Friday, December 21, 2012

လူထုခေါင်းဆောင်၊ စစ်အာဏာရှင်ဘက်တော်သားပေလော။ by Zaw Win on Friday, December 21, 2012 at 4:02am ·


လက်ရှိ ဗမာနိုင်ငံမှာ လူတယောက်ကိုသာ နိုင်ငံ့ခေါင်းဆောင်အဖြစ် မဲပေးယှဉ်ပြိုင် ရွေးချယ်ရင် ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်သူမှ ယှဉ်နိုင်မယ်မထင်ဘူး။ လူထုရဲ့မဲ အများဆုံး ရနိုင်တဲ့သူကို လူထုခေါင်းဆောင်လို့ သတ်မှတ်မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုခေါင်းဆောင်ပဲ။
ဒါပေမဲ့ ခုတလောမှာ လူထုခေါင်းဆောင်အဖြစ် အများပြည်သူ သတ်မှတ်ယုံကြည်ခြင်းခံရတဲ့ ဒေါ်အောင်ဆန်း စုကြည်ဟာ လူထုဘက်မှာမရပ်တည်ဘဲ၊ လူထုကိုနှိပ်စက်သူတွေဘက်က ကာကွယ်ရပ်တည်လာတာကို ရင်မချိစရာ တွေ့မြင်လာရတယ်။
နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှုတွေဘက်ကို ကြည့်ရမယ်လို့ ဆိုလားဆိုရဲ့။ ပြည်သူတွေဘက်က သဘောထားကြီးရမယ်လို့ ပြောလားပြောရဲ့။ မီးလောင်တိုက်သွင်းတဲ့ စစ်ဗိုလ်လူထွက်တွေကိုတော့ တချက်မှ အပြစ်တင် ပြောဆိုဝေဖန်တာမျိုး မတွေ့ရဘူး။
စစ်ဗိုလ်တွေနဲ့ ယုံကြည်မှုတည်ဆောက်ရမယ် ဆိုတဲ့ အလျော့ပေး အညံ့ခံ စေ့စပ်ရေး စာအုပ်ထဲက သဘောတရားကို ဘုရားဟောလောက် သဘောထားပြီး ကိုးကွယ်နေပြီလားလို့ ထင်မှတ်ရတယ်။ စစ်ဗိုလ်ချုပ်တွေနဲ့ ယုံကြည်မှုတည်ဆောက်၊ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာအောင်လုပ်ရမယ်ဆိုတဲ့ သူ့စာအုပ်ထဲက သဘောတရားတွေကို တရားသေလုပ်နေသလား ထင်ရတယ်။
စစ်ဗိုလ်ချုပ်တွေနဲ့တော့ အမှန်ပဲ ယုံကြည်မှုတွေ တိုးတက်လာပါရဲ့။


အတိုက်အခံအချင်းချင်းကြားထဲမှာ တော့ အယုံကြည်မဲ့သူ မဲ့လာတယ်။ ပြည်သူတွေမှာလည်း အကာအကွယ်မဲ့လာ တယ်။ ဒီမိုကရေစီ သမား တွေထဲမှာ ညီညွတ်ရေးပြိုကွဲလာတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အတွင်းမှာတောင်မှ ညီညွတ်ရေး ပျက်ပြားလာတဲ့ လက္ခဏာတွေ မြင်တွေ့လာရတယ်။ ဒါတွေအားလုံးဟာ ဒေါ်အောင်ဆန်းစုကြည် ပြောင်းလဲ ကျင့်သုံးလာတဲ့ မှတ်ပုံတင်ရေး၊ ရွေးကောက်ပွဲဝင်ရေး မူဝါဒသစ်ရဲ့ အကျိုးဆက်တွေပါပဲ။
တန်ဆောင်မုန်းလပြည့် မတိုင်ခင် ကတည်းက ဒေါ်အောင်ဆန်းစုကြည်ကလည်း လက်ပံတောင်းကို ခရီးထွက်ဖို့ ကြေညာတယ်။ ဒါပေမဲ့ သပိတ်မှောက်သူတွေကို ဆန္ဒပြတဲ့နည်းနဲ့ချည်း ပြဿနာ ဖြေရှင်းလို့မရဘူးလို့ အပြစ်တင်တယ်။ ဆွေးနွေးညှိနှိုင်း ရမယ်လို့ ဟန့်တယ်။ ဒါပေမဲ့ တကယ်တန်း မှာ ဆန္ဒပြသူတွေဘက်က မဆွေးနွေးတာမဟုတ်၊ ဆွေးနွေးခွင့်မရတာဖြစ်တယ်။ ဒါကို သူလည်းသိတယ်။ သိရက်နဲ့ ဒီစကားမျိုးပြောထွက်ခဲ့၊ ပြောရက်ခဲ့တယ်။
အောင်မင်းလာဆွေးနွေးတာကို ဆန္ဒပြသူတွေဘက်က လက်ခံစကားပြောခဲ့တာကို ကြည့်ပါ။ လက်ပံတောင်း ပြည်သူတွေဘက်က ဆွေးနွေးရေးတံခါး အမြဲတန်းဖွင့်ထားတယ်ဆိုတာ ထင်ရှားတယ်။ ဘယ်ဘက်က မဆွေးနွေးလို့ ဆွေးနွေးညှိနှိုင်းမှု မဖြစ်သလဲ ဆိုတာ ထင်ရှားပါတယ်။ ဆွေးနွေးတဲ့ ဘာသာစကားကို နားမလည်တာဟာ စစ်အာဏာရှင်တွေသာ ဖြစ်တယ်။ ဒါကို ဒေါ်အောင်ဆန်းစုကြည် အသိဆုံး။ သူကိုယ်တိုင် ဆွေးနွေးချင်လှချည်ရဲ့ အတန်တန်ပြောနေပါရက်နဲ့ ဒီနေ့အထိ သူ့ကို လူရာသွင်းပြီး