ဒီနေ့
လိုင်းကား ရှားတဲ့ လမ်းမပေါ်က ရုံးခွဲမှာလုပ်စရာရှိတာ သွားလုပ်ပီး
ပြန်မယ်ဆိုတော့ မှောင်စပျိုးနေပါတယ်။ လိုင်းကားစီးလည်း စွယ်တော်
ပိတ်နေတာနဲ့ မကြားချင်ပဲ စွယ်တော်ကြွတာကို မုဒိတာပွားတဲ့ ဗုဒ္ဓဘာသာ ကားသမား၊
စပါယ်ယာတွေ စကားကြားမိရင်ဖြင့် ကိုယ်လည်း ရောယောင်ထောက်ခံမိမှာစိုးလို့၊
အိပ်စိုက် ကားငှားလို့ အိမ်ပြန်ဖို့ကို စိုင်းပြင်းပါတော့တယ်။ ကားငှားဖို့
ကားတားမယ်ဆိုမှ နံပါတ်ပြားကို ကြည့်ပီး တားဖို့လုပ်တော့ အမယ် ၃၃၃၃
ပူးခင်ဗျ။ အဲ့ဒါနဲ့ ဆက်ငှားဖို့ကြိုးစားနေတုန်း ၅၅၅၅ ပူးခင်ဗျ။ ကားတွေကလည်း
သွားမဲ့နေရာ ပြောလိုက်တာနဲ့ ကမ္ဘာအေး လမ်းကြောကို ဖြတ်ရမယ်လို့ပဲ
စိတ်ထဲဆွဲပီး ခေါင်းတစ်ခါခါနဲ့ ထားရစ်ခဲ့လို့ နောက်ဆုံးမတန်တဆ ဈေးနဲ့
ကားကိုငှားလို့ ပြန်ခဲ့ရပါတယ်။ ကားပေါ်မှာ ကားဆရာနဲ့ စကားလက်ဆုံကြရင်း
ကားနံပါတ်တွေ ပူးနေတဲ့ ကိစ္စပြောနေတုန်း ဘေးကနေ ဖြတ်သွားတဲ့ကားက ၉၉၉၉
ပူးခင်ဗျ။ အဲ့ဒါနဲ့ အခုထိတော့ ကျွန်တော် ၈၈၈၈ ပူးမတွေ့ဘူးသေးဘူးနော်လို့
ပြောလိုက်တော့ ရှိတယ်ခင်ဗျတဲ့၊ ပြောနေတုန်း ဘေးက ဖြတ်သွားတဲ့ကားက ၇၈၈၈
ဖြစ်နေလို့ အံ့သြနေသေးရဲ့။ တိုက်ဆိုင်လိုက်တာများကွာ ဒီဇင်ဘာ ၇ ရက်လို့
ပြောင်းပြောရမလို ဖြစ်နေတယ်။
ကားစီးရင်းနဲ့ ကားဆရာနဲ့ ပြောမိပုံများကတော့ အောချလောက်ပါတယ်။ စကားပြောရင်းဆိုရင်း အလုပ်အကိုင် အဆင်မပြေကြောင်း ပြောမိလေတော့ ညီလေး မင်း အလုပ်အကိုင် မအိုကေရင် မုန့်ဟင်းခါး ရောင်းစားကွ အဲ့ဒါကိုက်တယ် ဆိုပဲ။ ဘယ်လိုဘယ်လို မုန့်ဟင်းခါးရောင်းတာ ဘယ်လောက် ကိုက်လို့လဲဆိုတော့ ငါတောင်မိန်းမရသွားလို့ နောက်မို့ မုန့်ဟင်းခါးရောင်းစားတယ်ကွ၊ မုန့်ဟင်းခါက ခေါက်ချိုးမြတ်တယ်။ ငါးသောင်းရင်းရင် တစ်သိန်းမြတ်တယ်ဆိုပဲ။ ဒါနဲ့ စပ်စုလေတော့ ထွက်လာသမျှ ဝေမျှပါတယ်။ မုန့်ဟင်းခါ တစ်ပွဲ ၂၀၀၊ ပွဲ ၅၀၀ ရောင်းရင် တစ်သိန်းရမယ်တဲ့။ အဲ့လို ရောင်းရဖို့အတွက် အစပိုင်း အရင်းအနှီးက သုံးသောင်းလောက်ဆို ရတယ်ကွ။ ဟင်းရည်က နှစ်သောင်းလောက် ကုန်မယ်ကွာ၊ ကျန်တဲ့ တစ်သောင်းနဲ့ ပွဲ ၅၀၀ ဖိုး မရဘူးလေ၊ အဲ့တော့ မုန့် နည်းနည်း၊ အကျော်၊ နံနံပင် ဘာညာ ပွဲ ၂၀၀ ဖိုးလောက် အရင်ဝယ်ပြီး လိုက်ရောင်းကွာ။
ပွဲ ၁၀၀ ကျော်လောက် ထွက်သွားရင် ၂၀၀၀၀ ကျော်လောက် ထပ်ရပီ။ အဲ့ကြမှ နောက်ထပ် ပွဲ ၄၀၀ လောက်ရောင်းရဖို့ မုန့်ဖတ်၊ အကြော်စုံ ထပ်ဝယ်ထည့်ကွာ။ မင်း ဟင်းရည်သာ များများကျန်ပါစေ အရင်း ၃၀၀၀၀ ကျော်ပီးရောင်းရသမျှ အမြတ်ကြီးပဲကွတဲ့။ အဲ့လိုလုပ်ဖို့ အထမ်းဆိုင်းနဲ့ မုန့်ဟင်းရည်အိုးသာ လိုပါတယ်ကွတဲ့။ သူ့စီးပွားတွက်ကတော့ တကယ့်ကို သူဌေးဖြစ်ကိန်းပေါ့။ အဲ့ဒါကြောင့်လည်း ဆိုင်းထမ်းမုန့်ဟင်းခါးသည်တွေ အများကြီး တွေ့တွေ့နေတာ ကိုက်မှ ကိုက်ပါ့မလားလို့ ကိုယ်ကသာ တွေးပူနေတာ သူ့ဟာနဲ့သူကတော့ အဆင်ပြေနေတာမို့လို့ ဒီလိုရောင်းစားနေတာပဲလို့ တွေးမိတာနဲ့ ကားဆရာကို စိတ်ထဲက ချီးကျူးမိသား။
အဲ့ဒိကနေ သွားရင် လမ်းဘေးက ဆော့နေတဲ့ ကလေးတွေကိုကြည့်ပီး ခုခောတ်ကလေးတွေ စည်းကမ်းမရှိဘူးဗျ၊ ငယ်ငယ်လေးကတည်းက မိဘကစနစ်တကျ မထိမ်းသိမ်းကြဘူးဗျ။ ပစ္စည်းတစ်ခု ယူသုံးပီး သူ့နေရာသူ ပြန်ထားရမယ်၊ တရိုတသေကိုင်ရမယ်ဆိုတာ မသိကြဘူး အဲ့ဒါ လူကြီးတွေ ညံ့တာဗျ။ ကလေးတွေ အသုံးမကျတာ ပြောရရင် ဆရာတွေပါ ချန်ထားလို့မရဘူးဗျတဲ့.... ကျွန်တော် တူတွေဆို