Sunday, December 9, 2012

ကျောင်းသားသူပုန်တို့ရဲ့ ခရီးရှည်အမှတ်တရ (အပိုင်း-၄) by Myat Thu on Wednesday, December 5, 2012 at 1:35am ·




ဗဟိုဌာနချုပ် 

ရောက်ပြီးတာနဲ့ ဗဟိုဦးဆောင်ကော်မတီဝင် ဦးအောင်ထူးနဲ့တွေ့တယ်။ တပ်ဖွဲ့ဝင်လျှောက်လွှာ စာရွက်တွေ မှာ ကျနော်တို့ရဲ့အချက်အလက်တွေကိုဖြည့်ပြီး လျှောက်ထားကြတယ်။ ဖောင်တွေဖြည့်နေကြတုန်း ဗဟိုမှာ ရောက်နေနှင့်တဲ့ တပ်ရင်းတစ်ခုက ရဲဘော်တစ်ယောက်က “ဖောင်ဖြည့်တာများ။ လွယ်လွယ်လေးဗျာ။ ပညာအရည်အချင်း - အတော်တတ်လို့ရေးပေးလိုက်။ ခေသူမဟုတ်ဆိုရင်လည်းရတယ်” တဲ့။ ကျနော် ဒီလူ တွေကိုသဘောကျသွားတယ်။ နောက်ပိုင်းအဲဒီ ပညာအရည်အချင်း - အတော်တတ်တို့၊ ခေသူမဟုတ်တို့ဆို တာ ကျနော်တို့ရဲဘော်အချင်း ချင်း ရီစရာပြောနေကျထဲမှာ ပါလာတာတွေပေါ့။

ဌာနချုပ်ကဗဟိုကော်မတီဝင်တွေနဲ့ ဆရာဦးအောင်ထူးကဦးဆောင်ပြီး မိတ်ဆက်ပေးခဲ့တယ်။ နောက်ပြီး ကျနော်တို့အတွက် အခြေခံစစ်ပညာသင်တန်းကို အရင်ကဗမာ့တပ်မတော်ကနေ ရှစ်ဆယ့်ရှစ်အရေး တော်ပုံအပြီး ကျောင်းသားတွေနဲ့အတူတောခိုလာခဲ့ကြတဲ့ ဆရာကိုငြိမ်းနဲ့ကိုအောင်အောင်တို့နှစ်ယောက် ပေါင်းပြီးပေးကြတယ်။ ခဲလုံးသေးသေးလေးတွေပေါ်မှာ ခရာမှုတ်တိုင်း ဒိုက်ဗင်ထိုးရတာလေးငါးခါလောက် ရှိတော့ တံတောင်တွေဒူးတွေပေါက်ပြဲကုန်ပြီး နောက်ထပ်ခရာသံကြားရမှာကြောက်နေကြရသေးတယ်။ တစ်ချိန်ထဲမှာဘဲ နိုင်ငံရေးအတွေးအခေါ်နဲ့ တခြားအဌာရသ (၁၈) ရပ်ထဲက တပ်အပ်တဲ့ပညာတွေလည်း ပါတာပေါ့။ နေ့လည်ဘက်ထမင်းစားပြီးတဲ့အချိန် ပင်ပန်းလွန်းတော့ အိပ်ငိုက်ကြတယ်။ သင်တန်းဆရာတွေ ညိုငြင်မှာစိုးလို့ မနဲကိုမျက်လုံးကိုဖြဲထားကြရတယ်။ အဲဒီအခြေခံစစ်သင်တန်းက သုံးပတ်လောက်ကြာမယ် ထင်တယ်။ ကျနော်တို့တော်လှန်ရေးစစ်သားတွေဖြစ်ပြီ။ အေးစက်မာကြောတဲ့ လူသတ်လက်နက်ဖြစ်တဲ့ သေနတ်တွေကို ကိုယ်တိုင်ထိတွေ့ကိုင်တွယ်ခွင့် စပြီးရခဲ့ကြတယ်။ ဘယ်လိုအသုံးချရမယ်ဆိုတာကို လေ့လာသင်ယူကြတယ်။