တူတူတန်တန် ဘာမှ မဆွေးနွေးသေးတာကို သူအသိဆုံးပဲ မဟုတ်လား။ သူ့ဘက်ကသာ သမ္မတကြီးကတော်ပါတယ်၊ ရိုးပါတယ် ပြောနေရရှာတာ ဟိုက သူ့ကို ဘာများ အရေးလုပ်ဆွေးနွေးလို့လဲ။ ခုတော့ စစ်အာဏာရှင်တွေဘက်က ဒီလို တဘက်သတ် ခေါင်းမာတာကို မျက်ကွယ်ပြုပြီး  မြန်မာလူမျိုး မှာ ဆွေးနွေးညှိနှိုင်းတဲ့ ယဉ်ကျေးမှုမရှိဘူးဆိုပြီး အောင်နိုင်ဦးအတွေးအခေါ် သံယောင်လိုက်ရင်း  လူမျိုးနဲ့ချီ ထိပါးတဲ့ စကားမျိုးတောင် ပြောလိုက်ပါသေးတယ်။
တကယ်တော့ ပြည်သူတွေဘက်က သူတို့ဆွေးနွေးချင်တာကို ဆွေးနွေးခွင့်မရလို့၊ ညှိနှိုင်းချင်တာကို ညှိနှိုင်းခွင့်မရလို့ ဆန္ဒပြရတာသာဖြစ်တယ်။ သပိတ်မမှောက်၊ ဆန္ဒမပြရင်၊ ဘယ်ဦးပိုင်ကမှ ဂရုမစိုက် ၊ ဘယ် အစိုးရကမှ အရေးမလုပ်လို့ ဆန္ဒပြကြရတာပါ။ ကုန်ကုန်ပြောရရင် ဆန္ဒမပြရင် ဒီမိုကရေစီ ခေါင်းဆောင်ဆို သူများကတောင်မှ အရေးလုပ်ငဲ့စောင်း မကြည့်ကြလို့ အခုလို ဆန္ဒပြကြရတာပါ။ ဒီပြဿနာတွေ ဖြစ်နေတာ ကြာလှပြီ။ တောင်းဆိုနေတာ၊ ကန့်ကွက်နေတာလည်း ကြာလှပြီ။ စောစောပိုင်းတုန်းက ဘာမှ အရေး မလုပ်ပဲ၊ သပိတ်စခန်းဖွင့်တော့မှ ဆန္ဒပြရုံနဲ့ ပြဿနာတိုင်း မပြေလည်နိုင်ဘူး၊ ဆွေးနွေး ညှိနှိုင်းဖို့ လိုတယ် လို့ ပြောတာဟာ တော်တော် မတရားတဲ့စကားပါ။
ဆန္ဒပြသူတွေကို ဒေါ်အောင်ဆန်းစုကြည် အပြစ်တင်နေတဲ့ အဲဒီအချိန်ဟာ အစိုးရက သပိတ်စခန်းတွေကို လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ဝိုင်းထားပြီး ဖြိုခွဲဖို့ အသင့်ပြင်နေတဲ့ အချိန်၊ ဖြိုခွဲမယ်လို့ ကြေညာထားတဲ့အချိန်လည်း ဖြစ်ပါတယ်။ တကယ်တော့ ဒီလိုအချိန်မျိုးမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဆန္ဒပြသူတွေကို ဟန့်မယ့်အစား၊ ပါးကွက်သားတွေကို ဟန့်ခဲ့ဖို့ကောင်းတယ်။ အစိုးရကို သတိပေး တားမြစ်ခဲ့ဖို့ကောင်းတယ်။ ပြည်သူတွေအပေါ် ကျရောက်မယ့် အန္တရာယ်ကို အကာအကွယ် ပေးဖို့ကောင်းတယ်။ အကာ အကွယ် ပေးဖို့ကိုလည်း လူအများအပြားက ဝိုင်းဝန်း တောင်းပန်ခဲ့ ကြတယ်။ မျှော်လင့်ခဲ့ကြတယ်။ အခုတော့ အကာအကွယ် မပေးရုံသာမက ဆန္ဒပြသူတွေကို ဟန့်လိုက်တဲ့ သူ့စကားဟာ အစိုးရကို မီးစိမ်းပြလိုက်သလို ဖြစ်သွားတယ်။ ဖြိုခွဲ ရိုက်နှက်ချင်တဲ့ အစိုးရအတွက် အခွင့်သာသွားခဲ့တယ်။
အစိုးရအနေနဲ့ အစပိုင်းမှာ လက်ပံတောင်းသံဃာတွေကို ဖြိုခွဲနှိမ်နင်းဖို့ကို တော်တော်လက်တွန့်ခဲ့တယ်။ ၂၀၀၇ ခုနှစ်မှာလောက် လက်ရဲ၊ ဇက်ရဲ မရှိလှဘူး။ ဒါကလည်း အကြောင်းရှိတယ်။ ၂၀၀၇ ခုနှစ်တုန်းက စစ်အာဏာရှင်တွေဟာ တကိုယ်တော် ပြောင်ပြောင်တင်းတင်း မိုက်နေတဲ့ အချိန်။ ဘယ်သူကမှလည်း သူတို့ကို ဘာမှ ပေးကမ်းစွန့်ကြဲ ထောက်ပံ့တာမျိုး မလုပ်တဲ့ အချိန်။ လူရာမသွင်းတဲ့ အချိန်။ အခုအချိန်ကျတော့ တမျိုး။ ခုချိန်က သူတို့မင်းသားခေါင်းဆောင်း ထားတဲ့အချိန်။ ရင်းနှီးမြှုပ်နှံမှုတွေကို သူတို့ ကိုယ်ကျိုးစီးပွားအတွက် မျှော်လင့် တောင့်တနေတဲ့ အချိန်။ ( နိုင်ငံအတွက်လို့ ပြောပေမဲ့ တကယ်တန်းကတော့ သူတို့နဲ့ သူတို့ ဆွေမျိုးသားချင်း ခရိုနီတွေအတွက်ပါ။ ၉၀ ကျော်နှစ်တွေတုန်းက ရင်းနှီးမြှုပ်နှံမှုတွေကို ပြန်ကြည့်ပါ။) ဒီလို