၁၉၉၂
ခုနှစ် တပ်မတော်(ရေ ) နှစ်လည်မဂ္ဂဇင်းတွင် ပါရှိခဲ့သော ဗိုလ်ရွှေမင်းသိမ်း
(ဗိုလ်မှူးချုပ် မင်းသိမ်းတင်) ရေးသားခဲ့သည့် မြစ်တွင်းတိုက်ရေယာဉ် (၃၀၃) ၏
ကျုံဒိုးရွာဆိပ်တိုက်ပွဲ ဖြစ်ရပ်မှန် ဝတ္တုတို ဖြစ်ပါသည်။ ထိုအချိန်က
စစ်ရေယာဉ်မှူးမှာ ယခု ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ် သူရသက်ဆွေဖြစ်ပြီး
ယင်းတိုက်ပွဲတွင် ရွပ်ရွပ်ချွံချွံ ကွပ်ကဲနိုင်ခဲ့ခြင်းကြောင့်
သူရဘွဲ့တံဆိပ် ချီးမြှင့်ခံခဲ့ရပါသည်။ (၆၅)နှစ်မြောက် တပ်မတော်(ရေ)နေ့ကို
ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖော်ပြအပ်ပါသည်။ စနစ်တကျ စုဆောင်းထားရှိပြီး
ပေးပို့ပေးသော ကို Myo Thaik အား ကျေးဇူးအထူးတင်ရှိပါသည်။
မြစ်တွင်းတိုက်ရေယာဉ် (၃၀၃) သည် ကျုံဒိုးနယ်မြေ စစ်ဆင်ရေးတာဝန်ကို ၁၉၉၁ ခုနှစ် ဇန်န၀ါရီလ (၂၆) ရက်နေ့မှ စတင်၍ တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ကျုံဒိုးဒေသသည် မော်လမြိုင်မြို့နှင့် သံလွင်မြစ်၊ ဂျိုင်းမြစ်ကြောင်း ခရီးလမ်းကို အသုံးပြု သွားလာရပြီး ဂျိုင်းရေကြောင်း ခရီးဖြင့် ရေကြောင်းပို့ဆောင်ရေး ကော်ပိုရေရှင်းဌာနပိုင် ရေယာဉ်များ နေ့စဉ်ပြေးဆွဲလျက်ရှိသည်။ ကျုံဒိုး မှ ဘားအံ၊ ကော့ကရိတ်၊ မြ၀တီမြို့များသို့ ကားလမ်းအဆက်အသွယ် ရှိပါသည်။ ကျုံဒိုးသည် ဂျိုင်းမြစ်၏လက်တက် ဟောင်သရောမြစ်၏ အရှေ့ဘက်ကမ်းတွင် တည်ရှိပါသည်။ ကျုံဒိုးဒေသအနီး ပတ်ဝန်းကျင်တွင် မွန်ရွာများ၊ ကရင်ရွာများ၊ ကုလားရွာများ စပ်ကြားတည်ရှိပြီး ရန်သူမွန်နှင့် ကရင် သောင်းကျန်းသူများသည် မိမိတပ်များ တပ်စွဲလျက် လှုပ်ရှားနေသည့်ကြားမှ မကြာခဏ ၀င်ရောက်၍ တံတားများအား ဖေါက်ခွဲဖျက်ဆီးခြင်း၊ မြို့ရွာများအား လက်နက်ကြီးများဖြင့် နှောင့်ယှက်ပစ်ခတ်ခြင်း၊ ခရီးသွားရေယာဉ်များ၊ မော်တော်ယာဉ်များအား ပစ်ခတ်နှောင့်ယှက်ခြင်းများ ပြုလုပ်လေ့ရှိပါသည်။
မွန်သောင်းကျန်းသူများသည် ABSDF အဖွဲ့နှင့် ပူးပေါင်း၍ အင်အား (၂၀၀) ခန့်ဖြင့် (၂၈-၁-၉၁) ရက်နေ့တွင် ကမ္မရိုက်စခန်းအား လက်နက်ကြီးများဖြင့် ထိန်းချုပ် ပစ်ခတ်ပြီး၊ မိမိတပ်မှ တပ်ကြပ်ကြီးဦးစီး မိဂလုံစခန်းအား စခန်းသိမ်း ၀င်ရောက် တိုက်ခိုက်ခဲ့ရာ ကျုံဒိုးရွာအခြေပြု ရှေ့တန်း အမှတ်(၂) ကချင်သေနတ်ကိုင်တပ်ရင်း မှ ပစ်ကူပေးရန် မြစ်တွင်း တိုက်ရေယာဉ် (၃၀၃) အား အကူအညီ တောင်းခံလာသည်။ ထိရောက်သော ပစ်ကူအနီးကပ်ပေးနိုင်ရန် မြစ်တွင်း တိုက်ရေယာဉ် (၃၀၃) သည် ကျုံဒိုး မှ မိဂလုံအထိ ခက်ခဲသော ရေကြောင်းအား ဖြတ်ကျော်၍ တိုက်ပွဲဖြစ်ပွားနေသော မိဂလုံစခန်း ခြေရင်းအထိ ရောက်အောင် သွားခဲ့ရာ ရန်သူအနေဖြင့် မိမိ စစ်ရေယာဉ် ရောက်မလာနိုင်ဟု သုံးသပ်ထားရာမှ အလစ်အငိုက်ခံရပြီး ရေယာဉ်၏ အမြောက်ကြီးများ ဒဏ်ကို အလူးအလဲခံရကာ အများအပြားသေကြေဒဏ်ရာ ရရှိပြီး မိဂလုံစခန်းအား မသိမ်းနိုင်ဘဲ ကစဥ့်ကလျား ဆုတ်ခွာထွက်ပြေးခဲ့ရသည်။
ဤမိဂလုံ တိုက်ပွဲအပြီးတွင် ရန်သူတို့၏ ပစ်မှတ်သည်ကား သူတို့၏ အကျအဆုံး များစေခဲ့သော ထိခိုက်ဒဏ်ရာ အများအပြား ရစေခဲ့သော သူတို့၏ မိဂလုံစခန်း သိမ်းပိုက်ရေး ရည်ရွယ်ချက် မအောင်မြင်အောင် ပစ်ခတ်မှုဖြင့် စိုးမိုးခဲ့သော မြစ်တွင်းတိုက်ရေယာဉ် (၃၀၃)ပင် ဖြစ်လေတော့သည်။
၁၉၉၁ ခုနှစ် ဖေဖေါ်ဝါရီလ (၇) ရက် (၂၁း၁၅) အချိန် …...
