Wednesday, December 26, 2012

ဗဟိန်း (သို့မဟုတ်) ညီညွတ်ရေးဗိသုကာ (အပိုင်း-၁) by တို့ဗမာအစည်းအရုံး Dobama Asiayone on Saturday, September 1, 2012 at 7:14am ·



(၁)
လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ်ကျော် ...။ စစ်တပ်မှ ဒုတိယအကြိမ် အပြီးအပိုင်အာဏာမသိမ်းမီကာလ နွေရာသီရဲ့ ပူရှိန်ပြင်းပြင်း ... ကျောင်းဖွင့်ချိန် ... ဇွန်လဆန်း။ မန္တလေးတက္ကသိုလ်ပုရ၀ဏ်တွင် အဆောက်အအုံတွေက ဤမျှလောက်နီးနီးကပ်ကပ် ပူးပူးကျပ်ကျပ်မရှိသေး - ပူပင်ပူအိုက်ငြားသော်လည်း တမာတန်းနှင့်စိန်ပန်းပင်အုပ်အုပ်တွေကြားက တချက်တချက်ဖြတ်သန်းလာသော သန့်သန့်ရှင်းရှင်းလေကို ရှူရှိုက်လိုက်ကြရလျှင် ငြီးစီစီဖြစ်နေသည့် ကျောင်းသူကျောင်းသားများ လန်းလန်းဆန်းဆန်းဖြစ်သွားကြ၏။ ကျောင်းဆင်းကျောင်းတက်သွားကြ ပြန်ကြ၊ ဆိုင်များတွင် စားကြ၊ သောက်ကြ၊ သစ်ပင်ရိပ်များတွင် နားကြ၊ ခိုကြ။

အရှေ့ရှမ်းရိုးမဆီငေးကြမောကြ။ နယ်မှ ၁၆ နှစ် ၁၇ နှစ် ရွယ် ကျောင်းသား ၂ ယောက်သည် သင်တန်းတချိန်အပြီး မုန့်သွားစားလိုက်၊ ပင်မအဆောက်အအုံထဲဝင်လိုက်၊ စာသင်ခန်းတွေကိုလေ့လာကြည့် လိုက်နှင့် နောက်ဆုံး ပြတိုက်ရှိရာ ရာဇတ်အဆောက်အအုံဘက်ရောက်သွားကြသည်။ အောက်-အထက် တက်ကြည့်ဖြစ်ကြသည်။ တနေရာတွင် ကျက်သရေရှိလှသောလူတယောက်၏ ပုံတူပန်းချီကားတချပ်ကို မြင်လိုက်ကြရ၏။ မျက်နှာထားကြည်ကြည်လင်လင်နှင့် ပြေပြစ်ချောမောလှသော ထိုသူ၏ပုံကိုကြည့်ရင်း - “ဘယ်သူလဲ ?” ဟု တယောက်က မေးသည်။ ကျန်တယောက်က ခေါင်းယမ်းပြ၏။

အခန်းထောင့်စားပွဲတလုံးပေါ်မှာ မျက်နှာအပ်၍မှေးနေသော ကျောင်းသားကြီးတယောက် ထလာသည်။ “ကိုယ်တို့ကျောင်းသားခေါင်းဆောင် ကိုဗဟိန်းပုံလေ။ ဒီမန္တလေးက အင်တာ ( - ) အောင်သွားတယ်။ နောက် ရန်ကုန်တက္ကသိုလ်ဆက်တက်တယ်။ ဗကသ ဥက္ကဋ္ဌ ဖြစ်လာတယ်။ ၁၃၀၀ ပြည့်အရေးတော်ပုံကြီးကို ခေါင်းဆောင်ခဲ့တဲ့ သခင်ဗဟိန်းဆိုတာ သူပဲ..ပေါ့၊ သူ့ကို မန္တလေးကတင်မဟုတ်ဘူး၊ တပြည်လုံးက ချစ်ကြတယ်လေ...” ဖရက်ရှာကျောင်းသားနှစ်ယောက် ငေးနားထောင်ရင်းက ပန်းချီကားကြီးကို တခါထပ်ကြည့်လိုက်ကြပြန်သည်။ ချစ်ခင်မှု၊ လေးစားမှုသည် သူတို့၏မျက်နှာပေါ်တွင် အထင်းသားထင်ဟပ်လာခဲ့ကြချေပြီ။


(၂)
“တစ္ဆေကြီးတကောင်သည် ဥပရောပတိုက်တွင် လှည့်လည်သွားလာနေပေသည်။ ဤတစ္ဆေကြီးကား ကွန်မြူနစ်ဝါဒပင် ဖြစ်၏။ ပုပ်ရဟန်းမင်းကြီးနှင့် ဇာဘုရင်၊ မက်တာနစ်ခ်ျနှင့် ဂီဇော့၊ ပြင်သစ်ရယ်ဒီကယ်များနှင့် ဂျာမန်ပုလိပ်သူလျှိုများ ...ဟူသော ဟောင်းနွမ်းသည့် ဥရောပတိုက်ရှိ အင်အားစုအားလုံးသည် ဤတစ္ဆေကြီးအား မောင်းထုတ်ပစ်ရေးအတွက် သူတော်စဉ်မဟာမိတ်ကို ဖွဲ့စည်းလိုက်ကြလေပြီ။” - ကွန်မြူနစ်ကြေငြာစာတမ်း (၁၈၄၈) - ဤတစ္ဆေကြီးသည် အနှစ် ၇၀ မျှအကြာတွင် တကမ္ဘာလုံးသို့ ကိုယ်ထင်ပြလိုက်၏။ ဆိုဗီယက်နိုင်ငံတော်ကြီး ပေါ်ပေါက်ခဲ့၏။ သို့သော် ကိုလိုနီနိုင်ငံ တနိုင်ငံဖြစ်နေသော မြန်မာပြည်တွင်မူ အနှစ် ၉၀ ကြာမှ အရိပ်ထင်နိုင်ခဲ့ပေသည်။ ၁၉၃၉ ခုနှစ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီကို လျှို့ဝှက်၍တည်ထောင်လိုက်နိုင်ခဲ့ကြသည်။

