Wednesday, December 19, 2012

အပြေးကောင်းသော ကျွန်တော်နှင့် တရားဥပဒေစိုးမိုးမှုကို စိန်ခေါ်နေသော လူမိုက်များ ရေးသားသူ- ဥက္ကာကိုကို

စစ်ထောက်လှမ်းရေးတွေနဲ့  ရပ်ကွက်ကို အုပ်ချုပ်ခဲ့ပြီး အတိုက်အခံလို့ နာမည်တတ်ထားတဲ့ သူတွေကို ဖမ်းဆီးတဲ့ အလေ့အကျင့်က ဒီလိုလူမိုက်တွေကိုမွေးထုတ်ပေးခဲ့တယ် ။ ဒီမိုကရေစီ အပြောင်းအလဲကာလမှာ လူငယ်တွေက စိတ်ဝင်စားတဲ့ ဘာသာရပ်တွေနဲ့  အုပ်စုဖွဲ့ သင့်တယ် ။ လူတွေက ဆင်းရဲတာနဲ့ ငွေနောက်လိုက်ရင် ခရိုနီ တပည့်တွေဖြစ်သွားတတ်တယ် ။
အပြေးကောင်းသော ကျွန်တော်နှင့် တရားဥပဒေစိုးမိုးမှုကို စိန်ခေါ်နေသော လူမိုက်များ

ရေးသားသူ- ဥက္ကာကိုကို

ရုတ်တရက် ရှေ့မှာ ထိုးရပ်လိုက်သည့်  ကားနှစ်စီးပေါ်က ခုန်ဆင်းလာသော လူဆယ်ဦးခန့်ကို တွေ့လိုက်ရပြီး မရှေးမနှောင်းပင် ညာဘက်ပါးချိတ်ပေါ်သို့ 
ကျရောက်လာသည့် လက်သီးတစ်ချက်ကြောင့် ကျွန်တော်နောက်လန်ကျသွားသည်။ အချိန်က ညသန်းခေါင်ကို ကျော်လွန်ခဲ့ပါပြီ။

လူသွားလူလာ တိတ်ဆိတ်နေသည့် ညတစ်ညရဲ့ ပြန်နေကျ လမ်းပေါ်မှာ ကားစောင့်နေချိန် ၀ိုင်းဝန်းရိုက်နှက်ရန် ကြံစည်ခံရလိမ့်မည်ဟု 
ကျွန်တော်မထင်မှတ်ထားခဲ့ဖူးပါ။ နောက်လန်ကျတဲ့ ခဏမှာ ချက်ချင်းပြန်ထပြီး ၀ိုင်းလာတဲ့ လူတစ်စုကြားထဲက တိုးထွက်နိုင်ခဲ့သည်မှာလည်း 
ကံကြမ္မာကြောင့်မဟုတ်ဘဲ အပြေးမြန်ခြင်းကြောင့်သာလျှင်ဖြစ်ပါသည်။

လွတ်မည့်လမ်းကြားတွေထဲ ကွေ့ပတ်ဝင်ပြေးရင်း အန္တရာယ်ကင်းလောက်ပြီထင်၍ မူလနေ ရာသို့ ပြန်ရောက်သွားသောအခါ ကားစောင့်တုန်းက 
ဘေးမှာချထားသော ကျောပိုးအိတ် မရှိတော့။ ကျောပိုးအိတ်ထဲပါသွားသည့် စီဒီအမ်အေ ဖုန်းတစ်လုံး၊ Canon ၅၅၀ ဒီကင်မရာတစ်လုံး၊ ဘဏ်စာအုပ်တစ်အုပ်၊ 
သတင်းမှတ်စုများ၊ မှတ်ပုံတင်နှင့် ပိုက်ဆံအိတ်တို့ကို နှမြောတသ ဖြစ်ရုံသာ။ 

