ပွဲတွေ့ကျောင်းသား
၉၂ အစောပိုင်းလောက် ဒု-ရင်းမှူးကိုခင်ထွန်းကြည် ဇီးပြောင်းတိုက်ပွဲမှာ ကိုယ့်အချင်းချင်းမှားပစ်မိပြီး ခြေ ထောက်မှာဒဏ်ရာရတော့ ကျနော် ရဲဘော်လေးငါးယောက်နဲ့ တက်ပြီးကြိုတယ်။ ဟိုရောက်တော့ ကိုခင် ထွန်းကြည်ကို လန်းလန်းဆန်းဆန်းတွေ့ရတယ်။ ငါ့ပေါင်မှာမှန်တာပါကွာ။ ငါတို့က ဖြစ်ဖြစ်ချင်း တစ်ဟုန်ထိုး တက်သိမ်းပစ်လိုက်တာ။ အဲဒါ တဲပေါ်ကဆင်းလာတော့ နောက်ကတက်လာတဲ့ မဟာမိတ်ရဲဘော်လေးက လူမှားပြီးပစ်လိုက်တာလေ။ ငါတို့ကလည်း တက်ထရက်ယူနီဖောင်းနဲ့ ဂျန်းဂဲဟက်ကြိုက်တော့ လူမှားတာ ပေါ့တဲ့။ ဟုတ်တယ် ကျနော်တို့က တက်ထရက်က ရေစိုရင်လည်းခဏနဲ့ခြောက်တယ်။ ပူအိုက်တဲ့ရာသီမှာ လည်း အေးတယ်ဆိုတော့ တက်ထရက်စစ်စိမ်းရောင်ယူနီဖောင်းတွေကိုကြိုက်ကြတာ။ တစ်ခါတစ်လေ ရွာတွေက ကျနော်တို့ကျောင်းသားစစ်ကြောင်းကို ရန်သူ စစ်တပ်စစ်ကြောင်းနဲ့မှားပြီးထွက်ထွက်ပြေးကုန်ကြ လို့ ထမင်းငတ်ကြရတာလည်း အကြိမ်ကြိမ်။ ဆေးရုံကလူနာတွေထဲမှာ အသက်ကြီးကြီးအဖိုးကြီးတစ် ယောက်ကိုတွေ့တော့ နှုတ်ဆက်ပြီး၊ အလာပသလာပပြောလိုက်ဦးမယ်ဆိုပြီး အဘက နေမကောင်းဘူး လား၊ ဘာဖြစ်လို့ဆေးရုံတက်နေလဲ ဆိုတော့ ကျနော့ကိုမျက်မှောင်ကုတ်ကြည့်ပြီး တဘက်ကိုလှည့်သွား တယ်။ ဟာ… ဒီအဖိုးကြီး မာနကြီးလှချည့်လားပေါ့။ ဒါနဲ့ နောက် တခြားလူနာတစ်ယောက်ကိုမေးကြည့် တော့ ဒီအဖိုးကြီးက ညနေစောင်း သစ်ပင်ပေါ်မှာပျားအုံတွေ့လို့ ပျားတက်ဖွတ်တယ်တဲ့။ အဲဒါကို ဖြတ်သွား တဲ့ ကရင်ရဲဘော်တစ်ယောက်က လှမ်းကြည့်တော့ ၀က်ဝံကြီးပျားဖွတ်နေတာကိုမြင်တယ်။ အဲဒါနဲ့ပစ်ချ လိုက်တာ “အား” ဆိုတဲ့အသံကြားမှ သတိရပြီးသွားကြည့်တော့ ခါးမှာသေနတ်မှန်ထားအဖိုးကြီးဖြစ်နေ တာတဲ့။ ညီအစ်ကိုမသိတစ်သိအချိန် တောမှောက်တယ်ဆိုတာ ဒါဘဲဖြစ်ရမယ်။ သူက သူ့အဖြစ်ကိုသူ စိတ် တိုနေတာ ကျနော်ကသွားမေးမိတော့ ဒေါကန်ပြီးပြန်မဖြေတာနေမှာ။
ကုတင်ပေါ်မှာလှဲနေရပေမယ့် ကိုခင်ထွန်းကြည်က ဟေ့.. မင်းလည်း တိုက်ပွဲအတွေ့အကြုံတစ်ခါမှ မရသေး ဘူးမဟုတ်လား၊ ဒီမှာရောက်တုန်း ဟိုအရှေ့ကိုဆက်လိုက်သွားပါလား။ ငါ့အတွက်မပူနဲ့၊ ဒီက ကရင် တပ်မှူး တွေက ငါပြန်တက်ဖို့ ဆင်စီစဉ်ထားတယ်ဆိုလို့ သူ့အနားမှာတစ်ရက်လောက်ပဲနေပြီး ကျနော့ရှေ့တန်း ရဲဘော်တွေဆီကို ဆက်ပြီးဆင်းခဲ့တယ်။ တပ်မဟာ (၃) ဘက်ကိုဆင်းရတယ်ဆိုပေမယ့်လည်း။ တကယ် တော့ KNU တပ်မဟာ (၁) သထုံဘီးလင်းဘက်မှာ စစ်ကြောင်းလိုက်ရတာပါ။ အဲဒီအချိန်က ကျောင်းသား တွေကို အမြဲတန်းမျက်နှာသာပေးတဲ့ ကရင်ဗိုလ် ဗိုလ်မှူးမြင့်သိန်းရဲ့စစ်ကြောင်းနဲ့ ပူးတွဲ လှုပ်ရှားစစ်ကြောင်းနဲ့ လိုက်ကြရတာ။ ကျောင်းသားတွေလည်း သူ့ရဲ့အထူးလှုပ်ရှားစစ်ကြောင်းမှာ ရာနဲ့ချီပြီးပါတယ်။ အဲဒီအချိန် န၀တစစ်ကြောင်းတွေက မာနယ်ပလောတစ်ဝိုက်က ခွေးအိပ်တောင်ကို စစ်သားတွေအများကြီး အဆုံးရှုံး ခံပြီး ထိုးစစ်ဆင်နေတဲ့အချိန်။ အောက်ဘက်မှာ မဟာမိတ် (ကရင်၊ကျောင်းသားပူးတွဲ) စစ်ကြောင်းကြီး ရှိတယ်ဆိုတာ ရွာတွေကတောင်သိပ်မရိပ်မိဘူး။ တိုက်ပွဲကြီးတွေ အတော်ဖြစ်တယ်။ တစ်ရက် ကျနော်တို့ ကုန်းတစ်ခုပေါ်က မောမောပန်းပန်းနဲ့ စစ်ကြောင်းဆင်းလာတော့ အောက်ကရဲဘော် တွေ ၀ရုန်းသုန်းကားနဲ့ ပြန်ပြေးတက်လာတာတွေ့တော့ ကိုယ်လည်း နောက်ပြန်လှည့်တက်ရမှာလား။ ဘာလဲ ရန်သူလားပေါ့။ နောက်မှ အဲဒါအောက်က သစ်ဆွဲတဲ့ဆင်နဲ့ပါလာတဲ့ ဆင်ပေါက်တစ်ကောင်ကို ကင်းရဲဘော်တွေ သွားစတာ အဲဒီဆင်က ထလိုက်လို့တဲ့။ တော်သေးတာပေါ့ ဆင်ထိမ်းပါလာလို့။ တစ်ခါတစ်ခါ အဲဒီလို အူကြောင်ကြောင် တွေ ကြုံရတာ။
