Monday, December 17, 2012

လက်ပံတောင်း သပိတ်စခန်း အသစ်ဖွင့်ထားတာကို ဆက်ထားမယ်လို့ သပိတ်စခန်းမှာ စည်းဝေးပြီး ဆုံးဖြတ်

Cho Tu Zal and 2 other people shared Ko Htike's status update.
မနေ့က .. လက်ပံတောင်း သပိတ်စခန်း အသစ်ဖွင့်ထားတာကို ဆက်ထားမယ်လို့ သပိတ်စခန်းမှာ စည်းဝေးပြီး ဆုံးဖြတ်လိုက်ကြတယ်လို့ သိရတယ်။

ကျွန်တော်နဲ့ သဘောထား ကွဲသူတွေ ရှိနိုင်ပါတယ်။ သို့သော် ဒီစာကို ဆုံးအောင် ဖတ်ကြည့်ပါလို့ တိုက်တွန်းပါရစေ။

ကျွန်တော့်သဘောအရဆို သပိတ်စခန်းကို (ခဏ) ပိတ်လိုက်စေချင်တယ်။ သံဃာတွေကို တောင်းပန်လိုက်လို့ ..
ကျေနပ်ပြီး ပိတ်ခိုင်းတာ မဟုတ်ပါ။ အစိုးရ လှည့်ကွက်နဲ့ မိပြီး ခံလိုက်ရတာ မဟုတ်ပါ။ ကျွန်တော့်မှာ အကြောင်းပြချက် ခိုင်ခိုင်လုံလုံ ရှိပါတယ်။ အဲဒါတွေကတော့ ..

(၁) သံဃာတွေက တောင်းဆိုတာ အပြည့်အဝ မရပေမယ့် .. သာဓုခေါ် ကျေနပ်ထားကြတော့ ..အဲဒါကို လေးစားလိုတဲ့ စိတ်

(၂) တောင်းပန်ပွဲကို အတိုင်းအတာ တစ်ခုအထိ ကျေနပ်တယ် ဆိုထားတာကြောင့် .. တနိုင်ငံလုံး လှုပ်ရှားမှုတွေက စိတ်အားထန်သန်မှု (motivation) လျော့သွားတယ်။ ဒီအတွက် .. သပိတ် စခန်းအတွက် စိတ်ဓါတ်ရေးရာ ထောက်ပံ့မှုက အားနည်းနေချိန် ဖြစ်တာကြောင့် ခဏ ရပ်သင့်တယ် ထင်တယ်။

(၃) နိုင်ငံရေးအရ အလျော့အတင်း ကစားကွက်ကို ကိုယ်က ပိုင်ပိုင် နိုင်နိုင် ကစားနိုင်ဖို့ လိုမယ်။ သူတို့ အကွက်ထဲ ကိုယ်က မကစား မိဖို့ လိုမယ်။ သူတို့က လျော့သယောင်ပြုပြီး လူကောင်း သူကောင်း လုပ်နေတာကို ကိုယ်က သိပ်တင်းရင် .. ကိုယ်တွေ အကွက်ကျွံသွားနိုင်တယ်။

(၄) လူတွေ ပင်ပန်းနေကြပြီ။ အားမွေးဖို့ လိုတယ်။ ဒါဟာ ရေရှည်တိုက်ပွဲရဲ့ အစပဲ ရှိပါသေးတယ်။ အားအင် မဖြုန်းစေလိုပါဘူး။ လက်နက်ကြီးတွေ အကုန် မသုံးစေချင်ပါဘူး။

(၅) စုံစမ်း စစ်ဆေးရေး အဖွဲ့က စုံစမ်းနေပြီး .. အပြစ်ရှိသူကို အရေးယူဖို့ လုပ်နေတယ် ပြောတာကြောင့် ဇန်ဇဝါရီ လကုန် အစီရင် ခံစာကို စောင့်ကြည့်သင့်ပါတယ်။ တလ ထဲပါ။ ဒီတလ စောင့်လို့ ကိုယ့်အတွက် ဆိုးကျိုး သိပ်မရှိပါဘူး။

