Sunday, December 30, 2012

အမျိုး၊ ဘာသာ၊ သာသနာ ကာကွယ်ခြင်းလော … နာဇီဖက်ဆစ်စနစ် ထူထောင်ခြင်းလော..။ by U U Mhaw Sayar on Tuesday, December 25, 2012 at 8:57pm ·


          အသက် ၆၅ နှစ်အရွယ် အပေါ်အဖြူ၊အောက်အဖြူ ၀တ်ဆင်ထားသည့် ကျနော့်ဘကြီး ဦးရွှေလှအောင်သည် လက်တစ်ဖက်က စိတ်ပုတီးကိုကိုင်၍ ကျန်တဖက်က တောင်ဝှေးကိုကိုင်ပြီး တရွေ့ရွေ့လာနေသည်ကို မြင်နေရသည်။ ကျနော်၏အိမ်ခြံဝင်းထဲသို့ ၀င်မည်အလုပ် `ငကျား´ဟုခေါ်သော ခွေးထီးက `မဲမ´ ဟုခေါ်သော ခွေးမကို ဂဲ ဂဲ ဟူသောအသံဖြင့် ရန်မူမည်လုပ်နေသည်။ မဲမ မှာ ကိန်ကိန် ဟူသောအသံနှင့်အတူ မြေကြီးပေါ် သို့လှဲချလိုက်ပြီး အော်သံမဆုံးတော့ပေ။ မဲမသည် မာယာများကြောင်း၊ အော်သံသည် ဆယ်မိနစ်ခန့်ဆက်တိုက် အော်တတ်ကြောင်းကို အိမ်နီးချင်းများကပါ သိနှင့်ပြီးသားမို့ မဲမ အော်သည်ကို မည်သူမျှဂရုမထားတော့ချေ။ မာန်ဖီနေသော ငကျားနှင့် ပက်လက်လန်နေသော မဲမ တို့ကို ဘကြီးမြင်လိုက်ရာ သနားကြင်နာတတ်သော၊ ဂရုဏာကြီးမားသော၊ တရားမျှတသည့်စိတ်ရှိသော ကျနော်၏ဘကြီးမှာ ငကျား၏ကျောပြင်ကို တောင်ဝှေးဖြင့် ဆော်လိုက်ပါတော့သည်။ ငကျားမှာ မထင်မှတ်သောရိုက်ချက်ကြောင့် လှဲကျသွားရာမှ အားကုန်သုံးပြီး ထပြေးသည်။ ငကျားသည် ကိန် ကိန် ဟူသောအသံကို လုံးဝမထွက်အောင် အံခဲထားသည်ဟုထင်သည်။ ဘာမှအော်မြည်ခြင်းမရှိ။ ကျနော်၏ဘကြီးသည် ပါလာသောကိတ်မုန့်တစ်လုံးကို မဲမရှေ့သို့ချကျွေးလိုက်သည်။ မဲမ မှာ ကိတ်မုန့်ကိုစားနေသည့်ကြားကပင် ကိန် ဟူသောအသံကိုဆွဲပြီး အော်ပြထားသေးသည်။ ဘကြီးက ကျနော့်ကိုလှမ်းပြီး မင်းတို့ ဒီငကျားကို လွင့်ပစ်လိုက်ပါလား၊ ဒီအိမ်မှာမထားနဲ့ စသဖြင့် ဂရုဏာဒေါသဖြင့် အော်သည်။


ကြင်နာတတ်သော ဘကြီး၏လုပ်ရပ်သည် မှန်လော၊ မှားလော ကျနော်ကိုယ့်ကိုယ်ကိုမေးမိသည်။ မဲမ ၏ စရိုက်နှင့် အလေ့အထကို သေချာဂဏစွာမလေ့လာဘဲနှင့် မဲမ၏ ပြင်ပအမူအရာ ဟန်ပန်ကိုကြည့်ပြီး ဘကြီးအလွယ်တကူ ဆုံးဖြတ်လေသလား။ ငကျား၏စရိုက်ကို ကျနော်တို့နှင့်အတူ အိမ်နီးချင်းများကပါ သိကြသည်။
………………………………………………………………………………………
………………………………………………………………………………….....
………………………………………………………………………………………