ငယ်ငယ်တုန်းကလို သေနတ်ပစ်တိုင်းကစားနေကြတာမဟုတ်ဘူး။ ကျည်အပြည့် ထည့်ထားတဲ့ ကျည်ကပ်ကိုသေနတ်ထဲကို ဖျောင်းကနဲရိုက်သွင်းလိုက်၊ ချောက်ကနဲ မောင်းတင်လိုက်၊ လုံခြုံရေးခလုတ်ကို တစ်ချက်ခြင်းပစ်လို့ရမယ့်နေရာကိုဖွင့်လိုက် (အတွဲလိုက်ဆွဲချင်ရင်လည်း အတွဲလိုက်ဆွဲ လို့ရမယ့်ခလုတ်နေရာကိုဖွင့်)၊ ပြီးရင် ချိန်ပြီးပစ်။ ဒိုင်းကနဲ သေလောက်တဲ့နေရာထိရင် သေတယ်။ ငယ်ငယ် ကလေးဘ၀က သေနတ်ပစ်တမ်းကစားသလို ပါးစပ်ကတဒိုင်းဒိုင်းအော်ပစ်ရင်း၊ ဘွာတေးလုပ်လို့မရဘူး။ ဘာပဲပြောပြော ကျနော်တို့ လက်ချည့်သက်သက်မဟုတ်တော့ဘူး။ သူ့မှာသေနတ်ရှိသလို ကိုယ့်မှာလည်း သေနတ်ရှိပြီဆိုတော့ ပွဲကနဲနဲပိုပြီးမျှမျှတတဖြစ်လာပြီလို့ထင်တယ်။ ကိုယ့်ကိုယ်ကိုယ်လုံခြုံသွားသလိုလည်း ခံစားရတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) ABSDF ရဲ့ ဌာန ချုပ်က မာနယ်ပလောနဲ့သိပ်မဝေးတဲ့ ပလောင်ကုန်းလို့ခေါ်တဲ့ လောကွားလူဒေသ သောင်ရင်းမြစ်နဘေးမှာ။ အဘိုင်ကြီးက စားဖိုကိုင်။ ဟုတ်တာမဟုတ်တာအပထား အဲဒီအချိန်က အဘိုင်ကြီးချက်ကြွေးသမျှကိုပဲ စား ရတော့ အဘိုင်ကြီးရဲ့လက်ရာအကောင်းဆုံး။ များသောအားဖြင့် ငရုပ်သီးမှုန့်လေးပါလေဟန်ဖြူးထားတဲ့ ငါးပိရေကျဲနဲ့ မြှစ်အပြင် တစ်ခြားအရွက်တွေပါတဲ့ဟင်းချို။ ဗဟိုကရဲဘော်တွေက အဆိုင်းလိုက် အဘိုင်ကြီး နဲ့ အလှည့်ကျဝင်ပြီး စားဖိုတာဝန်ယူပေးရတယ်။ အဲ.. သူ့အချစ်တော်ခွေးက အမွှေးဖွားလေး။ နာမည်က တော့ အောင်ဟိန်းတဲ့။ အောင်ဟိန်းဆိုတာက ကျနော်တို့ထွက်မလာခင် ABSDF က ဘဏ္ဍာရေးမှူးလုပ်ရင်း အဖွဲ့ပိုင်ငွေတွေကို ‘မ’သွားပြီး လေယာဉ်နဲ့ ပြည်တွင်းကိုခိုးဝင်ရင်း ရွှေတွဲလွဲ၊ ငွေတွဲလွဲအဖမ်းခံခဲ့ရတယ်ဆိုတဲ့ ကျေးဇူးရှင်ရဲ့ နာမည်လေ။ အဲဒီမှာ ကိုမိုးသီးဇွန်ကို KNU ဥက္ကဌ ဗိုလ်ချုပ်ကြီးမြ လက်ဆောင်ပေးထားတဲ့ ကြက်ဆင်ကြီးသုံးလေးကောင်လည်းရှိရဲ့။ ဗဟိုဌာနချုပ်ရုံးက ကုန်းမြင့်ပေါ်မှာရှိပြီး၊ ကျနော်တို့က အောက် တည့်တည့်လောက်မှာရှိတဲ့ ဘားတိုက်တစ်ခုမှာ တပ်ရင်းအသစ်တစ်ခုဖွဲ့ဖို့ရောက်နေနှင့်တဲ့ ရဲဘော်တွေနဲ့ အတူ နေကြရတယ်။ ပျော်ပျော်နေတတ်တဲ့သူတွေလည်းပါတော့ ကျနော်တို့ မပျင်းရဘူး။ ဒီကြားထဲ ဗဟို အတွက် အလံတိုင်တစ်ခုလုပ်ရမယ်ဆိုလို့ လက်သမားဆရာတဖြစ်လဲ BZK ကိုအောင်သန်းနောက် ရဲဘော် တွေအများကြီး ချောင်းရိုးအတိုင်း သူတွေ့ထားတဲ့သစ်ပင်ဖြောင့်ကိုခုတ်ပြီး သွားထမ်းကြရတယ်။ ဗဟိုက လူ ၁၅ ယောက်၊ အယောက်နှစ်ဆယ် ကိုအောင်သန်းနောက်လိုက်ပြီး အဲဒီဘောလုံးသာသာလောက် အ၀ိုင်းရှိ တဲ့ သစ်လုံးရှည်ကြီးကို ဟိုရမ်းဒီရမ်းနဲ့ချောင်းရိုးတစ်လျှောက် နာရီဝက်မိနစ်လေးဆယ်လောက် ၀ိုင်းထမ်း လိုက်ကြတာ ညနေအတော်လေးထမင်းစားကောင်းသွားတယ်။ ကိုအောင်သန်းက ဒီသစ်လုံးကို အလံတိုင် ဖြောင့်ဖြောင့်ဖြစ်ဖို့အတွက် ရေထဲမှာဘယ်နှစ်ရက်ထားရမယ်၊ နေပူဘယ်နှစ်ရက်လှမ်းရဦးမယ်နဲ့ အရှည်ကြီး ရှင်းပြခဲ့ပြီး နောက်အလံတိုင်ဖြစ်သွားတော့လည်း ခပ်ကောက်ကောက်ပါဘဲ။

တပ်ရင်းဘက်တံဆိပ်တွေကိုကြည့်တော့ ပိုပြီးသဘောကျသွားတယ်။ ကျနော်တို့ KNU တပ်မဟာ ၆ ဖက်မှာ ကျောင်းသားတပ်တွေကိုတွေ့ခဲ့တယ်ဆိုပေမယ့် ကိုယ့်အစီအစဉ်နဲ့ကိုယ်။ သူတို့နဲ့ သိပ်တရင်းတနှီး မဖြစ်ခဲ့ ဘူး။ ဗဟိုရောက်မှ ဗဟိုဌာနချုပ်မှာတာဝန်ထမ်းဆောင်နေကြတဲ့ တပ်ရင်းအသီးသီးကရဲဘော်တွေ၊ အနား ၀န်းကျင် တပ်ရင်းတွေကရဲဘော်တွေနဲ့ရင်းရင်းနှီးနှီးဖြစ်လာတာ။ တပ်ရင်းနံပါတ်ကို မြန်မာလိုရေးထားတဲ့ ဘက်တံဆိပ်မှာ ဓားနဲ့လှံကိုကြက်ခြေခတ်ထားပြီး အလယ်ကကြယ်ဖြူတစ်လုံးနဲ့။ ရင်ဘတ်မှာလည်း ကျောင်းသားတပ်မတော်ဆိုတဲ့စာတမ်းကို အနီရောင်အောက်ခံမှာ အဖြူရောင်စာလုံးတွေနဲ့ ရေးထားတယ်။ ဓားနဲ့လှံဆိုတော့ ဓားဓားခြင်း၊ လှံလှံခြင်းပေါ့။ ကိုယ်ကစပြီးစိန်ခေါ်ထားတာမဟုတ်.. လက်နက်အားကိုး သမားတွေ ရဲ့စိန်ခေါ်မှုအတိုင်း။