“ပြောရလျှင် ဘာကိုမှ ဆက်စပ်စဉ်းစားမရအောင် ဖြစ်နေခဲ့သည်။ ရန်ငြိုးရန်စလည်း မရှိ။ ဘယ်သူတွေမှန်းလည်း မသိ။ ဘာကြောင့်မှန်းလည်း မသိ။ “အဲဒီနေ့ ကနောက်ကနေ ၀ိုင်းလိုက်ကြတာ ၁၀ ယောက်ကျော်တယ်။ လက်ထဲမှာ အုတ်ခဲတွေ၊ တုတ်တွေ ကိုင်ထားကြတယ်” ဟု ထိုနေရာအနီး လက်ဖက်ရည်ဆိုင်မှ
စားပွဲထိုးလေးတစ်ဦးက နောက်တစ်နေ့မှာ ပြန်ပြောပြသည်။ 

အုပ်စုဖွဲ့ ရိုက်နှက်မှု၊ လုယက်မှု၊ အနိုင်ကျင့်မှု၊ ရန်ပွဲများစသဖြင့် ယခုရက်ပိုင်းတွေမှာ အမှုအခင်းများ နာမည် ကျော်လာသည်။ ယခုနှစ် အောက်တိုဘာလနှင့် 
နိုဝင်ဘာလတို့အတွင်း အုပ်စုဖွဲ့ရမ်းကားသော အမှုတွေ ပိုများလာသည်။ အမှုအခင်းများမှာ ယခင်ကတည်းက ဖြစ်ပျက်နေကျဖြစ်သော်လည်း ယခုအခါ 
မီဒီယာအသီးသီးမှ ဖော်ထုတ်ရေးသားလာ ကြသောကြောင့် လူအများသိရှိလာရသည်။

တချို့အမှုများမှာ လူအများရှေ့၌ပင် အုပ်စုဖွဲ့၍ ရိုက်နှက်သတ်ဖြတ်ခဲ့ခြင်း ဖြစ်သောကြောင့် တရားဥပဒေစိုးမိုးမှုအပေါ် ပြည် သူအများက 
သံသယ၀င်လာကြတော့သည်။ ရက်စက်စွာပြစ်မှုကျူးလွန်ခြင်းများ မကြာခဏ ခပ်စိပ်စိပ် ဖြစ်ပွားလာခြင်းသည် ငြိမ်ဝပ်ပိပြားမှုမရှိခြင်းနှင့် တရားဥပဒေ
စိုးမိုးမှုမရှိခြင်းတို့၏ အကျိုးဆက်ပင်ဖြစ်သည်ဟု တရားလွှတ်တော် ရှေ့နေ  ဦးကိုနီက 7Day News သို့ပြောခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် နိုဝင်ဘာလတွင် ပုဇွန်တောင်မြို့ နယ်အတွင်း ကားပေါ်မှလူက ကားအပြင်မှ ရုပ်ရှင်ဒါရိုက်တာ တစ်ဦးကို လည်ပင်းညှစ်လျက်သား 
အနေအထားဖြင့် လမ်းတစ်လျှောက်တရွတ်တိုက် ဆွဲခေါ်သွားသဖြင့် သေဆုံးမှုဖြစ်ခဲ့သည်။ မြောက်ဥက္ကလာပမြို့နယ်တွင် စားသောက်ဆိုင်အတွင်း ထိုင်နေသူကို 
ကားသုံးစီးဖြင့် ရောက်ရှိလာသူ လူနှစ်ဆယ်ကျော်က လူအများ ရှေ့မှာပင် ဓားများဖြင့် ခုတ်သတ်မှုဖြစ်ပွားခဲ့ရာ ပြည်သူများကြား အထိတ်တလန့် ဖြစ်ခဲ့ကြရသည်။

ထိုမှတစ်ဖန် အင်းလျားကန်ပေါင်တွင် ဆိုင်ကယ်များဖြင့် ရောက်လာသူ ၁၄ ဦးက ကန်ပေါင်တာဝန်ကျဝန်ထမ်းကို ဓားဖြင့် ထိုးကာ ဆိုင်ခန်းများကိုတုတ်ဖြင့် 
ရိုက်နှက်ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြပြန်သည်။

