Tuesday, December 25, 2012

ကျနော့်ဘ၀ဇာတ်ကြောင်း (၁) by Maung Maung Than on Monday, December 24, 2012 at 7:58pm ·


ကျနော့်ဘ၀ဇာတ်ကြောင်း (၁)
အစကတော့ မရေးဘူးလို့ ဆုံးဖြတ်ထားတာ၊ ဒါပေမဲ့ ကြံကို အရင်းကစစုတ်တဲ့ မွန်အမတ်လိုပဲ ကိုယ်ဘယ်နေ့ ဘာဖြစ်မယ်ဆိုတာ မသိနိုင်လို့ အတိုတော့ ရေးလိုက်အုံးမယ်လို့ 

တချို့ စကားလုံးတွေဟာ ဘယ်သူပိုင်တယ်ဆိုတာ မြန်မာလူမျိုးမှန်ရင် ချက်ခြင်း သိကြပါ၏၊ အဲဒီစကားလုံးတွေကို မော်တော်ကားတို့ ၊ရေဒီယိုတို့ လိုပဲ အများသုံးစကားဖြစ်တယ်လို့ ပဲ ထင်လိုက်မိပါတယ်၊ ကျနော်တို့ ရင်ထဲမှာလဲ အော်တိုမက်တစ် စွဲနေတဲ့စကားတွေပါ တသက်တာမှတ်တမ်းဆိုရင် ရွှေဥဒေါင်း၊ ကျနော့်ဘ၀ဇာတ်ကြောင်းဆိုရင် သော်တာဆွေပေါ့ဗျာ၊ ကျနော်လဲ နာမည်အသစ် ရှာဖို့ ထက် မော်တော်ကားနဲ့ ရေဒီယိုလိုပဲ ခေါင်းထဲ ဒီနာမည်ပဲ ၀င်လာတာဖြစ်ပါတယ်၊ သတိပေးတဲ့ ဆရာကို ကျေးဇူးတင်လျက်၊ နောက် ဆရာကြီး၂ ပါးကလဲ ခွင့်လွှတ်မယ်လို့ ယူဆရင်း ဒီခေါင်းစဉ်ကို ပဲ ဆက်လက် သုံးစွဲခွင့် ပြုကြပါခင်ဗျာ

၁၉၅၃ခုနှစ် ဒီဇင်ဘာလ ၂၅ရက်နေ့ မှာ ဂျင်မခါနာမှာ မွေးပါတယ်၊ အခု အလုံသစ်တောလမ်းထိပ်က ဗဟိုအမျိုးသမီးဆေးရုံကြီးပေါ့၊ ကျနော်တို့ ခေတ်နောက်ပိုင်း တော်တော်ကြာအထိ ဂျင်မခါနာလို့ သိကြပါတယ်


ကျနော်က ဒုတိယသားပါ၊ ဒါပေမဲ့ အမက ငယ်ငယ်ကထဲက ဆုံးတယ်၊ ဒီတော့ သားကြီးပဲ၊ အဖေက ဦးသောင်းရွှေ၊ အမေက ဒေါ်လှမြိုင်၊ ကျနော့်အဖေက သူ့ အကြောင်းကို သပ်သပ်ရေးရလောက်အောင်ကို များမှာပါ၊ ဒါပေမဲ့တိုတိုပြောရရင်၊ အဖေက ရေနံချောင်းသား၊ စလင်းမျိုး၊ စစ်ကြီးဖြစ်တော့မှ ဆယ်တန်းရောက်နေပြီ၊ စလင်းကို ပြန်အခြေချကြတယ်၊ နောက် အဖေက အမေရှိတဲ့ ဆင်ဖြူကျွန်းကိုလာပြီး ဓါတ်ပုံဆရာလုပ်တယ်၊ ပန်းချီဆွဲတယ်။ တယောထိုးတတ်တော့ ကာလသားခေါင်းဆောင်လို ဖြစ်တယ်၊ အခုနာမည်ကြီး ဂီတစာဆို ဦးမောင်မောင်လတ်( ကဗျာဆရာ နောင်)တို့ က အဖေ့ ညီတွေလို့ ပြောရမယ်၊ နောင်ဆိုတဲ့ ကလောင်နာမည်က အဖေ့ ကလောင်၊ ကြိုက်လွန်းလို့  အတင်းတောင်းသွားတာလို့ အမေက ပြောဘူးတယ်

