Saturday, December 8, 2012

“ အရှေ့ကို လျောက်ပါလို့ အနောက်ကိုတဲ့ မျှော်မနေစေချင် ” by Messenger News Journal on Friday, December 7, 2012 at 12:45am ·



“အရှေ့ကိုလျှောက်ပါလို့၊ အနောက်ကိုတဲ့ မျှော်လိုက်ရင်” ဆိုသည့် “ဗောဓိရွှေကျောင်း” အမည်ရှိ ကဗျာသံချိုတစ်ပုဒ်ကို ဖတ် ဖူးကြလိမ့်မည်ထင်ပါသည် ။အနက်အဓိပ္ပါယ်ကိုလည်း လူတိုင်းသိနိုင်ကြပါလိမ့်မည် ။ ထိုသို့ လူတိုင်းဖတ်ဖူးသည့်ကဗျာ၊လူတိုင်း အနက် အဓိပ္ပါယ် နားလည်သည့် ကဗျာလေးအတွင်းဖြစ်လင့်ကစား စာရေးသူအနေဖြင့် ငယ်စဉ်တည်းကလည်း နားမလည်ခဲ့ ၊ ယခုတိုင်လည်း နားမလည်သေးသည့် အကြောင်းအရာတစ်ခုက ပါရှိနေခဲ့ပါသည် ။ ထိုကဗျာထဲမှ ဇာတ်ကောင်(Character) ဖြစ်သော “မမလေးတို့ ပျို့ဦးရင်”သည် အဘယ်ကြောင့် သူ၏ ဦးတည်လှမ်းလျောက်ရာခရီးဖြစ်သော အရှေ့ကို စူးစူးစိုက်စိုက် မလျောက်ဘဲ အနောက်ကိုပြန်ပြန် ၍ မျှော်ကြည့်နေရပါသနည်း။


လက်ရှိဖြစ်ပွားနေသော တိုင်းရင်းသား လက်နက်ကိုင်ပြဿနာများ ၊ရခိုင်ဒေသအရေးအခင်း၊နောက်ဆုံးဖြစ်ပျက်ခဲ့သောလက်ပံ တောင်းတောင် ပဋိပက္ခ ၊ နေ့စဉ်နှင့်အမျှဖြစ်ပွားနေသည့် ဆန္ဒထုတ်ဖော်မှုများ စသည့် အကြောင်းခြင်းရာများကြောင့် “အစိုးရ အနေဖြင့်  နောက်ကြောင်းပြန်လှည့်မည်လော” ဟု စိုးရိမ်စကားသံများကို ကြားလာရပါသည်။ နောက်ကြောင်းပြန်မလှည့်ရန် ပြည်သူများတွင် တာဝန် ရှိသည်ဟု ပြောကြဆိုကြသံများ ကျယ်ကျယ်လောင်လောင်ကြားလာရပါသည် ။ မိတ်ဆွေများက နောက်ပြောင်ကျီစယ် လာကြပါသည်။ “နောက်ကြောင်းပြန်လှည့်လို့ကတော့ ကိုထင်လင်းရေးခဲ့တဲ့စာတွေနဲ့ အနည်းဆုံးတော့ (၆၅)နှစ်ပဲ”ဟုဆိုကြပါသည်။ စာရေးသူ၏ စိတ်တွင်မှု ဤအချက်နှင့်ပတ်သက် ၍ စိုးရိမ်စိတ် တစ်စွန်းတစ်စမျှ မဖြစ်မိပါ ။ အကြောင်းမှာ ပြဿနာတိုင်းတွင် ဖြေရှင်းရန် နည်းလမ်းရှိသည် ၊ “နည်းလမ်းကို မသိသေး၍ မဖြေရှင်းနိုင်ခြင်း ၊ နည်းလမ်းကိုသိလျက် နည်းလမ်းအတိုင်း မဖြေရှင်းခြင်း ဟူ၍ သာရှိသည်”ဟူသော အဆိုအမိန့်စကားတစ်ခုရှိပါသည် ။  ယခု ဖြစ်နေသော ပြဿနာများတွင် အဖြေများ အသီးသီးရှိပြီး ဖြစ်သည်၊ မဖြေရှင်းရသေးခြင်း သို့တည်းမဟုတ် နည်းလမ်းအတိုင်း မဖြေရှင်း လိုကြသေးခြင်း ဟုနားလည်သဘောပေါက်ထား၍ ဖြစ်ပါသည် ။ အဖြေရှိလျက် အဖြေသိလျက် နောက်ပြန်လှည့်လိုသည်ဆိုလျှင်တော့ အားလုံး၏ ကံကြမ္မာသာဖြစ်ပါသည်။ ဤဆောင်းပါးတွင် ထိုအချက် များကို တင်ပြသွားမည်ဖြစ်ရာ ယခုဖြစ်ပြီး ဖြစ်ဆဲ ဖြစ်လတ္တံ့သော ပြဿနာများကို ခေါင်းခံဖြေရှင်းရန် တာဝန်ရှိသည့် နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်အနေဖြင့် ဤဆောင်းပါးကို ဖတ်ဖြစ်အောင် ဖတ်စေချင်ပါသည်။