ယခုနှစ် အောက်တိုဘာ ၂၃ ရက် ည ၁၁ နာရီခွဲအချိန်တွင် ကားပြိုင်မောင်းနှင်နေသူ လူငယ်ကိုးဦးက လမ်းလျှောက်သီချင်းဆို လာသူ နှင်းဆီကုန်းဘိုးဘွားရိပ်သာ 
သန့်ရှင်းရေးဝန်ထမ်းကို ၎င်းတို့အား စောင်းမြောင်းသီဆိုသည် ဟူ၍ စွပ်စွဲလျက် ဘိုးဘွားရိပ်သာ ရှေ့မှာပင် ၀ိုင်းဝန်းရိုက်နှက်သတ်ဖြတ်ခဲ့ကြသည်။ 

အောက်တိုဘာ ၂၈ ရက် ည ၁၁ နာရီခွဲမှာပင် ရန်ကုန်မြို့လယ်၊ ဆူးလေဘုရားလမ်းနှင့် အနော်ရထာလမ်းထောင့် မီးပွိုင့်တွင် ကိုယ်ပိုင်ယာဉ်တစ်စီးကို 
ပြိုင်ကားမောင်းသူများက သံပိုက်များဖြင့် ရိုက်နှက်ခဲ့ကြပြန်သည်။

ထိုမှတစ်ဖန် နိုဝင်ဘာ ၁ ရက် နံနက် ၁ နာရီအချိန်တွင် ကမာရွတ်မြို့နယ်၊ အင်းစိန်လမ်းမပေါ်ရှိ စံရိပ်ငြိမ်မှတ်တိုင်အနီးတွင် ပြိုင်ကားတစ်စီးနှင့် 
အခြားယာဉ်သုံးစီးက ကိုယ်ပိုင်ယာဉ်တစ်စီးပေါ်မှ လူများကို သံတုတ်၊ သစ်သားတုတ်များဖြင့် ၀ိုင်းဝန်းရိုက်နှက်ခဲ့ကြသည်။ 

ကျွန်တော့်ကို ၀ိုင်းဝန်းရိုက်နှက်ရန် ကြိုးစားပြီး ပစ္စည်းများ ပျောက်ဆုံးခဲ့ရသည့် နိုဝင်ဘာ ၂၉ ရက်ည ၁၁ နာရီခွဲ အချိန်မှာပင် လှော်ကားမြို့နယ်တွင် 
လူအယောက်သုံးဆယ်ခန့်က ၀ိုင်းဝန်းရိုက်နှက်၍ ဓားဖြင့် ထိုးသတ်ခဲ့မှုကြောင့် အသက် ၂၂ နှစ်အရွယ် တက္ကသိုလ်ကျောင်းသားလေးတစ်ဦး 
အသက်ဆုံးရှုံးသွားခဲ့သည်။

ဤအမှုအခင်းများသည် တရားဥပဒေစိုးမိုးရေးကို ပေါ်ပေါ်ထင်ထင်စိန်ခေါ်လိုက်ကြပြီ ဖြစ်သည်။ ထို့အပြင် မင်းမဲ့ စရိုက်ဆန် ဆန်ပြုမူလိုက်ကြခြင်း တစ်ရပ်လည်း 
ဖြစ်သည်။ 

ဖြစ်စဉ်တိုင်းတွင် ပါဝင်ကျုးလွန်ခဲ့သူများကို လေ့လာကြည့်လျှင် လူရွယ်ပိုင်းက ပိုများပြီး တချို့ဖြစ်စဉ်များတွင်တော့ အခကြေး ငွေပေး၍ စေခိုင်းမှုများ 
ပါဝင်နေသည်ကို တွေ့ရသည်။ 