           ကမ္ဘာ့ကုလသမဂ္ဂအပါအ၀င် သနားကြင်နာမှု၊ ကိုယ်ချင်းစာနာမှုတို့ဖြင့် ဖွဲ့စည်းထားသော အဖွဲ့အစည်းများသည်  ကျနော့်ဘကြီးကဲ့သို့ ပြင်ပသဏ္ဍာန်တစ်ခုထဲကိုကြည့်ပြီး မဆုံးဖြတ်ဘဲ ထိုထိုသော အကြောင်းအရာတို့၏ အတွင်းသဏ္ဍာန်တို့ကိုပါ ကြည့်ပြီးမှဆုံးဖြတ်သင့်ပေသည်။ ဤမျှကြီးကျယ်သော အဖွဲ့အစည်းကြီးများသည် ကျနော့်ဘကြီးကဲ့သို့ ငကျားအပေါ်ထားသော ဒေါသ နှင့် မဲမ အပေါ်ထားသော စေတနာတို့သည် ဘကြီးက မှန်သည်ထင်နေသော်လည်း ကျနော်နှင့်အတူမြင်နေကြသော မိသားစုဝင်များ၊ အိမ်နီးနားချင်းများအဖို့ ဘကြီးလုပ်ရပ် မမှန်ဆိုတာကို မြင်နေသည်၊ သိနေသည် မဟုတ်ပါလား။

            ********************************************

        ခုရေးခဲ့တာက ကျနော်ဖတ်ခဲ့ရတဲ့ `ပစ္ဆိမရပ်ဝန်း´ ဆိုတဲ့ မဂ္ဂဇင်းတစ်အုပ်က ဆောင်းပါးတစ်ပုဒ်မှ စာပိုဒ်တစ်ပိုဒ်ပါ။ ဒီလောက်လေးဖတ်လိုက်တာနဲ့ ဘာစာအုပ်မှန်းမသိသေးရင်တောင် ဘယ်အကြောင်းအရာကို ဦးတည်နေ သလဲဆိုတာ စာဖတ်သူတို့ သတိထားမိမယ်ထင်ပါတယ်။

        ကျနော့်အမြင်ကို ပြောရရင်`ပစ္ဆိမရပ်ဝန်း´မဂ္ဂဇင်းမှာ ရေးသားထားတဲ့ ဆောင်းပါးတွေအားလုံးနီးပါးက မွတ်ဆလင်မုန်းတီးရေး၊ အထူးသဖြင့် ရခိုင်ဒေသမှမွတ်ဆလင်များကို ဆန့်ကျင်မောင်းထုတ်ရေးကို ဦးတည်ပြီး လှုံ့ဆော်ရေးသားထားတာတွေ့ရပါတယ်။ အဲဒီဆောင်းပါးတွေထဲက `ရိုဟင်ဂျာဆိုသည်´မှာ ဆောင်းပါး၊ `ဧည့်သည်မမည်´ဆောင်းပါး၊   `လူ လူ ဟစ်တယ်´ ဆောင်းပါး၊ `ရိုဟင်ဂျာဆိုသူတို့အပေါ် ဒေသခံတို့ အမြင်´ဆောင်းပါး၊ `သနားစရာ အရေခြုံ´ ဆောင်းပါးနဲ့ တခြားဆောင်းပါးအများစုဟာ ဘူးသီးတောင်-မောင်းတောဒေသမှာနေထိုင်တဲ့ ရိုဟင်ဂျာမွတ်ဆလင်များအပေါ် ဆိုးဆိုးဝါးဝါးမုန်းတီးဆန့်ကျင်ကာ အဓိကရုန်း ဖြစ်လာစေရန် ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်ရေးသားထားတဲ့ ဆောင်းပါးတွေလို့ပဲ ကျနော်မြင်တယ်။