အမေက ကိုးတန်းကျောင်းသူ၊ သူပုန်ခေတ်မှာ ဆင်ဖြူကျွန်းတခုပဲ အထက်တန်းကျောင်းကို ဖွင့်ထားတယ်၊ စာမေးပွဲဝင်ရင်တော့ ရေနံချောင်းကို သူပုန်နယ်မြေကို ဖြတ်ပြီး သွားဖြေကျတယ်၊

နောက်ပိုင်းမှ ပေါ်လာတာကတော့ သူတို့ ၂ယောက် ရေနံချောင်းကို ခိုးရာလိုက်ပြေးကြတယ်ဆိုပဲ၊ ဒါလဲ လင်မယားတွေ ကွဲပြီး မိထ္ထီလာမှ ညီမအကြီးနဲ့ အတူနေရင်း မြေးကို ကလေးထိန်းနေရင်းက ဒီအချိန် မောင်နဲ့ ရေနံချောင်းကို ခိုးရာလိုက်ခဲ့တဲ့ အချိန်ပဲလို့ ပြောပြီး ငိုတယ်ဆိုလို့ သာသိလိုက်တာ။

အဖေက ဆယ်တန်းကို ကျောင်းမတက်တော့ပဲ အပြင်ကနေ ဖြေတယ်၊ အောင်တယ်၊ သူလေးစားရတယ် ဆရာကြိုင် (၀န်ကြီးရုံးကို လက်နှိပ်စက်စာရေးနဲ့ ဝင်ပြီး ညွှန်ကြားရေးမှုးနဲ့ ပင်စင်ယူတဲ့ ဆရာ။)က ခေါ်လို့ အမေ့ကိုထားခဲ့ပြီး ရန်ကုန်ကို တက်လာတယ်၊ လူထုပညာရေးမှုးအနေနဲ့ တွံတေး ကွမ်းခြံကုန်းတို့ မှာလုပ်တယ်၊ တွံတေးသိန်းတန်း အဲဒီတုံးက ခြောက်တန်းလောက်ပဲ ရှိသေးတယ် တွံတေးရဲ့ ငယ်ဘ၀ အားလုံးကို သိပါ့၊ ဟိုတယ်တွေမှာ အရက်ဝိုင်းတွေ တွံတေး မူးပြီး သောင်းကျန်းတာကို ကြုံလို့ ဆုံးမရဘူးမှန်း အခု အသက်ကြီးမှ ပြောတယ်။

လူထုပညာရေးမှုးဘ၀မှာ အမကိုမွေးတယ် ရွှေစင်ဦးလို့ နာမည်ပေးဆိုပဲ၊ အမေကလဲ စာကူသင်ပေးတယ်၊ ကော့မှုးကွမ်းခြံကုန်းမှာ အဖေတို့ အမေတို့ တပည့်တွေများတယ်။ ညဘက်ဆိုရင် ပြည်သူ့ စစ်တွေ လက်နက်အပြည့်နဲ့ လာပြီး စာသင်ကြတာတွေ။ နောက် အမေ မီးတွင်းမှာ တိုက်ပွဲတွေ ရှိတော့ မလန့် အောင် အရက်တိုက်ထားကြတာတွေပြောတယ်၊ ၁၉၆၉လောက်မှာ ရန်ကုန်မှာ ဆန်အရေးအခင်းဖြစ်တော့ ဆန်အိပ်ထမ်းလာရင် လူသတ်လုတဲ့ အချိန်မှာကို အမေ့တပည့်တယောက် ကော့မှုးကနေ ဆန်အိတ်ထမ်းပြီး ကျနော်တို့ သမိုင်းကို လာပို့ တာ သတိရနေတယ်၊ အဲဒီလောက် ချစ်ကြ ရိုသေကြတယ်။

နောက် အလုပ်ထဲကနေ လူသတ်မိမယ်ဆိုပြီး ထွက်တယ်ပြောတာပဲ၊ ဒါပေမဲ့လဲ အိမ်စောင့်အစိုးရ စွမ်းဆောင်မှုများ စာအုပ်ကိုတော့ အလကားသွားလုပ်ပေးတယ်ပြောတယ်။
အဖေက မြန်မာစာရော အင်္ဂလိပ်စာရောတော်ပါတယ်၊ ကျနော့်အဖေမို့ ပြောတာမဟုတ် ကျနော်သိသလောက်မှာ အကောင်းဆုံး ဘာသာပြန်ဆရာပဲ၊ မြန်မာကနေ အင်္ဂလိပ်၊ အင်္ဂလိပ်ကနေ မြန်မာ။ မြန်မာကဗျာတွေ သီချင်းတွေကို အင်္ဂလိပ်လိုပြန်တာမှာ နာမည်ကြီးတဲ့ ဆရာဝင်းဖေတို့ ထက်ကို ကောင်းတယ်၊