အမြောက်သံစိန်သံ
နောက်တစ်ခါ ကျောက်တောင်ကုန်းတစ်ခုကနေ စစ်ကြောင်းအဆင်း ကျနော်တို့ ရှေ့ကရဲဘော်တွေနဲ့ ရန်သူ စစ်ကြောင်းနဲ့ထိပ်တိုက်တိုးပြီး ရန်သူဖက်ကစပြီးပစ်ပါလေရော။ ကျနော်တို့လည်း အမြန်ဆုံးနေရာယူကြ ပေါ့။ အဲ ပြဿနာက ကျောက်တုံးတွေ ပြည့်နေတဲ့နေရာမှာ ထိုးဝပ်ဖို့ အရမ်းခက်တော့ ဖြစ်သလိုနေရာယူပြီး ပြန်ဆော်ကြရတယ်။ ကျနော့တိုက်စိတ်မှူးက ‘ခေါင်းဖြူ’လို့ နောက်ပြီးခေါ်ကြတဲ့ ကိုတင့်လွင်ဦး။ ၁၅ မိနစ်၊ မိနစ် ၂၀ လောက်ရှိတော့ ခေါင်းဖြူက ရှေ့ကအငယ်လေးကို လှမ်းပြီးဆူတယ်။ “ဟေ့ကောင်.. အငယ်လေး မင်းအသေအခြာဝပ်လေကွာ။ ဖင်ကိုမှန်တော့မယ်” တဲ့။ ကျနော်လှမ်းကြည့်လိုက်တော့ အငယ်လေးထိုးဝပ် တဲ့နေရာက ကျောက်တုံးတစ်ခုပေါ်မှာဆိုတော့ ဖင်ကြီးထောင်ထားသလိုဖြစ်နေတာ။ သူလည်း အဆင်ပြေ သလိုပစ်နေပုံရပါတယ်။ အငယ်လေးက “ဟေ့.. ဖင်ထိချင်ထိပစေ။ ခေါင်းလာမမှန်ရင်တော်ပြီ” လို့ပြန်အော် တယ်။ အဲဒီလိုကြံကြံဖန်ဖန်အဖြစ်တွေဟာ နောက်ပိုင်းရီစရာပြန်ပြောစရာလေးတွေ ဖြစ်လာတာပေါ့။ အငယ် လေးလည်း တိုက်ပွဲမှာ ဒဏ်ရာရဖူးတယ်။
အဲဒီတိုက်ပွဲအပြီး အပြေးဆုတ် ပြန်ဆုတ်ခဲ့ကြတယ်။ မိနစ်လေးဆယ်လောက်ပြေးပြီး ၀ါးတောတွေထဲမှာ လူခွဲပြီး နားကြတယ်။ အဲဒီမှာ ထမင်းချက်စားနှိုင်တယ်ဆိုတဲ့ အမိန့်ကို စစ်ကြောင်းမှူးဆီကရတော့ ကျနော် တို့ အနားပတ်ဝန်းကျင်က သစ်ခြောက်ဝါးခြောက်တွေနဲ့မီးမွှေးပြီး ထမင်းချက်ကြတယ်။ ထမင်းချက်လို့ ကျက်ခါနီးအချိန်ကျမှ “တုံ” ကနဲ အသံတစ်သံထွက်လာတယ်။ အကုန်လုံး လှုပ်လှုပ်ရှားရှားဖြစ်သွားကြ တယ်။ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း ဘာလဲဟ၊ အဲဒါ ၄၀ မမ (M79 Grenade Launcher) အသံလားပေါ့။ ဟိုးရှေ့က ကရင်ရဲဘော်တွေကို ကျနော်တို့ထဲတစ်ယောက်က မျက်ရိပ်ပြ လှမ်းပြီးမေးငေါ့ပြီး မေးတယ်။ နောက်တော့ အကုန်လုံးထပြေးကြတော့ ကျနော်တို့လည်း ထမင်းအိုးပူပူကြီးကို ကြံဖန်မပြီး သယ်ပြေးကြရတော့တယ်။ နောက်မှ ထွက်သံကြားပြီး ကျပြီးကွဲသံလဲမကြားပါလားဘာလား ပြန်စုံစမ်းတော့ ၀ါးပင်က နေပူလွန်းလို့ ထပေါက်တာတဲ့။ ၀ါးပေါက်တဲ့အသံကလည်း ဘယ့်နှယ်လုပ်ပြီး လက်နက်ကြီးသံနဲ့ လာတူနေရတယ်မသိဘူး။ တိုက်ပွဲပူပူနွေးနွေးဖြစ်ပြီးကာစ ထပ်ပြီးလျှောက်ပြီးပြေးနေရတာ လျှာပါထွက် တယ်။
ကျနော်က လက်ထဲက အမ်ဆယ့်ခြောက် M-16 သေနတ်လေးကို အမြဲတမ်းသထားတယ်။ သေနတ်မောင်း တုန်းတွေဘာတွေဆိုလည်း မကြာခဏစစ်ကြည့်ပြီး အမြဲအသင့်ဖြစ်နေအောင် တိုက်ချွတ်ထားတယ်။ ကရင် အမျိုးသားအစည်းအရုံး KNU နဲ့ ကျောင်းသားပူးတွဲမဟာမိတ်စစ်ကြောင်းတွေမှာ နယ်မြေကျွမ်းကျင်တဲ့ ကရင်ဗိုလ်တွေက ဦးဆောင်ကြတာများတယ်။ တစ်ချို့နေရာတွေမှာလည်း ကျောင်းသားဖက်က ဦးဆောင် တာတွေလည်းရှိလာတယ်။ တစ်ရက် စစ်ကြောင်းလျှောက်လာပြီး ခဏနားတော့ ကျနော်လည်း သေနတ် မောင်းတုန်းကိုတစ်စစီဖြုတ် သေနတ်တိုက်ဆီထုတ်ပြီး သေနတ်တိုက်နေတုန်း “ကတော်” ဆိုတဲ့ အသင့် ပြင်လို့ ကရင်လိုပြောသံကြားရတယ်။ စစ်ကြောင်းချက်ခြင်းထထွက်တော့ ကျနော်လည်း တစ်စစီဖြုတ်ထား တဲ့ သေနတ်ကို ပုဆိုးထဲထည့်ထုတ်ပြီး လမ်းမှာလမ်းလျှောက်ရင်း သေနတ်ပြန်ဆင်သွားရတော့တာပေါ့။ ကိုသက်က အဲဒီအကြောင်းပြန်ပြန်ပြောပြီး ကျနော့ကိုရီတယ်။ “ဒီကောင် သေနတ်တစ်သသနဲ့ လုပ်နေတာ အဲဒီကျမှမှတ်ကရော၊ ပုဆိုးထဲအမြန်ကောက်ထည့်သွားရတာ မျက်စေ့ထဲမြင်သေး..” တဲ့။