“အုပ်စုဖွဲ့ ကျူးလွန်တဲ့ မှုခင်းတွေက အမျိုးမျိုးရှိတတ်တယ်။ တချို့ကလည်း ဂိုဏ်းဖွဲ့မျိုးမဟုတ်ပေမယ့် ပိုက်ဆံရှိတယ်။ ခိုင်းသမျှ
လုပ်ပေးမယ့် တပည့်တပန်းတွေရှိတယ်။ ဒီတော့ တပည့်တွေကို ငါ့အစား သွားလုပ်ပေးဆိုတာမျိုးပေါ့။ ပြီးရင် ပိုက်ဆံပေးတယ်။ အဲဒီလို ပိုက်ဆံယူပြီး 
တမင်လုပ်စားတာမျိုးကတော့ နည်းပါတယ်” ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် လက်ရှိတာဝန် ထမ်းဆောင်နေသူ ရဲအုပ်တစ်ဦးက 7Day News သို့ အောက်တိုဘာလ နောက်ဆုံးပတ်က ပြောခဲ့သည်။

“တရားဥပဒေ စိုးမိုးမှုကင်းမဲ့ခြင်းရဲ့ ရလဒ်လို့ထင်ပါတယ်။ ထိရောက်တဲ့ အပြစ်ပေးအရေးယူမှုတွေ မရှိခြင်းရဲ့ နောက်ဆက်တွဲ ရလဒ်လို့လည်း ခေါ်နိုင်မှာပါ” ဟု 
ဘလော့ဂ်ဂါတစ်ဦးဖြစ်သည့် ကိုလူဘိုကဆိုသည်။

အုပ်စုဖွဲ့ကျုးလွန်သည့် ဖြစ်စဉ်တချို့တွင် အစိုးအရာရှိကြီးများ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးများ၏ သားသမီးတချို့လည်းပါ ၀င်နေကြခြင်းက "ငွေများ တရားနိုင်" 
ဟူသည့်စကားပုံအရ စိုးရိမ်စရာ ဖြစ်လာသည်။ အဓိကကျသော ဥပဒေ၀န်ထမ်းများအနေဖြင့် မည်သူ့ကိုမဆို ကျောသားရင်သား မခွဲခြားဘဲ တန်းတူညီမျှ 
အရေးယူဆောင်ရွက်သွားရန် မဖြစ်မနေ လိုအပ်ပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ဒုတိယတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးသက်လွင်ကတော့ “ဥပဒေဆိုတာ တစ်ဦး တစ်ယောက်တည်းအတွက် ထုတ်တာမဟုတ်ဘဲ 
အားလုံးအတွက် ကြေညာပြီးမှ ထုတ်ပြန်ထားတာပဲ။ ဘယ်သူဘယ်ဝါရဲ့ သားသမီးဆိုတာကြောင့် ဥပဒေအရ အရေးမယူတာမျိုး မရှိပါ ဘူး။ ကျောသားရင်သား 
မခွဲခြားဘဲ ဆောင်ရွက်မှာပါ” ဟု           Popular News ဂျာနယ်နှင့် တွေ့ဆုံခန်းတွင် ဖြေကြားထားခဲ့သည်။

အုပ်စုဖွဲ့ ရိုက်နှက်လုယက်မှုကျုးလွန်သည့် အမှုများသည် ညအချိန်များတွင် အများဆုံးဖြစ်တတ်ကြသဖြင့် ညဖက် သွားလာတတ်သော လူငယ်များအနေဖြင့် 
အထူးသတိပြုရန် လိုအပ်ပါသည်။ ရဲတပ်ဖွဲ့ဝင်များမှာလည်း အခင်း ဖြစ်နေရာများတွင် ကြိုတင်ရှိမနေနိုင်ကြပါ။ ဤသည်မှာလည်း ပြည်သူဦးရေနှင့် မမျှတသော 
ရဲတပ်ဖွဲ့ဝင် အင်အားနည်းပါးလွန်းခြင်းကြောင့် ဖြစ်ပါသည်။ 