ကျနော့်ကိုမွေးတော့ ပြောသလိုပဲ ပြန်ကြားရေးမှာ ဘာသာပြန်ဆရာအနေနဲ့ ပြန်ဝင်ပြီထင်တယ်။ နောက် လှည်းတန်းမှာ နေကြတယ်၊ ကုန်းတံတားကြီးရဲ့ မြစ်ဖက်အခြမ်းမှာ
ကျနော့်ညီ မွေးပြီးချိန်မှာ အိမ်မီးလောင်တယ်၊ မုန့် လက်ဆောင်းကုန်းမီး။ အိမ်ကို ပစ်ထားပြီးကို အမေက ကျနော့်ကို လက်တွဲလို့ ညီကို ချီပြီး ပြေးကြရတယ် အခု အလုံက ကရင်ခြံ အဘိုးကြီး အဘွားကြီးတဲမှာ မီးခိုနေရတယ်။ အဖေက ရံုးက ပြန်လာမှ သတင်းနားထောင်ပြီးလိုက်လာတယ်၊ အဲဒီခေတ်က အဲဒီလို မီးဘေးဒုက္ခသည် လက်ခံထားတာပဲ၊ လူတွေရဲ့ မေတ္တာစိတ်တွေ။

ကျနော် လှည်းတန်းကို မှတ်မိတာ ကျောင်းတက်တာပဲ။ မူကြိုတွေမရှိ၊ ၃နှစ်လောက်ကထဲက ဘေးက အမတွေနဲ့ ကျောင်းလိုက်တယ်၊ မိုးရွာထဲ တောစီးဘိနပ်ကလေးထဲက ရေတွေ ပြန်သွန်ချတာပဲ မှတ်မိတယ်။

နောက် သမိုင်းးအောင်ချမ်းသာလမ်း အမှတ်ဆ ၂၇မှာ ပြောင်းနေတယ်
တောပဲ

အောင်ချမ်းသာလမ်းဟာ သမိုင်းဘူတာရုံလမ်းကနေ ချိုးဝင်သွားတဲ့ လမ်းသွယ်လေးပဲ
သမိုင်းဘူတာရုံလမ်းကိုက သမိုင်းလမ်းဆုံကနေ ချိုးလိုက်တာနဲ့ သိသာတယ်၊ အောက်က တဂျိုင်းဂျိုင်းခုန်အောင် ဆိုးတဲ့လမ်းရယ် နောက် ကားလမ်းက တာကြီးလိုဖြစ်ပြီး လမ်းနဲ့ အိမ်ခြံတွေဟာ အိမ်ကွက်တကွက်စာလောက်ကို ဝေးနေလေရဲ့ ၊ တာလမ်းဘေးမှာ ကုက္ကိုပင်ကြီးတွေ တဖက်တချက်နဲ့ အုံ့ ဆိုင်းလို့ နေပျောက်မထိုးပါဘူး၊ လမ်းမီးတိုင်လေးတွေ အဲဒီက ပြောင်းခဲ့တဲ့အထိ မီးမပြတ်ဘူး။

ကျနော် တရားဝင်စနေတဲ့ ကျောင်းက အခု အမှတ်(၂) အမက၊ အခု ကျောင်းကြီးက ဟီးလို့ ပါ၊ ကျနော်တို့ တုံးကတော့ ကုလားတဲကြီးတွေလိုပဲ၊ သမိုင်းမြို့ မ ဆရာတော်နဲ့ ဆရာကြီး ဦးကျော်တို့ အခက်အခဲအမျိုးမျိုးကြားထဲကနေ ထူထောင်ခဲ့တဲ့ကျောင်း။ စတက်တော့ သူငယ်တန်းလေး၊ သူငယ်တန်းကြီးကို ရှိတယ်။ ၂နှစ်တက်လိုက်ရသေးတယ်။

ကျနော့်ကို အမေ ဘယ်လောက် ကထဲက ကျောင်းထားလိုက်သလဲမသိဘူး၊ အဲဒါတောင်မှ တက္ကသိုလ်အထိ ကျနော် အမြဲ အသက်အငယ်ဆုံးဖြစ်ခဲ့တယ်။ ဆယ်တန်းမှာကို ၂နှစ် အသက်မပြည့်လို့ ထိုင်လိုက်ရတယ်။