ဗိုလ်မြင့်သိန်းက ကျနော့ကို တစ်ခါ စကားလာပြောတယ်။ ခင်ဗျားက နှစ်ဖက်ချွန်တဲ့။ ကျနော်လည်း လန့် သွားတယ်။ ဟ… ဘာလဲပေါ့။ နောက်မှ.. ခင်ဗျားက သီချင်းဆိုလဲတော်တယ်၊ စစ်တိုက်တာလဲတော်တယ် လို့ သူထပ်ဖြည့်ပြောလို့သက်သာတာ။ တော်သေးတာပေါ့ ကျန်တဲ့ရဲဘော်တွေက ကျနော့ကို နှစ်ဖက်ချွန် ကြီး၊ နှစ်ဖက်ချွန်ကြီးနဲ့ ၀ိုင်းမခေါ်ကြလို့။ နောက်ပိုင်းကျနော်နဲ့တွေ့တိုင်း ဗိုလ်မြင့်သိန်းက အဆိုတော်ကြီးလို့ နှုတ်ဆက်လေ့ရှိတယ်။ ကျနော်တို့ဆရာ အဘ (ဗိုလ်မှူးကြီးအေးမြင့်) က ဗိုလ်မြင့်သိန်းနဲ့ အရင်က ရန်သူ တော် တိုက်ဖော်တိုက်ဖက်၊ ပြိုင်ဖော်ပြိုင်ဖက်တွေလေ။ အဘက ဗိုလ်မြင့်သိန်းနဲ့ မာနယ်ပလောမှာပြန်တွေ့ တော့ ရှေးဟောင်းနှောင်းဖြစ် ဟိုဖက်ဒီဖက်တိုက်ပွဲတွေအကြောင်း စကားတွေဖောင်ဖွဲ့ပြီး ဖလှယ်ခဲ့၊ ပြော ဖြစ်ခဲ့ကြတယ်လို့ ပြန်ပြောပြဘူးတယ်။
ဗိုလ်မြင့်သိန်းကို ရန်သူကမိသွားပြီး ရှင်းလိုက်ကြတယ်တဲ့။ ဒါဟာ သူ့အဖွဲ့အစည်းသာမက ကျနော်တို့ဖက်က အနစ်နာကြီးနစ်နာခဲ့တဲ့ ဆုံးရှုံးမှုကြီးတစ်ခုပါ။
ရိုးသားသူများ
ကျနော်တို့မြစ်ဝကျွန်းပေါ်က ကွင်းပြင်တွေနဲ့၊ မြစ်ရေပြင်ကျယ်တွေနဲ့ တစ်မျိုးလှသလို ကရင်ပြည်နယ်က စိမ်းလန်းတဲ့ တောတောင်တွေအပြည့်နဲ့နဲ့ အရမ်းလှတယ်။ ကရင်လူမျိုးတွေက ရိုးသားကြသလို၊ သဘော လည်းကောင်းတယ်။ မြန်မာစကားကို တတ်ကြတယ်ဆိုပေမယ့် သူတို့က သူတို့နားလည်သလိုပြောကြ တာ။ တစ်ချို့ပြောနှိုင်ကြပေမယ့် များသောအားဖြင့် မြန်မာပြည်အလယ်ပိုင်းကလူတွေလို စကားကို လုံးစေ့ ပတ်စေ့ ပြောနှိုင်ကြတာမဟုတ်ဖူး။ ကျနော်တို့ရှေ့တန်းစစ်ကြောင်းတစ်ခုက ကရင်ရွာတစ်ရွာကိုရောက်တော့ ကရင်အဖွားကြီးတစ်ယောက်က သူမျှားထားတဲ့ ငါးသေးသေးသုံးလေးကောင်နဲ့ ဆန်၊ ဟင်းရွက်တစ်ချို့နဲ့၊ မျှစ်ပါတဲ့ ကရင်တာလပေါ့ဟင်းနဲ့ သူ့တောင်ယာထဲကခူးပြီး လတ်လတ်ဆတ်ဆတ်ထောင်းထားတဲ့ ငြုပ်သီး စိမ်းထောင်း ချက်ကြွေးတယ်။ ရဲဘော်တွေလည်း အရမ်းခံတွင်းတွေ့ပြီး ခေါင်းတောင်မဖော်နှိုင်အောင်ဖြစ် ကုန်ကြတော့တာပေါ့။ အဖွားကြီးက ကျောင်းသားရဲဘော်လေးတွေ အဲဒီလိုအားရပါးရစားနေတာကို ၀မ်းသာ လို့ ပြုံးကြည့်ပြီးတော့ “ဖိုးခွား… အားမနာဘူးလား၊ စားလေ” “ဖိုးခွား… အားမနာဘူးလား၊ စားလေ” လို့ပြော တော့ အကုန်လုံးစားနေတာတွေ ဂလုဆိုပြီးရပ်သွားကြပြီး အဖွားကြီးကိုပြန်ပြူးကြည့်တော့ သူက ဘာမှမ ဖြစ်သလို ကလေးတွေကို စားစေချင်လွန်းလို့ ၀မ်းသာအားရပြောနေပုံဖြစ်နေတာ တွေ့လိုက်ရတယ်။ အဲဒီ တော့မှ အကုန်လုံး တစ်ဟားဟားနဲ့ရီပြီး ဆက်စားဖြစ်ကြတယ်တဲ့။ သူက “သားတို့ အားမနာနဲ့ စားကြ” လို့ ပြောချင်ပုံရပါတယ်။ တောင်ပေါ်သူလေးတွေက အပစ်ကင်းစင်ပြီး လန်းဆန်းတဲ့အလှတွေကို ပိုင်ဆိုင်ထား ကြတယ်။ သင်တိုင်းဖြူနဲ့ အပျိုမလေးတွေကိုလည်း ဟိုနားဒီနားတွေ့ခဲ့ကြတယ်။ တိုင်းရင်းသားတွေ သဘောကောင်းပုံပြောနေရင်း တစ်ခုသတိရလာပြီ။ တောင်ကြောတစ်ခုပေါ်မှာနေကြတဲ့ ကရင်အဖွားကြီးနဲ့ သူ့သမီးကရင်မလေးဆီကို အနားဝန်းကျင်မှာ စခန်းလာချတဲ့ န၀တစစ်ကြောင်းက တပ်ကြပ်တစ်ယောက်က သွားသွားပတ်နေတယ်။ အဲဒါ တစ်နေ့တော့ အဲဒီရန်သူ့တပ်ကြပ်က ခါတိုင်းခေါ်သွားနေကြရဲဘော်ကို ထားခဲ့ ပြီး သူတစ်ယောက်တည်း အကြံနဲ့တက်သွားတယ်။ ဟိုရောက်တော့ အဖွားကြီးက ဆန်ထောင်းနေတာကို တွေ့တော့ “အမိုး… နင့်သမီးကော၊ မတွေ့ပါလား” လို့မေးလိုက်တယ်။ အဖွားကြီးက “ဖိုးမူ (သမီး) တောင်ယာထဲသွားနေတယ်။ နင်ဘာလုပ်မလို့လဲ” လို့ပြန်ပြောတော့ ဟိုလူက ကောင်မလေးကိုမတွေ့ရတဲ့ အထဲ မေးခွန်းပြန်အထုတ်ခံနေရတော့ စိတ်ချဉ်ပေါက်ပေါက်နဲ့ “ဘွတ်စမံပေးမလို့” လို့ပြောထည့်လိုက် တယ်။ ဒါပေမယ့် အဖွားကြီးထပ်ပြောလာတဲ့စကားကိုကြားကြားချင်း အဲဒီငနဲ ချက်ခြင်းထပြီး ပြန်လစ်သွား တော့တယ်။ အဖွားကြီးက “အမိုးကိုပေးချင်ရင် ပေးထားခဲ့လေ၊ ဖိုးမူပြန်လာရင်ပြန်ပေးလိုက်မယ်” တဲ့။
ကံတရား
KNU တပ်မဟာ (၁) ဂွင်ထဲက ပိုင်ကျုံရွာဘေးကတိုက်ပွဲတစ်ခုမှာပေါ့။ ဒိုင်းဒိုင်းဒိုင်း…. ဒက်ဒက်ဒက်နဲ့ အတွဲ လိုက်တွေ ရန်သူဖက်ကစပစ်တော့ ကျနော်တို့အားလုံး အမြန်နေရာယူပြီး ပြန်ပစ်ကြတယ်။ အဲဒါတွေကို “ဒင်းဒင်း” ဆိုတဲ့ ကိုယ့်ဆီက အာပီဂျီ-၇ RPG-7 လက်နက်ကြီးသံစုံက ဖုံးသွားတယ်။ လက်နက်ငယ်၊ လက်နက်ကြီးအသံစုံသွားတယ်။ တိုက်ပွဲအတော်လေးကြာတယ်။ ကျနော့သေနတ်က ယမ်းနံ့တွေနဲ့ညှော် နေရော။ “၀ုန်း” ကနဲ ကျနော့ဘေးကို ကျကွဲတဲ့ လက်နက်ကြီးသံကြောင့် တစ်ကိုယ်လုံးထုံကျင်သွားတယ်။ နောက်ပြီးတော့ နားထဲမှာလည်း စီစီစီစီအသံတွေဘဲရှိတော့တယ်။ အနားပတ်ဝန်းကျင်က ဖုန်တွေ၊ မြေမှုန့်တွေကလည်း ကျနော့အပေါ်မှာ။ ကျနော်တစ်ဟွတ်ဟွတ်နဲ့ချောင်းဆိုးပြီး ကိုယ်ဘာဖြစ်သွားသေး လည်း ပြန်စစ်ဖို့သတိရတယ်။ ကျနော့ကိုယ်ကျနော် ရဲရဲပြန်မကြည့်ရဲဘူး။ အဲဒါနဲ့ ခေါင်းကို နောက်ဖက်ကြော ပေါ်ကျော်ပြီး တစ်ဖြေးဖြေးလှည့်၊ ခြေထောက်ပိုင်းကို ပြန်ကြည့်တယ်။ အိုကေသားဘဲ။ ခြေထောက်တွေကို ပြန်လှုပ်ကြည့်တယ်။ ရပြီ.. ဘာမှမဖြစ်ဘူး။ လက်…၊ လက်တွေကော။ လက်တွေကိုလည်း ဖြေးဖြေးချင်း လှုပ်ကြည့်တယ်။ နောက်ပြီး ခေါင်းဘယ်ညာလှည့်ပြီးကြည့်ရတယ်။ လက်ခြောင်းလေးတွေကို အဆုတ်အ ဖြန့်လုပ်ကြည့်အပြီး လက်တွေလည်းအိုကေတာသေချာတယ်။ အဲ.. ပုခုံးက စပ်ဖျဉ်းဖျဉ်းနဲ့ စစ်အင်္ကျီထဲကို လက်လျှိုပြီး စမ်းတယ်။ လက်ထုတ်ပြီးပြန်ကြည့်တယ်။ လက်မှာသွေးပါမလာဘူး။ အာ.. ဒါ အီကွစ်မန့် ပွန်းတာဘဲဆိုပြီး ကိုယ်ဟာကိုယ် ဘာမှမဖြစ်တာသေချာတာနဲ့ သေနတ်ပြန်ကောက်ပြီး ပြန်ပစ်ရတယ်။ ကျနော့ဘေးက ကရင်ရဲဘော်တစ်ယောက်တော့ တည့်တည့်ကျပြီး တစ်စစီလွင့်စင်သွားတယ်။ သူ့အတွက် စိတ်မကောင်းဖြစ်ရတယ်။ ခုနကလေးတွင်ဘဲ သူနဲ့ စကားပြောနေသေးတာ။