(၆) သပိတ်စခန်းတွေ ခဏ ခဏ လုပ်နေရင် .. သပိတ်စခန်းရဲ့ အရေးပါ ထိရောက်မှုကို လျော့တွက်တာ ခံရတတ်ပါတယ်။ ခပ်ပေါပေါ ဖြစ်သွားတတ်ပါတယ်။ ဥပမာ ... ရုပ်ရှင် သရုပ်ဆောင်တွေက သာမန်လူသွား လူလာ များတဲ့နေရာမှာ ခဏ ခဏ သွားလာနေရင် .. လူတွေက မြင်ပါများတော့ ရိုးသွားသလို .. ကိုယ့်ကို အလေးပေးလိုစိတ် လျော့ကျတတ်ပါတယ်။

(၇) အခု လက်ပံတောင်းတောင်အတွက် ဖြစ်ရပ်နဲ့ လူတွေရဲ့ စိတ်ဓါတ်က အမြင့်ဆုံး အဖြစ်ရှိနေပါတယ်။ ပြောရရင် ပြည်သူ့ဘက်နေ အကောင်းဆုံး အမြင့်ဆုံး အခြေအနေကို စံတင်ခဲ့ပါတယ်။ ဒီစံချိန်နဲ့ အနိုင်ပိုင်းထားသင့်ပါတယ်။ သပိတ်စခန်း တစ်ခုဟာ .. လူထုရဲ့ စိတ်ဓါတ်ရေးရာ ထောက်ခံမှု မရရင် အားပျော့နိုင်ပြီး .. ကိုယ်တွေ ချိုးထားတဲ့ စံချိန်အောက်ကို ရောက်သွားနိုင်ပါတယ်။ အသာစီးကနေ အနိုင်ပိုင်း တတ်ဖို့အရေးကြီးပါ။ လိုအပ်မှ .. (ဥပမာ အစီရင်ခံစာထွက်လာပြီးမှ) ရလဒ်အပေါ် လူတွေရဲ့ တုန့်ပြန်မှုနဲ့ .. အရှိန်ထပ်တင်ပြီး လုပ်ကိုင်စေလိုပါတယ်။

(၈) အခု အချိန်က .. သပိတ် တိုက်ပွဲထက် .. ပညာရှင်တွေနဲ့ တွေ့ဆုံပြီး .. ဆွေးနွေးပွဲတွေ၊ တိုင်ပင်ပွဲတွေ၊ စာတမ်း ဖတ်ပွဲတွေ လုပ်ပြီး ... ခိုင်မာတဲ့ အရှိန်ကို တည်ဆောက်ရမယ့် ကာလဖြစ်တယ်လို့ မြင်ပါတယ်။

(၉) သပိတ် တိုက်ပွဲကို အာရုံစိုက်နေရင် အခြားနေရာတွေ လစ်ဟင်းနိုင်ပြီး .. သပိတ်တိုက်ပွဲ တစ်ခုတည်း သီးခြား ရပ်တည်မှုက .. အခြား ထောက်ပံ့မှုမပါရင် ပန်းတိုင် အတွက် အဖြေ ဖြစ်မနေဘဲ .. ဆန့်ကျင်ဘက် ရလဒ်ကိုသာ ရတတ်တာကို သတိပြုမိစေလိုပါတယ်။

အဲဒါတွေကတော့ ... သပိတ် စခန်းကို (ခဏ) ရပ်ထားစေလိုတဲ့ ကျွန်တော့ အကြောင်းပြချက်တွေပဲ ဖြစ်ပါတယ်။

လေးစားစွာဖြင့်
ကိုထိုက်

No comments:

Post a Comment

mr.kyaingtun@gmail.com