သူတို့အကျိုးစီးပွားအတွက် စစ်အာဏာရှင် စနစ် သက်ဆိုးရှည်ရေးအတွက် စီမံကိန်းချဆောင်ရွက်နေတဲ့ အချိန်ဆိုတော့ မင်းသားခေါင်း ကျွတ်သွားမှာ စိုးရိမ်တယ်။ ရေရှည်စီမံကိန်းရေးဆွဲထားတာတွေ ပျက်မှာ စိုးရိမ်တယ်။ ဒါ့ကြောင့် ဖြိုသင့် မဖြိုသင့် ချိန်ဆနေတယ်။ သူတို့ ဖြိုလိုက်ရင် အမေရိကန် အမျက်ထွက်မလား၊ ဥရောပ စိတ်ပျက်မလား ဆိုတာ တွက်ချက်နေတယ်။ ဒီလို အချိန်မျိုးမှာ ဒေါ်အောင်ဆန်းစုကြည်ဘက်က ဆန္ဒပြသူတွေကို အပြစ်တင်စကား ဆိုလိုက်တာဟာ အစိုးရအတွက် အားတက်စရာ ဖြစ်သွားတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က အပြစ်တင်လာရတဲ့ အထိ ဆန္ဒပြသူတွေဘက်က လွန်ကဲနေလို့သာ သူတို့ ဖြိုခွင်းလိုက်ပါတယ် လို့ ဆင်ခြေပေးရင် အမေရိကန်လည်း ဘာမှ မပြောတော့ဘဲ နှုတ်ပိတ်နေလိမ့်မယ်လို့ ယူဆပြီး လက်ပံတောင်းအရေးအခင်းကို မီးလောင်ဗုံးအသုံးပြုတဲ့အထိ အလွန်အကျွံဖြိုခွဲနှိမ်နင်းလိုက်တာပါ။
အမေရိကန်ကလည်း သူတို့ထင်တဲ့ အတိုင်း ဒီပွဲမှာ နှာစေးတယ်။ စစ်ပွဲမှာတောင် အသုံးပြုခွင့်မရှိတဲ့ မီးလောင်ဗုံးလို လက်နက်မျိုး အသုံးပြုပြီး အငြင်းပွားစရာ တစက်မှ မရှိလောက်အောင် ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြနေတဲ့ ပြည်သူ တွေကို ချေမှုန်းခဲ့ပေမယ့် အမေရိကန်ဆီက ဘာသံမှ မထွက်။  ဆိတ်ဆိတ်နေခဲ့တယ်။ ရင်းနှီးမြှုပ်နှံသူတွေကို အာခံချင်တဲ့သူတွေ ခံရတာနည်းသေးတယ်လို့ မှတ်ယူနေ သလား ထင်ရတယ်။
လက်ပံတောင်း အရေးမှာ သံဃာတွေ မီးလောင်တိုက်သွင်းခံရတာဟာ ဒေါ်အောင်ဆန်းစုကြည် တာဝန်မကင်းဘူးလို့ ဆိုချင်တယ်။ သူကိုယ်တိုင် မီးလောင်တိုက်သွင်းတာမဟုတ်ပေမဲ့၊ သူတားရင် သံဃာတွေ သက်သာရာရနိုင်တဲ့ အခြေအနေမှာ အစိုးရဘက် သူပင်းခဲ့လို့သာ အတင့်ရဲပြီးဖြိုခွဲခံခဲ့ရတာ။ ပြည်သူဘက် ကနေ ဒေါ်အောင်ဆန်းစုကြည် ပြတ်ပြတ်သားသား မားမားမတ်မတ် မရပ်ခဲ့လို့သာ သံဃာတွေအခုလို မတရား မီးလောင်တိုက်သွင်းခံရတာလို့ ဆိုရင် မမှားဘူး။ ဒေသခံတွေဘက်က ကြည့်ရင် အလွန် စိတ်ထိခိုက် ဝမ်းနည်း စရာ ကောင်းပါတယ်။
သူဒီလို ပြတ်ပြတ်သားသား မကာကွယ်လို့ သံဃာတွေ မီးလောင်တိုက်သွင်းခံရတာကို သူကိုယ်ချင်းစာရင်၊ နှလုံးသား ပျော့ပျောင်းရင် နောင်တရဖို့သင့်တယ်။ ဒါပေမဲ့ သူနောင်တ မရဘူး။ ကြံ့ဖွတ်ထိပ်တန်း ခေါင်းဆောင် တွေနဲ့ ဝိုင်းရံထားတဲ့ စုံစမ်းရေးကော်မရှင် ဥက္ကဌ အဖြစ် ဒေါ်အောင်ဆန်း စုကြည် လက်ခံခဲ့တယ်။ လက်ခံရုံသာမက အစိုးရဘက်က ဖေးတဲ့ မတဲ့ အလုပ်တွေ ဆက်လုပ်လာပြန်တယ်။
တကယ်တော့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဟာ တခြားအချက်တွေကို စုံစမ်းစစ်ဆေးဖို့လိုချင်လိုမယ်။ လက်ပံတောင်းမှာ သံဃာတွေကို မီးလောင်တိုက်တဲ့ အရေးမှာတော့ ဦးသိန်းစိန်မှာ သေချာ ပေါက် အပြစ်ရှိတယ်ဆိုတာ ဘာမှ စုံစမ်းနေစရာမလိုဘဲ သေသေချာချာ သိမြင်နိုင်တဲ့ အချက်ပဲ။ တကယ်လို့ အမိန့်ပေးတဲ့သူဟာ ပြည်ထဲရေး ဝန်ကြီးဆိုရင်၊ အဓိက အပြစ်ရှိသူဟာ ဦးသိန်းစိန်နဲ့ ပြည်ထဲရေး ဝန်ကြီး ဖြစ်တယ်။ အမိန့်ပေးသူဟာ ကာကွယ်ရေး ဦးစီးချုပ်ဆိုရင် ၊ အဓိက အပြစ်ရှိသူဟာ ဦးသိန်းစိန်နဲ့ ကာကွယ် ရေး ဦးစီးချုပ်ဖြစ်တယ်။ တကယ်လို့ အမိန့်ပေးသူဟာ ခရိုင်မြို့နယ်မှူးဆိုရင်လည်း ၊ အဓိကအပြစ်ရှိသူဟာ ဦးသိန်းစိန်နဲ့ ခရိုင်မြို့နယ်မှူးပဲ။ ဦးသိန်းစိန်ဟာ သမ္မတ၊ ဦးသိန်းစိန်ဟာ အစိုးရအဖွဲ့ရဲ့ အကြီးအကဲပဲ။ ဥပဒေကြောင်းအရ လုပ်ပိုင်ခွင့်အာဏာ အမြင့်ဆုံးရထားသူပဲ။ ဘယ်သူပဲ လုပ်လုပ် သူ့အမိန့်မပါဘဲ လုပ်လို့မရဘူး။ ဒီတော့သူသာ တာဝန်အရှိဆုံးလူဖြစ်တယ်။ တကယ်လို့ သူ့အမိန့်မပါဘဲ တစုံတယောက်က သမ္မတကို ကျော်လွန်ပြီးလုပ်ခဲ့ရင်လည်း အဲဒီလူကို ဖော်ထုတ် အရေး ယူဖို့ သမ္မတမှာ တာဝန်ရှိတယ်။ ပြည်သူကို အသိပေးဖို့ တာဝန်ရှိတယ်။ သူ့ကိုကျော်လွန်ပြီး ဖောက်ဖောက် ပြန်ပြန်လုပ်သူ ရှိပါတယ်လို့ ထုတ်ဖော်ပြောပြပြီး အရေးမယူနိုင်သေးသမျှမှာ အဓိက တာဝန်ရှိသူဟာ ဦးသိန်းစိန်သာ ဖြစ်တယ်။
ဒါတွေဟာ ရိုးရိုးလေးတွေပဲ။ ဘာမှ ထပ်စဉ်းစားနေစရာမလိုအောင် သေချာ နေတဲ့ အချက်ပဲ။ ဒီလောက်သေချာနေတဲ့ အချက်တွေကို မျက်ဝါးထင်ထင် မြင်နေရရက်နဲ့ မစုံစမ်းရသေးခင် မှာ ဘယ်သူ့ကိုမှ အပြစ်ရှိတယ်လို့ ပြောမရဘူးလို့ ဆိုနေတာဟာ ဘာသဘောလဲ။ ပြည်သူကို လက်တလုံးခြား လိမ်ညာနေတာလား။ စာအုပ်ထဲမှာ ပြောထားတဲ့ အတိုင်း စစ်ဗိုလ်ကြီးတွေနဲ့ ယုံကြည်မှုတည်ဆောက်ထားတာကို ပျက်ပြားသွားမှာကိုစိုးရိမ်နေတာလား။ ဒေါ်အောင်ဆန်းစုကြည် ဘာကို စိုးရိမ်နေသလဲ။ ဒေါ်အောင်ဆန်းစုကြည် ဘာကို ကြောက်နေသလဲ။
ဒေါ်အောင်ဆန်းစုကြည် ပြောသလို ပြောရမယ်ဆိုရင် စုံစမ်းရေး ကော်မရှင်နဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဘာ့ကြောင့် ဒီလောက်တောင် မပြောဝံ့မဆိုဝံ့ ဖြစ်နေသလဲ ဆိုတာ ပြည်သူတွေမှာ မေးခွင့်ရှိတယ်။
အခုဆိုရင် လက်ပံတောင်းအရေးဟာ မှားပါတယ်လို့ အစိုးရကိုယ်တိုင် ဘုန်းကြီးတွေကို ဝန်ချတောင်းပန် ဝန်ခံခဲ့ပြီးပြီ။ ဒါပေမဲ့ ဘာ့ကြောင့် မှားသလဲ။ ဘယ်လိုအမှားလုပ်ခဲ့သလဲ။ ဘယ်သူ အမိန့်ပေးသလဲ။ ဒီအချက်တွေ ပျောက်နေတယ်။ အပြစ်ရှိသူကို အရေးလည်းမယူ၊ ဖော်လည်း မဖော်ထုတ်ခဲ့ဘူး။ ဖုံးဖိထားတယ်။
ပြည်သူတွေကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကော်မရှင်က စုံစမ်းလိုက်ရင် ဘယ်သူအမိန့်ပေးတယ်ဆိုတဲ့ အချက် ပေါ်ထွက်လာမယ်လို့ မျှော်လင့်နေကြတယ်။ အမိန့်ပေးတဲ့သူကို အရေးယူနိုင်လိမ့်မယ်လို့ မျှော်လင့်နေကြတယ်။ တရားမျှတမှုကို ရလိမ့်မယ်လို့ မျှော်လင့်နေကြတယ်။  ဒါပေမဲ့ အဲဒီ မျှော်လင့် ချက်တွေ မှေးမှိန်သွားစေတဲ့ အချက်ကတော့ လက်ပံတောင်းအရေးနဲ့ပတ်သက်ပြီး ကော်မရှင်က ထုတ်ပြန်တဲ့ ပထမဆုံး ကြေညာချက်မှာ မီးခိုးဗုံးလို့ သုံးနှုန်းလိုက်တဲ့အချက်ပဲ။
ဒီဗုံးဟာ ဘာဗုံးလဲဆိုတာ သိပ်အရေးကြီးနေတဲ့ အချိန်မှာ ကော်မရှင်ရဲ့ ဒီထုတ်ပြန်ချက်ဟာ အများပြည်သူ အတွက် စိတ်ပျက်စရာဖြစ်တယ်။ မီးလောင်ဗုံး၊ မီးခိုးဗုံး ဒီအသုံးအနှုန်းနှစ်ခုကြားက ကွာခြားချက်ဟာ  သိပ်အရေးပါနေတဲ့ အချိန်မှာ ဘာမှ ရှင်းလင်းချက်မပါဘဲ မီးခိုးဗုံး လုပ်သွားတာဟာ စိတ်ပျက်စရာဖြစ်တယ်။