“ရုပ်ဝါဒဆိုသည်မှာ စိတ်ဝါဒမဟုတ်၊ စိတ်ကူးစိတ်သန်းမဟုတ်၊ အကောင်အထည်က မာကျောကြမ်းတမ်းကြီး လက်တွေ့ကိုင်စမ်းမိသော ရုပ်ဝါဒ။ သည်လို ယေဘုယျ လူအများကမှတ်ထင်ကြပေမည်။ ရုပ်ဝါဒကို ယုံကြည်ကိုးကွယ်သူ၊ ကွန်မြူနစ်ပါတီ၏ ခေါင်းဆောင်ဗဟိန်းအား ....ကဗျာဟု ရေးလိုက်ခြင်းသည် တကယ်ဆိုတော့ အနုကဗျာနှင့်ရုပ်ဝါဒနိုင်ငံရေးသမားဟာ မနီးစပ်ပါကလားဟုထင်မှတ်ကြပေလိမ့်မည်။ သည်လိုမှတ်ထင်လျှင် ဗဟိန်းကို နိုင်ငံရေးသမားအဖြစ်တွေ့မြင်၍ လူအဖြစ်မသိသေးသောကြောင့် ဖြစ်တန်ရာသည်။” ဤကား 'လူ' ကိုဗဟိန်း နှင့် ကွန်မြူနစ်ကိုဗဟိန်းအပေါ် ယှဉ်တွဲပေါင်းစပ်ကြည့်သောသူတဦး၏ အမြင်ဖြစ်သည်။ သခင်သန်းထွန်းတယောက် သပ်သပ်ရပ်ရပ်နေ၊ သေသေသပ်သပ် အလုပ်လုပ်တတ်သည်ကို တွေ့သိကြသောသူများက “ကွန်မြူနစ်တွေလည်း ဒီလိုနေ၊ ဒီလိုလုပ်တတ်ပါလား” ဟု ပြောမိကြသည်။ “ကွန်မြူနစ်ဆိုတာ ဖြစ်သလိုနေ၊ ဖြစ်သလိုစားပြီး အလုပ် အင်မတန်လုပ်သူများ” ဟူ၍သာ သူတို့သိထားကြသည်။ နယ်ချဲ့အရင်းရှင်များ၊ ဖက်ဆစ်များနှင့် သူတို့၏အလိုတော်ရိလက်ဝေခံများက ပုံဖျက်ထားသော အာဘော်များနှင့်သာ လက်ပွန်းတတီးနေခဲ့ရသော ကိုလိုနီုင်ငံရှိပြည်သူများ-ဤသို့ ရောထွေး ထင်ကြ၊ ပြောကြသည်မှာ သဘာဝတော့ ကျချေသည်။ အမှန်မှာမူ တော်လှန်ရေးကိုယ်၌မူက အနုပညာတရပ် ဖြစ်သည် .....ဟု ကွန်မြူနစ်များခံယူထားသည်ကို သူတို့ မသိကြ၍သာ ....။

(၃)
ကိုဗဟိန်းကို လူအဖြစ် တချို့က ဤသို့ မြင်ကြသည်။ သမဂ္ဂပျော်ပွဲစားရုံတွင် ဇွန်းသံ၊ ပန်းကန်သံ၊ စကားပြောသံတို့ဖြင့်ဆူပွက်နေစဉ် သည်အထဲမှ ကျောင်းသားတဦးသည် ၀ိုင်းဖွဲ့စကားပြောထဲတွင်မပါဘဲ စီးကရက်ကိုတွင်တွင်ဖွာလျက် စားပွဲစွန်းရှိ ဓါတ်စက်ကို ဓါတ်ပြားတချပ်ပြီးတချပ်လဲကာ ဖွင့်လျက်ရှိသည်။ သူသည် အသားဖြူဖြူ၊ ဆံပင်ကောက်ကောက်၊ ဖျင်အင်္ကျီ လက်ရှည်၊ ဘန်ကောက်လုံချည် မြင်းချေးရောင်အစိမ်းကို ၀တ်ဆင်ထားသည်။ မျက်နှာမှာ ပဒုမ္မာကြာပန်းကဲ့သို့လန်းရွှင်သည်။ သူ၏ ချစ်ဖွယ်ကောင်းသောအပြုံးကလေးများသည် နီရဲနေသောပါးပြင်နှင့်နှုတ်ခမ်းပေါ်တွင် ထာဝစဉ်နားလျက်ရှိသည်။ ကျက်သရေဖြင့်လျှမ်းသော အပြုံး၊ မေတ္တာ၏အထိမ်းအမှတ် အပြုံး - (လူစိမ်းတဦးနှင့် မိတ်ဆက်ပေးလိုက်သောအခါ ) သူ၏ ကြာပွင့်ချပ်ကလေးထဲမှဝတ်ဆံကို ဖွင့်လှပ် လိုက်သော ကဗျာဆန်သည့်အပြုံးဖြင့်တုံ့ပြန်ကာ - “ ကျနော်တော့ မေရှင်ကို အတော်ကြိုက်တယ်။ ခင်ဗျားကော ဘယ့်နှယ့်လဲ ....” ဟု မေးတတ်သည်။ နောက်တော့ .... “ချစ်၍ ခေါ်ရာ၊ ချစ်၍ ခေါ်သည်”....သီချင်းကိုဖွင့်၊ “သော်တာငွေမင်း” .... ကို ဖွင့်သည်။ (နောက်တော့ ဂီတနှင့်ပတ်သက်၍ သူ့ခံယူချက်ကို ဤသို့ ပြောပြပါလိမ့်မည်။)

