Monday, December 17, 2012

ABSDF ဒု ဥက္ကဌ ရဲဘော်မျိုးဝင်းနှင့် Living Color တွေ့ဆုံမေးမြန်းခန်း by Nyo Htet on Monday, December 17, 2012 at 9:15am ·


“ရေရှည် တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးဖြစ်ဖို့ လူထုရဲ့ အခန်းကဏ္ဍကလည်း အရေးကြီးပါတယ်။ နှစ်ဘက်စလုံးက လူထုပါဝင်မှုအတွက် လမ်းဖွင့်ပေးဖို့လိုတယ်” ဆိုသည့်   မြန်မာနိင်ငံလုံးဆိုင်ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)၏ ပြည်တွင်းငြိမ်းချမ်းရေး၊လူမျိုးကို အခြေခံသည့် ဖက်ဒရယ်ပြည်ထောင်စုတည်ရေးတို့နှင့် ပတ်သက်ပြီး  ဒုတိယဥက္ကဌ ကိုမျိုးဝင်းနှင့်တွေ့ဆုံမေးမြန်ထားသည်များ ကို စုစည်ဖော်ပြလိုက်ပါသည်။
Living Colors ။  ။ UNFC က ပြောတဲ့ ငြိမ်းချမ်းရေး ပုံစံ ၆ ချက် နဲ့ အစိုးရ လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေး Road  Map က နှစ်ချက်လောက်လွဲနေတယ်၊ အဲ့ဒါကို ဘယ်လိုညှိနို်င်းလို့ ရမယ်ထင်လဲ၊ အဲ့ဒီပေါ် မှာ ဘယ်လို သုံးသပ်ပါသလဲ။
UMW ။   ။ ဘက်နှစ်ဖက် ဆွေးနွေးမှုတိုင်းမှာတော့ ရပ်တည်ချက်နဲ့ အမြင်မတူနိုင်တာတွေ ရှိနိုင်ပါတယ်။ ကွဲလွဲ တာက ပြသနာမရှိဘူး၊ အရေးအကြီးဆုံးက နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး အဖြေရှာလိုစိတ် ရှိဖို့ဘဲ။ ကြိုတင် သတ်မှတ်ထားချက်တွေကြောင့် တွေ့ဆုံဆွေးနွေးပွဲကို အကန့်အသတ် မဖြစ်စေသင့်ဘူး။
ဒီနေ့ကာလ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအားလုံး တောင်းဆိုတင်ပြနေတာက နိုင်ငံ ရေးအရ တန်းတူရည်တူ ဆွေးနွေးရေးဖြစ်တယ်။ ဒီနေရာမှာ အဓိက အဖြေရှာရမှာက ပြည်တွင်းစစ် ဖြစ်ရခြင်းရဲ့ အရင်းခံအကြောင်းတရားဘဲ ဖြစ်တယ်။ ဗမာမဟုတ်တဲ့ တိုင်းရင်းသား အင်အားစုတွေ အားလုံး တောင်းဆိုတိုက်ပွဲဝင်နေတာက အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးအ တွက်ဘဲ။ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင် ပြဌာန်းခွင့်ကို အသိအမှတ်မပြုဘဲ၊ နိုင်ငံရေးပါတီများ ထူထောင်ပြီး ရွေးကောက်ပွဲဝင်ပါ၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလက်ခံပါ၊ လွှတ်တော်အ တွင်းမှာ အများဆန္ဒနဲ့အညီ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ပါလို့ဘဲ အစိုးရဘက်က တဖက် သတ် တောင်းဆိုနေမယ်ဆိုရင်တော့ ဆွေးနွေးပွဲက အဆင်ပြေမှာမဟုတ်ဘူး။ အမျိုးသားတန်းတူ ရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ဖေါ်ဆောင်နိုင်မဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး လွှတ် တော်ပ ဆွေးနွေးပွဲမှာ သဘောတူညီမှုတွေကို အခိုင်အမာ ချမှတ်နိုင်ဖို့လိုမယ်။