ရန်ကုန်နေ လူဦးရေမှာ ခြောက်သန်းကျော်ရှိပြီး ရဲတပ်ဖွဲ့ဝင်အင်အားမှာ ခုနှစ်ထောင်ကျော်မျှသာရှိကြောင်း သိရသည်။ ထို့ကြောင့်  ရဲတပ်ဖွဲ့မှလည်း ပြည်သူလူထု 
ပူးပေါင်းပါဝင်ရန် အစဉ်အမြဲနှိုးဆော်ခဲ့ကြရသည်။ အုပ်စုဖွဲ့ကျူးလွန်မှုများဖြစ်ပွားပါက  ပြည်သူများက ၀ိုင်းဝန်းတားဆီးခွင့်၊ ဖမ်းဆီးပိုင်ခွင့်ရှိကြောင်း Popular 
News ဂျာနယ်နှင့် တွေ့ဆုံခန်းတွင်ပင် ရဲမှူးမြင့်ထွေးက ဖြေကြားခဲ့သည်။

“တရားဥပဒေစိုးမိုးဖို့အတွက် နိုင်ငံသားတိုင်းမှာ တာဝန်ရှိပါမယ်။ နိုင်ငံသားတိုင်းက သေတော့မယ်၊ သတ်တော့မယ်ဆိုရင် ၀ိုင်းတားလို့ရတယ်။ နိုင်ငံသားတိုင်း 
ဖမ်းဆီးပိုင်ခွင့်ရှိတယ်။ ကျင့်ထုံးဥပဒေမှာ ပြဋ္ဌာန်းထားတာ ရှိပါတယ်။ အနည်းဆုံးတော့ ရဲကိုအပ်ရမှာပေါ့။ ရိုက်နှက်တာမျိုးတော့ မလုပ်ရဘူး။ အဲဒါကို ရိုက်ရင် 
ရိုက်တဲ့လူက တစ်မှုပဲ” ဟု ရဲမှူးမြင့်ထွေးက ဖြေကြားခဲ့ခြင်း ဖြစ်သည်။

အုပ်စုဖွဲ့ ရိုက်နှက်မှုများအပြင် အုပ်စုဖွဲ့လုယက်များလည်း ရှိနေပြီး  ထိုအထဲမှ  အမှုတစ်မှုကို အမျိုးသမီးများက ကျူးလွန်ခဲ့ကြသည်။ တောင်ဥက္ကလာပမြို့နယ် ၁၀ 
ရပ်ကွက်၊ ဟေမ၀န်ဈေး၊ သားငါးတန်းအနီးတွင် ဈေးဝယ်နေသော ရန်ကုန်တက္ကသိုလ်၊ ရုက္ခဗေဒဌာနမှ လက်ထောက်ကထိက ဆရာမတစ်ဦး၏ 
ရွှေလက်ကောက်ကို အကွက်ဆင်လုယက်ခြင်း ဖြစ်သည်။

အင်တာနက်ပေါ် ရေးသားထားသည့် စာနှင့်ပတ်သက်၍ မန္တလေးမြို့၊ မြရည်နန္ဒာရပ်ကွက်နေ ကဗျာဆရာ ဦးဥက္ကာကျော်အား လက်ဖက်ရည်ဆိုင်အတွင်း 
ဝင်ရောက်၍ စွပ်စွဲထိုးကြိတ်ခဲ့သည့် ဖြစ်ရပ်ကလည်း အောက်တိုဘာ ၁၇ ရက်တွင် ဖြစ်ပွားခဲ့သည်။ 

အသက်နှစ်ဆယ်ကျော် လူငယ်များက အသက် ၁၄ နှစ်နှင့် ၃၀ အရွယ်အမျိုးသမီး နှစ်ဦးကို အုပ်စုဖွဲ့ မုဒိမ်းကျင့်ခဲ့ ကြသည့်ဖြစ်ရပ် တစ်ခုလည်း အောက်တိုဘာ ၃ 
ရက်က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဖြစ်ပွားခဲ့သေးသည်။