အလေးပြု

ဥက္ကဌလည်းပြန်ရောက်နေတဲ့တစ်ရက် မနက်ပိုင်း ထုံးစံအတိုင်းကျနော်တို့ကိုယ်တိုင် ထမ်းထားခဲ့ရတဲ့ အလံ တိုင်ရှေ့မှာ တန်းစီကြတယ်။ တာဝန်မှူးက ကိုထွန်းထွန်းအောင်။ ခရာမှုတ်ပြီးတန်းစီဖို့ခေါ်တယ်။ အားလုံး တန်းစီနေကြတဲ့အချိန် ဗဟိုကော်မတီဝင်တွေက ရဲဘော်တွေတန်းစီတဲ့ရှေ့ ဘယ်ဘက်ဘေးနေရာမှာ တာဝန်မှူးဘက်ကိုမျက်နှာမူပြီး အလံနဲ့ဘေးတိုက်နေရာယူလိုက်ကြတယ်။ ဥက္ကဌဖြစ်သူ ကိုမိုးသီးဇွန် ဆင်းလာတယ်။ သူ့ကို ကရင်အရာရှိတစ်ယောက်လက်ဆောင်ပေးထားတဲ့ ခြောက်လုံးပြူးကို သူ့သေနတ် ထက်ကြီးတဲ့ သေနတ်အိတ်နဲ့ရှေ့မှာချိတ်ဆွဲထားတယ်။ ကျနော်ကြည့်မိတော့ ကိုမိုးသီးကြီးက စစ်သားပုံ မပေါက်ဘူး။ ၀တ်ထားတဲ့ယူနီဖောင်းရယ်အားလုံးခြုံလိုက်ရင် သူက စစ်ပုံထက်၊ ရဲပုံပိုထွက်နေသလိုဘဲ။ ထုံးစံအတိုင်းလူစီပြီး တာဝန်မှူးက အလေးပြုသစ္စာအဓိဌာန်ဆိုဘို့မလုပ်ခင် ဘာပြောစရာရှိသေးလဲလို့ မေးတယ်။ တစ်ယောက်က လက်ထောင်ပြီးရှိပါတယ်တဲ့။ တာဝန်မှူးနဲနဲစိတ်တိုသွားပုံရတယ်။ အသံလည်း ကျယ်လာပြီး “ဘာလဲ” လို့မေးလိုက်တယ်။ ဟိုရဲဘော်က “အလံတိုင်ရှေ့လည်းကြည့်ပါဦးတာဝန်မှူး ရယ်” တဲ့။

အဲဗျာ.. ခွေးအောင်ဟိန်းက အလံတိုင်ရှေ့မှာ အလေးပြုခံမယ့်ပုံနဲ့ ငုတ်တုတ်။ ရွှေဗန်းနီနီကလည်း အောက် က လှမ်းကြည့်တဲ့လူတိုင်းကို နောက်နေသလိုလို။ အဲဒါနဲ့တာဝန်မှူးလည်း ခွေးမောင်းတဲ့အလုပ်ပိုတစ်ခု ထပ်ရသွားတယ်။ ခဲကောက်ပြီး ခွေးမသားအောင်ဟိန်းကိုလိုက်ထုတော့ ခွေးလည်း တခြားဖက်ကိုထွက် ပြေးသွားတယ်။ ကဲရှင်းပြီပေါ့။ အလေးပြုဘို့စတော့မယ်။ အဲဒါလည်းမပြီးသေးဘူး။ ဒါပေမယ့် တာဝန်မှူး လည်း ဒါတော့မတတ်နှိုင်ပြီ။ အလံတိုင်ဝန်းကျင်မှာရောက်နေတဲ့ ကြက်ဆင်ကြီးတွေက အသဲငယ်တတ် တယ်။ အသံကျယ်ကျယ်ကြားရင် သူတို့လည်းလန့်အော်တယ်လေ။ အဲဒီတော့ အဲဒီတာဝန်မှူးအသံနဲ့ ကြက်ဆင်သံ တပါတည်း ကြားရတာက..

“တပ်ဖွဲ့ ရှေ့ကြည့်”- “ကလွိကလွိကလွိ”…
“တပ်ဖွဲ့ သတိ”- “ကလွိကလွိ”
“မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး တိုက်ပွဲဝင်ခွပ်ဒေါင်းအလံတော်အား အလေး ပြု”- “ကလုကလုကလုကလု”

တန်းထဲက ရဲဘော်တွေကလည်း ရီချင်တာကိုအောင့်အီးပြီး အလေးပြုအစီအစဉ်ကို အဲဒီကြက်ဆင်ကြီးတွေ ကို ဥက္ကဌဆီမှာ ခွင့်တောင်းပြီး ချက်စားခွင့်ရတဲ့နေ့အထိ ဒုက္ခခံပြီးလုပ်ကြရတယ်။