ကျုံဒိုးရွာသည် ယနေ့ည စောစော အိပ်မောကျနေပုံရသည်။ ရွာအတွင်းမှ မှိတ်တုတ်မှိတ်တုတ် မီးရောင်အချို့သာ တွေ့ရသည်။ ယခင်နေ့များဆိုလျှင် သည်အချိန်ဆို မီးရောင်အများအပြား။ ယနေ့ဆောင်းညချမ်းကလည်း အအေး ပိုနေသည်။
ကျုံဒိုးရွာ သင်္ဘောဆိပ်ကမ်းတွင် မေးတင်ထားသော မြစ်တွင်းတိုက်ရေယာဉ် (၃၀၃) သည် အိပ်မောကျနေသည့် မိကျောင်းကြီး တစ်ကောင်အလား ညအမှောင်ထု အတွင်းဝယ် ၀ပ်ဆင်းလျက်ရှိသည်။ အသွင်သဏ္ဍန်က အိမ်မက် မက်နေသယောင် ရှိနေသော်လည်း စစ်ရေယာဉ် အတွင်းဝယ် သတိဝီရိယ အပြည့်ဖြင့် တိုက်ပွဲဝင် အသင့်အနေအထားတွင် ရှိနေသည့် စစ်သည်များ ရှိနေသည်။
ဒီနေ့သည် ရန်သူ့သတင်း အတိအကျ ရထားသောနေ့ …၊ ရန်သူတိုက်ကွက် ၀င်လာနိုင်သောနေ့ …၊ တစ်ပွဲ တစ်လမ်း အကဲစမ်းနိုင်သောနေ့ …၊ မကျေပွဲနွှဲနိုင်သောနေ့ …။
တပ်ကြပ်ကပ်တဲလ်သည် နားကို စွင့်လိုက်သည်။ တစ်ဖက်ကမ်းရှိ သရက်တောရွာမှ ခွေးဟောင်သံတချို့ကို ကြားလိုက်ရသည်။ နောက် ပြန်တိတ်သွားသည်။ ဘာဝေးလို့တုန်း ကိုက် (၁၈၀) လောက်ပဲရှိသည်။ လေတစ်ချက်အတိုက်တွင် ဆောင်းလေအေးက စိမ့်ကနဲဖြစ်သွား၍ အနွေးဂျာကင် အင်္ကျီဇစ်ကို လည်ပင်းနားအထိ ဆွဲတင်လိုက်သည်။ သူ ဒီအချိန် ကင်းသမား၊ သူနေရာယူထားသည့် ရေယာဉ်၏ ပဲ့စင်၊ ၀ဲဘက်ခြမ်း မြင်ကွင်းအရ အားလုံးကို စိုးမိုးထားသည်။ ရေယာဉ်၏ ဦးပိုင်းက ဂျိုင်းရွာဘက်သို့ လှည့်ထားသည်မို့ တစ်ဘက်ကမ်းသို့ ရေယာဉ် ၀ဲဘက်ခြမ်းမှကြည့်၍ အာရုံစူးစိုက်ထားသည်။ ညအမှောင်ထုက တော်တော်သိပ်သည်းနေသည်။ ယနေ့ညနေ (၆) နာရီက စစ်ရေယာဉ်မှူးက အားလုံးကို တန်းစီ၍ ပြောခဲ့သော စကားအချို့ကို ပြန်ကြားနေမိသည်။
“အားလုံးနားထောင်။ ဒီနေ့ညနေ (၅) နာရီ လွန်ခဲ့တဲ့ (၁) နာရီကပဲ ကေအင်ယူသောင်းကျန်းသူ အင်အား (၂၀၀) လောက်ဟာ မဲဇလီရွာကို ရောက်နေတယ်။ မဲဇလီရွာဟာ တို့အခု အခြေပြုထားတဲ့ နေရာရဲ့ အရှေ့တောင်ဘက် (၇) မိုင် လောက်မှာရှိတယ်။ ဟောင်သရောမြစ်ဖျားမှာ ဒါက သတင်းတစ်ခု။ နောက်တစ်ခုက မွန်သောင်းကျန်းသူ ဗဟိုအဖွဲ့ကလည်း လက်အောက်ခံတပ်တွေကို ဒီနေ့မှာ တိုက်ကွက်တစ်ခု ဖော်ထုတ်ဖို့ ညွှန်ကြားထားတယ်ဆိုတဲ့ သတင်းကို အခု ရှေ့တန်း ကချင် (၂) တပ်ရင်းက ရလာတယ်။ မင်းတို့ သိတဲ့အတိုင်း မိဂလုံတိုက်ပွဲ ပြီးကတည်းက တို့စစ်ရေယာဉ်အပေါ် အခဲမကျေဖြစ်နေတာ၊ ငါ့အနေနဲ့ တို့စစ်ရေယာဉ်ကို လာတိုက်ခိုက်မယ်လို့ သုံးသပ်တယ်။ ဒီတော့ ဒီနေ့အထူး ဂရုစိုက်ဖို့လိုတယ်။ ကင်းတွေ သတိဝိရိယ နိုးကြားဖို့လိုတယ်။ တိုက်ပွဲဖြစ်လာရင် မင်းတို့ကို မှာထားသလိုပဲ ကိုယ့်ဆီကချက်ချင်း ပြန်ပစ်ခတ်နိုင်ဖို့လိုတယ်။ တို့တွေလည်း တပ်လှန့်၊ မီးလှန့်၊ ပျက်စီးထိန်း လေ့ကျင့်ခန်းတွေ ထပ်တလဲလဲ လုပ်ခဲ့တာပဲ။ အေး ….. ဒါပေမဲ့ တကယ့်နဖူးတွေ့၊ ဒူးတွေ့ ကြုံတဲ့အခါမှာ သွေးမကြောင်ပဲ ခေါင်းအေးအေးထားပြီး အထက်အမိန့်အတိုင်း တိုက်ပွဲဝင်ဖို့ လိုတယ်။ (က) အမြောက်ရော၊ (ခ) အမြောက်ရော ကျည်ထိုးထား။ ကင်းကို တစ်ဝက်အိပ်၊ တစ်ဝက်နိုး စနစ်စောင့်။ (ခ) အမြောက်မှာ လူအဆင်သင့် ရှိပါစေ။ ဒါပဲ”
စစ်ရေယာဉ်မှူးက စကားနည်းသည်။ သူ့ပုံကြည့်တော့လည်း မှုန်တေတေ။ အရယ်အပြုံးနည်းသည်။
တပ်ကြပ်ကပ်တဲလ်သည် မှန်ပြောင်းဖြင့် တစ်ဘက်ကမ်းသို့ ကမ်းနားတလျှောက်ကြည့်သည်။ မထူးခြား။ သူနှင့် တည့်တည့်က မဲမဲအစုသည် သရက်တော ရေဆိပ်နားက အိမ် (၆) လုံး၊ အပင်ကြီး၊ ချုံပုတ်၊ ကွင်းပြောင်ကြီး၊ ပြီးတော့ သင်္ချိုင်း၊ သင်္ချိုင်းလွန်တော့ မူလတန်းကျောင်း၊ ပြီးနောက် သရက်တောရွာစု၊ အိမ်ခြေ (၅၀) ခန့် ကမ်းရိုးတစ်လျှောက် ရွာတန်းရှည်။ ဒီမြေမျက်နှာပြင် အနေအထားကို အလွတ်ရအောင် ကြည့်ထားသည်။ အဲဒီဘက်ကမ်းကို ဂရုပြုရန် စစ်ရေယာဉ်မှူး မှာထားသည်။ ဟောင်သရောမြစ်သည် ရေကျစီးဆင်းလျက်ရှိသည်။ မိုးတွင်းမဟုတ်၍ ရေနည်းသည်။ ကမ်းပါးတွေက မိုးလို့နေသည်။ သူ့နေရာ အမြင့်ဆုံး