“ တချို့ ကအင်္ဂလိပ် တီးလုံးသွားသီချင်းတွေကို မကြားနိုင်ကြဘူး၊ နားပိတ်ထားချင်သတဲ့ဗျ။ သာယာတဲ့တေးသံကို ဘာပြုလို့လက်မခံနိုင်ရသလဲ။ ဂီတဆိုတာ လူတမျိုးထဲ ကန့်သတ်ထားတာမဟုတ်ဘူး.” သူသည်သီချင်း ဓာတ်ပြားတွေကို တပြားပြီးတပြားဖွင့်ရင်း ဤအဘိဓမ္မာကို ရင့်ကျူးဖော်ထုတ်နေတက်၏။ “ ကျနော့်အဖို့တော့ သာယာလှပတဲ့တေးဂီတဆိုရင် နိုင်ငံခြား ဂျပန်ပဲဖြစ်ဖြစ်၊ က္ကုတာလျံပဲဖြစ်ဖြစ် နားထောင်တာပဲ။ တချို့က အင်္ဂလိပ်သံဆိုရင် အသံသေးအသံကြောင် ဆိုပြီးနားမထောင်နိုင်ကြတာ အံ့သြစရာပဲ...”

ဤသို့ပြောသံကြားသောအခါ သူငယ်ချင်းတစ်ယောက်လည်းဖြစ်၊ ၁၃၀၀ ပြည့် အရေးတော်ပုံတွင် ကိုဗဟိန်းနှင့် အတူတွဲ၍ခေါင်းဆောင်ပါဝင်ခဲ့သော ကိုဗဆွေ(နောင် ဖဆပလ ဝန်ကြီးချုပ်ဟောင်း ဦးဗဆွေ)က...“ ဗဟိန်းကလည်း ဝတ္ထုရေးချင်၊ ကဗျာစပ်ချင်၊ ဂီတလိုက်စားချင်နဲ့တော့... မင်းတို့တွေ စိတ်ကူးယဉ်သမားတွေကိုး...” ဟု မှတ်ချက်ချသည်။ ဒီအခါ ကိုဗဟိန်းက ... “ လူဆိုတာ အလှအပကိုမက်တာပဲ၊ ကဗျာဂီတရဲ့အလှအပကို မကြည်နူးပဲမနေနိုင်ဘူး။
လူဆိုတာမင်းပြောတဲ့ စိတ်ကူးယဉ်ပဲဆိုပါတော့ ကဗျာဂီတကို နားလည်မွေ့လျော်လာတာ ယဉ်ကျေးလာတာကွ”... ဟု ရယ်ရင်းမောရင်း ပြောတတ်၏။ သူသည် အမှန်တကယ်လည်း ဂီတကိုချစ်မြတ်နိုးသူဖြစ်သည်။ အချိန်ရရင်ရသလို ဂီတကို ဖက်ပွေ့တတ်သည်။ ဇမ္ဗူ့ကျွန်းလုံးသီချင်းခံ့ကို ဂီတ၌ အတော်အတန်ဝါရင့်သူများသာရပေသည်။ ကိုဗဟိန်းသည် ဇမ္ဗူ့ကျွန်းလုံးသီချင်းခံ့ကို အစအဆုံးပင် ဆိုနိုင်သည်မှာ အံ့သြဖွယ်ကောင်းပေသည်။ ပြည်လှဖေ၏ “ နတ်သျှင်နောင်”၊ ဒိုရာသန်းအေး၏ “ လှေကလေး” ကိုလည်း အတော်သဘောကျသည်။