ပွဲမ၀င်ခင်

ကျနော်တို့ တောခိုစဉ်က ၁၃ ရက်လမ်းလျှောက်ခဲ့တဲ့နေရာတွေက အရင်က ဖက်ဆစ်ဂျပန်တွေ ချွေးတပ်ဆွဲ ဖောက်ခဲ့တဲ့ နာမည်ကြီး ထိုင်း-မြန်မာရထားလမ်းနေရာတွေလေ။ လမ်းမှာ မကြာခဏ ရထားလမ်းပျက် တွေကို ဟိုတစ်ပိုင်းဒီတစ်စတွေ့ခဲ့ကြတယ်။ နာမည်ကြီးငှက်လည်း ကျနော်တို့နဲ့အတူပါလာတာပေါ့။ ဗဟို ရောက်ခါစက ကျနော်ဟိုကမိလာတဲ့ ဘုရားသုံးဆူငှက်ဖျားရယ်၊ အဲ.. ဌာနချုပ်က ဖာပွန်ငှက်ရယ် နှစ်ခု ပေါင်းပြီးကျနော် ခဏခဏဖျားပြီး လဲခွေနေတာများတယ်။ ငှက်ဖျားအတွေ့အကြုံမရှိတဲ့အပြင် ရလာတဲ့ ငှက်ဖျားတွေကလည်းပြင်းတော့ အတော်ထိတယ်။ နောက် ဗမာ့တပ်မတော်ကအငြိမ်းစားယူထားတဲ့ ဒု-ဗိုလ်မှူးကြီးအေးမြင့် (အဘ) ကျနော်တို့ဆီကိုရောက်ပြီး။ ဗဟိုမှာ မွန်းမံသင်တန်းပေးတယ်။ မနက်ပိုင်း ၅ နာရီခွဲလောက် အားလုံးထတန်းစီ၊ မာနယ်ပလောကရွာတန်းတွေဘက်ကို အုပ်စုလိုက်ပြေးကြတယ်။ သင်တန်းဆရာနဲ့ကျနော်တို့ စည်းဝါးညီအော်ပြေးကြတာပေါ့။ “ဘယ်ညာဘယ်ညာဘယ်ညာဘဲ” “ဘာလုပ် နေလဲ” “လေ့ကျင့်နေတယ်” “ဘယ်သူ့အတွက်လဲ” “ပြည်သူ့အတွက်ပဲ” “ဘာလုပ်ဖို့လဲ” “တိုက်ပွဲဝင်ဖို့” “အမှတ်စဉ်၊ အမှတ်စဉ်၊ အမှတ်စဉ်.. ဆို” “တစ်… နှစ်…. သုံး…. လေး၊ တစ်နှစ်သုံးလေး၊ တစ်နှစ်သုံးလေး” “လေ့ကျင့်ရေးမှာချွေးထွက်များမှ စစ်မြေပြင်မှာသွေးထွက်နဲမည်။ ကျောင်းသားတပ်မတော်။ ကျောင်းသား တပ်မတော်။ ကျောင်းသား တပ်မတော်”။ ကျနော်တို့အသံတွေနဲ့ စီနေခဲ့တာပေါ့။

အပြန်ကျတော့ လမ်းဘေးကရင်ရွာစုကအိမ်တွေထဲမှာ သင်္ဘောသီးမှည့်တွေသွားတောင်းစားကြတယ်။ သူတို့က အဲဒီသင်္ဘောသီးမှည့်တွေမစားဘူး။ ၀က်ကြွေးပစ်တယ်။ ကျနော်တို့က မနက်စောစော မောလာတဲ့ အချိန် သင်္ဘောသီးမှည့်အေးအေးလေးတွေစားရတော့ မောသမျှတွေပျောက်သွားပြီး အင်ပြည့်အားပြည့်ပြန် ဖြစ်လာတယ်လေ။ အဲ.. နောက်ပိုင်းကျတော့ ကရင်ရွာသားတွေက ကျနော်တို့လက်ချက်နဲ့ သူတို့ဝက်စာ ကြွေးမယ့် သင်္ဘောသီးတွေကုန်လာတော့ တစ်လုံးကို ထိုင်းငွေ ၁ ဘတ်နဲ့ရောင်းတယ်။ သင်တန်းဆရာတွေ ၀ယ်ကြွေးရင်ကြွေး၊ သူတို့ ပိုက်ဆံမရှိလို့ မကြွေးနှိုင်ရင်လည်း ပိုက်ဆံရှိတဲ့ရဲဘော်က ထုတ်ပေါ့။

အဲဒီနေ့က ကျနော်မနက်ကတည်းက ဖျားချင်သလိုဖြစ်နေတယ်။ ဒါပေမယ့် အဘက ကျနော်တို့ကို ရန်သူနဲ့ တွေ့ရင် မထိခိုက်အောင် စေတနာနဲ့အပင်ပန်းခံပြီး သင်ပေးတဲ့သင်တန်းဖြစ်တာကြောင့်ရော၊ ကိုယ်တိုင် စိတ်ဝင်စားတာကြောင့်ပါ ဆေးနားမယူဘဲ လိုက်သွားတယ်။ အဲဒီသင်တန်းအပတ်စဉ်မှာ ကျနော်တို့ နောက်ပိုင်း လက်တွေ့တောင်ကုန်းတွေပေါ်မှာတက်ပြီး လက်တွေ့စမ်းသပ် တပ်စုတိုက်စစ်လေ့ကျင့်ခန်းတွေ လေ့ကျင့်ရတယ်။ တပ်စုလိုက် ရန်သူစခန်းသိမ်းတိုက်ပွဲလေ့ကျင့်ခန်းပေါ့။ နောက်ဆုံးအဆင့်က ပါးစပ်က “ကျား” လို့အော်ပြီး လှံစွပ်ထိုးသိမ်းရတာ။ ရှေ့ကရဲဘော်တွေပြေးတက်သွားတဲ့အတိုင်း နောက်ကနေ ပြေးလိုက်တက်တယ်။ ခရာသံကြားရပြီ။  “ကျား…….အား..အား”။