ပဲ့စင်ကမှ အတော်ဖြစ်နေသည်။ ပစ်ကွင်းကောင်းသည်။ ရေယာဉ် ဦးပိုင်း၊ ပဲ့ပိုင်းဆိုလျှင် မြင်ကွင်းမကောင်း။ (က) အမြောက်က ရှေ့ပိုင်းမှာ၊ (ခ) အမြောက်က သူ့ပဲ့စင်အနီး၊ ရေယာဉ်အလယ် အမြင့်ပိုင်းကုန်းပတ်မှာ ရှိသည်။ (ခ) အမြောက်က ပိုမြင့်သည်မို့ ယခုအားကိုးရမည်က (ခ) အမြောက်။ (ခ) အမြောက် အတွင်းမှ သိန်းနိုင် နှင့် စောအေးတို့ စကားတီးတိုးပြောသံ ကြားရသည်။ ပဲ့နင်းမှူး၏ တိတ်တိတ်နေစမ်း၊ စကားမပြောနဲ့ ဟုပြောလိုက်သံ ကြားရသည်။ သူလည်း ပတ်ဝန်းကျင်ကို ထပ်မံ အကဲခတ်လိုက်သည်။ ကင်းသမားသည် စစ်ရေယာဉ်၏ နား၊ စစ်ရေယာဉ်၏ မျက်စိ မဟုတ်လား။
ပဲ့ပိုင်းတွင် တာဝန်ကျနေသော တပ်သားဌေးကျော်သည် အေးစက်နေသော ဂျီသရီး သေနတ်၏ မောင်းခလုတ်ပေါ်တွင် လက်ညှိုးတင်၍ ကင်းစောင့်လျက်ရှိသည်။ ညကမှောင်နေသည်။ လ က ည (၁၂) နာရီမှ ထွက်မည်ဖြစ်၍ ရန်သူအနေနှင့် အမှောင်ထုကို ချဉ်းကပ်လာကာ လထွက်သည့်အချိန်တွင် မိမိရေယာဉ်အား လည်းကောင်း၊ ရွာတွင်းသို့ လည်းကောင်း ပစ်ခတ်နိုင်ကြောင်း၊ ညနေက စစ်ရေယာဉ်မှူး၏ ပြောစကားအချို့ကို သတိရမိသည်။ ခါးပတ်တွင် တပ်ဆင်ထားသော ကျည်ကပ်များကိုလည်း စမ်းလိုက်သည်။ (၁၈) တောင့်စီ ထည့်ထားသော ကျည်ကပ် (၄) ခု၊ သေနတ်တွေ ကလည်း အားတိုင်း တိုက်ချွတ်ထားသည်မို့ လက်နက်အပေါ် ယုံကြည်ချက်အပြည့်။ အရန်ကျည်များကလည်း မိမိတို့ တိုက်ပွဲဝင်ရန် သတ်မှတ်ထားသော နေရာများတွင် အဆင်သင့် ရှိနေသည်။ ပဲ့ပိုင်း အလယ်ခုံတွင် ထိုင်နေသော စစ်ရေယာဉ်မှူး၏ ချောင်းဆိုးသံ ခပ်အုပ်အုပ်ကို ကြားလိုက်ရသည်။ ဌေးကျော် ကင်းချိန်က ည ရှစ်နာရီမှ ဆယ်နာရီ …..။
စက်ခန်းတာဝန်ခံ တပ်ကြပ်ကြီးမောင်တင်သည် အိပ်စင်ပေါ်တွင်လှဲရင်း “တစ်ကိုယ်ရေ စစ်သားဘ၀တွင် ပျော်ပျော်ရွှင်ရွှင်” ဟူသော တွံတေးသိန်းတန် သီချင်းကို ညည်းနေသည်။ သည်ဆရာကြီးက သီချင်းကြိုက်သည်။ သင်္ဘောစစ်ဆင်ရေး ပြန်နားလို့ မော်လမြိုင် ရောက်လျှင်ဖြင့် သူဂျူတီကျသော ရက်များတွင် သူ့အသံပြဲကြီးဖြင့် ကျန်ရှိသောသူအပေါင်း နား ညည်းအောင် သီချင်းဆိုတတ်သည်။ ၀ါသနာကို အခုတော့ ခပ်တိုးတိုး၊ တစ်ကိုယ်တည်းကြားရုံ၊ ရန်သူ့သတင်း ထူးသည်ကိုး၊ ထူးတာတော့ လွန်ခဲ့တဲ့ နှစ်ပတ်လောက်ကတည်းကပါ၊ ရွာကိုဝင်ချမည်။ ခရီးသည်သင်္ဘောကိုမြုပ်ပစ်မည်။ စစ်ရေယာဉ်ကို တီးပစ်မည် စသည်ဖြင့် အမြောက်ကြီးပေါ့။ လာလျှင်လည်းလာ။ မြန်မြန်ချလိုက်။ ရင်ဆိုင်လိုက်ပြီးတာပဲ။ ဒီမှာအားကိုးစရာ (၂) လက်တောင်ရှိသည်ပဲ။ ဟိုးအရင် အဆက်ဆက်ကတည်းက ဘိုဖာ ဆိုတာ နာမည်ကြီးမို့လား။ သူတို့ငယ်ငယ် ရေတပ်တပ်ရင်းတွေ ဖွဲ့တုန်း ရှိတုန်းကလည်း တနင်္သာရီတိုင်းတစ်ခွင် ခြေအနှံ့ဆန့်ရင်း တိုက်ပွဲပေါင်းစုံ တွေ့ခဲ့ တိုက်ခဲ့ဖူးသည်။ အခုအနေအထားကတော့ ရေယာဉ်နဲ့ပေါ့လေ။ ရေတပ်၏ဆောင်ပုဒ်များမှ တစ်ခုဖြစ်သော ရေယာဉ် ရေပေါ်ပေါ်နိုင်ဖို့၊ ပြီးတော့ လှုပ်ရှားနိုင်ဖို့၊ တိုက်ခိုက်နိုင်ဖို့ဖြစ်သည်တွင် သင်္ဘော ရေပေါ်ပေါ်နိုင်ဖို့က အရေးကြီးဆုံး။ တိုက်ပွဲဖြစ်လည်း ရန်သူက ကိုယ့်ရေယာဉ် နစ်မြုပ်သွားအောင် ရေ၀င်အောင်ပစ်ခတ်မည်သာ။ ရေ၀င်မည့် အပေါက်ဖြစ်လာပါကလည်း ဖာထေးရန် ပြုပြင်ရန် ပစ္စည်းကရိယာ အစုံအလင်ကို စစ်ရေယာဉ်မှူး၏ ညွှန်ကြားချက်ဖြင့် အပြည့်အစုံပါလာပြီးသား။
သည်ရေယာဉ်တွင် သူကစက်ခန်းတာဝန်ခံ၊ ဒီတော့ ပျက်စီးထိန်းရေး၊ မီးလောင်လျှင်ငြိမ်းသတ်ရေး ကိစ္စအ၀၀တွင် စစ်ရေယာဉ်မှူး၊ ဒု-စစ်ရေယာဉ်မှူး တို့နှင့်အတူ ကြီးကြပ်ရေးတာဝန်ခံ။ အစစလည်း ဇာတ်တိုက်လေ့ကျင့်ပြီးသား၊ မီးသတ်ဗူးတွေလည်း အကုန်ကောင်း၊ ရေစုတ်စက်လည်းကောင်း၊ အိုကေပါ။