         အဲဒီလိုမျိုး ဒေသတွင်းရှိဘာသာခြားလူမျိုးစုတစ်စုအပေါ် ဆန့်ကျင်နှိမ့်ချရေးသားထားတဲ့ မဂ္ဂဇင်းတစ်ခုမှာ ဦးဆောင်ပါဝင်နေတဲ့သူတွေက အဲဒီဒေသကိုလက်ရှိအုပ်ချုပ်နေသော ခရိုင်အဆင့်၊ မြို့နယ်အဆင့် အရာရှိကြီး များကိုယ်တိုင်ဖြစ်နေတဲ့အပြင် ၊ ဘုန်းကြီးတွေလည်း ပါဝင်နေပါတယ်။ ဒါထက်ပိုထူးခြားတာက စာပေလွတ်လပ် ခွင့်တင်းကြပ်လွန်းတယ် လို့  ခေတ်အဆက်ဆက် နာမည်ကြီးခဲ့သော မြန်မာနိုင်ငံစာပေစိစစ်ရေးအဖွဲ့က ဒီလို လူမျိုးရေ၊ ဘာသာရေး အဓိကရုန်းဖြစ်အောင်လှုံ့ဆော်ထားတဲ့ မဂ္ဂဇင်းကို တရားဝင်ခွင့်ပြုချက် (အမှတ် - ၅၃၀၁၂၀၁၂၁၁) နဲ့ ထုတ်ဝေခွင့်ပြုခဲ့တာပဲ ဖြစ်တယ်။ အစိုးရပေါ်လစီတွေ နဲ့ စာပေစိစစ်ရေးဆိုတာက ကုလား မုန်းတီးရေးအတွက်ဆိုရင် Freedom of Right ကို အပြည့်အ၀လိုက်နာပုံ ပေါ်ပါတယ်။
      



ကျနော် ဒီစာအုပ်ကိုဖတ်မိတော့ ဖက်ဆစ်နာဇီတွေရဲ့ ဂျူးမုန်းတီးရေးဝါဒဖြန့်မှုအဖြစ် ထုတ်ဝေခဲ့တဲ့ စာအုပ်တွေ၊ စာစောင်တွေကို သွားစဉ်းစားမိတယ်။ မိတ်ဆွေတို့လည်း ဖက်ဆစ်နာဇီတွေရဲ့ လူမျိုးရေးမုန်းတီးမှုအတွက် ၀ါဒဖြန့်မှုတွေနဲ့ လက်ရှိမြန်မာပြည်က လူမျိုးရေး၊ဘာသာရေး ၀ါဒမှိုင်းတိုက်မှုတွေ နှိုင်းယှဉ်ကြည့်နိုင်ဖို့ ရေးသားလိုက်ပါတယ်။


(၁)
`မြက်ခင်းလွင်ပြင်ဒေသက မြေခွေး နဲ့ ကမ္ဘာပေါ်မှာရှိသမျှ ဂျူးတွေရဲ့ ဘယ်လိုကျိန်ဆိုတဲ့စကားပဲဖြစ်ဖြစ် မယုံနဲ့´
“မြက်ခင်းလွင်ပြင်ဒေသက မြေခွေးတွေ ဘယ်တော့မှ မြက်မစားသလို၊ ဂျူးလူမျိုးဆိုတာလည်း ဘယ်လိုပဲ ကျိန်ဆိုပြောပါစေ ..ဘယ်တော့မှ ကတိမတည်ဘူး။ မြက်ခင်းလွင်ပြင်ဒေသက မြေခွေးတွေဟာ သူတို့ သားကောင်ကို ဖမ်းမိဖို့အတွက် မာယာအမျိုးမျိုးနဲ့ ချဉ်းကပ်ကြသလို ၊ ကမ္ဘာပေါ်မှာရှိသမျှ ဂျူးဆိုတဲ့လူမျိုး ဟာလည်း သူတို့ပတ်ဝန်းကျင်ကလူတွေကို ဖျက်လိုဖျက်ဆီးလုပ်ဖို့၊ တခြားသူတွေရဲ့ ဥစ္စာပစ္စည်းတွေကို အချောင်သိမ်းပိုက်ဖို့၊ ဂျာမန်မိန်းမပျိုးလေးတွေကို သိမ်းပိုက်ဖို့ နည်းမျိုးစုံနဲ့လိမ်လည်လှည့်ဖျားလေ့ရှိတယ်။”

