Wednesday, December 19, 2012

လက်ပံတောင်း ခယောင်းလမ်း ပြန်မလည်မိစေဖို့ / အိမ်လွမ်းစိတ်

Aung Oo shared Aye Chan Mon's photo.
လက်ပံတောင်း ခယောင်းလမ်း ပြန်မလည်မိစေဖို့ 

အိမ်လွမ်းစိတ်

"ခင်ဗျားတို့ အညာသားတွေက ဒေသစွဲ ကြီးတယ်နော် ..."၊ အောက်သား မိတ်ဆွေတွေ ပြောနေကျ စကား။ စာရေးသူ မတုံ့ပြန်ပါ။ ပြုံးလို့သာ နေလိုက်သည်။ ကိုယ့်ရပ်၊ ကိုယ့်ရွာ၊ ကိုယ့်ဒေသကို စွဲလမ်း၊ တသ၊ သံယောဇဉ် ကြီးတတ်ကြသည်ကို စာရေးသူက အပြစ် လို့မမြင်။ သဘာဝကျသော လူဆန်မှုဟု ထင်သည်။ ပြောရလျှင် စာရေးသူတို့ “မုံရွာ” ကလည်း မမေ့ရက် စရာ။ အရှေ့တစ်ကြောတွင် အလယ်ရိုးမ အဆက် ရွှေမြင်တင်တောင်၊ ကျောက်ကာတောင် အနောက်တစ်ရိုးက ချင်းတွင်း ရေကြည်။ ချင်းတွင်း အလွန်တွင်ကား၊ လက်ပံတောင်းတောင်၊ ဖိုလ်ဝင်တောင်၊ ပုံတောင်ပုံညာတောင်တန်း။ အနောက်ရိုးမ၏ အဆွယ်အပွားများ။ ဤရိုးမကြီး နှစ်သွယ်ကြားမှ မြစ်ဝှမ်း လွင်ပြင်လေးမှာ ပူပြင်း ခြောက်သွေ့လှသော ကန္တာရထဲမှ အိုအေစစ် လေးပင်။

အမှန်စင်စစ် မုံရွာမှာ စာရေးသူ ဇာတိ ဖြစ်သလို ပဝတ္တိလည်းဖြစ် သည်။ ဤမြေတွင် မွေး၍ ဤမြေမှာပင်၊ ပညာသင်ကြားရင်း ကြီးပြင်း အရွယ်ရောက်ခဲ့သူ ဖြစ်သည်။ နှစ်ပေါင်းခြောက်ဆယ်ကျော် ဘဝ၏ အတက်အကျ အကောက်အကွေ့ လောကဓံလှိုင်း အများစုမှာ မုံရွာနှင့် ဆက်စပ်နေသည်သာဖြစ်သည်။ မိဘနှစ်ပါးလုံး မုံရွာ ဒေသမှာပင် ခေါင်းချခဲ့ကြသလို ပထမဆုံး ချစ်ဦးသူ နောက်ဘဝ လက်တွဲဖော် သူတို့ သူတို့တွေနှင့် ကြုံခဲ့ ဆုံခဲ့ အကြောင်းပါခဲ့ သည်မှာလည်း မုံရွာ ပင်ဖြစ်သည်။ ဘယ်မှာ မေ့နိုင် ပါမည်နည်း၊ ဘယ်မှာ မေ့ရက် ပါမည် နည်း။ ဤမျှ ဒေသတဏှာ အားကြီးသူ တစ်ယောက် အနေနှင့် ဟိုးငယ် ငယ်ကတည်းက မကြာခဏ ဆိုသလို ပန်းချီဆွဲ ခဲ့ဖူးသော ချင်းတွင်း တစ်ဖက်၊ လက်ပံတောင်းတောင်ကြီး ဤမဟာပထဝီ မြေကြီးထက်မှ အပြီးတိုင်ကွယ် ပျောက်တော့မည် ဆိုသော အခါ ဘယ်မှာ ဝမ်းနည်း ဆို့နင့် နှမြောတသ မဖြစ်ဘဲ နေနိုင် ပါမည်နည်း။