စစ်ရေယာဉ်မှူးသည် ရေယာဉ်ပဲ့ပိုင်းရှိ ကုလားထိုင်တွင် ထိုင်လျက်ရှိသည်။ ညနေက ကချင် (၂) တပ်ရင်းမှ ရရှိ ထားသော သတင်းကို ဒု-စစ်ရေယာဉ်မှူးအား ဌာနချုပ်သို့ အစီရင်ခံရန် ကြေးနန်းအချော ရေးခိုင်းထားသည်။ ညနေ ကလည်း ရေယာဉ်ရှိ စစ်သည်များအားလုံးကိုလည်း အခြေအနေကို ရှင်းပြပြီးဖြစ်သည်။ သူတို့လက်ဦးမှုကို ချက်ချင်း တုန့်ပြန် ပစ်ခတ်နိုင်ဖို့ လိုသည်။ မှာလည်းမှာပြီးပြီ။ ဆောင်းတွင်းရေနည်းချိန်မို့ ကမ်းပါးတွေက ရေမျက်နှာပြင်အထက် (၁၀) ပေခန့် မြင့်တက်နေသည်။ ဒါကို အခွင့်ကောင်းယူ၍ အပေါ်စီးမှ ပစ်ခတ်နိုင်သည်။ ကိစ္စမရှိပါဘူး။ အပေါ်က (ခ) အမြောက်က ကမ်းပါးနဲ့ တပြေးညီလောက် ဖြစ်နေသည်။ အရေးကြီးတာက ရဲဘော်တွေ မကြောက်ဖို့။ အရေးဆို ကိုယ့်နေရာကို အမြန်ဆုံးရောက်ပြီး ပြန်တွယ်နိုင်ဖို့။ ဇာတ်တိုက်လေ့ကျင့်ခန်းတွေလည်း အကြိမ်ကြိမ်လုပ်ထားသည်။ တိုက်ပွဲဝင်နေတုန်း မီးလောင်၊ ရေ၀င်ရင် ပြိုင်တူဖြစ်လာရင် ဘာလုပ်မယ် စသည်ဖြင့်ပေါ့။ စစ်သည်ဂျူနီယာလေးတွေကိုပဲ စိတ်မချ၊ တိုက်ပွဲအတွေ့အကြုံ မရှိကြသေး။ စီနီယာကြီးများကတော့ အားကိုးရမည့်ပုံ၊ ဟုတ်တယ်လေ အတွေ့အကြုံကတော့ ယှဉ်လို့မရ။
လေ့ကျင့်ခန်းဇာတ်တိုက်မှုတွေလုပ်ရင်း သူ့ခေါင်းထဲမှ စိတ်ကူး တိုက်ပွဲလေးများ ဖန်တီး၍ မေးခွန်းထုတ်ရင်း ဖြေခိုင်းသည်။ ဘယ်ကနေပစ်ရင် ဘာလုပ်မယ်၊ ဘာဖြစ်ရင် ဘာလုပ်မယ် စသဖြင့်ပေါ့၊ အဖြေတွေ လူပ်ရှားမှုတွေကတော့ မဆိုး။ သို့သော် တကယ့်လက်တွေ့ မှတ်ကျောက်တင်မှာက တိုက်ပွဲအစစ်။
ကြုံတော့ကြုံလိမ့်မည်၊ သတင်းတွေက အစုံကြားနေရသည်။ မိဂလုံ တိုက်ပွဲပြီးကတည်းက ဒီသင်္ဘောကို အခဲမကျေဖူးလေ။ အပြတ်ကို ပစ်ထားတာမို့လား၊ ဒီနေ့ညတော့ လာတွယ်မည်ဟု သူ သုံးသပ်ထားသည်။ လာလေ …၊ လာပါစေပေါ့၊ ကိုယ့်ဘက်က အစစ အဆင်သင့်ပဲ။
အားသာချက် အားနည်းချက်လည်း သူတွက်ပြီးပြီ။ ကျဉ်းမြောင်းသော မြစ်ချောင်းအတွင်း ရေယာဉ်လှုပ်ရှား၊ လှည့်ပတ်ကစားဖို့ကတော့ လွတ်လွတ်လပ်လပ် ပင်လယ်ပြင်ကြီးလိုတော့ မလွယ်၊ မြစ်ချောင်းအတွင်း သောင်တို့၊ ကျောက်တို့ ဒါတွေ ရှောင်ကွင်း သွားလာရသည်။ ပြီးတော့ မြစ်ကကျဉ်းသည်။ မိုးတွင်းလိုမဟုတ် ရေနည်းသည်။ ပြီးတော့ ကိုယ့်ရေယာဉ်က လယ်ပြင်မှာ ဆင်သွားသလို ထင်ထင်ရှားရှား ကြီးမားသော ပစ်မှတ်၊ သည်ကောင်တွေက ပုန်းကွယ်ပြီး ပစ်ခတ်နိုင်သည်။ ချုံပုတ်ကွယ်က ပစ်မလား၊ ကမူကွယ်က ပစ်မလား၊ လူတစ်ကိုယ်စာ ဖုံးကွယ်မှုရှိသော နေရာ ရရုံနှင့် ပစ်နိုင်သည်။ သည်တော့ သည်ကောင်တွေ ပစ်တာနဲ့ ဘယ်နေရာက ပစ်သလဲ၊ ဒါက အရေးကြီးဆုံး၊ သိနိုင်တာက ယမ်းငွေ့မီး၊ အသံ ဒါကိုသိဖို့က မျက်စိ၊ နား လျင်ဖို့လိုသည်။ ပေါ့၍မရ။ ရန်သူဘယ်နေရာက ပစ်နိုင်မလဲ၊ မင်းသာ ရန်သူ ဆို ဘယ်ကပစ်မလဲ၊ ဒါမျိုးတွေးတတ်တဲ့ အတွေးရှိအောင် သင်ပြီးသား၊ နေရာသိလို့ကတော့ ရေယာဉ်၏ အမြောက်ကြီးများ တဒုန်ဒုန်း ပစ်၍ ဦးနှိမ် ပစ်ခတ်ရမည်။
“တစ်ကိုယ်ရေ စစ်သားဘ၀တွင် ပျော်ပျော်ရွှင်ရွှင်”
တပ်ကြပ်ကြီးမောင်တင်၏ သီချင်းညည်းသံ တိုးတိုး ကြားလိုက်ရသည်။ ဆောင်းလေအေး ဝေ့ကနဲ တိုက်ခတ် သွားသည်။ ရာသီဥတုက အေးအေးမို့ အတွေး ဆွေးဆွေးနဲ့ သူ့မဟေသီလောင်းဆီသို့ အတွေးရောက်သွားသည်။ ကမန်းကတန်း အာရုံဖြတ်လိုက်သည်။ သူ့အချိန်နှင့် သူပေါ့။
ဒု-စစ်ရေယာဉ်မှူး အခန်းထဲတွင် ဒု-စစ်ရေယာဉ်မှူး နှင့် ဆက်သွယ်ရေးစစ်သည်တို့ ရှိနေသည်။ ဒု-စစ်ရေယာဉ်မှူး က စစ်ရေယာဉ်မှူး ရေးပေးထားသော ရန်သူ့သတင်းကို အထက်ဌာနချုပ်သို့ တင်ပြပြီး အထက်မှ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်လျက်ရှိနေသည်။
ဖယောင်းတိုင် မီးရောင်အောက်တွင် မျက်စေ့အားကို အတော်စူးစိုက်နေရ၏။ အလင်းရောင်ပြင်ပသို့ မထွက်စေရန်လည်း ဘေးရှိပြတင်းပေါက်များကို ပိတ်ထားသည်။ ဟုတ်သည်။ ရေယာဉ်ဦးက ဂျိုင်းရွာဘက် လှည့်ထားတော့ သူ့အခန်းက တစ်ဘက်ကမ်းနှင့် ဘေးချင်းယှဉ်လျက်။ ဒါကြောင့်လည်း အလင်းရောင်မထွက်ရေး ဂရုစိုက်နေရသည်။ ဆက်သွယ်ရေးစစ်သည် တပ်သားမျိုးညွန့်သည် အနားတွင်ရပ်လျက်ရှိသည်။
ည ၈ နာရီ ၃၅ မိနစ် ……
တောက် ……. တောက် …….တောက် …….တောက် …….