တိုက်ပွဲကြာလို့ သေနတ်ကြာကြာပစ်ပြီးရင် ယမ်းနံ့တွေနဲ့ခေါင်းနောက်ပြီး တိုက်ပွဲနားလို့ ထမင်းစားတဲ့အခါ စားလို့မ၀င်တော့တာတွေလည်းရှိတယ်။ အတွေးအခေါ်အရ အခြေအနေအရသာ ကျနော်တို့ပစ်ခတ်နေရ တာ။ တစ်ကယ်တော့ ကိုယ့်လူမျိုးအခြင်းခြင်း ဘယ်သူကပစ်ချင်မှာလဲ။ ကျနော်တို့လည်း သွေးဆာလို့ တောခိုပြီး သူပုန်လုပ်နေကြတာမှမဟုတ်တာ။ စစ်ပွဲမှာတော့ တစ်ဖက်က ကိုယ့်ကိုသတ်ဖို့လာတာ ကိုယ်က သူ့ကို မသတ်ရင် သူကိုယ့်ကိုသတ်သွားမှာပဲလေ။ တိုက်ပွဲမှာ အရှင်ဖမ်းမိတဲ့ စစ်သားတွေကို တွေ့ဖူးတယ်။ များသောအားဖြင့် ခပ်ငယ်ငယ်တွေများတယ်။ မေးလိုက်ရင် တိုင်းရင်းသားတွေပါဘဲ။ ကိုယ်နဲ့လက်မတွဲချင် တဲ့သူတွေကို သေနတ်သိမ်း၊ တစ်လနှစ်လတန်သည် ထိမ်းသိမ်းထားပြီး လမ်းကြောင်းရှင်းတာနဲ့ ပြန်ပို့ပေး ကြရတာတွေ ရှိတယ်။
တကြိမ်မှာလည်း ဒေသခံဖြစ်တဲ့ ကျနော့ရဲဘော် ၀င်းမြင့်အောင်ကိုခေါ်ပြီး ရှောက်ခြံတွေထဲကို အခြေအနေ သွားကြည့်ရင်း ရှောက်ခြံထဲက ကရင်အဖွားကြီးတစ်ယောက်ရဲ့ တဲကိုရောက်တယ်။ ကျနော်တို့ကို ရေနွေးတို့ ထန်းလျှက်တို့ဧည့်ခံရင်း စကားလက်ဆုံကျနေတုန်း ခေါင်းပေါ်တည့်တည့်က ကျီးနှစ်ကောင်သုံးကောင်လာ ပြီး အော်နေသံကြားရတယ်။ ဒီကကျီးတွေရဲ့အသံက ၀မ်းခေါင်းသံပါတယ်။ ကျနော်တို့မြစ်ဝကျွန်းပေါ်ဖက် က ကျီးတွေရဲ့အသံလို အသံမသာဘူး။ အဖွားကြီးက “ဟဲ့.. ဖိုးခွား။ ပယော် (ဗမာစစ်တပ်) လာတော့မယ်။ ပြန်တော့” လို့ပြောတော့ ကျနော်က ဒါတွေကို အယုံအကြည်မရှိဘူး။ ကျနော်တို့မှာလည်း သေနတ်ပါတာပဲ။ သူတို့လာလည်း ပြန်ပစ်မှာပေါ့လို့ ပြောလိုက်တယ်။ သူ့မျက်နှာကိုကြည့်လိုက်တော့ သွေးမရှိတော့ဘူး။ အရမ်းကြောက်နေပုံရတယ်။ ကျနော်လည်း အလကားနောက်တာပါ၊ ကျနော်တို့သွားတော့မယ်လို့ နှုတ် ဆက်ရင်း ချက်ချင်းထပြန်ခဲ့တယ်။ လမ်းမှာ ကရင်ထိုင်ထားတဲ့ တောင်ကုန်းတစ်ခုကိုတောင် တက်ပြီး KNU ရဲဘော်တွေကိုနှုတ်ဆက်ခဲ့သေးတယ်။ အဲဒီအချိန်က ကျနော်က တရုတ်ပြည်ကထုတ်တဲ့ စိမ်းဖြဲဖြဲယူနီဖောင်း ကို ဘက်တံဆိပ်မပါပဲ ပုဆိုးအပြင်ထုတ်ဝတ်ထားပြီး ပါလာတဲ့ သေနတ်အတိုကို ခါးကြားထိုးထားတယ်။ ၀င်းမြင့်အောင်က သူ့ရဲ့ အေကေ AK ခေါက်ဒင်ကို ဒင်ခေါက်လွယ်ထားပြီး ပုဆိုးခြုံထားတယ်။ လှမ်းကြည့် ရင် ကျနော်တို့ ဘယ်သူဘယ်ဝါဖြစ်တယ်၊ သေနတ်ပါတယ် မပါဘူး မသိနှိုင်တဲ့ပုံစံဖြစ်နေတယ်။ အဲဒါလည်း ကံကောင်းတာ ပါတာပေါ့။ မဟာမိတ်ကရင်တပ်က ရဲဘော်တွေက ရန်သူစစ်ကြောင်းတစ်ခု ပျောက်နေ တယ်လို့တော့ သတင်းပေးလိုက်တယ်။
ကျနော်တို့ စခန်းချတဲ့တောင်ကုန်းကိုမရောက်ခင် ရွာသားတွေ ရွှေကျင်နေကြတဲ့ ယာယီစခန်းကိုဖြတ်လာ ကြတဲ့အချိန် တပ်ရင်း ၂၀၅ က ရဲဘော်တွေဖြစ်တဲ့ ကိုဇော်နိုင်နဲ့၊ ကိုခင်မောင်ထူးတို့ M16 သေနတ် တစ်လက်နဲ့ ငါးဖမ်းပိုက်ကွန်တစ်ခုဆွဲပြီး ထွက်လာကြတာတွေ့တော့ ကျနော်က ဘယ်သွားမလဲလို့မေးလိုက် တယ်။ ကိုဇော်နိုင်က ကျနော်တို့ ဖားလေး၊ ငါးလေး သွားပြီး ဟင်းစားရှာလိုက်ဦးမယ်လို့ ပြန်ဖြေတဲ့အခါ ရန်သူစစ်ကြောင်းတစ်ခုပျောက်နေတယ်ကြားတယ်၊ ညနေလည်းစောင်းနေပြီ သတိထားပြီးသွားကြလို့ သတိပေးခဲ့တယ်။ ရွာထဲက အဒေါ်ကြီးတစ်ယောက်က ဗိုလ်ကြီး.. ညနေ ထမင်းလာစားလေ။ နွားသားရေ သုတ်နဲ့ ဟင်းချိုကောင်းကောင်းချက်ထားမယ်လို့ ထမင်းစားဖိတ်တယ်။ နွားသားရေသုတ်ဆိုတာက နွားသား ရေခြောက်ပြားကို နူးအိနေအောင်ပြုတ်ပြီး ရှောက်ရွက်၊ ရှောက်သီးနဲ့ သုတ်ထားတာ။ ဘာမှမရှိတဲ့နေရာမှာ သူက ဟင်းဖြစ်ပါတယ်။ ကျနော်က ထမင်းသွားမစားခင် ရေဆင်းချိုးဦးမှဆိုပြီး ချောင်းထဲကို ပြန်ဆင်းလာခဲ့ တယ်။ ၂၀၅ တပ်ရင်းမှူးကိုတင်စိုးကို