အဲ… ကျနော်ဘယ်ရောက်နေပါလိမ့်။ “သတိရလာပြီ” “ဟေ့လူ သတိရပြီလား”။ ကျနော့ကို ရဲဘော်တွေ ၀ိုင်းကြည့်နေကြပါလား။ “ခင်ဗျား ဆေးရုံမှာရောက်နေတာလေ” ခင်မောင်အေးရဲ့အသံ။ ဘေးမှာ မင်္ဂလာဒုံ သားတွေဖြစ်တဲ့ ကိုခင်ထွန်းကြည်နဲ့ အောင်ငွေဦး။ “အင်… ဘယ်လောက်ကြာပြီလဲ” ကျနော့အမေးကို ကိုခင်ထွန်းကြည်က “မင်း ၃ ရက်တိတိမေ့နေတာကွ” လို့ဖြေတယ်။ ငှက်ဖျားပိုးခေါင်းထဲရောက်ပြီး ပထမ ဆုံး မေ့နေတာ။ သူတို့ပြန်ပြောပြတာက အဲဒီနေ့က အားလုံးဇောနဲ့ စခန်းသိမ်းတိုက်ပွဲလေ့ကျင့်ကြတယ်။ အပေါ်ရောက်လို့ လူပြန်စစ်တော့ တစ်ယောက်ပျောက်နေပါလေရော။ အဲဒီတော့ အဘနဲ့ သင်တန်းဆရာ တွေက “ကဲ… မင်းတို့ရဲဘော်တစ်ယောက်ပျောက်နေတယ်။ တိုက်ပွဲကျသွားပြီလား။ ပြန်ရှာကြ” ဆိုလို့ သူတို့ပြန်ရှာတော့ ကျနော်က ခြုံပုတ်တစ်ခုထဲမှာအမြှုပ်တွေထွက်ပြီးတက်နေတယ်တဲ့။ အဲ… ကျနော်တို့ ရဲဘော်တွေ ကြားမှာ ဒီအကြောင်းကိုပြန်ပြောဖြစ်နေကြသလို။ လေ့ကျင့်တာတောင် ကျသွားတဲ့ရဲဘော် ရှိသေးတဲ့အပြင်၊ အဲဒါကလည်းဘယ်သူမှမဟုတ်ဘူး။ ကျနော်ကိုယ်တိုင်ဘဲ။ ငှက်ဖျားခေါင်းထဲရောက်တဲ့သူ တွေက သေရင်သေ၊ မသေရင်ရူးသွားတာမျိုးရှိတယ်။ ကျနော်က မသေလဲမသေ၊ အဲ.. ရူးလား၊ မရူးလား တော့ ကိုယ့်ကိုယ်ကိုယ်မကျိန်းသေသေးဘူး။ အဲဒီလောက်မဆိုးသေးဘူးလို့တော့ ထင်တာဘဲ။ အဲဒီအချိန် က မှတ်မိနေတာ နောက်တစ်ခုရှိသေးတယ်။ ခဏခဏနှာစေးချောင်းဆိုးဖြစ်တဲ့ ရဲဘော်ကြီးတွေထဲက တစ်ယောက်နှစ်ယောက် ဆေးရုံက ခပ်သွက်သွက်ဆေးမှူးဆရာမလေးတွေဆီမှာ ခဏခဏ ဆေးသွားပြီး တောင်းတာ။  


ကျောင်းထိုင်သစ်နဲ့ နေ၀န်းနီနီ

ဗိုလ်ချုပ်နေ၀င်းအာဏာသိမ်းပြီးကတည်းက ထောင်တွေ၊ တစ်ကျွန်းတွေရောက်သွားကြတဲ့ နရသိန်အကျဉ်း စံတို့ရဲ့ တော်လှန်ရေးသီချင်းတွေကို ဗဟိုမှာအသံသွင်းတော့ ကျနော့ကို သီချင်းဆိုဘို့ ရွေးချယ်ခဲ့ကြတယ်။ အဲဒါကြောင့်လည်း ကျနော့တပ်ရင်းက ရဲဘော်တွေရှေ့တန်းထွက်တဲ့စစ်ကြောင်းနဲ့ ကျနော် လိုက်မသွားရ ဘူး။ တော်လှန်ရေးအဆိုတော် လုပ်ရပြန်တယ်။ ကျနော်တစ်ယောက်ထဲမဟုတ်ဘူး တခြားတပ်ရင်းတွေက ဗဟိုမှာတာဝန်ထမ်းဆောင်နေကြတဲ့ မမင်းမင်းထွေးငယ်နဲ့၊ မစမ်းစမ်းမြင့်တို့လည်းပါတယ်။ သူတို့လည်း ကျနော့လိုဘဲ အရေးပေါ်အဆိုတော်တွေပေါ့။ ဗုံတွေဆိုင်းတွေက စိန်ဝင်းမြိုင်တော်လှန်ရေးဇတ်အဖွဲ့က ပံ့ပိုးတယ်။ မြန်မာသီချင်းသံစဉ်တွေပေါ့။ အသံသွင်းတဲ့ စတူဒီယိုသာပြောတာ ဘားတိုက်ထဲမှာ တိုင်တွေကို စောင်တွေပတ်ပြီး ပြန်ကြားရေးဌာနအလှူခံရထားတဲ့ Four track recorder နဲ့ပေါ့။ အရင်ဆုံး သီချင်းတွေ တိုက်။ နောက် အဆိုအတီးကျလာတော့ အသံသွင်းကြရတယ်။ တစ်ပြိုင်တည်းတခါတည်း အသံသွင်းရ တာဆိုတော့။ အတီးမှားရင်ရပ် အစကပြန်ဆို။ အဆိုမှားရင်ရပ် အစကပြန်ဆို။ အဲ… သီချင်းဆိုနေတုန်း။ အောက်က သောင်ရင်းမြစ်ထဲမှာလှေဖြတ်သွားရင် ရပ်ပြီး၊ အစကပြန်ဆိုရပြန်တယ်။ စတူဒီယိုက အသံမလုံလို့။