(ချစ်ဒုက္ခ ဦးဘညွှန့် နှင့်ခင်မင်သောကိုဗဟိန်းသည် “ ဆုထူးရွယ်” သီချင်းကို ဓါတ်ပြားမထွက်မီက ရနှင့်နေသည်။) တခါတရံ မေရှင်၏ “ ကျောင်းပိတ်ရက်” သီချင်းကို ဆိုလေ့ရှိ၏။ ကဗျာကိုတွေ့လျှင် လူတွေချစ်သလို၊ ကိုဗဟိန်းကိုလည်းတွေ့လျှင် မချစ်ဘဲမနေနိုင်။ သူ၏အပြုံးသည် အင်မတန်ချစ်ဖွယ်ကောင်းသည်။ အပြုံးမှာ ကဗျာလေးတပုဒ်နှင့်တူနေ၏။ အင်္ဂလိပ်စာပါမောက္ခ ရုတ်စ် ကပင် ကိုဗဟိန်းအား “ နှစ်လိုဖွယ်ကောင်းသော သူငယ်ပဲ” ဟုပြောကြောင်း မှတ်တမ်းတခုရှိဖူး၏။ အကယ်၍ ကိုဗဟိန်းသည် နိုင်ငံရေးသမားမဖြစ်လျှင် ဧကန် စာရေးဆရာတယောက်ဖြစ်မည်။... ဟု ထင်ကြသည်။ သူသည် စာပေကိုလည်း အင်မတန်ဝါသနာပါသည်။ ကားလ်မာ့က်စ်၏ ကွန်မြူနစ်စာပေပရိယတ္တိကို သာမဟုတ်၊ အနုစာပေစသည်ကိုလည်း ဖတ်သူဖြစ်၏။ ရုရှား စာရေးဆရာကြီး ဂေါ်ကီကို သူအတော်ကြိုက်သည်။

(ဂေါ်ကီ၏ ဝတ္ထုတိုတပုဒ်ကို “ လေလွင့်သူ” အမည်နှင့် ဗမာလိုဆီလျော်အောင်ဘာသာပြန်၍
လက်ရွေးစဉ်မဂ္ဂဇင်းတွင် ထည့်ဖူးသည်။ ပစ္စည်းမဲ့အချင်းချင်း ဆင်းရဲသောဘဝအကွေ့၌တွေ့ကာ ရင်းနှီးခင်မင်ပုံသဘာဝကိုပြထားသော ငတ်မွတ်ခြင်းဘွဲ့ တပုဒ်ဖြစ်ပေသည်။) ဒဂုဏ်မဂ္ဂဇင်းတွင်ပါသော သူ၏ “ ဘဝခရီး” အမည်ရှိဝတ္ထုတိုကား ဝတ္ထုတိုဂုဏ်နှင့် ကြွယ်ဝပြည့်စုံလှသည်။ ကုလားဗမာအထိကရုဏ်းကိုနောက်ခံကာ ဆင်းရဲမွဲတေသော ပန်းချီဆရာသူငယ်ချင်းနှစ်ယောက်၏ မေတ္တာငတ်မွတ်ခြင်းအကြောင်းကို ပေါင်းစပ်ကာရေးသားထားသည်။ သည်အထဲတွင် အရင်းရှင်စနစ်၏ စာရိတ္တကိုလည်း သိမ်မွေ့စွာထည့်သွင်းထားသေးသည်။

ထွန်အေး စာအုပ်ဖြန်ချိရေးဌာနမှထုတ်ဝေသော “ ဓနရှင်လောက” ကား ဗမာ စာနယ်ဇင်းလောကတွင် ထင်ရှားသည်။ “ ဓနရှင်လောက” သည် ကွန်မြူနစ်ဝါဒကို မျိုးစေ့ချပေးသော သစ်စေ့ကောင်းတစေ့ဖြစ်သည်။ ရှင်းလင်းပြတ်သား၍ လှသည်။ ဤစာအုပ်တွင် ကိုဗဟိန်းသည် အရေးအသား၌ နိုင်နင်းကျွမ်းကျင်ကြောင်း ဖော်ကြွားထားပေသည်။ သူသည် စာရေးကောင်းသူတယောက် ဖြစ်သည်။ အင်္ဂလိပ်ပြေးခါနီး သူထောင်မကျခင် ချားလ်စ်ဒစ်ကင်း၏ နာမည်ကျော် “ မျှော်တလင့်လင့်” ဝတ္ထုကြီးကို “လူ့အလို” အမည်ဖြင့်ရေးဖူးသည်။ သို့သော် တိုင်းပြည်ပျက်ခိုက်နှင့်ကြုံသဖြင့် စာမျက်နှာ (၆၀) ကျော်သာရိုက်နှိပ် ပြီးစီးရသေးသည်။

အကယ်၍ သည်ဝတ္ထုသာထွက်လာလျှင် ဗမာစာပေလောကတွင် ကျော်စောထင်ရှားဦးမည့် ဝတ္ထုကောင်းတပုဒ် ဖြစ်ပေမည်။ သူသည်နိုင်ငံရေးကိစ္စများဖြင့် အလုပ်ရှုပ်နေလေရာ တဖောင်ရိုက်နေစဉ် နောက်တဖောင်ဆက်စီနိုင်ရန် ပန်းဆိုးတန်းရှိ ထွန်းအေးစာအုပ်ဖြန့်ချိရေးဌာနအလုပ်ခန်းတွင်ထိုင်ကာ ရေးပေးသောဝတ္ထု ဖြစ်သည်။

သူ့မှာဝတ္ထုစာရေးဆရာကြီးတယောက်ဖြစ်နိုင်သောလက္ခဏာ အများကြီးရှိသည်ဟု စာရေးဆရာအချင်းချင်း အကဲဖြတ်ထားသည်။ သို့သော် မြန်မာပြည်ကို လွတ်လပ်ချင်သောစိတ်က ပြင်းထန်လွန်းလှသဖြင့်သာ ကျောင်းသားဘဝကတည်းကပင် ထောင်ကျဆင်းရဲအနစ်နာခံကာ နိုင်ငံရေးသမားဖြစ်လာရခြင်း ဖြစ်ပေသည်။ ကိုဗဟိန်းသည် လူအဖြစ်ကုံလုံပြည့်စုံသူ တစ်ယောက်ဖြစ်သည်။ ကိုဗဟိန်းကို သူ့မိဘများက ကြေးမုံသဖွယ် အရိပ်ရိပ်တကြည့်ကြည့်နေအောင်ချစ်၏။