၂၀၁၂ ခုနှစ် ကုန်လွန်ခါနီးချိန်တွင် အုပ်စုဖွဲ့ရမ်းကားသည့် အထက်ပါဖြစ်ရပ်များ ဆက်တိုက်ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ အဆိုပါ အမှုများအားလုံးကို သက်ဆိုင်ရာ 
ရဲစခန်းအသီးသီးတွင် တရားစွဲ အမှုဖွင့်ထားသော်လည်း လွတ်မြောက်နေသည့် တရားခံများစွာ ကျန်ရှိနေသေးသည်။ 

ရန်ကုန်မြို့ရှိ ပြိုင်ကားမောင်းနှင်သည့် အုပ်စုများကိုမူ အောက်တိုဘာနောက်ဆုံးပတ်မှစတင်ကာ ညပိုင်းများတွင် ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှ 
စစ်ဆေးမှုများစတင်ခဲ့ပြီး တစ်ညအိပ်ထိန်းသိမ်းခြင်းနှင့် ဒဏ်ရိုက်ခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်းသိရသည်။

“တရားဥပဒေစိုးမိုးမှု လျော့နည်းနေလို့ပါ။ နောက်ပြီး လုံခြုံရေးအင်အားတွေ နည်းပါးပြီး ရဲစခန်းတွေ တရားရုံးတွေကလည်း တရားဥပဒေစိုးမိုးမှုကို ကိုင်တွယ်ဖို့ 
အားပျော့နေတာရယ်၊ ပြီးတော့ လုပ်ငန်းလည်ပတ်မှု အားနည်းတာရယ်ကြောင့်ပါ။ တရားရေးအဖွဲ့အစည်းတွေရဲ့ စာရိတ္တကြံ့ခိုင်ဖို့လည်း လိုနေပါသေးတယ်။ 

အဲဒါကြောင့် အုပ်စုဖွဲ့ရမ်းကားမှုတွေ ဓနအားကိုး၊ အာဏာအားကိုးနဲ့ ပြည်သူ့လုံခြုံရေးကို ခြိမ်းခြောက်မှု ဆက်တိုက်ဖြစ်ပေါ်နေတာပါ” ဟု ကဗျာဆရာ၊ 
ဘလော့ဂ်ဂါတစ်ဦး ဖြစ်သော ကိုမိုးလှိုင်ညက မင်းမဲ့စရိုက်ဆန်ဆန် ရမ်းကားမှုများအပေါ် သုံးသပ်သည်။

တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း တရားဥပဒေစိုးမိုးရန် အလွန်အရေးကြီးကြောင်းကို 
တစ်လျှောက်လုံး ပြောဆိုနေခဲ့သည်။ 

“တရားဥပဒေ စိုးမိုးမှုမရှိရင် ဘယ်လိုပဲ အပြောင်းအလဲတွေ လုပ်လုပ် ရေရှည်မခံပါဘူး။ တရားဥပဒေစိုးမိုးမှု မရှိရင် လုံခြုံစိတ်ချရမှုကိုလည်း ပြည်သူတွေ 
ခံစားကြရမှာ မဟုတ်တာကြောင့် ဒီမိုကရေစီ အပြောင်းအလဲတွေ လုပ်နေ တယ်လို့လည်း ပြောလို့မရနိုင်ပါဘူး။ မြန်မာနိုင်ငံမှာ ခိုင်မြဲတဲ့ ဒီမိုကရေစီဖော်ဆောင်ဖို့ 
လုပ်နေတယ်ဆိုတာကို ပြသဖို့လိုတာကြောင့် တရားဥပဒေစိုးမိုးရေးဆိုတာ လိုအပ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ချက်ပြည်သူ့သမ္မတနိုင်ငံ
တွင် ကျင်းပသော ဒီမိုကရေစီနှင့် တရားဥပဒေစိုးမိုးရေး (Democracy and the rule of law) ၁၅ ကြိမ်မြောက် ဖိုရမ်တွင် ပြောကြားခဲ့သည်။