အရေးကြီးဆုံးက ဒီနေ့ကာလ တိုင်းပြည်မှာ တည်ရှိနေတဲ့ နိုင်ငံရေးပြသနာအားလုံးကို တဦး ကောင်း၊ တဖွဲ့ကောင်းနဲ့ ဖြေရှင်းလို့မရဘူး။ အားလုံးလက်တွဲ ဖြေရှင်းသွားဖို့လိုမယ်။ ဒါကြောင့် အား လုံးပါဝင်နိုင်မဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲလိုတယ်။ ဒီဆွေးနွေးပွဲကနေ ဒီမိုကရေစီနဲ့ လူ့အခွင့် အရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံမဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတရပ် ပြင်ဆင်ရေးဆွဲရေးအပါအ၀င် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး နိုင်ငံရေးလုပ်ငန်းစဉ်တရပ်ကို ချ မှတ်သွားဖို့လိုမယ်။ ဒါမှသာလျှင် မတူညီမှုတွေ၊ ကွဲလွဲချက်တွေကို ကျော်လွှားနိုင်လိမ့်မယ်။


Living Color။  ။တိုင်းရင်းသားတွေက ဖက်ဒရယ် ပြည်ထောင်စုပုံစံ သွားချင်တယ် ၊ အစိုးရက ပြည်ထောင်စု ပြို ကွဲမယ်လို့ ထင်နေတာတွေ ရှိသေးတယ်၊ အဲ့ဒီပေါ် ဘယ်လိုအဖြရှာလို့ ရမယ်ထင်လဲ၊
UMW ။   ။ ဖက်ဒရယ်ပြည်ထောင်စုဆိုတာ ခွဲထွက်ရေး၊ ပြိုကွဲရေးမဟုတ်ဘူးဆိုတာကို လက်ခံ နားလည်ဖို့ လိုမယ်။ အဲဒါက ၁၉၆၂ ခုနှစ်မှာ ဦးနေ၀င်းဦးဆောင်ပြီး စစ်တပ်က အာဏာသိမ်းယူခဲ့တဲ့အကြောင်း ပြချက်ဘဲ ဖြစ်တယ်။ ပြည်ထောင်စုကြီး မပြိုကွဲရအောင် စစ်အုပ်စုက တာဝန်ယူလိုက်ရပါတယ် ဆိုတဲ့ ၀ါဒဖြန့်ချီမှုရဲ့ သက်ရောက်မှုဘဲလို့ မြင်တယ်။
ဒီနေ့ကာလ ကမ္ဘာကြီးမှာ နိုင်ငံရေးအရ၊ စီးပွားရေးအရ၊ လူမှုရေးအရ ဘက်စုံ ဖွံ့ဖြိုးတိုးတက်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတွေ အများကြီးရှိပါတယ်။ အမေရိကန်၊ ကနေဒါ၊ ဂျာမဏီ၊ အိန္ဒိယ စတဲ့ ခိုင်မာအားကောင်းတဲ့ ဖက်ဒရယ်ပြည်ထောင်စုတွေရှိတယ်။ ဆိုဗီယက်ပြည်ထောင်စုနဲ့ ယူဂိုစလား ဗီးယား ပြည်ထောင်စုတို့ ပြိုကွဲသွားခဲ့ရတာတွေက ဖက်ဒရယ်မူကြောင့် မဟုတ်ဘဲ အခြား နိုင်ငံရေး ပြသနာများကြောင့်ဆိုတာကိုတော့ လေ့လာတွေ့ရှိနိုင်မှာဖြစ်တယ်။
ကမ္ဘာကြီးမှာ အောင်မြင်တိုးတက်နေတဲ့ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းမှုနဲ့ပတ်သက်ပြီး အားသာ ချက်၊ အားနည်းချက်တွေကို ကျနော်တို့လေ့လာဖို့လိုမယ်။ ပုံတူကူးချဖို့ လုံးဝမဖြစ်နိုင်ပါဘူး။ ကျ နော်တို့ တိုင်းပြည်ရဲ့ နိုင်ငံရေးပြသနာများကို ဖြေရှင်းနိုင်မဲ့၊ မိမိတိုင်းပြည်ရဲ့ အခြေအနေနဲ့ ကိုက်ညီမဲ့ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းမှု ပုံသဏ္ဍန်ကို အင်အားစုအားလုံး တိုင်ပင်ဆွေးနွေးပြီး ချမှတ်သွား ဖို့လိုမယ်။
Living Color။  ။ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ဖို့ အဓိက လိုအပ်ချက်က ဘာလို့ထင်လဲ။