ရန်သူ့လက်နက်ငယ်သံများ၊ ချပြီ။ တစ်ဘက်ကမ်းမှ ဆက်တိုက်ကြားနေရသည်၊ ဘာဝေးမလဲ၊ ကိုက် (၁၀၀) ပေါ့။
“ဒိုင်း ……. ဒိုင်း ……. ဒိုင်း ……. ”
ရေယာဉ်ပဲ့ပိုင်းရှိ ကင်းသမားမှ ပြန်လည် ပစ်ခတ်သံ ……
“ဂျိမ်း …….”
ရန်သူ့ လက်နက်ကြီးသံ ရေယာဉ်တစ်စီးလုံး ဆက်တိုက်တုန်ခါသွားသည်။ ဆော်ပြီ။ ဒီကောင်တွေ လာဆော်ပြီ၊ အစောကြီးပဲ၊ ပြန်ချရမယ်။
“နေရာယူ”
စစ်ရေယာဉ်မှူး၏ ၀မ်းခေါင်းထဲမှ အမိန့်သံ၊ အမိန့်သံနှင့်အတူ သူရောက်ရှိရမည့်၊ ကွပ်ကဲရမည့် နေရာဖြစ်သော ပဲ့စင်သို့ တစ်ဟုန်ထိုး ပြေးတက်သွားသည်။ ရဲဘော်တွေကို ညွှန်ကြားစဉ်က ရန်သူဘယ်ဘက်က ပစ်လျှင် မိမိရေယာဉ်၏ ညာဘက်ကမ်းမှ ကျည်ကွယ်မျက်ကွယ် ယူ၍၊ သွားလာနေရာယူရမည်ဟု ယခုတကယ်လက်တွေ့တွင် သူသည် ပဲ့ပိုင်းရှိ အလယ်လှေခါးမှ အပေါ်သို့ပြေးတက်ပြီး ဟင်းလင်းပြင်အတိုင်းပြေး၊ (ခ) အမြောက်ကိုဖြတ်၊ ပဲ့စင်သို့ရောက်သည်။ ဘေးမှ ရော ခေါင်းပေါ်မှရော ကျည်ဆံတွေ တ၀ီဝီ၊ ပဲ့စင် အမြန်ရောက်ဖို့ အရေးကြီးသည်ကိုး။
“ခ အမြောက် ပစ်”
“ဂျိမ်း …….ဂျိမ်း …….”
“ဒုန်း ….. တောက်တောက်”
“ဒိုင်း …… ဒိုင်း ……”
ဆူညံနေသည်။ ရန်သူတွေ ရေယာဉ်ကို ပစ်အား အတော်များများနှင့် စုပြုံပစ်ခတ်နေပြီ။
“ဂျိမ်း” ဟူသော ပထမဦးဆုံးသော ရန်သူ့ အာပီဂျီ လောင်ချာကျည်က ဒု-စစ်ရေယာဉ်မှူး အခန်းဘေး တည့်တည့်ကို ထိမှန်ခြင်း ဖြစ်သည်။ တဆက်တည်း ရန်သူ့လက်နက်ငယ်ကျည်များ ပလူပျံ၍ ၀င်လာသည်။
“ဟာ … ဗိုလ်ကြီး သွေးတွေ သွေးတွေ ထိသွားပြီ”
“ဟာ … နည်းနည်းထိတာ၊ ကိစ္စမရှိဘူး၊ မင်းခြေဖနောင့်မှာလည်း သွေးတွေနဲ့”
ဒု-စစ်ရေယာဉ်မှူး၏ ၀ဲဘက်နံတွင် ရှပ်မှန်သွားသည်။ မျိုးညွန့် ခြေမျက်စေ့နောက်တွင်လည်း နည်းနည်း ထိသွားသည်။
“ကဲ … ကဲ … နေရာယူယူ သွားသွား”
ဒု-စစ်ရေယာဉ်မှူး ပြောပြောဆိုဆို (ခ) အမြောက်သို့ ပြေးတက်သွားသည်။ တိုက်ပွဲဝင် အနေအထားတွင် ကွပ်ကဲရမည့် အမြောက်က (ခ) အမြောက်၊ သွေးပူနေ၍လားမသိ၊ ဒဏ်ရာကိုပင် မေ့နေသည်။ မိမိရေယာဉ်မှ အမြောက်သံ၊ ရန်သူ့လက်နက်ကြီးသံ၊ လက်နက်ငယ်သံများ ဆူညံနေသည်။ စိတ်ဓါတ်တက်ကြွဖို့တောင် ကောင်းနေသည်။
စစ်ရေယာဉ်မှူး ပဲ့စင်ပေါ်ရောက်တော့ တပ်ကြပ်ကပ်တဲလ်ကို (က) အမြောက်သို့ သွားရောက်ကွပ်ကဲစေသည်။ (ခ) အမြောက်ဘိုဖာကို လောင်ချာပစ်ခတ်ရာ နေရာသို့ ညွှန်ပြလိုက်သည်။ ဒု-စစ်ရေယာဉ်မှူးလည်း (ခ) အမြောက်သို့ ရောက်ပြီ။
“ဟေ့ … ဟိုမှာတွေ့လား၊ မီးပွင့်တဲ့နေရာ၊ ပစ် အဲဒီနေရာကိုပစ် ဆက်တိုက်ပစ်”
“ဒုန်း ….. ဒုန်း ….. ”
ဘိုဖာအမြောက်တို့၏ အော်တို ဆက်တိုက် ပစ်ခတ်နိုင်မှုက တပမ်းသာသည်။
“ဂျိမ်း …….ဂျိမ်း ……. ဂျိမ်း …….”