        ဒီလိုစိတ်ဝင်စားစရာကောင်းအောင် အစချီထားတဲ့စာအုပ်ဟာ ဖက်ဆစ်နာဇီရဲ့ ဂျူးဆန့်ကျင်ရေးဝါဒဖြန့်ချိဖို့ ရည်ရွယ်ချက်ဖြင့် ထုတ်ဝေခဲ့တဲ့ ကလေးဖတ်စာအုပ်သုံးအုပ်ထဲက ပထမဦးဆုံးတစ်အုပ်ဖြစ်တယ်။ နာမည်ကြီး သတင်းစာတိုက်နဲ့စာအုပ်တိုက်ပိုင်ရှင် `ဂျူးလီယပ်စတွိုက်ချာ´ရဲ့ `ဒါ စတားမား´စာအုပ်တိုက်မှ ၁၉၃၅ ခုနှစ်မှာ အုပ်ရေတစ်သိန်းကျော်ထုတ်ဝေခဲ့ပြီး ကျောင်းသုံးဖတ်စာအုပ်အဖြစ်ပင် ပြဌာန်းခဲ့ပါတယ်။ အဲဒီစာအုပ် ရေးသားသူ `အဲလ်ဗီရာဘေယာ´ ဟာ အသက်(၁၈)နှစ်အရွယ် အနုပညာကျောင်းသူတစ်ယောက်သာ ဖြစ်ပါတယ်။

ဘေယာရဲ့စာအုပ်ထဲက စွပ်စွဲမှုတစ်ခုကတော့ `ယုဒ ဟာ ယေရှုခရစ်တော်ကို သစ္စာဖေါက်ခဲ့သလိုပဲ ဂျာမနီက ပြည်တွင်းနေ ဂျူးလူမျိုးတွေဟာလည်း အဖဂျာမနီပြည်ကြီးကို သစ္စာဖေါက်ခဲ့ကြတဲ့အတွက် ပထမကမ္ဘာစစ်ကြီး မှာ ဂျာမနီစစ်ရှုံးခဲ့ရတယ်။´ လို့ ဆိုပါတယ်။




(၂)
       ဂျူးဆန့်ကျင်ရေးဝါဒမှိုင်းတိုက်မှုအဖြစ် `ဂျူးလီယက်စတွိုက်ချာ´ရဲ့ `ဒါးစတာမား´စာအုပ်တိုက်မှ ဒုတိယမြောက် ထုတ်ဝေခဲ့တဲ့စာအုပ်ကတော့ `Ernst Hiemer´ ရေးသားတဲ့ `အဆိပ်ရှိသော မှိုများ´ ဆိုတဲ့စာအုပ်ပါ။