သူရန်ကုန်တက္ကသိုလ်သို့ လာနေသောအခါ မိဘများက သူ၏သေတ္တာကို ချိပ်လုံချည်၊ မန္တလေးပိုးလုံချည်၊ ပိုးအင်္ကျီများဖြင့် ကျပ်နေအောင်သိပ်ပေးခဲ့၏။ (သားအပေါ်မည်မျှချစ်သည် ဆိုရသော်၊ ထိုအချိန်က သားဖြစ်သူအပေါ် စိတ်ဆိုးနေချိန် ဖြစ်သော်လည်း) ဖခင်ဖြစ်သူဦးမှင်က ရှမ်းပြည်တက်မည့် သူ့သားအတွက် အချမ်းလုံအောင်ဆိုပြီး ရှူးဖိနပ်ကို ကိုယ်တိုင်ဆေးသုတ်ပေးရှာ၏။ (သခင်အောင်ဆန်း သူ့အိမ်သို့ရောက်စဉ်က) “ သူ့ကိုကျုပ်တို့က ဘယ်လောက် တကြည့်ကြည့်နဲ့ချစ်ခဲ့ရပေမယ့် သူကမိဘကို နိုင်ငံရေးလောက် ချစ်တာမဟုတ်ဖူး”... ဟုဖွင့်ပြောသည်။

တခါသခင်အောင်ဆန်း ပြန်သွားသောအချိန်၌ “ ကိုအောင်ဆန်းနဲ့ဗဟိန်းဟာ  အတူတူဘဲ၊ သူတို့ဟာ နိုင်ငံရေးကို မိဘထက်အပုံကြီးချစ်တယ်” ... ဟု ပြောပြန်လေသည်။ မိခင်နှင့်အမများကလည်း သူ့ကို “ ကိုဟိန်း... ကိုဟိန်း” နှင့် ပါးစပ်ဖျားက မချ။ မိဘများက သူ့ကို ဘယ်လောက်ပင်ချစ်ချစ် သူသည်နိုင်ငံရေးအတွက် အတွယ်အတာများကိုစွန့်ပယ်ကာ မိဘ၏အေးချမ်းရိပ်ငြိမ်သောအရပ်တွင် မနေဘဲ၊ ကြမ်းတမ်းခက်ထရော်၍ မာကျောလှသော အကျဉ်းထောင်နံရံလေးဘက်အတွင်း၌သာ ဆင်းရဲခြင်းဒုက္ခကို တွေ့ကြုံရလေသည်။ ၁၃၀၀ ပြည့်အရေးတော်ပုံ ၁၉၃၈ - အထွေထွေသပိတ် အရေးတော်ပုံ၏အမှတ်အသား သခင်ဗဟိန်း၊ ဒေါက်တာလှရွှေ။

တို့ဗမာအစည်းအရုံးသည် နယ်ချဲ့ဆန်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲ ဒီရေမြင့်ကြီးတွင် ရဲရဲရင့်ရင့်ခေါင်းဆောင်ကာ ပြတ်ပြတ်သားသားဆင်နွှဲခဲ့သည့် အဖွဲ့အစည်းကြီးဖြစ်သည်။
သို့သော်လည်း အစပိုင်းတွင် တော်လှန်သည့်လမ်းညွှန်သဘောတရား ကင်းမဲ့ခဲ့ရုံမက၊ တော်လှန်သည့်သဘောတရားဖြင့်ဖွဲ့စည်းထားသည့်အဖွဲ့အစည်းလည်း မဟုတ်လေရာ ထိုအချိန်က ဆင်နွှဲခဲ့ကြသည့်တိုက်ပွဲများသည် "နောက်ဆုံးအောင်ပွဲ"မရရှိကြဘဲဖြစ်နေကြသည်။ ဤအရင်းခံအကြောင်းသည် ၁၃၀၀ ပြည့်အရေးတော်ပုံတွင်လည်း ထင်ဟပ်နေခဲ့၏။

ထိုစဉ်က ဖြစ်နေသည်မှာ အခြားကိုလိုနီနိုင်ငံများခံစားနေရသည့်နည်းတူ ဖြစ်သည်။ ဗြိတိသျှနယ်ချဲ့ကုမ္ပဏီများက အကျိုးအမြတ်မှန်သမျှ သိမ်းကြုံးယူ၊ ဌာနေအလုပ်သမားများက ငတ်တလှည့် ပြတ်တလှည့် မဝရေစာ စားနေရသောကာလ၊ ထိုကာလသည် အချိန်အားဖြင့်လည်း ကြာညောင်းခဲ့လေပြီ။ ဤဘဝမှလွတ်မြောက်ရေးအတွက် အလုပ်သမားများက ၁၉၃၈ခု၊ ဇန်နဝါရီလ(၈) ရက်နေ့ (မြန်မာသက္ကရာဇ် ၁၃၀၀ ပြည့်) တွင် “ ရေနံမြေသပိတ်” ကြီးဖြင့် အုံကြွဆန္ဒပြကြသည်။ တပြည်လုံးမှ အလုပ်သမား၊ လယ်သမား၊ ကျောင်းသား၊ ရဟန်းရှင်လူများက တခဲနက် ထောက်ခံခဲ့ကြသည်။ စိတ်ဓာတ်အရ၊ နိုင်ငံရေးအရ၊ ရုပ်ဝတ္ထုပစ္စည်းအရ အဖက်ဖက်မှအားပေးခဲ့ကြသည်။ နိုဝင်ဘာ (၃၀) ရက်နေ့တွင် ချောက်ရေနံမြေမှစတင်၍ အလုပ်သမား ၂၀၀၀ ခန့်က ရန်ကုန်မြို့အထိ ဆန္ဒပြချီတက်လာရာ ရေနံချောင်း၊ ညောင်ခြေထောက်၊ နောက် မကွေးသို့ ဆဌမနေ့တွင် ရောက်ကြသည်။