စာကျက်နေရင် နားထောင်ကြည့်တယ် လစ်ဗင်းသင်း အစ်စ်သည်၊ လစ်ဗင်းသင်း အစ်စ်သည်၊ လစ်ဗင်းသင်း အစ်စ်သည်၊ နဲ့ အော်နေတယ်ဗျာ ဒီကောင် ရှေ့ဆက်မတက်နိုင်ဘူး။ ဘာလဲဟ လစ်ဗင်းသင်း အစ်စ်သည် ဆိုတော့လည်း ဒီကောင် မဖြေနိုင်ဘူး။ Living Things ဆိုတာ သက်ရှိသတ္တ၀ါလေဗျာ.... အစရှိသည်ဖြင့် ချီပြီးသကာလ ကားဆရာရဲ့ Bio သင်ခန်းစာကို ငါးမိနစ်စာမျှ နားသောတ ဆင်လိုက်ရပါတယ်။
အဲ့ဒိကနေမှ ဒီကောင်တွေက စာသာ ကျက်နေတာ ဘာမှန်းသိတာမဟုတ်ဘူး။ သင်တဲ့ဆရာတွေကလည်း ကျောင်းချိန်မြန်မြန်ပီး ကျူရှင်စာပြဖို့ပဲ စဉ်းစားနေတာ။ လက်တွေ့ဆိုတာလည်း ဗလာနတ္ထိဗျ။ အဲ့ကောင်တွေ အမီးဘား ဆိုတာဘာလဲ သွားမေး မသိဘူး။ ကျောင်းမှာ မိုက်ကရိုစကုတ် ဆိုတာကလည်း အလှပြထားတာ ဖုံတွေတက်၊ ခြတွေ တက်လို့.... ဒါတွေ ဘာလုပ်မှာလဲဗျာ ကလေးတွေကို တကယ်တတ်အောင် သင်ပေးခြင်ရင် ဒါတွေ ပေးသုံးမှပေါ့ဗျတဲ့... (သူပြောနေတုန်း ကိုယ်တွေ ကိုးတန်းအထိ မိုက်ခရိုစကုတ်ကို ဖုံတွေတက်နေတဲ့ လက်တွေ့ခန်းထဲက ဗီရိုထဲကို ငေးခဲ့တာလေး သတိရတယ်။ အဲ့ဒိတုန်းက ဆရာ့ကို ကျွန်တော်တို့ အဲ့ဒါ ထုတ်ကြည့်လို့ မရဘူးလားဆိုတော့ ပျက်ရင် ငါလျော်ရမှာ ငါ့လစာက နှစ်ပဲတစ်ပြားရယ်၊ အဲ့တော့ ငါလည်းမလျော်နိုင်ဘူး၊ မင်းတို့ လျော်နိုင်ရင် လျော်နိုင်တဲ့ကောင် ထုတ်ကြည့် ဆိုတဲ့စကားလေးကြောင့် အကုန်လုံး ဇက်ကလေးပုပီး လက်တွေ့ချိန်လေး ပီးသွားတာ အမှတ်ရမိပါရဲ့။) ဒီကောင်တွေက စာလည်း စိတ်မ၀င်စား၊ ဆရာတွေကလည်း နားလည်အောင် သင်မပေးနဲ့ ဖို့အစ်စီကွဲတူ ဖို့အစ်စီကွဲတူ ဖို့အစ်စီကွဲတူနဲ့ အစ်အီကွဲတူကနေကို မတက်နိုင်ပဲ လူသွားကြည့် ငိုက်နေပီဗျတဲ့....