သို့နှင့်တိုင် လက်ပံတောင်းတောင် အရေးနှင့် ပတ်သက်ပြီး ယခုချိန်ထိ စာရေးသူ တစ်ခွန်း တစ်ပါဒမှ မဟခဲ့ပါ။ စာတစ်ညို တစ်ထွာမျှ မရေးခဲ့ပါ။ စဉ်းစား ထောက်ချင့် စရာတွေ များလွန်းလှသော ကြောင့်ဖြစ်ပါသည်။ မိမိချစ်ခင် စွဲလမ်းရသော ဒေသထက် ပို၍ တန်ဖိုးထား မြတ်နိုးအပ်သော တစ်ပြည်လုံး အရေး ဆိုရလျှင် တိုင်းရင်းသား လူမျိုးပေါင်းစုံ လူထုကြီး၏ အနှစ်နှစ် အလလ တောင့်တ ရည်စူးခဲ့ရ သော “အိပ်မက်”၊ ဒါတွေနှင့် ချိန်စက်ပြီး ဝေဒနာတွေ မကျေလည်စရာ တွေကိုသာ ကြိတ်မှိတ် မျိုချ နေခဲ့ရသည်။ ယခုတော့ မနေနိုင်။ မရေး မဖြစ် ရေးလိုက်ရပါပြီ။ အစွဲသန်သော အညာသား လူအိုလူမင်း တစ်ယောက်၏ မေတ္တာရပ်ခံ ပန်ကြားချက် အဖြစ်သာ မှတ်ယူကြပါတော့။

ဆိုးမွေ

တကယ်တော့ ပြဿနာ၏ အစမှာ မဝေးလှသေးသော အတိတ် တွင် သန္ဓေတည်ခဲ့သည်ဟု ဆိုရလိမ့်မည် ထင်ပါသည်။ ပွင့်လင်း မြင်သာမှု မရှိခဲ့သော စနစ်ဟောင်း၏ ဆိုးမွေပင်ဖြစ်သည်။ အစကတည်း ကသာ သက်ဆိုင်ရာ လူထု၏ သဘောဆန္ဒကို ထည့်သွင်း စဉ်းစား ဆုံးဖြတ်ရကောင်းမှန်း သိခဲ့ကြလျှင် ဤမျှ အကျယ်အကျယ်၊ အငြင်းပွား ဖွယ်ရာမရှိ။ ဤသို့ဆိုသည်နှင့် ယခင် အစိုးရဟောင်းကို တစ်ဖက်သတ် အပြစ်တင် နေသည်တော့ မဟုတ်ပါ။ ရွေးချယ်စရာ မရှိတော့ အောင် တွန်းပို့သလို ဖြစ်ခဲ့သော အရေးယူ ပိတ်ဆို့မှု ပေါ်လစီများ၏ ဘေးထွက် ဆိုးကျိုးများ ကိုလည်း အကြောင်းတစ်ခု အဖြစ်ထည့်သွင်း စဉ်းစားကြဖို့ လိုပါလိမ့်မည်။

ထို့ထက် ပြောင်းလဲလာသော ခေတ်ရေစီးကိုပါ ဆင်ခြင်သင့်သည်ဟု လည်းသဘောရသည်။ တရုတ်ပြည်ကြီး တံခါးတွေဖွင့်၍ ဖွံ့ဖြိုး တိုးတက်ရေး အတွက် အားသွန်ကြိုးပမ်းခဲ့ကြသော ၁၉၇၀ ပြည့်လွန် နှစ်များမှာ ယနေ့ ၂၁ ရာစုခေတ်ဦးနှင့် ဘယ်လိုမှ မတူနိုင်တော့။ စဉ်းစား တွေးခေါ်ပုံ ကအစ တစ်ဆစ် ချိုးပြောင်းသွားခဲ့ပြီ ဖြစ်သည်။ ထိုစဉ်ကတော့ ဖွံ့ဖြိုးရေး သည်သာ အရာရာ။ လတ်တလော စီးပွားဖြစ် ဖို့က ပထမ ဦးစားပေး။ သဘာဝ ပတ်ဝန်းကျင် ယိုယွင်းမှု အပါအဝင် အခြား ဆိုးကျိုးများကို နောက်မှ ရှင်းမည်ဟု ခပ်လွယ်လွယ် သဘော ယူခဲ့ကြသည်။ “ဖွံ့ဖြိုးရေး” ဆိုသည့် ရှေ့တွင် “ရေရှည် တည်တံ့ ခိုင်မြဲသော” (Sustainable) ဆိုသော နာမဝိသေသနကို ထည့်စဉ်းစားရ ကောင်းမှန်း မသိခဲ့ကြ။ သဘာဝတရား ၏ ရက်ရက်စက်စက် တုံ့ပြန် လက်စားချေမှုများနှင့် ကြုံရတော့မှ မျက်ကလူး ဆန်ပျာ ဖြစ်ရ တော့သည်။ 