ဒီဇင်ဘာလ ၁၂ ရက်မှာ လက်ပံတောင်းအရေးနဲ့ ပတ်သက်ပြီး လူထုတွေ ဆန္ဒပြတောင်းဆိုနေကြတဲ့ အချိန်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ မင်္ဂလာဆောင်မှာ ပန်းကြဲမပျက်ဘူး။ ဒေါ်အောင်ဆန်း စုကြည်ဟာ အတိတ်တုန်းကလည်း ဘယ်တုန်းကမှ လူထုဆန္ဒပြပွဲတွေကို ထောက်ခံအားပေး ပါဝင်ခဲ့ဖူးတာမျိုးတော့ မရှိဘူး။ ရှေ့တန်းကလည်း မပါဖူးဘူး။ နောက်တန်းကလည်း မပါဖူးဘူး။ အလယ်အလတ်ကလည်း မပါဖူးဘူး။ ဒါပေမဲ့ အရင်တုန်းကတော့ လူထုဆန္ဒပြပွဲကြီးတွေဖြစ်တိုင်းမှာ သူက အချုပ်ခံနေရာတာများတော့ သူသဘောကို သိပ်မသိခဲ့ရဘူး။ ခုတော့ သူ့သဘောထားကို ပိုပြီး ပေါ်ပေါ်ထင်ထင် တွေ့မြင်လာရပြီလို့ ဆိုရလိမ့်မယ်။
တကယ်တော့ လူထုခေါင်းဆောင်တယောက်က လူထုကို မသိကျိုးကျွံပြု လျစ်လျူရှုနေတာကို မြင်ရတာဟာ သိပ်စိတ်ထိခိုက်စရာကောင်းတယ်။ နိုင်ငံရဲ့ အနာဂတ်အတွက်လည်း မကောင်းတဲ့ အတိတ်နိ မိတ်လို့ ဆိုရလိမ့်မယ်။ လူထုခေါင်းဆောင်ဆိုတာ လူထုနဲ့ တသားတည်း ရှိရတယ်။ လူထုရဲ့ ခံစားချက်ကို အသိအမှတ်ပြုလေးစားရတယ်။ ခုတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူတွေက မကျေမနပ် အမျက် ဒေါသထွက်ပြီး လမ်းပေါ်ထွက်ချီတက်နေချိန်မှာ အရေးမပါတဲ့ မင်္ဂလာဆောင်တခုမှာ ပြုံးရယ် ပျော်ရွှင်နေ ခဲ့တယ်။
တကယ်တော့ လူထုခေါင်းဆောင်ဆိုတာ လူထုဘက်က သေနင်္ဂဗျူဟာ မှားယွင်းပြီး လမ်းပေါ်ထွက် ချီတက်ခဲ့ရင်တောင် လူထုကို အကာအကွယ်ပေးကြတဲ့ သာဓကတွေရှိခဲ့ဖူးတယ်။ လူထုကို အာဏာရှင်တွေ ကသတ်ဖြတ်တော့မယ်ဆိုတာ သိထားရက်နဲ့တောင် လူထုနဲ့ အတူချီတက် အသက်ပေးသွားဖူးသူ ခေါင်းဆောင်တွေ ကမ္ဘာ့သမိုင်းမှာရှိခဲ့ဖူးတယ်။ ခုတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုကို ခေါင်းလည်း မဆောင်ဘူး။ နောက်မြီးလည်း မဆွဲဘူး။ လူထုဆန့်ကျင်ရေးကို အမူအယာနဲ့ လုပ်ပြခဲ့တယ်လို့သာ ယူဆဖွယ် ဖြစ်ခဲ့တယ်။
ဒေါ်အောင်ဆန်းစုကြည် ဘာ့ကြောင့် ဒီလိုလုပ်သလဲ။ သူဘာကို ကြောက်နေသလဲ။ သူဘာကို မျှော်လင့် နေသလဲ။
သူမျှော်လင့်နေတာဟာ ၂၀၁၅ ရွေးကောက်ပွဲပါ။ သူကြောက်နေတာဟာ ၂၀၁၅ ရွေးကောက်ပွဲ ပျက်သွားမယ့် အရေးပါ။
သူဟာ ၂၀၁၅ ကို ရည်မှန်းချက်ထားပြီး ကျန်တာအားလုံးကို အလျှော့ပေး နေတာဖြစ်ပါတယ်။ ၂၀၁၅ ပျက်မှာကြောက်လို့ ကျန်တဲ့ မတရားမှု ၊ ရက်စက်မှုတွေကို မပြောရဲ မဆိုရဲ  ဖြစ်နေတာပါပဲ။ ဒါကိုပဲ ရေရှည် အကျိုးစီးပွားလို့ သူတွက်ထားပုံရပါတယ်။ ဒါကိုပဲ အမျိုးသားပြန်လည်သင့်မြတ်ရေးလို့သူက အဓိပ္ပါယ် ဖွင့်နေပုံရတယ်။ အခုကချင်ပြည်နယ်မှာ ထိုးစစ် တွေ အပြင်းအထန်ဆင်နွှဲနေတယ်။ ဒါကိုလည်း ထုံးစံအတိုင်း နှာစေးပြန်တယ်။ ၂၀၁၅ ကိုမျှော်လင့်ချက် ထားပြီး အလျော့ပေးနေပြန်တယ်။
၂၀၁၅ မှာ သူဘာကို မျှော်လင့်ထားသလဲ။ အိန္ဒိယရောက်တုန်းကပြောခဲ့တဲ့ စကားထဲမှာ ၂၀၀၈ အခြေခံဥပဒေထဲက သမ္မတရွေးကောက်ပုံနဲ့ ပတ်သက်တဲ့အချက်ကို ဝေဖန်သွားတာတွေ့လိုက်ရတယ်။ ၂၀၀၈ အခြေခံဥပဒေမှာ ဒီလောက်မတရားမှုတွေ တပုံတပင်ရှိပါလျက်နဲ့ သမ္မတရွေးကောက်ပုံကို ကွက် ဝေဖန်ပုံထောက်ရင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ချင်နေပြီလို့ ခန့်မှန်းမိပါတယ်။ နတ်မောက်မြို့မှာ လူထုကို စကားပြောတုန်းကလည်း ကျမတို့အာဏာလိုချင်တယ်လို့ပြောခဲ့တယ်။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ၂၀၁၅ မှာ သန့်သန့်ရှင်းရှင်းလွတ်လွတ်လပ်လပ် မဲပေးရွေးချယ်ခွင့်ရရင် သူ့ပါတီ မဲအများဆုံး ရမယ်ဆိုတာ သိထားတယ်။ ဒါ့ကြောင့် ၂၀၁၅ ကို သူအမျှော်ကြီး မျှော်နေတာပဲ။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် မသိတဲ့ နားမလည်တဲ့ အချက်က စစ်အာဏာရှင်တွေဟာ သူ့လက်ထဲကို ဘယ်တော့မှ အာဏာ အရောက်မခံဘူးဆိုတဲ့ အချက်ပဲ။
ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဓိကအားနည်းချက်ပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံခြားမှာ ကြီးပြင်းလာတဲ့ အတွက် ဗမာပြည် စစ်အာဏာရှင်တွေရဲ့ သဘောသဘာဝကို သဘောမပေါက်ဘူး။ ဗမာ့နိုင်ငံရေးကို အနောက်တိုင်း ပါလီမန်ဒီမိုကရေစီ အတွေးအခေါ်နဲ့ချဉ်းကပ်တယ်။ ဗမာပြည် စစ်အာဏာရှင်တွေဟာ အာဏာကို မသေမချင်း ဖက်တွယ် သွားမယ်ဆိုတဲ့ သဘောသဘာဝကို စိုးစဉ်းမျှမရိပ်မိဘူး။ အဲသလို သူမရိပ်မိတဲ့ဒဏ်ကို ပြည်သူတွေက လက်တွေ့ခံရမယ့် အခြေအနေတွေဖြစ်လာ တယ်။
သူက ကျမဖေဖေတည်ထောင်ခဲ့တဲ့ တပ်မတော်လို့ပဲ တွင်တွင်ပြောနေတယ်။ စစ်ဗိုလ်ချုပ်ကြီးတွေကို ချစ်ပါတယ်တောင် လုပ်လိုက်သေးတယ်။ တပ်မတော်ကို သူ့စိတ်ထဲက ချစ်နေတာကိုတော့ အပြစ်ပြောလို့ မရဘူးလို့တောင် ဆိုလိုက်ပါသေးတယ်။ အပြစ်မဲ့ပြည်သူတွေကို စစ်အာဏာရှင်တွေ ၊ သူတို့ရဲ့ လက်မရွံ့ပါး ကွက်သားတွေက သတ်ခဲ့ဖြတ်ခဲ့တာတွေကို သူချစ်နေတာတော့ မဟုတ်လောက်ဘူး။
တကယ်တော့ ဒီစကားတွေဟာ စစ်တပ်နဲ့ စစ်အာဏာရှင်တွေကို ဖားနေတာသာ ဖြစ်ဖို့ရှိတယ်။ သွယ်ဝိုက် စေ့စပ်နေတာပါ။ ခပ်ရိုင်းရိုင်းပြောရရင် စစ်ဗိုလ်ချုပ်တွေကို မိန်းမနောက်ပိုးလုပ်နေတာ ပါ။ စစ်အာဏာရှင် တွေကို သူချော့ရင် ပျော့မယ်လို့ပဲ ထင်နေတာပါ။
စစ်အာဏာရှင်တွေဆီက အာဏာကို ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရသလို လွယ်လွယ်နဲ့ ရမယ်လို့ ထင်တာဟာ စိတ်ကူးယဉ်တာ၊ နိုင်ငံရေး အောက်သက်မကျေတာကို ပြပါတယ်။
စစ်အာဏာရှင်တွေဟာ ၂၀၁၅ ရွေးကောက်ပွဲကို ညစ်ကို ညစ်မှာပါ။ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် မှာတောင် ကြိုတင်ပြီး ညစ်ချင်ညစ်ပါမယ်။ ဥပမာအားဖြင့် ရွေးကောက်ပွဲ စနစ်ကို ပြင်ပြီး ကြိုညစ်တာမျိုး လုပ်ချင်လုပ်နိုင်ပါတယ်။ ဒါမှမဟုတ် ရွေးကောက်ပွဲမှာ ညစ်မှာပါ။ ဒီချုပ်ကို လွှတ်တော်ထဲမှာ နေရာတချို့ပေးပါလိမ့်မယ်။ ဒါပေမဲ့ အစိုးရဖွဲ့ခွင့် ပေးမှာ မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်ပါဘူး။ ဖြစ်ခွင့်မပေးပါဘူး။ အခြေခံဥပဒေကို ပြင်မပေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည်သာမဟုတ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီထဲက တယောက်ယောက်ကိုလည်း အစိုးရဖွဲ့ခွင့်၊ သမ္မတဖြစ်ခွင့် မပေးပါဘူး။ ဒီချုပ်ပါတီတွင်မဟုတ်၊ ကြံ့ဖွံ့မဟုတ်တဲ့ ဘယ်ပါတီကိုမှလည်း အစိုးရဖွဲ့ခွင့် ၊ သမ္မတဖြစ်ခွင့် မပေးပါဘူး။ အဲသလို မဖြစ်အောင် နည်းမျိုးစုံသုံးပြီး ညစ်ဦးမှာပါ။ အဘက်ဘက်က တားဆီးတဲ့ကြားထဲက ဖြစ်ခဲ့ရင် အာဏာတောင် သိမ်းပါလိမ့်မယ်။