သူ့စကားတွေက မှတ်သားစရာတွလည်းပါ၊ ကိုယ်တွေ ငယ်ဘ၀လည်း ပြန်ပြန်သတိရသလို ဖြစ်လာတော့ သေခြာနားထောင်မယ်ပေါ့ ထိုင်ခုံနေရာပြင်လိုက်တုန်း ကားဘေးက ရိပ်ခနဲ မြင်လိုက်လို့ ရှောင်လိုက်တာတောင် နဖူးမှာ ဆူး ခနဲဖြစ်သွားတယ်..... လန့် ပီး အော်လိုက်ရင်း ကြည့်လိုက်တော့ ကလေးလေး ချာတိတ်လေးက ကားထဲကို အုန်းတံမြက်စည်းတံလေး ထိုးထည့်လိုက်တာ ကျွန်တော့နဖူး လာမှန်တာကိုး.... ကားဆရာက ဘာဖြစ်လို့လဲ မေးတာနဲ့ အကျိုးအကြောင်း ပြောပြလိုက်တော့ ခုခောတ်လူတွေ ရိုင်းတယ်ဗျ.... ဟိုနေ့ကလည်း ကျွန်တော့ကားထဲကို မူးနေတဲ့ လူတစ်စုက သူတို့ဘေးက ဖြတ်သွားတာကို ကားထဲ ရေဘူးပစ်ထည့်တယ်ဗျ၊ သူတို့က လူများတာနဲ့ ကျွန်တော်လည်း ဘာမှမပြောပဲ မောင်းထွက်လာတယ်ဗျာ၊ ကျွန်တော်တို့လူမျိုး ရိုင်းတယ်ဗျ၊ ဒီမိုကရေစီနဲ့ မတန်ဘူး၊ လွတ်လပ်ပီဆိုပီး လုပ်ချင်ရာ သိတ်လုပ်တတ်တဲ့လူမျိုးဗျတဲ့ (အဲ့ဒါ သူပြောတာနော် ကျွန်တော့်စကား တစ်ခွန်းမှ မပါဘူး။) ပြောနေတုန်း ဘေးကနေ ဝေါခနဲဆို ဆိုင်ကယ်တစ်စီးက ဖြတ်သွားတယ်......
ကားဆရာ ကားကို လမ်းဘေး အမြန်ဆွဲချရင်း တွေ့လား တွေ့လား စည်းကမ်းမရှိတာ၊ လမ်းက မကောင်းလို့ သတိထားရတဲ့ ကြားထဲ အဲ့ဆိုင်ကယ်က တစ်မှောက်။ ကြည့် မီးကလည်းမပါ၊ အဲ့ကောင် မှောက်ရင် သူ့အမှုက ကိုယ့်အမှု ပါတ်မယ် ခပ်ခွာခွာနေမှ၊ အဲ့ဒါပဲ ဆိုင်ကယ်တွေ မစီးရဆိုတာလည်း လစ်ရင် ခိုးစီးတာပဲ အဲ့လိုတွေကြောင့် စည်းကမ်းတွေ ကျပ်လာတာဗျ.... အခုလည်းကြည့် လျှပ်စစ်စက်ဘီးတွေဆိုပီး လက်တစ်လုံးခြားနဲ့ သွင်းလာတယ်၊ မောင်းတဲ့လူတွေကလည်း လမ်းကြိုလမ်းကြား ရပ်ကွက်ကြိုရပ်ကွက်ကြားထဲ သောက်ရမ်းကာရော မောင်းတယ်... အခု လွှတ်တော်မှာထင်တယ် ကုန်လမ်းပို့ဆောင်ရေးမှူးက ဥပဒေတင်သွင်းနေတယ်တဲ့ဗျ။ ဥပဒေထွက်လာရင် အခွန်ကြပ်မယ် အဲ့ကြမှ အေးမယ် အဲ့ကောင်တွေ။ နောက်မို့ဆို စည်းကမ်းမရှိဗျာ၊ အိမ်က ကလေးတွေ လမ်းပေါ်မှာ ဆော့နေရင်တောင် သတိထားခိုင်းရတယ် အဲ့ စက်ဘီးတွေကို။ အော် ခင်ဗျားတို့လည်း လမ်းကူးရင် ကြည့်ကူးဦး၊ အခု မနေ့တစ်နေ့ကမှ တောက တက်လာတယ်ထင်တယ်ဗျာ၊ ဘယ်ချောင်ကြို ချောင်ကြားက တက်လာမှန်းမသိတဲ့ လူတွေ (သူပြောတာ ရန်ကုန်ကို ရောက်လာတဲ့ ဘင်္ဂါလီ တွေပါ) ကားမောင်းတာ မောင်းလည်း မမောင်းတတ်၊ စည်းကမ်းလည်း ဂရုမစိုက်နဲ့ သောက်ရမ်းကာရော မောင်းတာဗျ။ သူတို့မောင်းလို့ တိုက်မိရင်လည်း ထွက်ပြေးရင်ပြေး၊ မပြေးရင် အလျော်ပေးပလိုက်တာပဲ သူတို့က ပိုက်ဆံရှိလို့ဆိုပေမဲ့ နာကမှက ကိုယ်က အရင်ဗျ နော့...