UMW ။   ။ပထမ အရေးကြီးတဲ့အချက်က ပြည်ထောင်စု ဖွဲ့စည်းမှုပုံသဏ္ဍန်ဘဲ။ ဒီကနေ့ ဖက်ဒရယ်ပြည်ထောင် စု ဖွဲ့စည်းမှု ပုံသဏ္ဍန် နှစ်မျိုးရှိတာကို တွေ့ရှိနိုင်မှာဖြစ်တယ်။ လူမျိုးကိုအခြေခံပြီး ဖွဲ့စည်းတာနဲ့ ပထ၀ီဒေသကို အခြေခံဖွဲ့စည်းတာဖြစ်တယ်။
အမေရိကန်ပြည်ထောင်စုဆိုရင် နယ်မြေကျယ်ဝန်းတဲ့အတွက် ပထ၀ီဒေသကို အခြေခံပြီး ဖွဲ့စည်း ထားတဲ့ ပြည်ထောင်စု ဖြစ်တယ်။ အိန္ဒိယဆိုရင် တိုင်းရင်းသား လူမျိုးပေါင်းစုံ စုပေါင်းနေထိုင်တာ ဖြစ်တဲ့အတွက် လူမျိုးကို အခြေခံပြီး ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုဖြစ်တယ်။
ကျနော်တို့ရဲ့ ပြည်ထောင်စုဟာ တိုင်းရင်းသား လူမျိုးပေါင်းစုံ စုပေါင်းနေထိုင်တာဖြစ်တဲ့အတွက် လူမျိုးကို အခြေခံတဲ့ ပြည်နယ်များဖွဲ့စည်းပြီးတော့ ဖက်ဒရယ်ပြည်ထောင်စုကို ဖွဲ့စည်းဖို့လိုမယ်။ ဒီနေ့ကာလမှာ (၈) ပြည်နယ်မူ၊ (၁၄) ပြည်နယ်မူတို့ကို တင်ပြနေကြတာတွေ့ရှိရတယ်။ ကျနော့် အမြင်အရတော့ ပြည်ထောင်စုကို အမျိုးသားပြည်နယ်နဲ့ တိုင်းရင်းသား လူမျိုးပေါင်းစုံ နေထိုင်ကြတဲ့ ဒေသများမှာတော့ အမျိုးသားများ(များ)ပြည်နယ်များနဲ့ ဖွဲ့စည်းဖို့လိုမယ်။ ဗမာကလည်း ကချင်၊ ချင်း၊ ရှမ်း၊ ရခိုင်၊ မွန်၊ ကရင်၊ ကရင်နီတို့လို တိုင်းရင်းသား လူမျိုးတမျိုးဖြစ်တဲ့အတွက် ပြည်နယ်တခု အနေနဲ့ ဖွဲ့စည်းဖို့လိုမယ်။  ပြည်နယ်ရထိုက်တဲ့ လူမျိုးတစ်မျိုးအတွက် ပြည်နယ် တစ်ခုသာ ရှိရမယ်။ ပြည်ထောင်စုအဖွဲ့ဝင် အဆင့်ဆင့် သတ်မှတ်တာကိုတော့ ပင်လုံကဲ့သို့သော အင်အားစုအားလုံး ပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲကနေ သတ်မှတ်ပေးရလိမ့်မယ်။
ဖက်ဒရယ်ပြည်ထောင်စုရဲ့ ဒုတိယ အရေးကြီးတဲ့အချက်က ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရတို့အကြား အာဏာခွဲဝေရေးဘဲ။ အာဏာခွဲဝေမှုနဲ့ ပတ်သက်လို့ ပြည်ထောင်စုအစိုးရရဲ့ အာဏာများကို ကန့် သတ်ထားပြီးတော့ ကျန်အာဏာများကို ပြည်နယ်အစိုးရများ ကျင့်သုံးပိုင်ခွင့်ရှိတဲ့ အာဏာ ခွဲဝေ ရေးစနစ်ကို ကျင့်သုံးဖို့လိုမယ်။ လိုအပ်ချက်အရ ပြည်ထောင်စု အစိုးရနဲ့ ပြည်နယ်အစိုးရတို့ ပူးတွဲ ကျင့်သုံးပိုင်ခွင့်ရှိတဲ့ အာဏာများကိုလည်း သတ်မှတ်သွားဖို့လိုမယ်။ ပြည်နယ်များရဲ့ ကိုယ်ပိုင်ပြ ဌာန်းခွင့်ဟာ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များနဲ့အညီ ဖြစ်ဖို့လို မယ်။
ဖက်ဒရယ်ပြည်ထောင်စုရဲ့ တတိယ အရေးကြီးတဲ့အချက်က အမျိုးသားတန်းတူရေးကို ဖေါ်ဆောင် နိုင်မဲ့ ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းမှုဖြစ်တယ်။ လူမျိုးစုကိုအခြေခံတဲ့ ပြည်နယ်အသီးသီးက တူညီသောကိုယ်စားလှယ်ဦးရေနဲ့ ဖွဲ့စည်းထားတဲ့ အမျိုးသားလွှတ်တော်ရှိမယ်။ လူဦးရေကို အခြေခံ တဲ့ ကိုယ်စားလှယ်များနဲ့ ဖွဲ့စည်းတဲ့ ပြည်သူ့လွှတ်တော် ရှိမယ်။ လွှတ်တော်နှစ်ရပ်စလုံးကိုလည်း တန်းတူတဲ့ ဥပဒေပြုခွင့်အာဏာများကို အပ်နှင်းထားဖို့လိုမယ်။ အဲဒီ လွှတ်တော် နှစ်ရပ်ပေါင်းပြီး တော့ ပြည်ထောင်စုလွှတ်တော်ကို ဖွဲ့စည်းရမယ်။