ဤတွင် ဆွေမျိုးမတော်သော ပေါက်ဖော်ကြီးများက အန္တရာယ် မကင်းသော လုပ်ငန်းအချို့ကို “အပြင်ထွက် ရင်းမြစ်ရှာ” (Outsourcing) ခဲ့ကြဟန် တူပါသည်။ ဤအကွေ့တွင် သူတို့ ရွေးချယ် ခဲ့ကြသည်က စကားမပြောတတ်သော သို့မဟုတ် စကားပြောခွင့် မရှိသော “တေမိ”နိုင်ငံများ ...။

ချိန်ခါသင့် ဖြစ်ချင်တော့ ၂၁ ရာစု ခေတ်ဦးမှာပင် ကျွန်တော်တို့ တိုင်းပြည်က အိပ်မက်ဆိုးကြီးမှ နိုးထလာသည်။ သည်တော့လည်း သဘာဝကျစွာပင် ပြောရေးရှိတော့ ပြောလာကြသည်။ သို့တစေ နိုင်ငံ ရေးဆိုသည်မှာ ခက်လှ ပါဘိတောင်း။ ဆန္ဒနှင့်ဘဝ တစ်ထပ်တည်း မကျသည်က များသည်။ အမှန်တရားပင် ဖြစ်စေဦး၊ အကျိုးစီးပွားနှင့် ချိန်စက်ရသည်များ ရှိတတ်သည်။ လက်ပံတောင်း ကိစ္စသာမက ယနေ့ကျွန်တော်တို့ မျက်မှောက်ပြုနေကြရသော လိပ်ခဲတည်းလည်း အခြေအနေများကို အနည်းဆုံး ရှုထောင့်သုံးမျိုးဖြင့် ချဉ်းကပ်ဖို့ လိုလိမ့်မည် ထင်သည်။ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု သဘာဝ ပတ်ဝန်းကျင် အပါအဝင် လူမှုရေး ဆိုင်ရာ ယဉ်ကျေးမှု ဆိုင်ရာ ထိခိုက် နစ်နာနိုင်စရာ ရှိမှုများ ပြီးတော့ မြန်မာ-တရုတ် ဆက်ဆံရေး။ တရုတ်ပြည် ဆိုသည်က မတော်ချင်၊ မခေါ်ချင်လို့ မရသော အိမ်နီး ချင်း။ ထိုထက် အရေးကြီးသည်မှာ ဒီမိုကရေစီနှင့် အလှမ်းဝေးနေဆဲ ဆူပါ-ပါဝါ။ သမိုင်းနှင့် ချိန်ဆပြီး ပစ္စုပ္ပန်ပေါ်လစီ ညှိကြ ရပါလိမ့်မည်။ အရေးကြီးသည်မှာ အနာဂတ်လှဖို့ လုံခြုံ စိတ်ချ အန္တရာယ်ကင်းစွာ ရှေ့ဆက်နိုင်ဖို့ ...။