တစ်နေ့ ကျနော်နဲ့အတူတွဲပြီးသီချင်းဆိုရတဲ့ ရဲမေနှစ်ယောက်ထဲက မစမ်းစမ်းမြင့်ဆိုရင် အသံပါမထွက် တော့လို့ အဲဒီနေ့အသံသွင်းတာရပ်လိုက်ရတယ်။ ဒါရိုက်တာက ဗဟိုဦးဆောင်ကော်မတီဝင် ကိုခင်မောင် ၀င်း။ သူက တခြားလူတွေအကြံပေးထားတဲ့အတိုင်း သီချင်းသွင်းမယ့်နေ့တွေမှာ အုန်းပွဲငှက်ပျောပွဲလုပ်ပြီး လမိုင်းတင်ထားတယ်။ မှတ်မိသလောက်ဆိုရင် အုန်းသီးပေါ်မှာ ဖယောင်းတိုင်ထွန်း။ ပွဲဘေးမှာ ဆန်နဲနဲနဲ့ ထိုင်းဘတ်ငွေ ၂၀ လည်းထည့်ထားတယ်။ တစ်ရက် ကျနော်တို့ ညနေပိုင်း နောက်အဆိုတော်တစ်ယောက် ဖြစ်တဲ့ မမင်းမင်းထွေးငယ်သီချင်းအလှည့်မှာ ဘယ်လိုမှ သီချင်းကအသံသွင်းလို့မရဖြစ်နေတယ်။ နောက်ဆုံး အားလုံးအဆင်ပြေနေတော့ မီးစက်ရပ်သွားတယ်။ ခဏနေတော့ ကိုခင်မောင်ဝင်း ဒေါသသံကြီး ထွက်လာတယ်။ “ဟိုကောင် ဆန်းလင်းလက်ချက်ပဲ။ ခုနလေးတင်တွေ့နေတာ”။ ပွဲတင်ထားတဲ့ ငွေ ၂၀ ကို တပ်ရင်း (၂၁၀) တပ်ရင်းမှူးကိုဆန်းလင်းမသွားပြီး မာနယ်ပလောက လ္ဘက်သုတ်ဆိုင်လစ်သွားတာ။ ယုံချင် ယုံမယုံချင်နေ အဲဒီနေ့က မမင်းမင်းထွေးငယ်တစ်ယောက် ကျနော့ကိုစကားလာပြောတာတောင် အသံက မပျောက်ရုံတမယ်ဘဲကျန်တော့တယ်။

သီချင်းခွေထွက်တော့ “ဘ၀တက္ကသိုလ်မှ.. နေ၀န်းနီနီ” ဆိုတဲ့ခေါင်းစဉ်နဲ့ နေရာဒေသအနှံ့ဖြန့်တယ်။ နောက်ပိုင်းပြန်ကြားရတာ ရှေ့တန်းရန်သူ့လက်အောက်ခံရွာတစ်ရွာက ဘုန်းကြီးပျံတစ်ခုမှာ လော်စပီကာ Loud speaker နဲ့ဖွင့်နေတုန်း ပထမတော့ နားထောင်ကောင်းနေမှာပေါ့။ နောက်တဖြည်းဖြည်းနဲ့ “သပိတ် သပိတ်မှောက်မှောက်” “မီးတုတ်မီးတုတ်ရှို့ရှို့” တို့ပါလာတော့ စစ်တပ်ကလိုက်ဖမ်းလို့ ရွာဦးကျောင်းဆရာ တော်သစ်လည်း ထွက်ပြေးနေရတယ်တဲ့။ ၀မ်းသာရမှာလိုလို၊ ၀မ်းနည်းရမှာလိုလို။


ဒိုက်ထိုးကြရသူများ

လူထုကို အကာအကွယ်ပေးရမယ့်မြန်မာ့တပ်မတော်က သစ္စာဖောက်ပြီး လမ်းပေါ်မှာတွေ့သမျှလူပစ်ခတ်နှိမ် နင်းပြီး အာဏာသိမ်းလိုက်လို့ ကျောင်းသားတွေက လက်နက်ကိုင်တော်လှန်ရေးလုပ်ဖို့ ထွက်လာကြတာ။ ကျနော်တို့အထဲမှာ အစောပိုင်းက စစ်နဲ့ပါတ်သက်ပြီးလုံးလုံးမသိနားမလည်တဲ့ ခေါင်းဆောင်တွေ ရဲဘော် တွေ တောထဲကိုရောက်လာကြတာ။ အရင်ရောက်နေနှင့်တဲ့ ရဲဘော်တွေထဲက ရဲဘော်တစ်ယောက်ဆီက ကြားတာ ပြောဦးမယ်။ တောထဲကို ကျောင်းသားတွေအစုလိုက်အပြုံလိုက်ရောက်လာ၊ ခေါင်းဆောင်တွေ ရွေး၊ တပ်ပုံစံတည်ဆောက်ကြတော့ အသစ်ကျပ်ချွတ်တပ်ရင်းတစ်ခုမှာ တပ်မှူးလုပ်တဲ့သူတာဝန်မှူးက မနက်ပိုင်းတန်းစီတဲ့ရဲဘော်တွေကို အမိန့်ပေးတယ်။ “ကဲကဲ ရှေ့ကြည့်ဗျာ” “သတိဗျာ” ဆိုတော့ တန်းစီနေ တဲ့အထဲက အသံတစ်ခုထွက်လာတယ် “ဟုတ်ကဲ့ဗျာ” တဲ့။ အဲဒီတော့ တာဝန်မှူးက “မနောက်နဲ့ဗျာ” တဲ့။ အဲဒီလို။

ဗဟိုကိုရောက်လာတဲ့ရဲဘော်တွေက ဒေသပေါင်းစုံက၊ သူ့ဒေသအလိုက် တပ်ရင်းတွေစဖွဲ့တော့ စစ်ရေး ပြပုံစံတွေက တစ်မျိုးစီ။ မွန်ပြည်သစ်ပါတီဘက်ရောက်တဲ့သူတွေက မွန်တွေရဲ့စစ်ရေးပြစတိုင်ကို မွန် လေ့ကျင့်ရေးက ပေးလိုက်တယ်။ ကရင်ဘက်ရောက်တဲ့တပ်တစ်ချို့က ကရင်အမျိုးသားအစည်းအရုံး KNU ကနေ စစ်ရေးပြသင်တန်းတက်လာကြတော့။ ဘယ်လှည့်၊ ညာလှည့်၊ နောက်လှည့်တို့ကို စွေ့ကနဲ ခုန်ခုန် လှည့်သွားကြတာ။ ကျနော်တို့က တောခိုလာတဲ့တပ်မတော်သားဟောင်းတွေက သင်ပေးထားကြတော့ ဗမာ့တပ်မတော်ရဲ့စစ်ရေးပြပုံစံနဲ့တူတယ်။ ဗဟိုမှာက နေ့တိုင်း ပဲဟင်း၊ ဒါမှမဟုတ် အသီးအရွက်ဟင်းတွေ ချည့်စားကြရတယ်။ တခါတလေလဲ တပတ်တခါလောက်တော့ အသားဟင်းစားရတယ်။ ကရင့်တော်လှန် ရေးနေ့တို့၊ ဗိုလ်ချုပ်မြမွေးနေ့တို့ရောက်တဲ့အခါ ကျောင်းသားတပ်မတော်သားတို့ KNU ဗဟိုမှာ အင်အား သွားပြရင်း အစားအသောက်ကောင်းစားရလေ့ရှိတယ်။

တစ်ရက်တော့ ကျနော်တို့ဗဟိုက မာနယ်ပလောကွင်းထဲမှာ ရဲဘော်တွေယူနီဖောင်းအပြည့်နဲ့ စစ်ကြောင်း ပုံစံပြည့်တန်းစီပြီးနေရာယူရမယ်ဆိုတော့ အားလုံး ကိုယ့်စိတ်ကူးနဲ့ကိုယ် ယူနီဖောင်းအသစ်လေးတွေနဲ့ ‘သ’ နေကြတာပေါ့။ ကွင်းထဲရောက်တော့ ဖောင်းကြိုး၊ ခရာ အပြည့်အစုံဝတ်ထားတဲ့ ဗဟိုဌာနချုပ်က စမတ်ကျ တဲ့ အကိုကြီးတစ်ယောက်က တန်းစီပြီးနေရာယူခိုင်းတယ်။ အားလုံးနေရာယူအပြီး “ရှေ့ကြည့်” “တပ်ဖွဲ့ သတိ” “ညာညှိ” “သက်သာ” “အေးစေ” ဆိုတဲ့ အမိန့် တွေအထိ အေးအေးဆေးဆေးဘဲ။ နောက်.. သူက ဘယ်လှည့်၊ ညာလှည့်၊ နောက်လှည့် အမိန့်တွေပေး တော့ သင်တန်းပေါင်းစုံကလာတဲ့ရဲဘော်တွေ တစ်ယောက်တစ်မျိုးစီဖြစ်ကုန်ပါလေရော။ ခုနကပြောသလို စွေ့ကနဲခုန်လှည့်တဲ့သူနဲ့။ တစ်နှစ်သုံးအမှတ် စဉ်ရေပြီး လှည့်ကြတဲ့သူတွေနဲ့ တကယ့်ကို ကို့ရို့ကားယားတွေ ဖြစ်ကုန်တယ်။ သူစိတ်ဆိုးပြီး မင်းတို့ဘယ်လိုလုပ်နေတာလဲဘာညာနဲ့ ဆူပါလေရော။ ကျနော်တို့လဲ အူကြောင်ကြောင်။ ထပ်လုပ်ခိုင်း တော့လည်း မညီမညာဆိုတော့ အကုန်လုံးကွင်းထဲမှာဒိုက်ထိုးရမယ်လို့ အမိန့်ပေးတော့ တစ်ယောက် မျက်နှာတစ်ယောက်ကြည့်ပြီး မထူးတော့ပါဘူးဆိုပြီး ဒိုက်ထိုးလိုက်ကြရတယ်။

နောက်တစ်နေ့မနက် ဗဟိုဌာနချုပ်မှာတန်းစီကြတဲ့အခါ ဒီကိစ္စကို ရဲဘော်တစ်ယောက်က မကြေမနပ်ပြော တာကစပြီး ရဲဘော်အတော်များများဝင်ဆွေးနွေးကြတယ်။ ဟုတ်တယ် အရင်ကတည်းက ဇတ်တိုက်ထား တာမဟုတ်ဘဲ မဟာမိတ်တွေကြားထဲမှာ မဖြစ်ရကောင်းလားဆိုပြီးအပြစ်ပေးတာ အဖွဲ့အစည်းကို ထိခိုက် တယ်၊ ဘာညာပေါ့။ မနက်ကမှရောက်လာတဲ့ ဗဟိုကော်မတီတစ်ယောက်ကလည်း ဖြစ်စဉ်ကို မသိဘဲ ၀င်ရှင်းတော့ပိုရှုပ်ကုန်တယ်။ အဲဒီအချိန် ကျနော်တို့ထက် ၆ နှစ် ၇ နှစ်ကြီးတဲ့ ရဲဘော်ကြီးတစ်ယောက်က သူလည်း ပြောစရာရှိတယ်လို့ လက်ထောင်လာတယ်။ အဲဒါနဲ့ တာဝန်မှူးကိုထွန်းထွန်းအောင်ကလည်း ပြောစရာရှိရင် မြန်မြန်ပြောပေါ့။ အဲဒါနဲ့ အဲဒီရဲဘော်ကြီးက ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု အပြည့်အ၀ရှိနေတဲ့ ပုံစံနဲ့ သူ့ဘောင်းဘီထဲက စာရွက်ရှည်ကြီးတစ်ရွက်ကို နှိုက်လိုက်တယ်။ နောက်တော့ သူစဖတ်တယ်။

“ကျနော်တို့ကို ကြိုတင်လေ့ကျင့်မှုလုပ်မထားဘဲ မဟာမိတ်နဲ့ အခြားဧည့်သည်တွေရှေ့မှာ ဒီလိုအပစ်ပေးတာ ဟာ အဖွဲ့အစည်းကိုထိခိုက်စေတာဖြစ်တယ်။ ဒါ့ကြောင့် ရဲဘော်…….. မှာအပြစ်ရှိတယ်”