Living Color။  ။ဒီဇင်ဘာလအတွင်း တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့အားလုံးနဲ့ အပြစ်ခတ်ရပ်ဆဲပြီး၊ အား လုံး ပါဝင်နိုင်မယ့် ငြိမ်းချမ်းရေး စကားဝိုင်းတစ်ခု ပြုလုပ်မယ်လို့ အစိုးရက  အချို့ ဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ သဘောတူထားတယ်။ အဲ့ဒါက ဒီဇင်ဘာလမှာ ဖြစ်နိုင်မယ်လို့ထင် လား၊ အဲ့ဒါ လုပ်နိုင်ဖို့ အဓိက လိုအပ်ချက်က ဘာဖြစ်မလဲ။
UMW ။   ။ လက်တွေ့ဖြစ်မဖြစ်က  အချိန်က ဆုံးဖြတ်သွားမှာဘဲ။ လက်ရှိအခြေအနေအရ တချို့သော အဖွဲ့အ စည်းတွေနဲ့ အပစ်အခတ်ရဲစဲရေး မပြုလုပ်နိုင်သေးတာကိုလည်း ပကတိ တွေ့ရှိနိုင်မှာဖြစ်ပါတယ်။ လက်ရှိ အစိုးရအနေနဲ့ အဲဒါကို လက်တွေ့ ဖေါ်ဆောင်လိုတဲ့ဆန္ဒ အစစ်အမှန်ရှိတယ်ဆိုရင် မခက်ပါ ဘူး။ ဒီနေ့ကာလ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခများကို အမြန်ဆုံး ရပ်စဲသွားဖို့ တတိုင်း ပြည်လုံး အတိုင်းအတာဆောင်တဲ့ အပစ်အခတ်ရပ်စဲရေးကို တာဝန်ယူမှု၊ တာဝန်ခံ မှုရှိရှိနဲ့ ကြေညာပြီး နိုင်ငံရေးအရ အင်အားစုအားလုံးနဲ့ တွေ့ဆုံဆွေးနွေးရေးကို အမြန်ဆုံး အကောင်အ ထည်ဖေါ်ရုံဘဲ။
Living Color။  ။ကချင်ဒေသမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေရပ်ဖို့ အဓိက လိုအပ်ချက်က ဘာလို့ထင်ပါသလဲ။
UMW ။   ။ KIO/ KIA နဲ့ စစ်အစိုးရတို့အကြား ၁၇ နှစ်တာ အပစ်အခတ်ရပ်စဲရေး ပြုလုပ်လာခဲ့ပြီးမှ စစ်ရေး တိုက်ပွဲတွေ ထပ်မံဖြစ်ပွားလာခဲ့တာဖြစ်တယ်။ ၁၇ နှစ်တာကာလအတွင်း နိုင်ငံရေးပြသနာများကို နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး အဖြေရှာနိုင်ဖို့ KIO/ KIA ဘက်က နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်း ခဲ့တာကို တွေ့ရှိနိုင်မှာဖြစ်တယ်။ ဒါပေမဲ့ ရလာဒ်က နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းဖို့ အတင်းအကြပ် ဖိအားပေးခံခဲ့ရတာဘဲ။
သူတို့ရဲ့ အတွေ့အကြုံ၊ သင်ခန်းစာများအရ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေးကိုဘဲ အလေးထား တောင်းဆိုနေတာကလည်း တရားမျှတတယ်လို့မြင်တယ်။ အခုနောက်ဆုံး ရွှေလီဆွေးနွေးပွဲကနေ နှစ်ဘက် သဘောတူထားအတိုင်း ကြိုတင် သတ်မှတ်မှုမရှိတဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲကို အမြန်ဆုံး ကောင်အထည်ဖေါ်နိုင်မယ်၊ နိုင်ငံရေးပြသနာတွေကို ဆွေးနွေး အဖြေရှာနိုင်မယ်ဆိုယင် ဖြစ်ပွားနေတဲ့ စစ်ပွဲတွေက အလိုလို ရပ်သွားလိမ့်မယ်လို့ ယုံကြည်တယ်။