ဖရန့် ဆိုတဲ့ကလေးကို သူ့အမေက `မှိုတွေထဲမှာ စားလို့ကောင်းတဲ့ မှိုတွေရှိသလို၊ လူကိုအန္တရာယ်ဖြစ်စေတဲ့ မှိုတွေလည်း ရှိကြောင်း၊ လူတွေမှာလည်း အဲဒီလိုပဲ ကောင်းတဲ့လူတွေရှိသလို ယုတ်မာကောက်ကျစ်တဲ့၊ လူ့အသိုင်းအ၀ိုင်းကို ဒုက္ခရောက်စေတဲ့လူမျိုးတွေရှိကြောင်း´ ဆုံးမနေပုံနဲ့အစချီထားပြီး စိတ်ဝင်စားစရာ ကောင်းအောင် ရေးသားထားတယ်။ အဲဒီစာအုပ်ထဲမှာ ဂျူးလူမျိုးတွေကို စက်ဆုပ်မုန်းတီးစေရန် စနစ်တကျ ဖန်တီးရေးသားထားတာပါ။ ဂျူးလူမျိုးဆိုတာ မာရ်နတ်က လူယောင်ဆောင်ထားတဲ့ကောင်တွေ လို့လည်း ကလေးတွေကို ဆုံးမထားပါသေးတယ်။ ဂျူးလူမျိုးတစ်ယောက်ရဲ့ သွင်ပြင်သဏ္ဍာန်ကိုဖေါ်ပြရာမှာလည်း မုတ်ဆိတ်မွေးထူလဗျစ် နဲ့ နှာခေါင်းကောက်ကောက်ကြီးတွေနဲ့ပေါ့ဗျာ။




ဂျူးလူမျိုးတွေ ဂျာမနီပြည်ထဲ ဘယ်လိုရောက်လာသလဲဆိုတဲ့ ခေါင်းစဉ်အောက်မှာတော့ ဂျူးလူမျိုးတွေဟာ ကမ္ဘာ့အရှေ့ပိုင်းဒေသကနေ ဂျာမနီပြည်ထဲခိုးဝင်လာကြတယ်.. တဲ့ (ဖြစ်ပုံချင်းတူတာက အံ့သြစရာဗျာ)။ ၀င်လာတုန်းက ခြူးပြားတစ်ပြားတောင်မရှိတဲ့ စုတ်စုတ်ပြတ်ပြတ်အလုပ်ကြမ်းသမားတွေ၊ ဒီလိုမြေကောင်း ရေကောင်းရောက်မှ ဂျူးတွေဟာတောက်တောက်ပြောင်ပြောင် ဖြစ်လာခဲ့ကြတယ်.. ခုတော့ ဂျာမန်လူမျိုးတွေရဲ့ စည်းစိမ်ဥစ္စာတွေကို လက်ဝါးကြီးအုပ်လာခဲ့ကြပြီ။ ဂျာမန်လူမျိုးတွေ နိုးထကြလော့ .. လို့ နှိုးဆော်ထား ပါသေးတယ်။

စာရှည်သွားမှာစိုးလို့ အကုန်ရေးမနေတော့ဘူးဗျာ။ ခပ်တိုတိုပြောရရင် ဒီစာအုပ်ဟာ ကလေးသူငယ်တွေ အတွက်အဓိကရည်ရွယ်ပေမဲ့ အောက်ခြေထိလူထုတရပ်လုံး ဂျူးလူမျိုးမုန်းတီးဆန့်ကျင်ရေး ပိုမိုပြန့်ပွား လာအောင် ပုံစံမျိုးစုံနဲ့ လူပြိန်းကြိုက်ရေးသားထားတာတွေ့ရတယ်။ အဆုံးမှာတော့ `ဂျူးလူမျိုးတွေဟာ ဂျာမနီနိုင်ငံအတွက် ကြမ္မာဆိုးတွေသယ်ဆောင်လာတဲ့ ဂြိုဟ်မွှေတဲ့ကောင်တွေပဲ´ လို့ ခပ်ပြတ်ပြတ် ကောက်ချက်ချထားတယ်။