ကိုယ့်လူမျိုးတွေကလည်း စည်းမရှိ ကမ်းမရှိ သောင်းကြမ်းပြမှတော့ လူမျိုးခြားက ရောင့်တက်တာလည်း အပြစ်မဆိုသာဘူးဗျ... ကိုယ့်လူမျိုး အဆင့်နိမ့်ကျတယ်ဆိုလို့ တစ်ခြားမကြည့်နဲ့ဗျ၊ လက္ဖက်ရည်ဆိုင် ထိုင်ရင် အဲ့က စားပွဲထိုး ချာတိတ်လေးတွေများ ပိုက်ဆံရှင်းဖို့ သားလေးရေ၊ တူလေးရေ ခေါ်ရင်လှည့်မကြည့်ဘူးဗျ။ ညီလေးရေ့၊ ဟေ့သူငယ်ရေဆိုလည်း အရေးမလုပ်ဘူး။ တိရိစ္ဆာန်များ ခေါ်သလို ပါးစပ်က ကျွတ်ကျွတ်နဲ့ လုပ်ခေါ်မှ သူ့ခေါ်မှန်းသိပီး လှည့်ကြည့်တယ်ဗျ။ အမှန်က ကောင်းကောင်းမွန်မွန်ခေါ်ရင် လှည့်ကြည့်ရမှာလေ အခုတော့ ဒီကောင်တွေ့စိတ်ထဲ တိရိစ္ဆာန်လိုခေါ်မှ သူ့ခေါ်တယ်ထင်ကြတယ်... အဲ့ဒိ အကျင့်တွေဗျာ ဘယ်သူမှ ရိုက်မသွင်းပဲ အလိုလိုဝင်ကုန်တာဗျ.....
ကျွန်တော်လည်း စကားပြောကောင်းနေတုန်း ကိုယ့်လမ်းထိပ်ရောက်တော့ အစ်ကိုအဲ့နား ဆင်းမယ်ဗျဆိုပီး ကားခ အိပ်ကပ်ထဲရှိ တစ်ရွက်တည်းသော ၅၀၀၀ တန်ထုတ်ပေးချိန်မှာတော့ ကိုယ့်ဆရာက ဇာတ်လမ်းက အဲ့ဒါပဲဗျ ကျုပ်မလည်း အန်းစရာတစ်ပြားမှ မရှိဘူးဗျာ..... အဲ့ဒါပဲ အကြွေက ရှားတယ် အစိုးရကဗျာ အောက်ခြေက ပြည်သူတွေကို မကြည့်ဘူး လုပ်ချင်ရာသာ စွတ်လုပ်တယ်.... !@#@$^$# ဆိုပီး အာစိ မောင်းတင်တဲ့အချိန် လမ်းဘေးက ဆိုက်ကားဆရာတွေက ဘုကြည့် ၀ိုင်းကြည့်နေတာနဲ့ အာစိရေ့ ရော့ ဒီမှာ ၅၀၀ တန်ရှိတယ် ပြန်အမ်းနိုင်လားဆိုပီး အမြန်ကိစ္စရှင်း လစ်ရသေးတယ်..... အစိုးရ မကောင်းကြောင်းပြောရင် တိုင်းပြည် ဆူပူအောင်လုပ်ချင်တဲ့ ကောင်တွေနေမယ်၊ အဲ့ဒါဆိုရင် ငါတို့ ထမင်းရှာစားရခက်လို့ ထမင်းငတ်မယ်ဆိုတဲ့ ပုံသေ သီအိုရီကို လက်ခံထားတဲ့ ဆိုက်ကားဆရာများကို ကြောက်တာနဲ့ အမြန်လစ်ပြေးခဲ့ရင်း အမှတ်ရစရာ ညနေခင်းတစ်ခု ဖြစ်ခဲ့ပါတယ်.....

No comments:
Post a Comment
mr.kyaingtun@gmail.com