ရန်သူတို့ အပိုင်ကြံလာပုံရ၏။ လက်နက်ကြီး တော်တော်များများလည်း ပါလာပုံရ၏။ စုပြုံပစ်ခတ်၏။ တော်တော် ပစ်အားသုံးသည်။ နှောင့်ယှက်ပစ်ခတ်၍ ပြန်ပြေးမည့်ပုံမဟုတ်။ တိုက်ပုံခိုက်ပုံ လေ့လာရတာက စိမ်ပြေနပြေ ပစ်အား များများသုံး၍ မိမိရေယာဉ်ကို နစ်မြုပ်သည်အထိ ရည်ရွယ်ထားပုံ၊ ဘာရမလဲ၊ ဆိုင်ပြီး ပစ်နေရုံပေါ့။ (ခ) အမြောက် မှ ပဲ့နင်းမှူး ဆရာကြီးစောနောင်ကို (က) အမြောက်သို့ သွားရောက် နေရာယူ ကွပ်ကဲရန် ညွှန်ကြားလိုက်သည်။ သေနတ်သံများက ဆူညံနေသည်၊ အခြေအနေကို သုံးသပ်လိုက်တော့ တစ်ဘက်ကမ်း သရက်တောရေဆိပ် လယ်ကန်သင်းရိုးများမှ ပစ်ခတ်နေခြင်းဖြစ်သည်။ အာပီဂျီလောင်ချာ၊ အမ် ၇၉ လောင်ချာများနှင့် ရန်သူမှ ဆက်တိုက် ပစ်ခတ်နေသည်။ အချို့ပစ်ချက်များက ရှေ့ရေထဲ၊ အချို့က ရေယာဉ်ဘေးပတ်လည် ကျရောက် ပေါက်ကွဲလျက်ရှိသည်။ မိမိရေယာဉ်မှလည်း လက်နက်ကြီး ဘိုဖာအမြောက် (က) ရော (ခ) ရော ဒလစပ် ပစ်ခတ်နေသည်။
“ဟေ့ကောင် အောင်ကြီး မင်းဂျီဖိုးနဲ့ သေသေချာချာ ပစ်စမ်းကွာ။ ဟိုမှာတွေ့လား၊ မီးပွင့်ကျဲနေရာ၊ ဟိုအပင် အုပ်အုပ်၊ အေး …. ဟုတ်ပြီ”
သည်ပဲ့စင်က ပစ်ကွင်းအကောင်းဆုံး အပေါ်စီးမှ အောင်ကြီးသည် စစ်ရေယာဉ်မှူး အမိန့်အတိုင်း ထိရောက်စွာ ပစ်ခတ်နေသည်။ ၀င်းစိန်ကလည်း ဂျီဖိုးနှင့် ပဲ့စင်မှ ၀ိုင်းပစ်ပေးနေသည်။ ပဲ့စင်ပေါ်တွင် သုံးဦး။ စစ်ရေယာဉ်မှူး၊ အောင်ကြီး၊ ၀င်းစိန်။
စစ်ရေယာဉ်မှူး၏ (က) အမြောက်၊ (ခ) အမြောက်များသို့ အော်ဟစ် အမိန့်ပေးသံက သေနတ်သံများကြားမှ ထွက်ပေါ်လျက်ရှိသည်။ ထို့ကြောင့်ပင်လားမသိ။
“ဂျိမ်း …….”
အာပီဂျီ ဗုံးသီးတလုံးသည် ပဲ့စင်၏ ၀ဲဘက်တံခါးအနီး ပဲ့စင်ကြမ်းပြင်ပေါ်တွင် ထိမှန် ပေါက်ကွဲသည်။ ပဲ့စင်ပေါ်ရှိ သုံးဦး၏ အလယ် မီးလုံးကြီးတက်လာသည်။ ပဲ့စင်ကြမ်း ရှစ်လက်မပတ်လည် ပွင့်ထွက်သွားသည်။ ပဲ့စင်အမိုးတွင်လည်း လက်နက်ကြီးစများ အများအပြား ထိမှန်ကုန်သည်။
“၀ုန်း …..”
“အား …..”
၂ ယောက်ထိသွားသည်။ အောင်ကြီး နှင့် ၀င်းစိန်။ မထိပဲ ၀ုန်းကနဲ လွင့်သွားသူက စစ်ရေယာဉ်မှူး။ ၀င်းစိန်၏ ဒဏ်ရာကများသည်။ အောင်ကြီး ဒဏ်ရာက သိပ်မများ။ ၀င်းစိန် ကို အောက်သို့စေလွှတ်လိုက်သည်။ စစ်ရေယာဉ်မှူး သည် အောင်ကြီးကို အားပေးရင်း တိုက်ပွဲကို ကွပ်ကဲလျက်ရှိသည်။ အောင်ကြီးသည် ဒဏ်ရာ ရထားသော်လည်း၊ ပစ်ခတ်မှုကတော့ စစ်ရေယာဉ်မှူး အမိန့်အတိုင်း တိုက်ပွဲဝင်လျှက် ……။
တိုက်ပွဲက ပြင်းထန်လျက်ရှိသည်။ ဘတစ်ပြန်ကျားတစ်ပြန် ရင်ဆိုင် အပြိုင်နွှဲလျက်၊ စိတ်ဓါတ်အား ပစ်အား ယှဉ်လျက်၊ စိတ်ဓါတ်အား လျော့၍ ပစ်ခတ်မှုလျော့၍ ထိရောက်စွာ ပစ်ခတ်နိုင်မှု လျော့သည်နှင့် တစ်ဖက်မှ အနိုင်ရ အသာစီးရမည့်ပုံ။
တိုက်ပွဲ စသည်က ၂၀၃၅၊ အခု ၂၀၅၀ အချိန်။
ရန်သူ့ အာပီဂျီ ဗုံးသီးတလုံးသည် ရေယာဉ်စက်ခန်း နံရံထိမှန်ပြီး သံပြားများပေါက်ကုန်ကာ အတွင်းရှိ ဒီဇယ်ပိုက်လိုင်းများ ထိမှန်၍ လောင်စာဆီများ မီးစွဲလောင်တော့သည်။ စက်ခန်းအတွင်း နေရာယူထားသော တပ်ကြပ်ကြီး မောင်တင် ဦးစီး၍ မီးသတ်ဆေးဗူးများဖြင့် တိုက်ပွဲဖြစ်နေသည့်ကြားက အောင်မြင်စွာ ငြိမ်းသတ်နိုင်ခဲ့သည်။ ထို့အတူ (ခ) ရိပ်သာအား လောင်ချာ ထိမှန်ပြီး အိပ်ယာများ မီးစွဲလောင်ရာ တပ်ကြပ်ကြီးမောင်တင် ဦးစီး၍ပင် ငြိမ်းသတ်နိုင်ခဲ့သည်။
ရေယာဉ်၏ ၄၀ မမ ဘိုဖာအမြောက်မှ ကျည်များ ကျရောက်သည့်မြေပြင်တွင် မီးတ၀င်းဝင်းနှင့် တွေ့နေရသည်။ လယ်များ ရိတ်သိမ်းပြီး ခြောက်သွေ့နေ၍ ကောက်ရိုးများ မီးစွဲလောင်ခြင်းကြောင့် ဖြစ်သည်။ တချို့လည်း မီးစွဲလျက် ခဏကြာ ငြိမ်းသွားလျက်။