`အဆိပ်ရှိသော မှိုများ´ ဆိုတဲ့စာအုပ်ထဲက ဘာသာရေးအရသွေးထိုးပေးတဲ့ အခန်းကဏ္ဍပေါ့။


(၃)
၁၉၄၀ခုနှစ်မှာ `ဒါစတားမား´စာအုပ်တိုက်ကထုတ်ဝေခဲ့တဲ့ တတိယမြောက် ဂျူးမုန်းတီးရေးဝါဒဖြန့်စာအုပ် ကတော့ `ခွေးဗန္ဓတ်၊ တောခွေးရိုင်းများ နဲ့ စက်ဆုပ်ဖွယ်တိရိစ္ဆာန်များ´ ဆိုတဲ့ (အဆင်ပြေသလို ဘာသာပြန်ထားခြင်းဖြစ်သည်) စာအုပ်ပါ။ ဒီစာအုပ်ကိုလည်း  `Ernst Hiemer´ ကပဲ ရေးသားခဲ့တာပါ။ ဂျူးဆန့်ကျင်ရေးစာအုပ်သုံးအုပ်ထဲမှာ ဒီစာအုပ်က အဆိုးဝါးဆုံးစာအုပ်လို့ပဲ ကျနော်မြင်ပါတယ်။ ဒီစာအုပ်ထဲမှာ ဂျူးတွေကို တောခွေးရိုင်း၊ ဥသြငှက်၊ စာကလေး၊ ပျားထီး၊ ကျိုင်းကောင်၊ ပုတ်သင်ညို၊ မြွေပွေး၊ ကြမ်းပိုး၊ သန်ကောင်၊ ခွေးဗန္ဓတ် စတဲ့တိရိစ္ဆာန်ပေါင်းများစွာနဲ့ နှိုင်းယှဉ်ဥပမာပေးထားပြီး ဂျူးလူမျိုးတွေဟာ ကောက်ကျစ်စဉ်းလဲကြောင်း၊ အလိုရမက်ကြီးကြောင်း၊ သူတပါးအပေါ် ဂုတ်သွေးစုတ်ဖို့ပဲချောင်းနေတဲ့ အချောင်သမားများဖြစ်ကြောင်း၊ လူ့အဖွဲ့အစည်းအတွက်အသုံးမ၀င်တဲ့ လူပိုတွေဖြစ်ကြောင်း၊ သစ္စာမဲ့ကြောင်း၊ ဟန်ဆောင်ကောင်းပြီး  အလွန်ရက်စက်ကြောင်း၊ တခြားလူမျိုးတွေကိုသွေးနှောပစ်ပြီး ဂျာမန်လူမျိုး ပျောက်အောင်ကြိုးစားနေကြောင်း၊ ဂျာမန်တမျိုးသားလုံးအတွက်သာမက တကမ္ဘာလုံးက လူသားမျိုးနွယ် အားလုံးအတွက်ပါ လူ့အန္တရာယ်ကောင်တွေဖြစ်ကြောင်း .. တိရိစ္ဆာန်တွေနဲ့ဥပမာပေးရင်း လက်လွတ်စပယ် လူမျိုးရေးနှိမ့်ချစော်ကားပြီး ရေးသားထားပါတယ်။ ဒါတင်ဘယ်ကမလဲ .. ဂျူးတွေဟာ နိုင်ငံခြားသားများဖြစ်ပေမဲ့ အိမ်ရှင်ဖြစ်တဲ့ဂျာမန်လူမျိုးတွေကို ဂျာမနီပြည်ကြီး ကနေမောင်းထုတ်ဖို့ ဘယ်လို ကြိုးစားနေကြောင်း  ဥသြငှက်နဲ့ဥပမာပေးပြီး တင်ပြထားသေးတယ်။ (တိုက်ဆိုင်ပုံကို ပြောပါတယ်)