စဉ်းစားကြည့်ပါ။ တခြားပါတီတခုခုက သမ္မတဖြစ်ပြီး အစိုးရဖွဲ့ခွင့်ရရင် ဘာတွေဖြစ်သွားမလဲ။ သူတို့ဖုံးထား သမျှတွေ ပေါ်ကုန်မှာပဲ။ သူတို့လုပ်ထားတဲ့ နျူကလီးယားစီမံကိန်းဆိုတာတွေ လူသိကုန်မယ်။ ဦးပိုင်ကုမ္ပဏီ လုပ်ထားတာတွေ လူသိကုန်မယ်။ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းလုပ်ထားတာတွေ လူသိကုန်မယ်။ တိုင်းရင်းသားတွေ အပေါ်ကျူးလွန်ထားတဲ့ ပြစ်မှုတွေ လူသိကုန်မယ်။ ၁၉၈၈ မှာ ကျူးလွန်ထားတာတွေ၊ ၂၀၀၇ မှာကျူးလွန်ထားတာတွေ လူသိကုန်မယ်။ နိုင်ငံပိုင် ဓါတ်ငွေ့တွေ၊ ရေနံတွေ၊ သတ္တုတွေ၊ သစ်တော တွေ အားလုံးခိုးဝှက်ထားတာတွေ လူသိကုန်မယ်။ ဒါမျိုးကို သူတို့ အဖြစ်မခံပါဘူး။ ဒီလိုအခြေအနေမျိုးသာ မလွဲမရှောင်သာ ရင်ဆိုင်ရမယ်ဆိုရင် ဘီလူးခေါင်းပြန်ဖော်ဖို့လည်း ဝန်လေးမှာ မဟုတ်ပါဘူး။ ဒါဟာ သူတို့ရဲ့ ဘဝပေးအခြေအနေပါ။ အကုသိုလ်နဲ့ အကြောင်းယှက် ပေါင်းဖက်ထားတဲ့ သူတို့ရဲ့ ဘဝပေး အခြေအနေ တွေပါ။
ဒါတွေကို မေ့ထားပြီး စစ်အာဏာရှင်တွေဟာ အမှန်တကယ် ပြုပြင်ပြောင်းလဲမှုလုပ်လာလိမ့်မယ်၊ နောင်တရ လာလိမ့်မယ်၊ အမြင်မှန်ရလာလိမ့်မယ်လို့ တွေးတာဟာ စစ်အာဏာရှင်တွေရဲ့ အကြောင်းကို ကောင်း ကောင်း နားမလည်လို့ စိတ်ကူးယဉ်နေတာသာဖြစ်ပါတယ်။ နိုင်ငံရေးဆိုတာ စိတ်ကောင်းရှိတာ မရှိတာ၊ ကြောက်တာ မကြောက်တာ စတဲ့ လူ့ရဲ့ စိတ်ခံစားချက်တွေ အပေါ်မှာ တည်မှီ ပြောင်းလဲနိုင်တယ်လို့ ထင်နေတဲ့ စိတ်ကူးယဉ်မျှော်မှန်းချက်တွေပါ။
ဘာမှ ဖြစ်မလာမယ့် ၂၀၁၅ ကြီးကို မျှော်မှန်းပြီး၊ အစိုးရဘက်က ကာဆီးကာဆီး လုပ်နေတာဟာ ဒီမိုကရေစီသမားတွေရဲ့ ညီညွတ်ရေးကို ပျက်စီးစေပါတယ်။ ယုံကြည်မှုတွေ ပျက်ပြားစေပါတယ်။
ငတ်နေတဲ့ ပြည်သူတွေက တောင်းဆိုတာကိုဟန့်တယ်၊ ၂၀၁၅ ကြောင့်။ ကြံ့ဖွတ်အစိုးရနှိပ်စက်တာတွေကို အကာအကွယ် ပေးတယ်၊ ၂၀၁၅ ကြောင့်။ စစ်ဗိုလ်ချုပ်ကြီးတွေကို ချစ်ပြရတယ်၊ ၂၀၁၅ ကြောင့်။ ဒါပေမဲ့ နောက်ဆုံး ၂၀၁၅ ရောက်တဲ့အခါ နောက်ထပ် သင်ခန်းစာတခုတိုးလာတာပဲ အဖတ်တင်တယ်ဆိုတာမျိုး နောင်တ မရစေချင်ပါဘူး။ ၂၀၂၀ ကိုဆက်စောင့်တာပေါ့လေ။ ၂၀၂၅ ကိုစောင့်ကြတာပေါ့လေ။ မသေမချင်းစောင့် ကြည့်ကြသေးတာပေါ့လေဆိုတဲ့ ဘဝမျိုးကိုလည်း မရောက်ကြစေချင်ပါဘူး။
ခုဆိုရင် ပြည်သူတွေကို နှိပ်စက်ချင်စော်ကားချင်တဲ့သူမှန်သမျှဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဒိုင်းသဖွယ်ကာပြီး ပြည်သူကို ထိုးနှက် ချေမှုန်းနေပါပြီ။ (ကာတွန်းဟန်လေးရဲ့ ကာတွန်းဟာ အဲဒီ သရုပ်ကို သိပ်ပေါ်လွင်စေပါတယ်။) ဦးသိန်းစိန်ကလည်း ဒီနည်းကိုသုံးပါတယ်။ ဗဟုတွေကလည်း ဒီနည်းကိုပဲ သုံးပါတယ်။ တင်-စူး-ကျော် လက်ဝဲပျက်တွေကလည်း ဒီနည်းမျိုးသုံးလာတာကို ကျော်ဝင်းရဲ့ နောက်ဆုံး မဗေဒါ ဆောင်းပါးမှာ တွေ့ရပါတယ်။
ဦးသိန်းစိန်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၅ နဲ့မျှားပြီး သွေးဆောင်ပြီး ကြိုက်သလို ခိုင်းစားနေပါတယ်။ လွှတ်တော် ကိုယ်စားလှယ် ဆိုတာဟာလည်း အရေးပါတာ ဘာတခုမှ လုပ်လို့မရ၊ ဟန်ဆောင် ၊ဟန်ပြပါပဲ။ လွှတ်တော်ထဲရောက်တော့မှ ဟိုဟာ မပြောရ၊ ဒီဟာ မပြောရ၊ ပိုပြီးတောင် ချောက်ကျသွားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အိမ်ချုပ်က လွတ်ပြီးနောက် လွှတ်တော်ချုပ်ကျသလို ဖြစ်သွားပါတယ်။ စိုးမိုးအေးချမ်းကော်မတီဆိုတာလည်း ဘာမှ လုပ်မရ ၊ ကိုင်မရ။ အစိုးရရဲ့ အသုံးချစရာမျှသာပါပဲ။ အခုတ ခါ လက်ပံတောင်း အရေး စုံစမ်းစစ်ဆေးရေး ကော်မရှင်တဲ့။ ဒီကော်မရှင်ဟာလည်း ခုထိကြည့်ရသမျှ အလားအလာ တယ်မကောင်းလှဘူးလို့သာ ဆိုရတော့မှာပါ။
ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ကိုယ့်လူ သူ့ဘက်သား ပုံစံနဲ့ ကြာကြာရပ်တည်လို့ မရတော့ပါဘူး။ လှေနံနှစ်ဘက်နင်း မမြဝင်း ဆက်လုပ်နေလို့ မရတော့ပါဘူး။ သမိုင်းနာပါတယ်။ ပြည်သူနာပါတယ်။
လွတ်လပ်ရေးတိုက်ပွဲခေတ် ဗမာ့နိုင်ငံရေးလောကမှာ တော်တော်များများတွေ့ရတတ်တဲ့ အမှား တမျိုးရှိတယ်။ အဲဒီအမှားကတော့ လက်တွေ့မျက်စိ ရှေ့မှာ မြင်တွေ့နေရတာထက် စာအုပ်ထဲက ပြောထားတာကို ပိုယုံကြည်တတ်တဲ့ အမှား၊ သီအိုရီကို ပိုယုံကြည်တတ်တဲ့ အမှားပဲ။ လူထုကိုယ်တိုင် ကြုံတွေ့ခံစားနေရတာတွေကို မျက်ဝါးထင်ထင် မြင်တွေ့နေပါရက်ကယ်နဲ့ မြင်နေ တွေ့နေတာကို မြင်တဲ့ တွေ့တဲ့ အတိုင်း မသုံးသပ်နိုင်ဘဲ၊ လူကို စာအုပ်ကြီးနဲ့ တိုက်ကြည့်ပြီး စာအုပ်ကြီးနဲ့ မကိုက်ရင် လူတွေကပဲ မှားနေသလိုလို ထင်တတ်တဲ့ အကျင့်ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာလည်း အလားတူပဲ၊ ဗမာ့နိုင်ငံရေးကို သီအိုရီနဲ့ တိုက်ကြည့်နေပါတယ်။ လူတွေ မချိမ ဆန့် ခံစားနေရတာကို မြင်နေပါရက်ကယ်နဲ့ လက်တွေ့ အမြင်နဲ့ မသုံးသပ်ဘဲ၊ သူချမှတ်ထားတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေနဲ့ သင့်မြတ်ပြေလည်မှ ဒီမိုကရေစီရမယ်ဆိုတဲ့ စာအုပ်ကြီးနဲ့ တိုက်ကြည့် သုံးသပ် နေပါတယ်။ သူမျှော်လင့်ထားတဲ့ ၂၀၁၅ အတွေးအခေါ်နဲ့ သုံးသပ်နေပါတယ်။
သမိုင်းမှာ ထူးခြားတဲ့ ပုဂ္ဂိုလ် တယောက်ရှိပါတယ်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းပါ။ ဆရာကြီး ကတော့ သူဖြတ်သန်းတဲ့ သမိုင်းတလျှောက်မှာ လက်တွေ့နိုင်ငံရေးကို စာအုပ်နဲ့ တိုက်မကြည့်တတ်ဘူး။ အတွေးအခေါ်တွေကို တရားသေ မဆုပ်ကိုင်ဘူး။ လက်တွေ့ကို လက်တွေ့မြင်တဲ့ အတိုင်းသာ ဝေဖန်တိုင်းထွာ လေ့ရှိတယ်။ ပြည်သူ့ အကျိုးစီးပွားနဲ့သာ တိုက်ကြည့်လေ့ရှိတယ်။ ဒါဟာ ဆရာကြီးရဲ့ ထူးခြားချက်ပဲ။ ဒီထူးခြားချက်ကြောင့် ဆရာကြီးရဲ့ နိုင်ငံရေး သက်တမ်း၊ စာပေသက်တမ်းတလျောက်မှာ ပြည်သူ့ အကျိုးစီးပွားနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ အမှားမျိုး တခုမှ မရှိခဲ့ဘူး။ ဆရာကြီးဟာ နိုင်ငံရေးသမားကောင်း၊ သတင်းသမားကောင်း၊ စာရေးဆရာကောင်း တယောက် ဖြစ်ခဲ့တယ်။
ဒီနေ့ခေတ်မှာလည်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးသမား ကြီးငယ်ဟာ နိုင်ငံရေးကို သီအိုရီနဲ့ ချည်း တိုက်တိုက်ကြည့်မနေဘဲ၊ လက်တွေ့ပြည်သူတွေ ခံစားနေရတာတွေကို ကြည့်ပြီး သုံးသပ်ဆောင်ရွက် သင့်ပါတယ်။ သံဃာတွေ မီးလောင်နေတာ တွေ့ပါရက်နဲ့ ၂၀၁၅ ကို မက်ပြီး မပြောရဲ မဆိုရဲရင် ကျနော်တို့ တိုင်းပြည်ရဲ့ အမျိုးသားညီညွတ်ရေးဟာ ဝေးသထက်ဝေးလိမ့်မယ်လို့သာ ထင်မြင်မိပါတယ်။
ဇော်ဝင်း
၈၈ ကျောင်းသားဟောင်း
ဒီဇင်ဘာ ၂၁။ ၂၀၁၂။

No comments:

Post a Comment

mr.kyaingtun@gmail.com