၂၁၁၅ အချိန် ပဲ့စင်မှ စစ်ရေယာဉ်မှူး၏ ညွှန်ပြမှုဖြင့် ဒု-စစ်ရေယာဉ်မှူး ကွပ်ကဲနေသည့် (ခ) အမြောက်၊ ပဲ့နင်းမှူး ကွပ်ကဲနေသည့် (က) အမြောက်၊ ပဲ့ပိုင်းမှ နေရာယူထားသော စစ်သည် (၅) ဦး၏ လက်နက်ငယ်များ၊ ပဲ့စင်ရှိ ဘီအေ ၆၄ သေနတ် အားလုံးသည် ရန်သူ့လက်နက်ကြီးများ နေရာယူထားသော နေရာများသို့ တစ်ပြိုင်တည်း အပြင်းအထန် ပစ်ခတ်သည်။ ရန်သူအား ဦးနှိမ်ပြီး မိမိပစ်အားဖြင့် ချေမှုန်းနိုင်ရန်အတွက် စစ်ရေယာဉ်မှူးသည် (ခ) အမြောက်အား သရက်တော သင်္ချိုင်း မှ ရေဆိပ်အိမ်စုအထိ နှင့် (က) အမြောက်အား ရေဆိပ်အိမ်စုမှ သရက်တောရွာ လှည်းလမ်းကြောင်းအထိ လည်းကောင်း၊ လက်နက်ငယ်များအား ရေစပ်မှ ကမ်းပါးများအထိ နယ်မြေများ ခွဲခြားပေးပြီး ပိုက်စိတ်တိုက် ချေမှုန်းပစ်၊ ပစ်ခတ်စေသည်။
တိုက်ပွဲက ပြင်းထန်ဆဲပင်။
“ချကွာ …… ပစ် ….. ချ ……. ချ ……”
စစ်ရေယာဉ်မှ အော်ဟစ်သံများ နှင့်အတူ လက်နက်ကြီး၊ လက်နက်ငယ်သံများက မိုးချုန်းသံ အလား ဆက်တိုက် ထွက်ပေါ်နေသည်။
ရန်သူ့ ပစ်ခတ်မှု ခေတ္တရပ်သွားသည်။ မိမိပစ်ခတ်မှုက စိုးမိုးပြီ။
“ဆက်ပစ် ပစ် ဒီကောင်တွေ ကြောက်သွားပြီ၊ ပစ်အားမလျော့နဲ့”
စစ်ရေယာဉ်မှူး၏ အော်ဟစ်အားပေးသံက အားတက်စရာ။ ရန်သူသည် အမ် ၇၉ လောင်ချာများ ဆက်တိုက် ပစ်ခတ်သည်။ တဖြည်းဖြည်း အသံတိုးကျဲသွားသည်။ တိုး၍ဝေးသွားပြီ၊ ဆုတ်ပြီ၊ ဒီကောင်တွေဆုတ်ပြီ။ ဆုတ်လမ်းကို ပစ်ရန် အမြောက်ဖြင့် ထောင့် တင်ချပြောင်း၍ ပစ်ခတ်စေသည်။
၂၂၁၅ အချိန်တွင် ရန်သူ့ ပစ်ခတ်မူ အားလုံးရပ်တန့်သွားသည်။ ဒီကောင်တွေ ပြေးပြီ။ မိမိအမြောက်တပ်ဖွဲ့များအား အပစ်ဆိုင်းရန်နှင့် ပြန်လည်ပစ်ခတ်မူဖြစ်လာက အဆင်သင့် ပြန်ပစ်ခတ်နိုင်ရန် အမိန့်ပေးလိုက်သည်။
ရေယာဉ်၏ဦးပိုင်း အနည်းငယ် ရှေ့သို့စိုက်လာသည်။ ရေ၀င်လာပြီ။ ဟုတ်သည်။ ရန်သူ့ လက်နက်ကြီးဒဏ်ကြောင့် ရှေ့ရှိ ရေယာဉ် (ခ) ရိပ်သာ ကြမ်းခင်း တံကူ အမှတ် (၄၀) နှင့် (၄၁) သံပြားကြားမှ ဟပြီးရေ၀င်လာသည်။
စစ်ရေယာဉ်မှူး ပဲ့စင်မှ အောက်သို့ ဆင်းပြေးသည်။ စက်ခန်းတာဝန်ခံ တပ်ကြပ်ကြီးမောင်တင် နှင့်အတူ ဦးစီး၍ ရေစုတ်စက်ဖြင့် ရေများ စုတ်ထုတ်လိုက်သည်။ ရေ၀င်ပေါက်ကိုလည်း တွေ့ပြီ။ ရေတပ်လေကျင့်ရေးဌာနချုပ်တွင် စာတွေ့ သင်ကြားခဲ့ရသော ပျက်စီးထိန်း လုပ်ငန်းစဉ်ကို အောင်မြင်စွာ လက်တွေ့ အသုံးချပြုလုပ်နိုင်ခဲ့သည်။
ရေမ၀င်တော့ ရေ၀င်မှုအား ထိန်းချုပ်နိုင်ခဲ့ပြီ။
အထက်ဌာနချုပ်နှင့်လည်း တိုက်ပွဲဖြစ်ပွားနေစဉ် ၂၁၀၅ အချိန်ကတည်းက အဆက်အသွယ် ရခဲ့သည်မို့ အခြေအနေအားလုံး အစီရင်ခံလိုက်သည်။
လရောင်သည် သန်းခေါင်ယံကျော်မှ ထွက်ပေါ်လာခဲ့သည်။
ရန်သူလာဦးမလား။ လာလေ လာပါစေ လာစမ်းပါ။နောက်တစ်ပွဲအတွက်လည်း အဆင်သင့်ပဲ။
သို့သော် အခြေအနေ မထူးခြားတော့ပါ။ နံနက် အာရုဏ်ဦး အလင်းရောင် ထွက်ပေါ်လာပြီမို့ နံနက် ၆ နာရီခွဲတွင် စစ်ရေယာဉ်မှူးဦးစီး ကမ်းတက်အဖွဲ့သည် ရန်သူပစ်ခတ်ခဲ့ရာ တစ်ဘက်ကမ်းသို့ တက်ရောက်ရှင်းလင်းခဲ့သည်။
ရန်သူ နေရာယူခဲ့သော နေရာများရှိ သွေးကွက်များ၊ သွေးပေလူးနေသည့် ၄၀ မမ အမြောက်ကျည်စများကို တွေ့ရှိရသည်။ အာပီဂျီ ဒုံးပစ်လောင်ချာ ဒုံးသီး (၃) လုံး၊ အာပီဂျီ ပို့ကျည် (၂) လုံး၊ အာပီဂျီ ပို့ကျည်ခွဲ (၆) လုံး၊ အမ် ၇၉ လောင်ချာ ကျည်ခွံ (၉) ခု၊ အမ် (၁၆) ကျည်အိပ် (၁) ခု၊ ၅.၅၆ ကျည် (၁၈) တောင့်၊ အမ် (၂၂) ကျည်ကပ် (၂) ခု၊ ရ.၆၂ မမ အေကေကျည် (၅) တောင့် တို့အား လက်ရ သိမ်းဆည်းခဲ့သည်။