မကွေးတွင် သပိတ်ခေါင်းဆောင်များကို နယ်ချဲ့အလိုတော်ရိအစိုးရက ဖမ်းဆီးလိုက်ကြ၏။ မျက်နှာဖြူအရေးပိုင်ကလည်း မကွေးမြို့အတွင်း ပုဒ်မ (၁၄၄) ကို ထုတ်ပြန်လိုက်ပြန်သည်။ ဤလိုနှင့် မကွေးတွင် ရက် ၂၀ လောက်သောင်တင်နေကြ၏။ တဖက်တွင်ခြိမ်းခြောက် တဖက်ကချော့မြူခြင်းလည်း
ခံနေရ၏။ နောက်ဆုံးတွင် ရိက္ခာပြဿနာတက်လာခဲ့၏။ ထို့ကြောင့် တဝက်လောက်က  ရေနံမြေသို့ ပြန်ကြရ၏။ ခေါင်းဆောင်များလွှတ်ပေးရေးအတွက် ကျန်အလုပ်သမားများက အစာငတ်ခံဆန္ဒပြကြသည်။သို့သော် အစာငတ်ခံခြင်းထက် ပုဒ်မ (၁၄၄) ကိုတွန်းလှန်ကာအာဏာဖီဆန်ခြင်းက ပိုထိရောက်မည်ဟု တို့ဗမာအစည်းအရုံးကယူဆ၏။

ဒီဇင်ဘာ (၁၁) ရက် ညပိုင်းတွင် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌကိုဗဟိန်း၊ အတွင်းရေးမှူး ကိုဗဆွေနှင့် အခြားကျောင်းသားခေါင်းဆောင်နှစ်ဦးရောက်လာကာ ရေနံသပိတ်တပ်ကြီးအား ပုဒ်မ (၁၄၄) ဖီဆန်၍ တရားဟောပြောကြလေသည်။ ကိုဗဟိန်း၏ ကျော်ကြားလှသော “ မြင်းခွာတချက်ပေါက်လျှင် မီးဟုန်းဟုန်းတောက်စေရမည်” မိန့်ခွန်းသည် ဤနေရာတွင် ပြောကြားခြင်းဖြစ်သည်။

အသက်သေသော အရိုးကြေကြေ ရည်မှန်းချက်ပန်းတိုင်အရောက် မမှိတ်မသုန်ချီတက်ကြရန်လည်း လှုံ့ဆော်ခဲ့အပြီး ကျောင်းသားခေါင်းဆောင် (၄) ဦးစလုံး အဖမ်းခံလိုက်ရ၏။ သို့သော် လမ်းညွှန်ချက်ရလိုက်ပြီဖြစ်သော အလုပ်သမားတပ်ကြီးက နောက်တရက် နံနက် (၆) နာရီတွင် နံပါတ်တုတ်ကိုင် ပုလိပ်တပ်၊ လှံစွပ်တပ်၊ သေနတ်ကိုင်တပ်၊ မြင်းစီးတပ်များအတွင်းသို့ ထိုးဝင်ဖြိုခွဲ၍ ချီတက်ကြတော့သည်။ မြို့သူမြို့သားများက ဝိုင်းဝန်းအားပေးကြသည်။ ကျဆုံးသူ၊ ဒဏ်ရာရသူ၊ ဆွဲချုပ်အဖမ်းခံလိုက်ရသူအများအပြားရှိသော်လည်း နောက်မတွန့်ကြတော့ပေ။

ရိုက်နှက်သော နံပါတ်တုတ်ကိုင်ပုလိပ်များ၊ မြို့သူမြို့သားများနှင့်အလုပ်သမားများ အရောရောအနှောနှောဖြစ်ကုန်၍ လှံစွပ်သေနတ်များ သုံးမရဖြစ်ကုန်တော့သည်။ မြင်းစီးပုလိပ်များက ဝင်၍ရိုက်ပြန်သည့်အဆုံး မခံမရပ်နိုင်ဖြစ်နေသော မြို့သူမြို့သားများက ငြာသံပေးကာ ရရာလက်နက်နှင့် ဝင်ပြီးခုခံကြသောကြောင့် တပ်လန်ကုန်ကြပြန်သည်။ ထိုသို့ဖြစ်နေစဉ် ချိတ်ဆက်လုပ်ထားသည့်အတိုင်း ကိုဗဟိန်းက ထောင်အမိုးပေါ်တက်၍ ထောင်သားများအားလှုံ့ဆော်တရားဟောပြန်တော့ရာ ထောင်တွင်းတွင်လည်း ရုတ်ရုတ်သဲသဲ ဖြစ်ကုန်တော့သည်။   ထောင်ထပြီအထင်နှင့် ပုလိပ်များ ထောင်ဘက်သို့ အကူအညီပေးရန်ပြေးကြစဉ် သပိတ်တပ်ကြီးက မကွေးမြို့အပြင်သို့အရောက်ဖောက်၍ အောင်မြင်စွာထွက်နိုင်ခဲ့ကြသည်။ ကျန် လမ်းခရီးကား ချောမောပြေပြစ်၍သွားတော့သည်။ လမ်းခရီးမှ လယ်သမားများလည်း ပူးပေါင်းချီတက်လာကြရာ လယ်သမားနှစ်သောင်းကျော်အထိ ပါဝင်ခဲ့သည်။ အလုပ်သမား အရေးအခင်းသက်သက်တိုက်ပွဲသဏ္ဌာန်မဟုတ်တော့ဘဲ အမျိုးသားရေးလက္ခဏာ ဆောင်နေချေပြီ။

