာရှိနေရခြင်းဖြစ်သည်။

၁၇၅၉ အလောင်းဘုရားခေတ်ရောက်မှ ထိုင်း-မြန်မာစစ်ပွဲများပြန်လည်ဖြစ်ပွားကာ မြန်မာရော ထိုင်းပါ စစ်ပမ်းကျနေချိန်တွင် ပြင်သစ်နှင့် အင်္ဂလိပ်တို့ အင်ဒိုချိုင်းနားကျွန်းဆွယ်အပေါ် ဩဇာလွမ်းလာနိုင်သည်)။

Reference:
- Political incidents of the First Burmese War. by Robertson, Thomas Campbell (1853) Harvard University
-Maung Htin Aung. A History of Burma. Cambridge University
-Thant Myint-U (2006). The River of Lost Footsteps--Histories of Burma. 
- Other relevent sources

ပုံ၁။ ရန္တပိုစာချုပ်သမိုင်းစာအုပ် ပုံ၂။ စစ်သူကြီးအဟာဗန္ဓုလ ပုံ၃။ ဗိုလ်ချုပ်အာချီဘော ပုံ၎။ကာရှာနှင့် ဂျိန်ရှာပြည်များ ပုံ၅။ လူဝစ်၁၄ ပုံ၆။လူဝစ်၁၆ ပုံ၇။ ထိုင်းစယမ်တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်သောဘန်ကောက်ရှိပြင်သစ်ခံတပ်စခန်းပုံ ပုံ၈။ ဗီယက်နမ်ပိုင် ပူလို-ကွန်ဒိုကျွန်း
ပုံ၉။ အမရပူရ နန်းတော် ပုံ၁၀။ အမရပူရမြို့











No comments:

Post a Comment

mr.kyaingtun@gmail.com