Living Color။   ။ ငြိမ်းချမ်းရေးက အစိုးရနဲ့ တိုင်းရင်းသား တပ်ဖွဲ့တွေပဲ ဆွေးနွေးနေတာ မဟုတ်ပဲ ပြည် သူလူထုဆီ ရောက်ဖို့တွက် လိုအပ်ချက်က ဘာဖြစ်မယ်ထင်လဲ။
UMW ။   ။ ရေရှည် တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးဖြစ်ဖို့ လူထုရဲ့ အခန်းကဏ္ဍကလည်း အရေးကြီးပါတယ်။ နှစ်ဘက်စလုံးက လူထုပါဝင်မှုအတွက် လမ်းဖွင့်ပေးဖို့လိုတယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများအနေနဲ့ တွေ့ဆုံဆွေးနွေးရေး၊ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ လူထုသဘောထားတွေကို ရရှိဖို့ သက်ဆိုင်ရာ ဒေသအသီးသီးမှာ နည်းလမ်းပေါင်းစုံနဲ့ စနစ်တကျ အကောင်အထည်ဖေါ် နေတာကို တွေ့ရတဲ့အတွက် အားရပါတယ်။ ငြိမ်းချမ်းရေးဟာ လူထုအတွက် အကျိုးရှိစေမဲ့ ငြိမ်း ချမ်းရေးဖြစ်ဖို့လည်း လိုပါတယ်။
တွေ့ဆုံဆွေးနွေးမှုကတော့ နှစ်ဘက် ဆွေးနွေးမှုကနေ လူထုပါဝင်ခွင့် ရှိလာတဲ့အထိ အဆင့်လိုက် ဖေါ်ဆောင်သွားဖို့ လိုပါလိမ့်မယ်။့
Living Color။  ။ထာဝရ ငြိမ်းချမ်းရေးရဖို့ ဘယ်လိုပုံစံမျိုး သွားသင့်တယ် ထင်ပါသလဲ။
UMW ။   ။ အပစ်အခတ် ရပ်စဲရုံနဲ့တော့ စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို ဖေါ်ဆောင်နိုင်မှာမဟုတ်ဘူးလို့ ကျနော်တို့ သဘော ထားကို အစကတည်းက တင်ပြထားပြီးသားဖြစ်တယ်။
ထားဝရ ငြိမ်းချမ်းရေးရဖို့အတွက်က
- ဒီနေ့ကာလဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခများ အမြန်ဆုံး ရပ်စဲသွားဖို့အတွက် လက်ရှိ အစိုးရအနေနဲ့ တတိုင်းပြည်လုံး အတိုင်းအတာဆောင်သော အပစ်အခတ်ရပ်စဲရေးကို တာဝန်ယူမှု၊ တာဝန်ခံ မှုရှိရှိဖြင့် ဆောင်ရွက်ဖို့လိုမယ်။
- တရားမျှတမှု၊ တန်းတူရည်တူမှုရှိနဲ့ နိုင်ငံရေးအရ ဆုံးဖြတ်ပိုင်ခွင့်တို့ကို ဂုဏ်သိက္ခာရှိစွာ ရှာဖွေ ဖေါ်ထုတ်နိုင်မဲ့ နိုင်ငံရေး အင်အားစုအားလုံး ကိုယ်စားပြုပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲများ အမြန် ဆုံး ဖေါ်ဆောင်ဖို့လိုမယ်။
- အင်အားစုအားလုံး ပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲကနေ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး၊ အမျိုးသား တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံမဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတရပ် ပြင်ဆင်ရေးဆွဲရေး အပါအ၀င် အသွင်ကူးပြောင်းရေး နိုင်ငံရေးလုပ်ငန်းစဉ်တရပ် ပေါ်ထွန်းရေးတို့အတွက် ကြိုးစား ဆောင်ရွက်ကြရမယ်လို့ အလေးအနက်ယုံကြည်တယ်။
ဒါမှသာ ရေရှည်တည်တံ့ခိုင်မြဲမဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးတို့ကို ဖေါ်ဆောင် နိုင်မှာဖြစ်တယ်။

No comments:

Post a Comment

mr.kyaingtun@gmail.com