ရေချိုးဆိပ်မှာ ရေချိုးနေတာတွေ့တယ်။ ကျနော်လည်း ချောင်းရေအေး ထဲကို ဆင်းစိမ်ပြီး ရေချိုးနေတာပေါ့။ အဲဒီအချိန် တောက်-ဖန်း ဆိုတဲ့ သေနတ်သံ တစ်ချက်ထွက်လာတယ်။ ကျနော် ဆတ်ကနဲဖြစ်သွားတယ်။ ကျနော် ဟိုရဲဘော်နှစ်ယောက်ကိုလည်း အရမ်းစိတ်ပူသွားတယ်။ ကိုတင် စိုးကို အဲဒါ ဘာသေနတ်သံလည်း သိတယ်မဟုတ်လားလို့မေးတော့ သူက ခေါင်းညိတ်ပြတယ်။ ကျနော်က အပြင်မှာ ငါးသွားဖမ်းနေတဲ့ရဲဘော်တွေရယ်၊ ရန်သူစစ်ကြောင်းပျောက်နေတာရယ်ပြောပြီး သူ့ကို မဟာမိတ် KNU တပ်တွေကို စကားပြောစက်နဲ့ ကိုယ့်ဆီကလူတွေ ကာဘိုင်သေနတ်ကိုင်ထားတာ အဲဒီအရှေ့ဖက်မှာ ရှိမရှိ လှမ်းမေးဖို့ပြောတော့ ကိုယ့်စစ်ကြောင်းကရော၊ မဟာမိတ်ဆီကပါ ကာဘိုင်နဲ့လူ ရှေ့မှာမရှိဘူးလို့ သိရတယ်။ ကျနော် ကိုတင်စိုးကိုကျနော်တို့ အပေါ်ကို ချက်ခြင်းတက်ပြီး သတင်းနားထောင်ဖို့နဲ့၊ လိုအပ်ရင် တပ်လှန့်ဖို့ စီစဉ်ကြရအောင်ဆိုပြီး အမြန်ပြန်တက်ခဲ့ကြတယ်။
ကျနော် ယူနီဖောင်းပြန်ဝတ်ပြီး အောက်ဖက်ကိုမျှော်ကြည့်နေတဲ့အချိန်မှာပဲ ကိုဇော်နိုင် အူယားဖားယား ပြန်ပြေးလာတာတွေ့လိုက်တယ်။ ကျနော်သိလိုက်ပြီ။ ကျနော်အမြန်ဆင်းကြိုပြီး သူ့ကိုမေးတော့ သူက “ကိုခင်မောင်ထူး အပစ်ခံရတယ်တဲ့။ သူနဲ့အတူချောင်းထဲရောက်တော့ အိမ်သာတက်ချင်တယ်ဆိုပြီး သှူ့ဆီ ကသေနတ်ကို ယူပြီး ချောင်းဘေးက ကုန်းကိုတက်သွားတဲ့အချိန် သေနတ်သံထွက်လာပြီး ဟိုလူ ပက်လက် လန်ကျသွားတာတွေ့လိုက်တယ်တဲ့”။ ကျနော်တို့ ချက်ခြင်းရဲဘော်တစ်ချို့ကို တောင်ကုန်းပေါ်မှာနေရာယူဖို့နဲ့ ရှေ့က ရွာသားတွေကို ကျနော်တို့အနောက်က တောင်ပေါ်မှာယာယီနေရာရွှေ့ပေးကြဖို့စီစဉ်ကြရတယ်။ ရန်သူက တက်လိုက်မလာပါဘူး။ နောက်နေ့မှ ရဲဘော်ခင်မောင်ထူးရဲ့ အလောင်းကိုသွားကောက်ပြီး မြေချဖို့ စီစဉ်ရတော့တယ်။
နောက်တစ်နေ့ တက်လာတဲ့ရွာသားတွေကို အဲဒီရန်သူစစ်ကြောင်းက အရာရှိတွေက ပြောလိုက်တယ်တဲ့ အစောကြီးကတည်းက ကျောင်းသားနှစ်ယောက်လျှောက်သွားနေတာတွေ့တယ်။ မပစ်ချင်လို့လွှတ်လိုက် တာတဲ့။ နေ့တိုင်း ဘုန်းကြီးစားစေချင်ရင် လာခဲ့ဆိုပဲ။ ကျနော်ထင်ပါတယ်၊ သူတို့ ကျနော်တို့ကို နွားကုန် သည်တွေလား၊ ဘာလား မသေချာလို့ အစကတည်းက ပစ်မချလိုက်တာ။ ဒါပေမယ့် ကိုယ့်ရဲဘော်ကို အဲဒီလို အချောင်ရသွားတာကိုတော့ နှမြောလို့မဆုံးဘူး။ ကျန်တဲ့ရဲဘော်အားလုံးလည်း စိတ်မကောင်းဖြစ်ကြ ရတာပေါ့။ သူတို့ကို စားစေချင်လို့ ဟင်းစားရှာရှာကြွေးတတ်တဲ့ ကိုခင်မောင်ထူးတစ်ယောက် သူတို့အတွက် ဟင်းစားထွက်ရှာရင်း ကျဆုံးခဲ့ရတယ်လေ။
ဆန္ဒ
တပ်မဟာ (၁) ဘက်မှာက သထုံ-ဘီးလင်းကားလမ်းမကို ဟိုဘက်ကဖြတ်လိုက်၊ ဒီဘက်ကဖြတ်လိုက် ချီတက်ကြပြီး ရန်သူ့စခန်းတွေ၊ တပ်တွေကို မြေပြင်သတင်းအသာစီးယူပြီး တိုက်ကြတဲ့တိုက်ပွဲတွေပါ။ အဲဒီ ကားလမ်းကိုမဖြတ်ခင် တပ်စိတ်နှစ်စိတ်လောက် ဟိုဘက်ဒီဘက် ကင်းရှည်ထုတ်ပြီးတော့မှ စစ်ကြောင်း ရဲဘော်တွေက အပြေးဖြတ်ကြရတာ။ တစ်ရက် စစ်ကြောင်းခဏနားနေကြတုန်း ကရင်ရဲဘော်တွေနဲ့ စုဖွဲ့ပြီး စကားစမည်ပြောကြတော့ တော်လှန်ရေးပြီးရင်ဘာလုပ်မလဲဆိုတဲ့မေးခွန်းကို တစ်ယောက်တစ်လှည့်ပြော ကြတယ်။ အိမ်ပြန်မယ်၊ မိန်းမယူမယ်၊ စိုက်ပျိုးရေးလေးဘာလေးလုပ်စားပြီး အေးအေးဆေးဆေးနေတော့ မယ်နဲ့ တစ်ယောက်တစ်မျိုးပြောနေကြတဲ့အချိန် ကရင်ရဲဘော်တစ်ယောက်အလှည့်ရောက်တော့ သူကပြော တယ်။ “တော်လှန်ရေးပြီးရင် ဒီဘီလင်းကားလမ်းမကြီးပေါ်မှာထိုင်ပြီး ညာသိုအ၀သောက်ပစ်မယ်” တဲ့။ ညာသိုဆိုတာက ကရင်ဆေးလိပ်သောက်ဆေးလေ။ သတင်းစာနဲ့ ဒါမှမဟုတ် ငှက်ပျောရွက်ခြောက်လို အရွက်တစ်မျိုးမျိုးနဲ့ လက်ဖြစ်ပွတ်ချွန်းလိပ်သောက်ရတယ်။