စာကတော့ ငယ်ငယ်ကထဲက တတ်နေပုံပဲ။ အခုမှတ်မိနေတဲ့အတိုင်းဆိုရင် လေးတန်းမှာ ကျနော် မြန်မာပြည်သား (ရန်ကုန်ဘဆွေ)ကို ကောင်းကောင်းဖတ်နေနိုင်ပြီ။ ငါးတန်းကစပြီး အခု အထက(၁) မရမ်းကုန်း၊ ကျနော်ရောက်စက သမိုင်းမြို့ မအထက်တန်းကျောင်းမှာ တက်ရပါတယ်။

အခု အထက(၁) မရမ်းကုန်းဟာ နာမည်ကြီးကျောင်း တကျောင်းဖြစ်နေရဲ့ ၊ ကျနော်တို့ တုံးကတာ့ တောကျောင်းပဲ၊ ဘဲခြံကျောင်းလို့ ခေါ်ကျတယ်၊ ကျောင်းဘေးမှာ ဘဲခြံရှိတယ်၊ ဘောလုံးကွင်းကောင်းကောင်း (မိုးတွင်းတော့ ဗွက်ထူသပေါ့) ရှိတယ်၊ နာမည်အကြီးဆုံး အားကစားသမားက မြန်မာ့ လက်ေ၇ွးစင်ဂိုးသမား သန့် ဇင်ပဲ။

အမေကျနော့်ကို အင်္ဂလိပ်စာ ငယ်ငယ်ကထဲက ထရိန်နင်ပေးခဲ့တဲ့ အကြောင်းတွေ ရေးထားသေးတယ်၊ ဖတ်ချင်ရင် အောက်က လင့်ခ်မှာရှိတယ်

https://www.facebook.com/groups/471527189526083/doc/478841435461325/

ကျောင်းကထဲက ကျနော်လုပ်ချင်တာဆိုရင် အသေအချာလုပ်ပြီး စိတ်မပါရင် လုံးဝ မလုပ်ခဲ့တာတွေ အခုမှ ပြန်သတိထားမိတယ်၊ ဥပမာဆိုရင် ဂတန်းမှာ သချာံ(၂)ကို အမှတ် ၁၀၀ရတဲ့အခါမှာ သချာင်္(၁)ကို ၁၆မှတ်နဲ့ ကျတယ်၊ ရေပြွန်ပုစ္ဆာစသည် တွက်နည်းလေးကို နားလည်အောင်လုပ်ဘို့ ကို ပျင်းတယ်၊

ဆယ်တန်းမှာ အဲဒါပဲ နှလုံး (ဘိုင်အို)ကို ယုန်နဲ့ ဖါး ၂ခုပဲရှိတယ်၊ ယုန်ကို ကိုယ်က ကျက်စရာကိုမလို၊ ကြက်ခြေနီသင်တန်းမှာ လူ့ နှလုံးသင်တော့ အလွတ်ကိုရနေတာ၊ ဖါးနှလုံးကိုလဲ နာရီဝက်လောက် ပုံဆွဲပြီးကျက်ရင်ရတာကို မကျက်တော့ လေးပုဒ်မှာ သုံးပုဒ်ပဲ ဖြေပြီး ဘိုင်အိုကို ၄၅မှတ်နဲ့ အောင်သွားတယ်။

အင်္ဂလိပ်စာကိုလဲ ရေးနိုင်ကျက်နိုင်ရက်နဲ့ ဒီအတိုင်းဖြေတယ်၊

အဲဒီမှာ ၀ါသနာပါတဲ့ အာရ်အိုင်တီကို မမှီတော့ပါ၊ ၃မှတ်လိုတယ်၊ ဒီ၃မှတ်ဟာ ဘ၀လမ်းကြောင်းကို ပြောင်းလိုက်တာပဲ၊ ဒုတိယ ဦးစားပေးမှာ ထဲ့လိုက်တဲ့ (အဖေပြောလို့ ) သစ်တောပညာ အဓိက ၇န်ကုန်တက္ကသိုလ်တက်ခဲ့ရတော့တယ်။

ဘ၀မှာ မကောင်းဘူးလို့ ထင်ရပြီးမှ၊ နောက် ပြုတ်ကျပြန်ပြီလို့ ထင်ရပြီးမှ လက်ရှိအခြေအနေနဲ့ ပြန်စဉ်းစားလိုက်ရင် ကံကောင်းတာပါပဲလို့ ပြောရတာတွေအများကြီးပါပဲ
ရန်ကုန်ဝိဇ္ဇာနဲ့ သိပ္ပံတက္ကသိုလ်မှာ ခြောက်နှစ်တာ အဆင့်မြင့် သက်မွေးပညာတခုကို တက်ရတာ အခုနေ စဉ်းစားကြည့်တော့မှာ တော်တော်ကံကောင်းတယ်ပြောလို့ ရတဲ့ အချက်တွေထွက်လာတယ်