တပြည်လုံးရှိကျောင်းသားများ ပိုမိုဆူပွက်လာကြသည်။ ရန်ကုန်ရှိအတွင်းဝန်ရုံးကို ကျောင်းသားများ ဝိုင်းဝန်းဆန္ဒပြရာ ဗြိတိသျှတို့၏မြင်းစီးပုလိပ်များလက်ချက်ဖြင့် ကျောင်းသားခေါင်းဆောင်ဗိုလ်အောင်ကျော် ကျဆုံးခဲ့ရ၏။ ကျောင်းသားကျောင်းသူ (၂၀၀) ဒဏ်ရာရကြ၏။ မန္တလေးတွင် ၁၃၀၀ ပြည့် အရေးတော်ပုံနှစ်ပတ်လည်အဖြစ် ၁၉၃၉ခု၊ ဖေဖော်ဝါရီ(၁၀)ရက်နေ့၌ ရဟန်း ရှင်လူ (၂) သိန်းကျော် ဆန္ဒပြကြ၏။ ထိုဆန္ဒပြပွဲကို အုပ်စိုးသူများပစ်ခတ်ဖြိုခွဲ၍ ရဟန်းတော် (၇) ပါး၊ (၁၂) နှစ်အရွယ် ကျောင်းသားလေးအပါအဝင် ပြည်သူ (၁၇) ဦး ကျဆုံးခဲ့ပြန်သည်။

အကျိုးဆက်အားဖြင့် ဒေါက်တာဗမော်အမှူးပြုသော ညွှန့်ပေါင်းအစိုးရ ပြုတ်ကျသွား၏။ ဦးပုအစိုးရ တက်လာသည်။ သို့သော် အလုပ်သမား၊ လယ်သမားနှင့် ပြည်သူအသိန်းအသန်း၏ ဘဝကား ထူးခြား မလာခဲ့ပေ။ တို့ဗမာအစည်းအရုံးသည်လည်း ကွဲသွားခဲ့၏။ တိုးတက်သော ဆရာကြီးသခင်ကိုယ်တော်မှိုင်းဂိုဏ်းနှင့် သခင်ထွန်းအုပ်-သခင်ဗစိန်ဂိုဏ်း ဟူ၍ ကွဲ၏။
အခြား အောင်ပွဲမခံလိုက်ရသောကိစ္စများနည်းတူ ၁၃၀၀ ပြည့်အရေးတော်ပုံ အောင်ပွဲမရခြင်းက - "နောက်ဆုံးအောင်ပွဲ"ခံရန် မှန်ကန်သောပါတီတရပ်၏ခေါင်းဆောင်မှုလိုအပ်သည်-ဟူသောအမြင်ကို ရှေ့တန်းရောက် နယ်ချဲ့ဆန့်ကျင်ရေးသမားများအား ပေးအပ်လိုက်၏။

ရှေးမဆွကပင် နယ်ချဲ့ထမ်းပိုးအောက်မှ ရုန်းထွက်နိုင်ရန်အတွက် မျိုးချစ်ပြည်ချစ်ပုဂ္ဂိုလ်များအနေနှင့် ကြိုးပမ်းခဲ့ကြပါ၏။ အနုနည်း အကြမ်းနည်း၊ နည်းမျိုးစုံဖြင့် လွတ်လမ်းကိုရှာဖွေကြ၏။ စူးစမ်းကြ၏။ နောက်ဆုံးတွင် တော်လှန်သောပညာတက်လူငယ်များက တော်လှန်ရေးသဘောတရားများကို အငမ်းမရရှာဖွေကြရာမှ သူတို့သည် မာ့က်စ် ဝါဒ၊ လီနင်ဝါဒကို ရှာဖွေတွေ့ရှိသွားကြခြင်းဖြစ်သည်။ မာ့က်စ်၊ လီနင်ဝါဒ ကို ၁၉၃၇ ခုနှစ်၊ တို့ဗမာအစည်းအရုံး မြင်းခြံညီလာခံတွင် ဥက္ကဋ္ဌသခင်လေးမောင်က ထည့်သွင်းဟောကြားခဲ့၏။ ၁၉၃၉ခုနှစ်၊ မော်လမြိုင်ညီလာခံတွင် “နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေးနှင့် ဆိုရှယ်လစ်ဘုံနိုင်ငံထူထောင်ရေးလမ်းစဉ်” ကိုပင် ချမှတ်နိုင်ခဲ့သည်။