အဆိုးဆုံးကတော့ ဂျူးလူမျိုးဆိုတာ ကမ္ဘာပေါ်ရှိ အခြားသောလူသားမျိုးနွယ်တွေ အတွက် အသက်အန္တရာယ်ပေးနေတဲ့၊ ကြမ္မာဆိုးတွေသယ်ဆောင်လာတဲ့ ဘက်တီးရီးယား/ ဗိုင်းရပ်စ်တွေပဲလို့ ပြင်းပြင်းထန်ထန် ဖေါ်ပြထားတာပါ။ ဒီလို ဘက်တီးရီးယား/ဗိုင်းရပ်စ်ပိုးမွှားတွေကို သတ်ပစ်နိုင်မှ လူသားတွေ ကျန်းမာနိုင်မှာဖြစ်သလို ၊ လူ့အဖွဲ့အစည်း အေးချမ်းသာယာဖို့အတွက် ဂျူးလူမျိုးတွေကို ကမ္ဘာပေါ်ကနေ ကိစ္စသုဉ်းအောင် ရှင်းပစ်ရမယ်လို့  ကောက်ချက်ချရင်း အဆုံးသတ်ထားပါတယ်။ (ဒီလို လူမျိုးဖြုတ်သုတ်သင်ရေး လမ်းကြောင်းကို ဖေါ်ဆောင်ရာရောက်စေတဲ့အတွက် လူသားမျိုးနွယ်တစ်ခုကို ဘက်တီးရီးယား/ဗိုင်းရပ်စ်အဖြစ် ခိုင်းနှိုင်း ဖေါ်ပြတာဟာ အလွန်ဆိုးဝါးတဲ့ Racist တွေရဲ့အသုံးအနှုန်းဖြစ်တယ်ဆိုတာ သတိပြုရပါမယ်။)


(လူ့အဖွဲ့အစည်းအေးချမ်းသာယာစေဖို့ ဗိုင်းရပ်စ်များသဖွယ် ဂျာမနီပြည်ထဲခိုးဝင်ရောက်ရှိနေကြတဲ့ ဂျူးလူမျိုး များကို အပြတ်ရှင်းပစ်ရမယ်လို့ ဆိုထားတဲ့ `ခွေးဗန္ဓတ်၊ တောခွေးရိုင်းနှင့် စက်ဆုပ်ဖွယ်တိရိစ္ဆာန်များ´ဆိုတဲ့ စာအုပ်ပါ။)
ကျနော့်အမြင်ကတော့ ဒီစာအုပ်ဟာ ဂျူးမုန်းတီးရေးဝါဒဖြန့်စာအုပ်တွေထဲမှာ အဆိုးဆုံးစာအုပ်ပါပဲ။ ဒီစာအုပ်ထွက်ရှိပြီး နှစ်အနည်းငယ်အကြာမှာပဲ ဂျူးလူမျိုးသုဉ်းသတ်ဖြတ်မှုတွေ စတင်လာပါတော့တယ်။ ဒီလိုဝါဒဖြန့်စာအုပ်တွေရဲ့အစွမ်းကြောင့် ဂျာမန်လူထုတွေကလည်း နာဇီပါတီရဲ့ ဂျူးမျိုးဖြုတ်သတ်ဖြတ်မှုတွေဟာ လုပ်သင့်လုပ်ထိုက်တဲ့ လုပ်ရပ်တစ်ခုအဖြစ် မြင်လာကြပါတယ်။ ဤသည်ပင်လျှင် နာဇီဝါဒဖြန့်ချိရေးရဲ့ အစွမ်းထက်မြက်မှု ဖြစ်ပါတယ်။