ရန်ကုန်တက္ကသိုလ်လောက် တက္ကသိုလ်တခုရဲ့ အင်္ဂါရပ်နဲ့ ပြည့်စုံတာ မြန်မာပြည်အတွက်တော့ ရှာမှရှားပါပဲ

၁။ ဘွဲ့ နှင်းသဘင်
၂။ စာကြည့်တိုက်
၃။ အားကစားအတွက် (ဘောလုံး၊ ရေကူး၊ လှေလှော်၊ ရွက်လှေ၊ ဘော်လီဘော၊ လက်ဝှေ့ ၊ သိုင်း၊ဘာလုပ်မလဲ ကြိုက်တာလုပ်)
၎။ အနုပညာ (မြန်မာ့အနုပညာ စစ်စစ်၊ ပန်းချီ၊ ဖျော်ဖြေရေး)
၅။ စစ်ပညာ (နောင်အကြောင်းကြောင်းကြောင့် တပ်မတော်ထဲ ၀င်ချင်သူများအတွက်၊ ယူတီစီဟာ ပေါင်းကူးတခု
၆။ နောက်ခံ ရာဇ၀င်သမိုင်း (ပြောစရာမလိုပါဘူး၊ နေတသန်း လတသန်းနဲ့ အောင်ဆန်းတို့ တက္ကသိုလ် မြကျွန်းညို)
၇။ ဆေးရုံ
၈။ ဓမ္မာရုံ
၉။ ဘုရားရှိခိုးကျောင်း
အို အများကြီးပဲ
ဆရာ ဆရာမများ

နောက် ကျနော်တို့ သစ်တောပညာအတွက် အကောင်းဆုံး အထောက်အကူပြု ပညာရပ်များက၊ အကောင်းဆုံးဆရာတွေနဲ့ ရွေးသင်လို့ ရပါရဲ့ ဗျား။
ကျနော့်အတွက်တော့ တိုတိုပြောရရင်၊ မြန်မာ မဟာဂီတ၊ ဆိုင်းပညာနဲ့ တသက်လုံး အတွက် စစ်ပညာကို မိခင် သစ်တော ပညာရပ်များနဲ့ အတူ တတ်မြောက်ခဲ့ရတယ်ပြောရမှာပါပဲ။

ဆိုင်းပညာ သင်ယူတာရယ် တီးခဲ့တဲ့ အကြောင်းတွေ ဖတ်ချင်ရင် သတ်သတ်ရေးထားတယ်
https://www.facebook.com/groups/471527189526083/doc/471538696191599/

နောက် အရေးအခင်းများ
၁၉၇၄။ အလုပ်သမားအရေးအခင်း၊ မျက်ဝါးထင်ထင် မမြင်ရပေမဲ့၊ ပစ်သံတွေ ခတ်သံတွေနဲ့ ကျီးတွေ အော်ကျ အဝေးကနေ ပဲ သိလိုက်ရတယ်

၁၉၇၅ ဦးသန့် ၊ အကြောင်းကြောင်းနဲ့ ပဲ ပညာရေး မရပ်ခဲ့ရဘူးပြောရမလား

နောက်ဆုံး သခင်ကိုယ်တော်မှိုင်းရာပြည့်။ ချီတက်တာ အထိတော့ စိတ်ပါရဲ့ ၊ ဘွဲ့ နှင်းသဘင် သိမ်းတဲ့အခါတော့ သွားပြီလို့ ပဲ သတ်မှတ်ပြီး မပါတော့ဘူး။
ဘွဲ့ ရပြီးတာ့ အညာကို ကျောင်းဆရာလုပ်မယ်ဆိုပြီး တက်သွားလိုက်သေးတယ်၊ နောက် ၇န်ကုန်ပြန်လာပြီး သူငယ်ချင်းတွေနဲ့ အတူတူ တက္ကသိုလ်မှာပဲ ညစောင့်ဝင်လုပ်တယ်၊ နေ့ ဖက်မှာ ပတ္တလျား သင်တန်းဆရာလုပ်တယ်၊ တလကို ၃၀၀လောက်တော့ ၇တာပေါ့၊ နောက် ဆိုင်းတီးတယ်၊