ဟုတ်သားဘဲ ဒီကားလမ်းပေါ်ဖြတ်တိုင်း ကျနော်တို့ဖြတ်ချည့်ပြေးနေရတာ၊ သူလဲပဲ အေးအေးဆေးဆေး ထိုင်ပြီး ဆေးလိပ်သောက်ချင်မှာပေါ့။ လူတွေရဲ့ဘ၀လုံခြုံမှုနဲ့ စားဝတ်နေရေးပြေလည်မှုတွေရှိနေတယ်၊ တရားမျှတမှုတွေရှိနေတယ်ဆိုရင် စစ်ဆိုတာ ရှိမှာမဟုတ်ဘူးလို့လည်း တွေးမိသေးတယ်။ စစ်တွေမရှိတဲ့ ငြိမ်းချမ်းမှုလေးတွေကို အိပ်မက်လို မျက်စေ့ထဲမြင်ယောင်ကြည့်ရတာ အရသာရှိလိုက်တာ။
ကျနော်စူပါမင်း
ကျနော်တို့ တိုက်ပွဲအပြီး နေရာရွှေ့ကြတော့ စစ်ကြောင်းချီတက်ရမယ့် လမ်းက လူတစ်ဖက်နီးပါးလောက် သစ်လုံးပေါ်ကနေ အားလုံး ဟိုဖက်ကြောကိုရောက်အောင်ကူးရမှာ။ မိုးကလည်းတစ်ဖွဲဖွဲဆိုတော့ ကျနော် တို့ မိုးကာစတွေကို ပုခုံးပေါ်မှာချည်ပြီးသွားကြရတာ။ ကျနော်က မျက်စေ့သိပ်မကောင်းရတဲ့အထဲ တပ် မဟာ (၁) မှာ စစ်ကြောင်းသွားရင် ရေလေးစပ်စပ်ရှိတဲ့ ချောင်းတစ်ခုဖြတ်လိုက်၊ နောက်ထပ်မိနစ်လေး ဆယ် တစ်နာရီလောက် နေပူထဲမှာလျှောက်လိုက်၊ အဲဒီလိုတောက်လျှောက်သွားနေရတာဆိုတော့ ပတ္တူစ နဲ့လုပ်ထားတဲ့ စစ်ဘိနပ်ဝတ်ထားတဲ့ခြေထောက်က စိုလိုက်၊ ခြောက်လိုက်၊ ခြောက်ပြီးရင် ပြန်စိုလိုက်ပေါ့။ အဲဒါ မျက်စေ့ကိုအတော်ထိခိုက်တာလေ။ ကျနော် မျက်စေ့မကောင်းတော့ဘူး။ အဲဒီညနေ သစ်လုံးတံတား ကိုဖြတ်တော့ သစ်မြက်ကိုခလုတ်တိုက်ပြီး ကျနော် အဲဒီသစ်လုံးတံတားပေါ်က ပြုတ်ကျပါလေရော။ ပေနှစ် ဆယ်ကျော်လောက်မြင့်တယ်။ ကျနော်လဲ ခြေလွတ်လက်လွတ်ပြုတ်ကျတာဆိုတော့ အကျမနာအောင် ခြေထောက်ကို သတိထားပြီးပြင်ထားတယ်။ အောက်မှာက ခါးလည်လောက်ရှိတဲ့ ချောင်းတစ်ခုရှိနေလို့ သက်သာတာ။ ရေထဲကိုဝုန်းကနဲကျပြီး မိုးကာနဲ့လုံးထွေးနေတာကိုပြန်ဖြည်ပြီး အပေါ်ကိုပြန်တက်ခဲ့ရတယ်။ မိုးကာက ပုခုံးမှာချည်ရက်တန်းလန်းပါလာတာဆိုတော့ ကျနော် ကျန်တဲ့လူတွေကိုတော့ ငါပြုတ်ကျတာ စူပါမင်းနဲ့ မတူဘူးလားလို့ ရီစရာပြန်ပြောဖြစ်သေးတယ်။ ကျနော့မျက်စေ့အမြင်က အတော်ဆိုးသွားတယ်။ ကိုယ့်လူလား ရန်သူလား မခွဲခြားနှိုင်တော့တဲ့အနေအထားဖြစ်လာတော့ စစ်ကြောင်းထဲမှာ မသင့်တော်ဘူး။ ခဏတော့ ရှေ့တန်းအထိုင်စခန်းမှာဖြစ်ဖြစ် ပြန်ပြီးအနားယူမှရမယ်ဆိုပြီး တပ်စုမှူးလုပ်နေတဲ့ကိုသက်က ပြန်ခိုင်းတယ်။ ကျနော်လည်း တခြားတပ်ရင်းက ဆေးနားရဲဘော်နှစ်ယောက်နဲ့အတူ စစ်ကြောင်းကနေ ပြန် ထွက်ခဲ့ကြတယ်။
နောက်ကျတဲ့ခြေထောက် သစ္စာဖောက်