ဤသို့ချမှတ်နိုင်လောက်အောင်ပင် ထိုစဉ်က တပြည်လုံးတွင် လက်ဝဲစာပေလေ့လာရေးများ အပျံ့အနှံ့ ပေါ်ပေါက်နေ၏။ ရန်ကုန်တွင် နဂါးနီစာအုပ်တိုက်၊ နယ်များတွင် ရောင်နီစာဖတ်အသင်း၊ လက်ဝဲစာဖတ်အသင်း ... စသည်ဖြင့် အနှံ့အပြားဖြစ်နေ၏။ မာ့က်စ်ဝါဒ လေ့လာရေးအဖွဲ့များ ... ရန်ကုန်၊ ပဲခူး၊ တောင်ငူ၊ ပျဉ်းမနား၊ မန္တလေး၊ စစ်ကိုင်း ၊ မြင်းခြံ၊ မြစ်ဝကျွန်းပေါ်၊ ထားဝယ်၊ မြိတ်နှင့် အခြားခရိုင်များတွင် ဖွဲ့စည်းပြီးဖြစ်နေကြလေပြီ။ ဤသို့ဖြင့် မာ့က်စ်ဝါဒ၊ လီနင်ဝါဒသည် ဗမာပြည်နိုင်ငံရေးသမိုင်းသစ်ကိုဖန်တီးလိုက်လေရာ ၁၉၃၉ ခုနှစ်တွင် ဤလေ့လာရေးအစုများကိုစုစည်း၍ ဗမာပြည်ကွန်မြူနစ်ပါတီ ပေါ်ထွက်လာခဲ့ခြင်းဖြစ်ပေသည်။ ပါတီစတင်တည်ထောင်သူများတွင် ကိုဗဟိန်းသည် ကျောင်းသားစည်းရုံးရေးအတွက်တာဝန်ယူပြီး ပါတီ၏အထွေထွေအတွင်းရေးမှူးမှာ သခင်အောင်ဆန်း ဖြစ်သည်။

သခင်အောင်ဆန်းကား ဗမာပြည်ကွန်မြူနစ်ပါတီကို တည်ထောင်သူတစ်ဦးလည်းဖြစ်၊ ပါတီ၏ပထမဆုံးသော အထွေထွေအတွင်းရေးမှူးတာဝန်ကိုယူခဲ့ရသူလည်း ဖြစ်သည်။ ၄င်းအပြင် သူ့ကို မြန်မာနိုင်ငံတွင် ပထမဆုံးလက်နက်ကိုင်ခေတ်မီ အမျိုးသားတပ်မတော်ကို ထူထောင်သူတစ်ဦးအဖြစ်လည်း အသိအမှတ် ပြုဖို့လည်းလိုပေသည်။

ကိုဗဟိန်းသည် ၁၉၃၈ ခုနှစ်၊ သူ ကျောင်းသားဥက္ကဋ္ဌဖြစ်စဉ်ကပင် ဗကသ ကြွေးကြော်သံ “ မျိုးညွှန့်မဂ္ဂဇင်း” အယ်ဒီတာချုပ်လုပ်၍ ကျောင်းသားများကို နိုင်ငံရေးပညာ ပေးခဲ့သူဖြစ်၏။ ယခုပါတီ၏ ကျောင်းသားစည်းရုံးရေးတာဝန်ခံဖြစ်လာသောအခါ တဆင့်တိုး၍လုပ်ခဲ့၏။ ဗကသညီလာခံ တက်ရန်ရောက်ရှိလာသော အနယ်နယ်အရပ်ရပ်မှကျောင်းသားများကို မာ့က်စ်ဝါဒ သင်တန်းများပေးခဲ့၏။ ပါတီခေါင်းဆောင်များဖြစ်ကြသော ကိုဗဟိန်းနှင့် ရဲဘော်ဂိုရှယ်တို့က “ ဓနရှင်ခရီးစဉ်သဘောတရား” နှင့်
“မာ့က်စ်ဘောဂဗေဒ” ... တို့ကိုပို့ချခဲ့၏။
ဗဟိန်း (သို့မဟုတ်) ညီညွတ်ရေးဗိသုကာ (အပိုင်း-၂)

[ဆက်လက်၍ တို့ဗမာအစည်းအရုံးနှင့် ဆက်စပ်သမျှ ဗဟုသုတ စုစည်းချက်များကို ဖတ်ရှူလေ့လာနိုင်ပါရန် https://www.facebook.com/DobamaAsiayone ကို Like ပေးကြပါရန် ပန်ကြားရင်း အတွေးအမြင် ဗဟုသုတဖလှယ်ရန် တို့ဗမာအစည်းအရုံး ဂရု ၌လည်း ပါဝင်ကြဖို့ ဖိတ်ခေါ်အပ်ပါတယ်။အချို့သော ဆောင်းပါးများကို www.dobamaasiayone.blogspot.com မှ ကူးယူဖော်ပြပါသည်။ စာရေးသူများအမည်ကို ဖော်ပြထားနိုင်သော်လည်း တိုက်ရိုက် ခွင့်ပန်ခြင်းမပြုနိုင်သည်ကို နားလည်ခွင့်လွှတ်ပေးပါရန် အလေးအနက်တောင်းပန်အပ်ပါသည်။]

No comments:

Post a Comment

mr.kyaingtun@gmail.com