၁၉၇၇မှာ သစ်တောဌာနက စိုက်ခင်းလက်ထောက်ဆိုပြီး စိုက်ခင်းစိုက်တဲ့လုပ်ငန်းကို ၂နှစ်ခွဲလုပ်လိုက်ရတယ်။
အမြတ်ကတော့ ကျေးရွာမှာ နှစ်လုံးပေါက် နေလိုက်ရတာပဲ၊ သူတို့ ဘ၀တွေ၊ လုပ်ငန်းလုပ်တဲ့အခါ လူတွေ သူငယ်ချင်းတွေရဲ့ အနေအထား။

ပထမနှစ်မှာ ဒုက္ခ အကြီးအကျယ်ရောက်ခဲ့ရတယ်။
ဒုတိယနှစ်မှာ လုပ်ငန်းကို နိုင်သွားပြီး အေးအေးဆေးဆေးနဲ့ ဒူးနှံ့ ပြီးလုပ်နိုင်မဲ့ တတိယနှစ်ကျမှာ အဲဒီဘ၀ကို ပစ်ထားခဲ့ရပြီး မျက်မှန်ကြီး တင်ဦးရဲ့ ပျားဂေဟာကို ရောက်ခဲ့ရတယ်။

ပျားဂေဟာမှာ သဘာဝရဲ့ အကြောင်းတွေ နဖူးတွေ့ ဒူးတွေ့ တတ်အောင်လုပ်ရတယ်၊ animal behavior ဆိုတဲ့ ပျားတွေ အကြောင်း သဘာဝကြီးရဲ့ အံ့သြဘွယ်၊ နောက် ပန်းဝတ်ရည် ၀တ်မှုံစသည် သုတေသနလုပ်ရင်း တိုင်းပြည်ကို တော်တော် ရောက်ခဲ့ရတယ်၊ ရာသီဥတုနဲ့ ၊ စိုက်ပျိုးသူတွေနဲ့ နှစ်ပေါက်နှစ်ပေါက်နေခဲ့ရတယ်၊ တယောက်ထဲ ခရီးသွားရတာ၊ ရှမ်းကချင် လူမျိုးတွေနဲ့ ဆက်ဆံရတာ၊ တော်တော်ကောင်းတဲ့ လးငယ်တယောက်ရဲ့ အတွေ့ အကြုံတွေ၊ နောက် FAP field worker ဆိုတေ့ လစဉ်၊ နှစ်စဉ်နောက် အပြီးသတ်အစီရင်ခံစာတွေ အင်္ဂလိပ်လိုရေးရ၊ ပြောရဆိုတော့ လုပ်သက် ၂နှစ်သာရှိသေးတဲ့ဝန်ထမ်းတယောက်အတွက် အကောင်းဆုံး အတွေ့ အကြုံတွေ

အဲဒိတုံးက သုတေသနအကြောင်းတွေ မပြီးသေးဘူး

https://www.facebook.com/groups/471527189526083/doc/483167461695389/

၁၉၈၄မှာ ပျားပျက်တော့ သစ်တောဌာနကို ပြန်ရောက်တယ် သစ်တောရုံးချူပ်အတွေ့ အကြုံ ခြောက်လလောက်ရလိုက်တယ်၊ ပုတ်ပြတ်လစာကနေ အမြဲတန်းခန့် ဘို့ ဝင်ပေါက်ဆိုပြီး သစ်တောဘွဲ့ ရများဟာ မေမြို့ ကျောင်းဆင်းတွေကိုခန့် တဲ့ တောအုပ်စကေးနဲ့ ဌာနကို ၀င်ကြရတယ်၊ ဒါမျိုးအသဲနာစရာတွေ အများကြီး
၂၉၀ပဲရတဲ့လစာနဲ့ ရန်ကုန်မှာ ဒုက္ခရောက်ရလွန်းတော့၊ မိသားစုအတူတူနေရတာကို မကြည့်နိုင်ဘူး စိုက်ခင်းတွေဆီပြန်သွားမယ်ဆိုပြီး ဧရာဝတီတိုင်းကို ပြောင်းသွားတယ်၊
တိုင်းမှုးကကျနော့်ကို စောင့်ကြည့်မယ်ဆိုတဲ့သဘောနဲ့ ထားတယ်၊ သူက တာဝန်မပေးလို့ ကျနော်က အရက်သောက်၊ ကျနော်အရက်သောက်လို့ သူက တာဝန်မပေးနဲ့  ကျနော် ကြံခင်းမှာ ၆လ၊ ဘိုကလေး/မော်လမြိုင်ကျွန်းမှာ ၆လ သာနေခဲ့တယ် တာဝန်တခုမှ မယူလိုက်ရဘူး၊ ဂျူနီယာတွေ ပေးစာကမ်းစာနဲ့ ပဲ၊ ဘ၀မှာ ငွေ အခက်ခဲဖြစ်ဆုံး အချိန်တွေ၊ ဒါပေမဲ့