တောင်ကြောပေါ်ကဆင်းတာနဲ့ အိမ်ခြေ ၁၀၀ ကျော်ရှိတဲ့ ကျွန်းပင်ဝင်းရွာကြီးကို လှမ်းမြင်ရတယ်။ သူကြီး ကို ကျနော်တို့ရောက်လာတယ်ဆိုတာအကြောင်းကြားတော့ သူကြီးအဖွားကြီးက ကျနော်တို့ကို တစ်ခြား ကရင်အဖွားကြီးတစ်ယောက်ရဲ့အိမ်မှာ နေရာချပေးတယ်။ အဲဒီနေ့က ကျနော်တို့လည်း နေ့တစ်ဝက် လောက်လမ်းလျှောက်ခဲ့ကြရတော့ အရမ်းပင်ပန်းပြီး ဗိုက်ဆာနေပြီ။ ကျနော်နဲ့ပါတဲ့ ရဲဘော် နှစ်ယောက်က တော့ ရောက်တာနဲ့ အိမ်ရှေ့ခန်းမှာအထုတ်အပိုးချပြီး ခွေနေကြပြီ။ ကျနော့မှာပါလာတဲ့ ကုလားပဲကို ဟန်းကောထဲထည့်ပြီး ပဲဟင်းချက်ဖို့နဲ့ ထမင်းပါတစ်ခါတည်းတည်ဖို့ လုပ်ရတယ်။ ကျနော်အိမ် အတွင်းခန်း ထဲမှာ ချက်ပြုတ်ကောင်းနေတုန်း ဖုတ်ဖုတ်ဖုတ်ဖုတ်နဲ့ခြေသံတွေကြားရတယ်။ ကရင်လို တစ်ယောက်နဲ့ တစ်ယောက် အော်ပြောနေသံတွေလည်းကြားရတယ်။ ဒါနဲ့ ကျနော် ဘာများပါလိမ့်ဆိုပြီး အပြင်ကိုထွက် ကြည့်တယ်။ ကျနော့ ဂီလာနရဲဘော်နှစ်ယောက်မရှိတော့ဘူး။ အိမ်ရှေ့မှာ အိမ်ရှင်အဖွားကြီးက ကျနော့ကို တွေ့တော့ “ဖိုးခွား၊ ဘာလုပ်နေတာလဲ။ သူတို့ ပယော် (ဗမာစစ်တပ်) လာတယ်လို့ပြောတယ်။ ပြေးလေ” ဆိုတော့မှ အသံတွေကိုသဲသဲကွဲကွဲကြားရတယ်။ “ပယော် ဟဲလီး။ ကျီလီး။ ကျီလီး” ဗမာလာပြီ ပြေးပြေးပေါ့။ ကျနော်လည်း ကိုယ့်သေနတ်နဲ့ပစ္စည်းပစ္စယတွေအပြင် ဟိုဆရာတွေကျန်ခဲ့တဲ့ ကျောပိုးအိတ် နဲ့ဟားဗားဆိုဒ်တွေကိုပါမပြီး အိမ်ပေါ်ကခုန်ချပြေးရတာ စစ်ဖိနပ်ကိုတောင် ပြန်စွပ်ချိန်မရလိုက်ဘူး။ ရှေ့က ပြေးနေတဲ့ရွာသားတစ်ယောက်ကို အကူအညီတောင်းပြီး ကိုယ့်အီကွစ်မန့်ကိုယ်ပြန်စွပ်၊ ကျောပိုးအိပ်ပြန် လွယ်ပြီး သူ့ကို အနီးဆုံးရွာပြင်ကမြောင်းတစ်ခုကိုခေါ်သွားဖို့ပြောရတယ်။ နောက်ဖက်မှာ သေနတ်သံတွေ အပြင်၊ လက်နက်ကြီးသံတွေပါကြားရတယ်။ ဟ.. သူတို့ရွာကို ပစ်ပြီးဝင်တာပါလား။ လားလား… တွေ့ပြီ၊ ရှေ့မှာ ကျနော့ရဲဘော်နှစ်ယောက် ကျနော်တို့ သူတို့ကို ခဏလေးနဲ့မီလာတယ်။ ကျနော်တို့က မြေမာပေါ်မှာ ပြေးနေကြတာ။ အဲဒီဆရာနှစ်ယောက်ကတော့ ကြောက်ပြီး သဲတောထဲသွားပြေးနေကြတာကိုး။ ကျနော် လည်း မနေသာတော့ဘဲ “မင်းတို့အဲဒီသဲတောထဲမှာ ဘာသွားလုပ်နေကြတာလဲ။ မင့်အဖေတွေပစ်တဲ့ဟာ တွေ ဖင်ထဲရောက်လာလိမ့်မယ်” လို့အော်ပြောတော့မှ သတိရပြီးလမ်းပေါ်ပြန်တက်လာကြတယ်။ ဒီလို အသဲအ သန်အချိန်တွေမှာ ကျနော်တို့ စကားကိုယဉ်ကျေးအောင်ပြောလို့မရဘူး။ အချိန်လဲမရှိဘူးလေ။
တော်သေးတယ်။ ရန်သူက ထွက်လိုက်မလာကြလို့။ ကျနော်ကျန်ခဲ့တဲ့ ပဲဟင်းချက်လက်စဟန်းကောနဲ့ ဖိနပ် ကို နောက်ပိုင်းမှ ရွာသားတွေယူလာပေးတယ်။ ကျနော်တို့မြောင်းကိုရောက်တော့ အရင်ကြိုရောက်နေတဲ့ KNU က ရဲဘော်တွေနဲ့တွေ့တယ်။ ကျနော်တို့သူတို့နဲ့ နောက်တစ်နေရာကိုထပ်ရွှေ့ပြီး၊ အဲဒီတစ်ညလုံးလိုလို အတူရှိနေကြတာ။ နောက်တစ်နေ့မှ ကျနော်တို့ ရှေ့တန်းအထိုင်စခန်းကို ဆက်သွားကြရတာ။
အဲဒီရွာက ဘီးလင်းဖက်က အရောင်းအ၀ယ်လုပ်တဲ့ ညီမငယ်တစ်ယောက် နောက်နေ့မနက် ဘီးလင်းချောင် စပ်မှာ လှေစောင့်နေတုန်း ရန်သူတပ်က တပ်ကြပ်ကြီးတစ်ယောက်က မုဒိန်းကျင့်တာခံလိုက်ရတယ်တဲ့။ အဲ ဒါကို စစ်ကြောင်းအရာရှိတွေကို သွားတိုင်ကြတော့ အဲဒီတပ်ကြပ်ကြီးကို ကြိမ်ဒဏ်ဆယ်ချက်ဆိုလား၊ အချက်နှစ်ဆယ်ဆိုလား ပေးပြီးဆုံးမလိုက်တယ်တဲ့။
နောက်ပိုင်း ကျနော် မျက်စေ့ပြဖို့ နောက်တန်းကိုပြန်မယ့်အဖွဲ့နဲ့ ပြန်လိုက်ခဲ့ရတယ်။ မျက်မှန်လည်း လုပ် လိုက်ရတယ်။ ဒီဂရီကလည်း ပြည်တွင်းမှာတုန်းကစမ်းခဲ့တဲ့ ဒီဂရီရဲ့နှစ်ဆတိုးသွားတော့တာပေါ့။ တပ်ရင်း မှာတော့ ထုံးစံ အတိုင်း နောက်တန်းတာဝန်တွေနဲ့ပဲ အချိန်ကုန်ရပြန်တာပေါ့။
xxxxxxxxx
ဆက်ရေးပါမည်.....
No comments:
Post a Comment
mr.kyaingtun@gmail.com