“တပ်ရင်းအရာရှိတွေပါ စစ်ကြောင်းထဲမှာပါတဲ့အတွက် အဖွဲ့ဂုဏ်သိက္ခာကျဆင်းစေတယ်။ အဲဒါကြောင့် ရဲဘော်……… မှာအပြစ်ရှိတယ်”

“............................................... ဒါ့ကြောင့် ရဲဘော်…… မှာ အပြစ်ရှိတယ်”

တန်းထဲက ရဲဘော်တွေ၊ ဗဟိုကော်မတီတွေ၊ ဌာနချုပ်ရုံးအဖွဲ့ဝင်တွေအားလုံးက စာရွက်ဖတ်ပြနေတဲ့ ရဲဘော် ကြီးကို မသက်မသာနဲ့ ကြည့်လိုက်တော့ သူက ခပ်တည်တည်နဲ့ဆက်ဖတ်နေတယ်။ စာရွက်ကလည်း သူ့ခါး ပတ်နားလောက်အထိရှေတော့ ဘယ်လောက်တောင် ဆက်ပြောဦးမလဲပေါ့။

“................... လုပ်ခဲ့တော့ ………… ထိခိုက်စေတယ်။ ဒါ့ကြောင့် ရဲဘော်…………..မှာ အပြစ်ရှိတယ်”

အဲဒီအချိန် တန်းစီနေတဲ့ရဲဘော်တွေရဲ့နောက်ဖက်က အသံသေးအသံကြောင်တစ်ခုက အခြေအနေအားလုံး ကို ပြောင်းပစ်လိုက်တယ်။ အားလုံးဝါးကနဲပွဲကျသွားပြီး ဗဟိုကလူကြီးတစ်ယောက်က ပြေရာပြေကြောင်း ၀င်ပြောပြီး လုပ်စရာရှိတာတွေဆက်လုပ်ကြတာပေါ့။

ထွက်လာတဲ့အသံက “သတ်ပစ်” တဲ့။


ကြွေးကြော်သံများနဲ့ စုံစုံညီ

နောက်ပိုင်း အမျိုးသားညွန့်ပေါင်းအစိုးရခေါ် အဝေးရောက်အစိုးရကို ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရ ထားကြတဲ့ လွှတ်တော်အမတ်အများစုနဲ့ဖွဲ့စည်းအပြီး မာနယ်ပလောဟာ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းတွေ၊ ကျောင်းသားတွေအပါအ၀င် ဒီမိုကရေစီရေးတိုက်ပွဲဝင်နေကြတဲ့ အဖွဲ့အစည်းတွေအများစု ရဲ့ စုစည်းရာ တော်လှန်ရေးဌာနချုပ်ဖြစ်လာတယ်။ KNU အခမ်းအနားတစ်ခုမှာပေါ့။ ကျနော်တို့နဲ့အတူ၊ ကရင်ရွာတွေက ရွာသားတွေပါတဲ့၊ လူရာနဲ့ချီတဲ့စစ်ကြောင်းတွေ စစ်ရေးပြကွင်းကို ကြွေးကြော်သံတွေနဲ့ အတူ လှည့်ကြတယ်။ ကျနော်တို့က စာရွက်တွေနဲ့ ဘာတွေကိုအော်ရမယ်ဆိုတာကို ကိုယ့်အဖွဲ့တွင်း လိုက် ဝေထားကြတယ်။ “စစ်အာဏာရှင်စနစ်…. ဖြုတ်ချပစ်၊ ဖြုတ်ချပစ်” “ဥက္ကဌကြီး ဗိုလ်ချုပ်ကြီးမြ…. သက် ကျော်ရာကျော်ရှည်ပါစေ” “ဒီမိုကရေစီတော်လှန်ရေး… အောင်ရမည်” “အရေးတော်ပုံ… အောင်ရမည်” ပေါ့။ ဘယ်ရမလဲ… ရှစ်လေးလုံးအရေးတော်ပုံကတည်းက ကျောင်းသားတွေက လမ်းပေါ်မှာအော်ခဲ့တာဘဲ။ ကွင်း ထဲမှာ ကျနော်တို့အသံတွေဟိန်းနေတာပေါ့။ ရွာသားတွေက ပထမတော့ကွက်ကြည့်ကြည့်နဲ့၊ နောက်တော့ သူတို့ကျနော်တို့စစ်ကြောင်းကို တဖြည်းဖြည်းအင်အားဖြည့်ဝင်လာကြတယ်။

သူတို့ကျနော်တို့နဲ့လိုက်အော်ရတာကို ပျော်နေကြတာပေါ့။ သူတို့ကိုလည်း စာရွက်လေးတွေဝေပေးလိုက် တယ်။ အဲဒီနောက် ရှေ့ကအော်တဲ့အကိုကြီးက ပုံမှန်အတိုင်း “ဥက္ကဌကြီး ဗိုလ်ချုပ်ကြီးမြ” လို့တိုင်ပေးလိုက် တော့၊ ကရင်ရွာသားတွေဆီက “ဖြုတ်ချပစ်၊ ဖြုတ်ချပစ်” ဆိုတဲ့အသံကြီးက ချွန်ထွက်လာတယ်။ ရှေ့က အကိုကြီးမျက်လုံးပြူးပြီး “ဟေ့လူတွေ ခင်ဗျားတို့ စာဖတ်ပြီးအော်လေ ပြဿနာတက်တော့မှာဘဲ” တဲ့။ ရွာသားတွေက “မသိဘူးလေ၊ ခုန နင်တို့အော်သလိုအော်လို့ရမယ်မှတ်လို့” တဲ့။ ကွင်းဟိုဘက်လောက်မှာ လူကြီးတွေမကြားရတဲ့နေရာမှာ မို့လို့ပေါ့။ နို့မို့ မနည်းရှင်းရမယ်။

xxxxxxxxx
                                                                                                                                                                                                           ဆက်ပါဦးမည်.....
                                                                                                                                                                                                                                ရဲဘော်မြတ်

No comments:

Post a Comment

mr.kyaingtun@gmail.com