စစ်အေးအရိပ်

ကမ္ဘာပေါ်တွင် စစ်အေးတိုက်ပွဲ ပြီးဆုံး ခဲ့သည်မှာ အနှစ်အစိတ် နီးပြီ ဖြစ်သည့်တိုင် မြန်မာ့နိုင်ငံရေး တွင်မူ စစ်အေးခေတ် ဓလေ့စရိုက် အပြုအမူနှင့် စဉ်းစားပုံတွေကို ယနေ့ထက်တိုင် မနည်းမနော တွေ့နေ ရဆဲရှိသည်။ စစ်အေး အရိပ် မလွတ်တတ်သေးဟု ဆိုချင်သည်။ အားလုံးသိကြသည့် အတိုင်း စစ်အေး ဆိုသည်မှာ ကမ္ဘာလုံးချီ အုပ်စု ဖွဲ့၍ အကြီးအကျယ် ရန်ဖြစ်ကြသည့် ဇာတ်ရှုပ်ကြီး။ စစ်အေးခေတ် နိုင်ငံအများစု၏ ပြည်တွင်းရေးကို ကြည့်လိုက်လျှင် အစိုးရများက တက်ကြွ လှုပ်ရှားသူများကို နန်းလုဖက်ဟု မြင်သည်။ တက်ကြွလှုပ် ရှားသူများ ဘက်ကလည်း သက်ဆိုင်ရာ အစိုးရများကို မပြုတ်ပြုတ် အောင် ဖြုတ်ချဖို့ သန္နိဋ္ဌာန် ချထားဟန် ရှိသည်။ “ဆန့်ကျင်ဘက် အချင်း ချင်း အပြန်အလှန် ဖယ်ထုတ်ဖို့” ကြိုးပမ်းကြသော လောဂျစ်ဖြင့် မောင်းသည့် “ချ” သမိုင်းတွေ ဖြစ်ခဲ့ရသည်။

စစ်အေးလွန် ခေတ်ကား ဤသို့ မဟုတ်တော့ပြီ။ “ဆန့်ကျင်ဘက် အချင်းချင်း အပြန်အလှန် တည်ရှိခွင့်ကို သိမှတ် လက်ခံပြီး လူထုအဆုံး အဖြတ်ကို ခံယူကြရမည့်” ဒီမိုကရက်တစ် လောဂျစ်ဖြစ်ဖို့ လိုသည်။ ဒီမိုကရေစီ စနစ်တွင် ”တရားဝင် ဆန္ဒဖော်ထုတ်ခွင့် ကို ဥပဒေကြောင်း အရ ခွင့်ပြု ထားရသည့်တိုင် ဥပဒေနှင့် အညီ ပြောဆို ပြုမူ လုပ်ကိုင် တတ်ဖို့ လိုပါလိမ့်မည်။ “ရရင်ရ၊ မရရင်ချ” ဆိုသော ကြွေးကြော်သံဖြင့် “သပိတ်စုံ သူပုန်ထကြဖို့” မဟုတ်။ မတူ သောသဘောထား အမြင်များကို ဒီမိုကရေစီ နည်းကျ ညှိနှိုင်း အဖြေရှာကြဖို့ အရေးကြီးသည်။ အစိုးရ များ ဘက်မှလည်း အကျင့်ပါ အရိုးစွဲ နေသော အကြမ်းဖက်ဖြိုခွဲမှု အမူအကျင့်တွေကို ခဝါ ချကြရ ပါလိမ့်မည်။ ဒီမိုကရေစီရေးတွင် “တရားဥပဒေ စိုးမိုးရေး” မှာ အရေးကြီးသည် မှန်သော်လည်း “ငြိမ်ဝပ် ပိပြားရေး” မဖြစ်စေဖို့ သတိချပ် ရသည်။

ပွင့်ပွင့်လင်းလင်း ဆိုရလျှင် လက်ပံတောင်းတောင် သပိတ် စခန်း အရေးအခင်းများမှာ ဘယ်ဘက်က ကြည့်ကြည့် မဖြစ်သင့်ပါ ချေ။ ပြန်လည် တည့်မတ် ခါစ တိုင်းပြည် ဥပဓိကို ထိခိုက် စေသလို အခြေတည်စ ဒီမိုကရေစီရေး အတွက်လည်း အစဉ်အလာကောင်း မဟုတ်ပါ။ ဆယ်စုများစွာ ဒီမိုကရက်တစ် အတွေ့အကြုံ ပါးရှား ခဲ့ရ၍ နှစ်ဖက်လုံးကို နားလည် ပေးနိုင်သည့်တိုင် အစိုးရ တာဝန်ရှိသူများ ဘက်မှ ပို၍ ဆင်ခြင်ဖို့ လိုလိမ့်မည် သဘောရသည်။

