Friday, June 19, 2020

အင်းစိန်တိုက်ပွဲတထောင့်တနေရာမှ(၄)….

အင်းစိန်တိုက်ပွဲတထောင့်တနေရာမှ(၄)….. 
ဦးနုအစိုးရနှင့် ကေအဲန်ဒီအို စေ့စပ်ရေး…
အင်းစိန်တိုက်ပွဲအတွင်းတွင် ၀န်ကြီးချုပ်ဦးနုက အစိုးရနှင့်အတူ ကရင်ကိုဝိုင်းတိုက်ပေးရန် မြန်မာကွန်မြူနစ်သူပုန်များနှင့်စေ့စပ်ရာတွင် ကျောင်းတော်ကရန်စများကြောင့် အပြန်အလှန်ယုံကြည်မှုမရှိသဖြင့် စေ့စပ်ရေးပျက်ပြားသွားခဲ့သည်။ သို့ ဖြစ်၍ ကွန်မြူနစ်များနှင့်စေ့စပ်မှုကိုလက်လျှော့လိုက်ပြီး ကရင်နှင့်တိုက်ရိုက်စေ့စပ်ရေးလုပ်နိုင်ရန်အားထုတ်သည်။
လူအများလေးစားယုံကြည်ရသောကြားလူများဖြစ်သည့် ရန်ကုန်ရှ်ိ ဗြိတိသျှသံအမတ်ကြီး မစ္စတာဘိုကာ၊ အိန္ဒိယသံအမတ်ကြီး ဒေါက်တာရပ်(ဖ်)၊ ပါကစ္စတန်သံအမတ်ကြီး မစ္စတာ အလီအပြင် အင်္ဂလီကန် ခရစ်ယန်ဂိုဏ်းချုပ်ကြီး ဘိရှော့ ၀က်(စ်)၊ ဆာစံစီဖိုး(ဗြမ္မဇို သာသနာတည်ထောင်သူ) ၏သမီး မစ္စဘမောင်ချိန် တို့ ကို စေ့စပ်ရေးအကျိုးဆောင်စေသည်။


ဦးနုကိုယ်တိုင်စောဘဦးကြီးထံရေးသားသော ကမ်းလှမ်းစာတွင် ကရင်ဗမာစစ်ပွဲကြောင့်လူထုတွေသေကြေပျက်စီးကြပြီးမြို့ ပြနေအိမ်အဆောက်အဦးများမီးလောင်ပျက်စီးဆုံးရှူံးရသဖြင့် စေ့စပ်ဆွေးနွေးလိုကြောင်းပါရှိသည်။ ဥက္ကဌစောဘဦးကြီးက ကမ်းလှမ်းချက်ကို လက်ခံလိုက်ပြီး ၁၉၄၉ ဧပြီလ(၅)ရက်နေ့ တွင် ဆွေးနွေးကြသည်။ ထိုသို့ ဆွေးနွေးပွဲသို့ မသွားခင်တွင် ကရင်ခေါင်းဆောင်များက အစည်းအဝေးခေါ်ယူပြီး ဘာတွေပြောဆိုကြမည်၊ ဘာကိုလက်ခံပြီး ဘာကိုလက်မခံ စသည်တို့ ကို စေ့စေ့စပ်စပ်ကြိုတင်ညှိနှိုင်းမှုများမလုပ်ခဲ့ပေ။ တွေ့ ဆုံဆွေးနွေးပွဲသို့ စောဘဦးကြီးနှင့်အတူ မန်းဂျိန်း(စ်) ထွန်းအောင်နှင့် စောဘဲလေတို့ သွားရောက်ခဲ့ပြီး အစိုးရဘက်က ဦးနု၊ ဗိုလ်ခင်မောင်လေး၊ ဗိုလ်နေဝင်းနှင့် ဦးချန်ထွန်းတို့ တက်ရောက်သည်။  

ငြိမ်းချမ်းရေးလိုလားသောစိတ်အရင်းခံကြောင့်သော်လည်းကောင်း ကရင်လူမျိုးအချင်းချင်းဖြစ်သော ငြိမ်းချမ်းရေးအကျိုးဆောင်ဂုဏ်သရေရှိလူကြီးများ၏ဖျောင့်ဖျမှုကြောင့်သော်လည်းကောင်း ဦးနုအစိုးရ၏ ကရင်များလက်နက်ချပြီးအစိုးရနှင့်ပြန်လည်ပေါင်းစည်းရေး ငြိမ်းချမ်းရေးစာချုပ်ကို ဥက္ကဌစောဘဦးကြီး သဘောတူလက်မှတ်ထိုးခဲ့သည်။ သဘောတူညီချက်အရ ဧပြီလ(၈) ရက်နေ့  သမိုင်းတွင် လက်နက်ချပွဲလုပ်ရန်ပါရှိသည်။ အင်းစိန်စခန်းသို့ ပြန်ရောက်သောအခါ တခြားကရင်ခေါင်းဆောင်များက ထောင်ကွက်ထဲ ကျရောက်သွားပြီဟု တွက်ချက်ပြကြသည်။ ထိုစဉ်က အင်းစိန်တိုက်ပွဲတွင်ပါဝင်သော ကရင်ခေါင်းဆောင်များမှာ KNDO တည်ထောင်သူ မန်းဘဇန်၊ ဗိုလ်စိုင်းကေနှင့် ဟန်တာသာမွှေးတို့ ဖြစ်သည်။ ဥက္ကဌစောဘဦးကြီးက မိမိမှာ KNU အနေနှင့် လက်မှတ်ထိုးခဲ့ခြင်းဖြစ်သဖြင့် ဦးနုအစိုးရနှင့်တိုက်ရိုက်စစ်ဖြစ်နေပြီး မတရားသင်းကျေညာထားခံရသော KNDO ကိုယ်တိုင် စေ့စပ်ပွဲသို့ သွားရောက်ပြောဆိုပြီး လက်မှတ်ထိုးခြင်းကို ရုပ်သိမ်းသင့်လျှင် ရုပ်သိမ်းခဲ့ရန်ကြရန် မန်းဘဇန်ကို ညွှန်ကြားခဲ့သည်။
သို့ ဖြစ်၍ ဧပြီလ (၆) ရက်နေ့တွင် မန်းဘဇံ ဦးဆောင်သော ကရင်ကိုယ်စားလှယ်အဖွဲ့နှင့် ဦးနုတို့ တွေ့ဆုံကြသည်။ ကရင်အမျိုးသားများ၏ အဓိကလိုအပ်ချက်မှာ ကရင်ပြည်သာ ဖြစ်သဖြင့် အပစ်အခတ်ရပ်စဲစဉ် ကရင်ပြည် ရရှိရေးကိစ္စကိုသာ ဆွေးနွေးသွားရန် မန်းဘဇံက ဦးနုထံ တင်ပြသည်။ ဖဆပလ ခေါင်းဆောင်များက မန်းဘဇံ၏ ဆွေးနွေးချက်ကို လက်မခံ။ အပစ်ရပ်ပြီး လက်နက်ချရေးကိုသာ တောင်းဆိုသဖြင့်ဆွေးနွေးပွဲ ပျက်သွားသည်။

No comments:

Post a Comment

mr.kyaingtun@gmail.com