      ကျနော်ခုလို မြန်မာမျိုးချစ်တွေရဲ့လုပ်ရပ်တွေကို ဖက်ဆစ်နာဇီတွေရဲ့လုပ်ရပ်တွေနဲ့ နှိုင်းပြီးပြောထားတဲ့အတွက် စာဖတ်သူတချို့ ပေါက်ကွဲမိကြလိမ့်မယ်ဆိုတာ သိပါတယ်။ `ဒါဆို ခိုးဝင်လာသူတွေကိုရော ဘာမှမလုပ်ရ တော့ဘူးလား´ လို့ စာဖတ်သူများက ကျနော့်ကို မေးချင်ကြမှာပါ။ ဒီလိုမေးသူများကို ပြောချင်တာက ဒီနိုင်ငံမှာ ဥပဒေချိုးဖေါက်သူတွေကို စီရင်ရမဲ့ ဥပဒေတွေရှိပါတယ်။ အဲဒီတရားစီရင်ရေးစနစ် မှန်မှန်ကန်ကန် ဖြစ်လာအောင၊် တရားဥပဒေစိုးမိုးမှုရှိလာအောင် ကျနော်တို့က ကြိုးပမ်းကြရမှာပါ။ ကျနော်ရေးခဲ့သမျှဟာ ဥပဒေမဲ့လုပ်ရပ်တွေကို အားမပေးကြဖို့ကိုသာ တိုက်တွန်းထားတာပါ။ ဥပဒေမဲ့လုပ်ရပ်တစ်ခုကို ကျနော်တို့ မသိယောင်ဆောင်နေလိုက်ခြင်းဟာ တစ်ချိန်ချိန်မှာ ကျနော်တို့အပေါ်မှာလည်း ဒီလိုမျိုးလုပ်ဆောင်နိုင်စေဖို့ ခွင့်ပြုပေးလိုက်ရာ ရောက်ပါတယ်။ အမျိုး၊ဘာသာ၊သာသနာ ကာကွယ်ရေးဆိုတဲ့ ခေါင်းစဉ်ကတော့ နားထောင်လို့ ကောင်းပါတယ်။ ဒါပေမဲ့ လုပ်ရပ်တွေက ဘယ်လမ်းကြောင်းကို ဦးတည်နေသလဲဆိုတာ သတိပြုကြပါ။ အဲဒီလမ်းကြောင်း၊ အဲဒီစနစ်ဟာ ကမ္ဘာ့သမိုင်းမှာ အကျည်းအတန်ဆုံး၊ အရှက်သိက္ခာ အကင်းမဲ့ဆုံး ဖက်ဆစ်စနစ်ဆိုးကြီးတစ်ခုအဖြစ် မှတ်တမ်းဝင်ထားပါတယ်။ ဒီလိုမျိုး တရားဥပဒေကိုစိန်ခေါ်ပြီး ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ့်တရားကိုယ်စီရင်တတ်တဲ့ အလေ့အထဟာ မြန်မာပြည်ရဲ့ယဉ်ကျေးမှုတစ်ခုလို ဖြစ်မလာစေရန် ကျနော်တို့တားဆီးကြရပါမယ်။ ကျနော်တို့ကိုယ်တိုင်လည်း အမုန်းကိုကျော်လွန်ပြီး မကြည့်နိုင်ပါက ဘယ်သူကမှ ၀ါဒဖြန့်မှိုင်းတိုက်နေစရာပင်မလိုဘဲ လက်တွေ့ကျတဲ့ အခြေအနေမှန်၊ အဖြစ်မှန်တွေကို မြင်နိုင်စွမ်းရှိမည်မဟုတ်ပါ …။


( ဒီဆောင်းပါးက ပုံတွေကို ရှင်းရှင်းလင်းလင်းကြည့်ချင်ပါက ကျနော့် FB Wall ပေါ်မှာ အဲလ်ဘမ်တစ်ခုလုပ်ပြီး တင်ထားပါတယ်။
  ဒီနေရာမှာ သွားယူနိုင်ပါတယ်ခင်ဗျာ >>>>  https://www.facebook.com/media/set/?set=a.430254123712454.99888.100001836114921&type=3  )


ဦးဦး မှော်ဆရာ
(၂၆-၁၀-၂၀၁၂)

No comments:

Post a Comment

mr.kyaingtun@gmail.com