အမြတ်ကတော့ အောင်မြင်တဲ့ ကျွန်းစိုက်ခင်းတွေရယ်၊ ဧရာဝတီ ဒီရေတောတွေရဲ့ ပျက်စီးစပြုနေတဲ့ အခြေအနေတွေကို စတင်သိရှိခဲ့တာပါပဲ

၁၉၈၄မှာ ဘ၀အတွက် တဆစ်ချိုးဖြစ်စေတဲ့သင်တန်းတခုတက်ရတယ်၊ အဆင့်မြင့် သစ်တာအရာရှိသင်တန်း အမှတ်စဉ်(၁)ဆိုတာ၊ တကယ်တော့ သစ်တောဌာနက ဖေါင်ကြီးကို အစားထိုးပြီးဖွင့်လိုက်တာ၊ သင်တန်းဆင်းပြီး တိုတိုပြောရရင် ကျနော် မြို့ နယ်မှုးဖြစ်သွားတယ်၊ ရောက်နေတဲ့ ဧရာဝတီတိုင်းမှာ ကျနော့် အမျိုးသမီးဇာတိ
ဟသာင်္တက မြို့ နယ်မှုး(ခ)လွတ်နေတာ့ ကျနော်အဲဒီကိုလျှောက်တယ်၊

ကံကဖယ်ပါတယ်၊ အကြောင်းအမျိုးမျိုးနဲ့ ကျနော့်ကို သင်္ကန်းကျွန်းမြို့ နယ်မှုးဆိုပြီး ခန့် ထားခြင်းခံရတယ်၊ ကျနော့်အသိမှာ အဲဒီရာထူးဟာ အဲဒီအချိန်က အောင်မြေယာ သစ်တောစခန်းရဲ့ ဖွဲ့ စည်းပုံပဲ၊ ဒီတော့ သစ်စေ့နဲ့ ပျိုးပင်ကိုတော့ရောက်ပြီပဲ၊ နာမည်ကျော် ကိုလင်းသောင်းနဲ့ကလဲခင်တော့ သူခေါ်တာပဲဆိုပြီး ရန်ကုန်ကိုရွှေ့ လာခဲ့ပါတယ်။

ရန်ကုန်ရုံးမှာ သတင်းပို့ တော့မှ ဒုတိုင်းမှုး ဦးခင်မောင်မြက ကိုမောင်မောင်သန်း ခင်ဗျားက မြို့ နယ်ကိုရောက်တာ အောင်မြေယာမဟုတ်ဘူး၊ ခက်တာက သင်္ကန်ကျွန်းမြို့ နယ်က အခု အလုံကကိုင်ထားတာ၊ ခင်ဗျားမှာ ရုံးလဲမရှိဘူး၊ ၀န်ထမ်းလဲမရှိဘူး၊ ဘာမှမရှိဘူး၊ နောက် ခင်ဗျားမှာနယ်အတွေ့ အကြုံလဲ ဘာမှ မရှိဘူး၊ ကျနော်ဘာလုပ်ရမှန်းမသိဘူး၊ တိုင်းမှုးကိုသိန်းလွင်လာမှာပဲ ကြည့်လုပ်ကြတာတော့ဆိုမှ။ အကြောင်းစုံသိ၇ပါတော့တယ်။

အခုအချိန်မှာ သစ်တောဌာန သင်္ကန်းကျွန်းမြို့ နယ်ဆိုရင် အားလုံးက ငထောပဲဆိုပြီး မျက်လုံးတွေ အရောင်လက်လာကြတယ်၊ ကျနော်ကတော့ အဲဒီလို စခဲ့ရတာ။
တိုင်းမှုးလာတော့ ကျနော့်ကို အတွေ့ အကြုံမရှိသေးလို့ ဆိုပြီး အလုံမြို့ နယ်မှုး (ရန်ကုန်တမြို့ လုံးကို အုပ်ချူပ်နေသော) ကိုခင်ဝင်းရုံးခန်းနောက်ကအခန်းလေးမှာ စားပွဲလေးနဲ့ အလုပ်သင် မြို့ နယ်မှုးဆိုပြီး ထားရှိလိုက်ပါသောကောခင်ဗျား။