တကယ်တော့ ရန်သူတို့၏ မဟာအကြံအစည်ကြီးက မိမိရေယာဉ်ကို အပိုင်ပစ်ခတ်နစ်မြုပ်ဖို့ ၊ တကယ့် လက်တွေ့တွင်တော့ မိမိရေယဉ်မှ တန်ပြန်ပစ်ခတ်သည့်အခါ မိမိအမြောက်များ၏ ပစ်ခတ်မှုကို ယှဉ်ပြိုင် ပစ်ခတ်နိုင်စွမ်း မရှိတော့ဘဲ ဆုတ်ခွာထွက်ပြေးခဲ့ရသည်။
ရန်သူ့အကြံပိုင်ပုံက ထင်ရှားသည်။ လက်နက်ကြီးထိမှန်သည့်နေရာတွေ ကြည့်လေ၊ ပဲ့စင်၊ စက်ခန်း၊ ဒု-စစ်ရေယာဉ်မှူး အခန်းစသည့် ရေယာဉ်၏ အရေးကြီးနေရာများ၊ မိမိ ရေယာဉ်အား ကြိုတင်လေ့လာပြီးမှ ချိန်ရွယ်ပစ်ခတ် သည့်ပုံ။
ပြီးတော့ …… ပထ၀ီအငိုက်၊ လူအငိုက်၊ အချိန်အငိုက်။
ပထ၀ီအငိုက် - သတ်ကွင်းလိုဖြစ်နေသောနေရာ လယ်ကန်သင်းမှ ပစ်ခတ်နိုင်ခဲ့သည်။ ပစ်ခတ်နိုင်ဖို့ အမှောင်ထုကို အားကိုး၍ ချဉ်းကပ်ခဲ့သည်။
လူအငိုက် - သတင်းလွှင့်ထားသည်မှာ ကြာပြီ။ မိဂလုံ တိုက်ပွဲပြီးကတည်းက အဆင်သင့်ပြင်၍ စောင့်နေရသောရက်များ ကြာရှည်လာသည်တွင် ပေါ့လျော့ လာမည့်အချိန်။
အချိန်အငိုက် - လသာမှ လရောင်ဖြင့် တိုက်ခိုက်မည် ထင်ထားသော်လည်း တကယ်လာ၍ တိုက်ခိုက်သည့် အချိန်က ညမှောင်မိုက် အမှောင်ထုထဲ။
အငိုက်သုံးပါး မမိနိုင်ခဲ့သည်က သတင်းရရှိမှု၊ အစစ အဆင့်ဆင့် ပြင်ဆင်မှု၊ လေ့ကျင့်သား ပြည့်ဝမှု၊ အမြောက်ကြီးများစွမ်းပကားကို ထိရောက်စွာ အသုံးချနိုင်မှု၊ ဒီထက်အရေးကြီးတာက တိုက်ပွဲဝင်တို့၏ စိတ်ဓါတ်၊ သူရသတ္တိ၊ အမိန့်နာခံမှု တို့ကြောင့် ဖြစ်သည်။
မိမိရေယာဉ်၏ ချက်ချင်း တုံ့ပြန် ပစ်ခတ်နိုင်မှု၊ အနီးကပ် လက်နက်ကြီး ပေါက်ကွဲမှုဒဏ် ခံရသော်လည်း ကြောက်ရွံ့ခြင်း မရှိဘဲ တိုက်ပွဲတစ်ခုလုံး ဦးစီးကွပ်ကဲနိုင်သော စစ်ရေယာဉ်မှူး၏ ဦးဆောင်မှု၊ စစ်သည်များ တိုက်ပွဲ အတွေ့အကြုံ နည်းသော်လည်း ရန်သူနှင့်ရင်ဆိုင် တိုက်ခိုက်ရသည့်အခါ သတ္တိပြောင်၍ တိုက်ခိုက်နိုင်မှု၊ မီးလောင်သော်လည်း စနစ်တကျ လုပ်ကိုင်နိုင်သဖြင့် ရေ၀င်မှုကို ထိန်းချုပ်နိုင်မှုတို့ကြောင့် သိန်းပေါင်းများစွာ တန်ဘိုးရှိသော စစ်ရေယာဉ် ဆုံးရှုံးမှု မရှိခဲ့ပေ။
ရန်သူမှာ မွန်ပြည်သစ်ပါတီ သောင်းကျန်းသူ ကျိုက်မရောမြို့နယ်၊ တပ်ခွဲမှူး နိုင်ရေစင် ဦးဆောင် အင်အား (၃၀) ဖြစ်ပြီး၊ ၆၀ မမ စိန်ပြောင်း (၁) လက်၊ အာပီဂျီလောင်ချာ (၄) လက်၊ အမ် (၇၉) လောင်ချာ (၃) လက်၊ အမ် (၂၃) စက်လတ် နှင့် လက်နက်ငယ်မျိုးစုံ ကိုင်ဆောင်ခဲ့ကြသည်။ ရန်သူ (၁) ဦး ကျဆုံးပြီး (၄) ဦး ဒဏ်ရာရခဲ့သည်။
ထိုနေ့ညက ကျုံဒိုးရွာသည် အမြောက်သံတို့ဖြင့် ဆူညံနေခဲ့ရသည်။ ထိုအမြောက်သံများက တပ်မတော်(ရေ) ၏ ဂုဏ်ယူဖွယ်ရာ အောင်မြင်မှုကို ဖြစ်ပေါ်စေခဲ့သော မြစ်တွင်းတိုက်ရေယာဉ် (၃၀၃) ၏ အမြောက်သံများသာ ဖြစ်ပါလေတော့သည်။...........
၁၉၉၂ ခုနှစ် ဇန်န၀ါရီလ ၄ ရက် လွတ်လပ်ရေးနေ့တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ မှ အမိန့်ကြေငြာစာ အမှတ် ၃/၉၂ ဖြင့် သူရဘွဲ့ ချီးမြှင့်ခြင်း ခံရသည့် စစ်ရေယာဉ်မှူး ရေ/၁၂၈၂ ဗိုလ်ကြီးသက်ဆွေ၊ သူရဲကောင်းမှတ်တမ်းဝင်တံဆိပ် ချီးမြင့်ခံရသော ဒု-စစ်ရေယာဉ်မှူး ရေ/၃၄၅၂ ဗိုလ်ကရင်လဂျာ နှင့် ကိုယ်ပိုင်အမှတ် ၁၉၇၉၉ ဆေးတပ်သား အောင်ကြီး အပါအ၀င် မြစ်တွင်းတိုက်ရေယာဉ် ၃၀၃ မှ စစ်သည်များအား ဂုဏ်ပြုလျက်............ဗိုလ်ရွှေမင်းသိမ်း

No comments:
Post a Comment
mr.kyaingtun@gmail.com