တရားစီရင်ရေးနှင့် ဥပဒေရေးရော ကော်မတီဥက္ကဌ သူရဦးအောင်ကိုကလည်း “ယနေ့ မြန်မာနိုင်ငံကို တရားဥပဒေစိုးမိုးမှု အနိမ့်ကျဆုံးနိုင်ငံများ စာရင်းမှာ 
ကမ္ဘာကထည့်သွင်းထားပါတယ်။ တရားစီရင်ရေး မဏ္ဍိုင်ဟာ အဂတိ တရားများ ဖုံးလွှမ်းနေဆဲဖြစ်ကြောင်း ပြည်တွင်းပြည်ပကလည်း ကျယ်လောင်စွာ 
အော်ဟစ်နေကြပါတယ်” ဟု လွှတ်တော်သို့ တင်သွင်းသည့် အစီရင်ခံစာတွင် ထည့်သွင်းပြောဆိုခဲ့သည်။

တရားဥပဒေ စိုးမိုးမှုရှိသည့် နိုင်ငံများသည် ငြိမ်းချမ်းတည်ငြိမ်လုံခြုံစွာ တိုးတက်နေကြပြီး တရားဥပဒေစိုးမိုးမှု မရှိသည့် နိုင်ငံများမှာတော့ ယခုထိ 
ဓားတောင်ကိုကျော်၍ မီးပင်လယ်ကို ကူးခတ်နေကြရဆဲဖြစ်ကြောင်း သတင်းစာဆရာ မောင်ဝံသက “ဒီမိုကရေစီရဲ့ အသက်ဝိညာဉ် တရားဥပဒေ 
စိုးမိုးမှု”ဆောင်းပါးတွင် ရေးသားခဲ့သည်။

“တရားဥပဒေစိုးမိုးရေးကို တာဝန်ယူဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်း လူပုဂ္ဂိုလ်တွေအနေနဲ့ စနစ်တကျ တာဝန်ယူဖြေရှင်းဖို့ လိုပါတယ်။ 
ဒီလိုတွေဖြစ်လာရတာကလည်း တစ်ချိန်က အာဏာကိုအလွဲသုံးစားလုပ်ခဲ့ကြတဲ့ အာဏာရှင် စရိုက်ကြောင့် ဖြစ်လာတာပါ၊ 
အခုအာဏာရှင်စနစ်မဟုတ်တော့ဘူးဆိုရင် ဒါမျိုးတွေမဖြစ်သင့်တော့ပါဘူး” ဟု ဂျပန်နိုင်ငံတွင် နေထိုင်သည့် ကိုထွန်းဝေက သုံးသပ်သည်။

လူငယ်များအနေဖြင့် လက်နက်ကိုင်ဆောင်ရခြင်း၊ ဂိုဏ်းဂဏဖွဲ့၍ သွားလာရခြင်းတို့ကို အားကျအတုယူတတ်ကြသည့်အပြင် မိဘငွေကြေးတောင့်တင်းသည်ကို 
အခွင့်ကောင်းယူ၍ မိုက်ရူးရဲစိတ် မွေးတတ်ကြသဖြင့် မိမိကိုယ်ကိုယ် ထိန်းသိမ်းကြစေလိုကြောင်း အသက် ၃၀ ကျော် အမျိုးသားတစ်ဦးက ဆိုသည်။ 