ဥပဒေ၏ ရည်မှန်းချက်မှာ ကြီးသော အမှုငယ်စေ၊ ငယ်သော အမှုပျက်ပြယ်စေ ဆိုသည် မဟုတ်ပါလော။ ရွှေဖော့ရိုးဖြင့် ရိုက်ဆုံးမ ရမည့် ကိစ္စ၊ ဝါးရင်းတုတ်ဖြင့် မသေမချင်း ရိုက်သတ်ကြလျှင် ရာဇဝင် စာတင်ခဲ့ရ သလို ဇာတ်နာ သွားပါလိမ့်မည်။ အထူးသဖြင့် ဗုဒ္ဓဘာသာဝင် အများစု မှီတင်း နေထိုင်ကြရာ နိုင်ငံမျိုးတွင် ဘုရားသားတော်များကို အနာတရ ဖြစ်စေလျှင် နှလုံးသားကို ခြေမွ ခံရသလို နာတတ်သည်ကို သတိပြု ဆင်ခြင် စေချင်သည်။ စွပ်စွဲပြစ်တင်သည် မဟုတ်။ နောင် မမှားကြဖို့ မေတ္တာရပ်ခံခြင်း ဖြစ်ပါသည်။

မျှော်လင့်ချက်

အဆိုးထဲက အကောင်း ဆိုရသည်လား မသိ။ ယခုအရေးတွင် အနာဂတ် မျှော်လင့်ချက် ရောင်ခြည်ကို ပြက်ပြက်ထင်ထင် မြင်လိုက် ရ၍ ဖြေသာပါသည်။ အခြားမဟုတ်။ ဒေါ်အောင်ဆန်းစုကြည်၏ ရပ်တည်ချက်ပင်။ စာရေးသူမှာ တစ်ခေတ် တစ်ခါက “အဘ၊ အဘ” ဆိုသူ များထဲတွင် မပါခဲ့သလို ယခုခေတ် ယခုအခါ “အမ၊ အမ” ဆိုသူများထဲ တွင်လည်း ပါသူ မဟုတ်ပါ။ တစ်သက်တာ တန်ဖိုးထား ထိန်းသိမ်း လာ ခဲ့သော “လိပ်ပြာသန့်စိတ်” ဖြင့် ရိုးသားစွာ ဆိုပါမည်။ ဒေါ်အောင်ဆန်းစုကြည် ၏ ရပ်တည်မှုသည်ပင် ပြဿနာ၏ အဖြေဟု ယုံကြည်သည်။ ယခုပြဿနာမျှ မက နောင်တွေ့ကြုံလာ တန်ရာသည့် ပြဿနာများ အတွက် အညွှန်းဖြစ်လိမ့်မည်ဟု ဆိုချင်သည်။ ကြည့်ပါ။

"ဒီမိုကရေစီရဲ့အခြေခံ လိုအပ်ချက်က ဘာလဲဆိုတော့ အခက် အခဲတွေရှိရင်၊ မပြေလည်တာတွေ ရှိရင် ညှိညှိနှိုင်းနှိုင်း၊ တိုင်တိုင် ပင်ပင်နဲ့ ပြေလည်မှု ရအောင် ကြိုးပမ်းကြရမယ့် တာဝန်ပဲ ...။"
(ကံကုန်းကျေးရွာတွင် ပြောသော မိန့်ခွန်းမှ ကောက်နုတ်ချက်)

ဤသည်ပင် အရိုးစွဲနေသော စစ်အေးခေတ် စဉ်းစားပုံနှင့် လုံးဝ မတူသည့် ဒီမိုကရက်တစ် ယဉ်ကျေးမှုဟု သဘောရပါသည်။ အမှန်စင်စစ် မဗေဒါကို ဒုက္ခပေးနေသည်မှာ ဘဲအုပ်တွေသာ မက (ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ) ဒိုက်သရောတွေ ပါ ပါသည်။ စာရေးသူက မြန်မာ့ဒီမိုကရေစီ ရေစီးတွင် ဘဲအုပ်တွေ ဝင်မရှုပ်စေချင်။ ဒိုက်သရောတွေလည်း ကင်းစေချင်သည်။ 

သို့မှသာ ရေစီးရေလာ ကောင်းပါလိမ့်မည်။ နောက်မပြန်တမ်း ရှေ့ဆက်နိုင်ပါ လိမ့်မည်။ ကျွန်တော်တို့၏ မဗေဒါ အသက်ရာကျော် ရှည်၍ တစ်သက်တာ ပန်းပန် နိုင်ပါစေသတည်း။

ကျော်ဝင်း

အေးချမ်းမွန်မှ  The Voice Weekly တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Google

No comments:

Post a Comment

mr.kyaingtun@gmail.com