သစ်တောဌာန နယ်လုပ်ငန်းဆိုတာ အဲဒီတော့မှ တွေ့ ဘူးတော့တာလေ၊ တက္ကသိုလ်တုံးက ဥပဒေတွေ ဘာကြောင့်သင်တယ် (criminal procedure code, evidence act စသည်) အခုမှ သိရတော့တယ်၊ ပုလိပ်အလုပ်၊ တရားသူကြီးအလုပ်၊ စိုက်ပျိုးစောင့်ရှောက်သူအလုပ်ဆိုတဲ့ ထူးခြားလှတဲ့ သစ်တောအရာရှိတယောက်ရဲ့ ဘ၀၃=သုံးမျိုးလုံးကိုလဲ ဒီတော့မှ သိလိုက်၊ ကြုံလိုက်၊ လုပ်လိုက်ရတယ်၊ လုပ်ရတဲ့နေရာကလဲ နယ်လုပ်ငန်းတို့ ရဲ့ ထွတ်ခေါင်၊ Yangon revenue officer) ရန်ကုန်မြို့ အခွန်အရာရှိ၊ဖဲစကားနဲ့ ပြောရရင် ကျနော်က ဂျိုကာလေးကောင်၊ အောလ်ရန်းနဲ့ လက်ကိုင်ဒေါင်း ဒေါင်းပြီး တုတ်စားလိုက်တဲ့သဘောပဲ၊ ဖဲလမ်းကုန်သွားပြီ၊ အဲဒါနဲ့ ပဲ ဤအရာရှိကို နောက်နောင် နယ်လုပ်ငန်းများ တာဝန်မပေးရန်ဆိုသော မှတ်ချက်နဲ့ ပြောင်းရွှေ့ ခဲ့ရတယ်၊ သူတို့ ပြစ်ချက်ကတော့ သစ်လုပ်ငန်းရှင်များနဲ့ ရင်းရင်းနှီးနှီးနေလို့ ဆိုပဲ၊

နေတာနေတာတပိုင်း ကျနော်ဘယ်လောက် အလုပ်မှာ ကင်းရှင်းသလဲဆိုရင် ကျနော့်ဦးလေးတယောက်ကို ဆိုင်ပြုတ်သွားအောင် သစ်သိမ်းဘူးတယ်၊ တောထဲ ကျနော်ဝင်နေရင် အဲဒီထဲက တလခွဲလောက် ကျနော်ပြန်မထွက်မချင်း၊ အဲဒီကြိုးဝိုင်းမှာ သစ်ခိုးလုပ်ငန်းများ ရပ်ဆိုင်းလို့ သွားကြားထိုးတ့ တချောင်းတောင် မထုတ်ရဲကြဘူးဆိုတာ အမှန်တရားတွေ၊ သစ်ခုတ်သမားအချင်းချင်းပြောကြတာ၊ လက်ထောက်တိုင်းမှုးတာဝန်လဲ လုပ်ရတော့၊ သံလျှင်ကျောက်တန်းဘက်ဆိုရင် သစ်စက်၊ သစ်ဆိုင်ရှေ့ ကျနော့ကားဆိုက်တာနဲ့ ပိုင်ရှင်ကတော်တွေ၊ ကုန်ပါပြီတော့ဆိုပြီးကို အသုဘအိမ်အော်ငိုသလို ငိုကျတယ်။ သစ်တွေဖမ်းနေ သိမ်းနေချိန် အပြုံးမပျက် လက်ခံစကားပြောနေပေမဲ့ ကျနော့်ကားတွေ ထွက်သွားတာနဲ့ တဆိုင်လုံးနည်းပါး (လက်ခွဲသစ်တွေမို့ ) အသိမ်းခံလိုက်ရတဲ့ ဆိုင်ရှင် မိန်းခလေးဟာ ရှေ့ စားပွဲပေါ် မျက်နှာ မှောက်ချလိုက်ပြီး ငိုတာတွေ သူ့ အဖေကြီးနောက်ပိုင်း ဆေးရုံတင်လိုက်ရတာတွေ၊ ဖမ်းတာကတော့ စစ်ဆင်ရေးတွေ လုပ်တဲ့အချိန် အဲဒိဘက်ကလဲ လွန်ကဲကျတော့ အသုဘချဘို့ ခေါင်းပျဉ်ရောင်းစရာမရှိသလောက်ပါပဲ။

သံလျှင်နတ်စင်တရာမှာ ကျနော့် နတ်ရုပ်ကို ထုထားဘို့ သစ်ကုန်သည်တွေ တိုင်ပင်ကြသေးတယ်ဆိုပဲ။

No comments:

Post a Comment

mr.kyaingtun@gmail.com