ပြောင်းလဲတိုးတက်လာသည့် ခေတ်နှင့်အညီ အရက်ဆိုင်များ၊ ဘီယာဆိုင်များ၊ နိုက်ကလပ်များ၊ ပွဲလမ်းသဘင်များတွင် လူငယ်များအနေဖြင့် အုပ်စုဖွဲ့မူးယစ် 
ရမ်းကားမှုများ ဖြစ်ပွားလေ့ရှိကြပြီး လုံခြုံရေးအရ ညအချိန်တွင် သတ်မှတ်ထားသော ဥပဒေများကို သက်ဆိုင်ရာမှ ထိရောက်စွာ အရေးယူဆောင်ရွက်မှု 
အားနည်းနေသေးကြောင်း ရှေ့နေဦးအောင်သန်းစိုးက           7Day News သို့ပြောပါသည်။ ပျောက်ဆုံးသွားသော ပစ္စည်းများနှင့် ဖြစ်ပျက်ခဲ့သော ဖြစ်ရပ်ကို 
လှိုင်မြို့နယ်ရဲစခန်းကို ကျွန်တော်သွားအသိပေးခဲ့သည်။ သူတို့က ဖြစ်ဖြစ်ချင်း လာရောက်လျှင် ပိုကောင်းမည်ဖြစ်ကြောင်း၊ ကားဖြင့် ရောက်ရှိလာသူများ 
ဖြစ်သည့်အတွက် အနီးအနားတ၀ိုက်မှ လူများလည်း မဖြစ်နိုင်ကြောင်း၊ ရန်ပွဲအသွင် မဖြစ်ပွားခဲ့သည့်အပြင် ထိခိုက်ဒဏ်ရာလည်း ပြောပလောက်အောင် 
မရရှိသည့်အတွက် အမှုဖွင့်ရန်အခက်အခဲရှိကြောင်း စသဖြင့်ပြောကြသည်။

ကျွန်တော်က အမှုဖွင့်ရန် သွားခြင်းဖြစ်သည်။ ကျွန်တော်ပြောသည့် အကြောင်းအရာများကို စာအုပ်သေးသေးလေးလေးမှာ ရေးမှတ်ထားပြီး မှတ်ပုံတင်၊  ဘဏ်စာအုပ်နှင့် ဖုန်းပျောက်ဆုံးကြောင်း ထောက်ခံစာတစ်စောင်ကိုသာ ရေးပေးလိုက်ကြသည်။ ပစ္စည်းများပြန်ရနိုင်ဖွယ် မရှိတော့ကြောင်း နှလုံးသွင်းပြီး 
စိတ်ကိုလျှော့ကာ ပြန်လာခဲ့သည်။

စုစုပေါင်း သိန်းနှစ်ဆယ်ကျော် တန်ဖိုးရှိ ပစ္စည်းများပါ သွားတာကလွဲ၍ ကျွန်တော့်ကိစ္စက အသေးအဖွဲသာ ဖြစ်သည်။
အုပ်စုဖွဲ့ရမ်းကားမှု ကျူးလွန်သူတို့ကြောင့် ဒဏ်ရာကြီးမားစွာ ရရှိသူများနှင့် အသက်တစ်ချောင်း ဆုံးရှုံးသွားရသူများအကြောင်း
စဉ်းစားရင်း တရားဥပဒေစိုးမိုးမှုကို နိုင်ငံတော်မှ ထိရောက်စွာ ကိုင်တွယ်လာနိုင်ပါစေဟုသာ ဆုတောင်းမိသည်။

တရားလွှတ်တော် ရှေ့နေ ဦးကိုနီက ဂျာနယ်သို့  မကြာသေးမီကပြောဖူးသည့် စကားကို ပြန်အမှတ်ရမိသည်။
ရာဇ၀တ်မှုထူပြောလာခြင်း၊ သောင်းကျန်းမှုများ ဖြစ်ပေါ်လာခြင်းတို့၏ အကြောင်းရင်းမှာ တရားဥပဒေစိုးမိုးရေး ယန္တရားကောင်း မွန်စွာ 
မလည်ပတ်နိုင်ခြင်းကြောင့်သာဖြစ်ပြီး အဓိကတာဝန်ရှိသူများမှာ ရဲတပ်ဖွဲ့ပင်ဖြစ်သည်ဟူ၍ ဖြစ်ပါသည်။

No comments:

Post a Comment

mr.kyaingtun@gmail.com