တိုင်းပြည်တွင်ဖြစ်ပွားနေသော တိုင်းရင်းသားပဋိပက္ခများကို အမြန်ဆုံးပြေလည်အောင်ဖြေရှင်းနိုင်ရန်အတွက် မည်သို့လုပ် ဆောင်သင့်သည်ကို ပြည်တွင်းငြိမ်းချမ်းရေးကို အမှန်တကယ် တည်ဆောက်လိုလျှင် ဟူသောဆောင်ပါးဖြင့်တင်ပြခဲ့ပါသည်။ ထို ဆောင်းပါး တွင် တိုင်းရင်းသားများအမှန်တကယ်လိုလားသည်မှာ သီးခြားလွတ်လပ်သော ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် နှင့်ရပ်တည်ခွင့် (ဖက်ဒရယ်မူ) ကို သာလျှင်ဖြစ်ကြောင်း အသေးစိတ်ရေးသားတင်ပြခဲ့ပါသည် ။ ဤအချက်အလက်မှာ တောရမ်းမယ်ဖွဲ့လျှောက်ရေး ထားခြင်းမဟုတ်ပါ ။ ကချင်တိုင်းရင်းသားများ၊ရှမ်းတိုင်းရင်းသားများ၊ ကရင်တိုင်းရင်းသားများ၊ ချင်းတိုင်းရင်းသားများမိတ်ဆွေများ၏ ရင်တွင်းခံစားချက်များကို ကိုယ်တိုင် သိရှိလေ့လာပြီးမှ ရေးသားတင်ပြခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံသည် ပြည်ထောင်စုနိုင်ငံ ဖြစ်ပါသည် ။ “ပြည်ထောင်စုနိုင်ငံ” ဟု အမည်တပ်သည်နှင့် ပြည်ထောင်စုအတွင်း ပါဝင်နေကြသော တိုင်းနှင့်ပြည်နယ်အသီးသီးသည် ကိုယ်ပိုင် ဥပဒေပြုခွင့်  ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ၊ ကိုယ်ပိုင်တရားစီရင်ခွင့် တို့ ရှိကြရမည်ဖြစ်သည် ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တိုင်းက ဤ အချက်ကို ဆုပ်ကိုင်တောင်းဆိုနေကြပါသည် ။ နှစ်ပေါင်းငါးဆယ်ကျော် လောင်မြိုက်ခဲ့ရသော ပြည်တွင်းစစ်မီးသည် ဤဖက်ဒရယ်မှု အတွက် တိုက်ပွဲဝင်နေကြခြင်းဖြစ်ပါသည် ။ ဤအချက်ကို ဖြေရှင်းနိုင်လျှင် ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ပြီဖြစ်ပါသည် ။ NLD ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကလည်း ၆.၁၂.၂၀၁၂ နေ့တွင် ဆီဒိုးနားဟိုတယ်(ရန်ကုန်)တွင် ကျင်းပပြုလုပ်သော Asean 100 Lead-ership Forum တွင် မေးခွန်းဖြေကြားရာ၌ ''ကျွန်မကတော့ ဖက်ဒရယ်မူ ကျင့်သုံးတဲ့အပေါ် ယုံကြည်တယ်။ ဒါဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေအတွက် မှန်ကန်သည့်မူတစ်ခုဖြစ်ပါတယ်။ ဖက်ဒရယ်မူကို ကျင့်သုံးရင် ကျွန်မတို့ တိုင်းရင်းသားအချင်းချင်းကို ဝေးကွာစေ မည့် အစား ပိုမိုနီးကပ်စေမယ်လို့ ယုံကြည်ပါတယ် '' ဟု ပြန်လည်ဖြေကြားခဲ့သည်ကို နားထောင်လိုက်ရပါသည်။ ဇူလိုင် ၂၆ ရက်နေ့ ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဆောင်းပါးရှင်တစ်ဦးက (ပုဂ္ဂိုလ်ရေးမဆန်လို၍ ကလောင်အမည် မဖော်ပြလိုပါ) “သတိအစဉ် အသိယှဉ်၍” ခေါင်းစဉ် ဖြင့်ဆောင်းပါး တစ်ပုဒ် ရေးသားခဲ့သည်ကို ဖတ်ခဲ့ရပါသည် ။ ထိုဆောင်းပါးတွင်စာရေးသူက “ဖယ်ဒရယ်မူ သည် စည်းလုံးညီညွတ်မှုပျက်ပြားအောင်သွေးထိုးလှုံ့ဆော်သည့်နည်း”တခုဖြစ်သည်ဟုရေးသားခဲ့သည်ကိုဖတ်ရှုမှတ်သားခဲ့ရပါသည်။ဖက်ဒရယ် မူသည် စည်းလုံးမှုပျက်ပြား အောင် သွေးထိုးလှုံ့ဆော်သည့်နည်းဖြစ်သည် ဟုဆိုသည့် သတိပေးစကားနှင့် ဆောင်းပါးကို ရေးသားသူ ထို ဆောင်းပါးရှင်အနေဖြင့် ဥရောပနိုင်ငံများဖြစ်သော သြစတီးယား ၊ဟန်ဂေရီ ၊ဘယ်လဂျီယံ၊ ဆွစ်ဇာလန် နှင့် ဂျာမဏီ ၊ လက်တင် အမေရိကနိုင်ငံ များဖြစ်သော မက္ကဆီကို ၊ အာဂျင်တီးနား ၊ ဘရာဇီး ၊ တောင်အာရှနိုင်ငံဖြစ်သော အိန္ဒိယ မြောက်အမေရိက တိုက် နိုင်ငံများဖြစ်သော အမေရိကန်ပြည်ထောင်စု နှင့် ကနေဒါ တို့ရှိ သတင်းစာကြီးများ တွင် ထိုမျှအတွေးအခေါ်မြင့်မားလှသော ဆောင်းပါး ကို ထည့်သွင်းရေးသားစေချင်မိပေသည်၊အကြောင်းမှာ ထိုနိုင်ငံများသည် ကမ္ဘာပေါ်တွင် ဖက်ဒရယ်မူ (federalism) ကို အပြည့်အ၀ ကျင့်သုံးနေသော နိုင်ငံများဖြစ်သောကြောင့်ပင်တည်း။ သို့သော် ထိုနိုင်ငံများတွင် အစိုးရ၏ လက်ကိုင်တုတ် ၀ါဒဖြန့်သတင်းစာများ မရှိ သည်မှာ ထိုဆောင်းပါးရှင်အတွက် ၀မ်းနည်းဖွယ်ရာ ဖြစ်ပေသည်။ (ထိုသို့ Federalism ကို ကျင့်သုံးသည့်အတွက် ၊ အမေရိကန် ပြည်ထောင်စု(United States of America) ကို ပြည်ထောင်စု (Union) ဟု မကြာခဏပင် ရည်ညွှန်းသုံးစွဲကြသည် ဆိုသည်ကိုလည်း အလျဉ်းသင့်၍တင်ပြလိုက်ပါသည်။
 မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာ ပြိုပျက်ခဲ့ရသော ပြည်တွင်းငြိမ်းချမ်းရေးကို အမြန်ဆုံး ပြန်လည်တည်ဆောက်နိုင်မည့် တစ်ခုတည်းသောနည်းလမ်းမှာပြည်ထောင်စုဟူသောအမည်နာမနှင့်လိုက်လျောညီထွေဖြစ်သည့် federalမူကိုလိုက်နာကျင့်သုံးရန်ဖြစ်ပါ သည်။ ပြည်တွင်းငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားသည်ဆိုပါက မြန်မာနိုင်ငံ ပြည်ထောင်စု အစိုးရသည် ဤ federal မူ ကို အမှန် တကယ်ကျင့်သုံးရန် အသင့်ရှိရပါလိမ့်မည် ။ လုံးဝမကျင့်သုံးပါ ဟုဆိုလျှင် သို့တည်းမဟုတ် မကျင့်သုံးနိုင်သေးပါဟုဆိုလျှင် ပြည်တွင်း ငြိမ်းချမ်းရေး ပြန်လည်တည်ဆောက်ရန် ဆိုသည်မှာ “နငယ်နှင့်ရော ဏကြီးနှင့်ပါ နီးစပ်” လိမ့်မည် မဟုတ် ပါ။
(စာရေးသူသည် အဖိုးအဖွားများ ဓနုဖြူမြို့ဇာတိ ၊ ဖခင် မော်လမြိုင်ကျွန်းမြို့သား ၊ မိခင် ဘိုကလေးမြို့သူတို့မှ မွေးဖွားသော ဗမာ၊ဗုဒ္ဓဘာသာဖြစ်ပါသည် ၊ စာရေးသူ၏ ဇနီးသည်လည်း ဗမာ၊ဗုဒ္ဓဘာသာဖြစ်ပါသည်။ အထက်တွင်ဖော်ပြခဲ့သော ရှမ်း၊ချင်း၊ကချင်၊ ကရင်စသည့် တိုင်းရင်းသားလူမျိုးတစ်ယောက်မဟုတ်ပါ ။တိုင်းရင်းသားများကိစ္စကိုအစွဲတစ်ခုဖြင့်ရှေ့နေလိုက်နေခြင်းမဟုတ်ပါ၊တိုင်းရင်း သားများ၏ နစ်နာချက် ၊ လိုလားချက်များကို ထဲထဲဝင်ဝင်လေ့လာ နားလည်သိရှိထားသူတစ်ယောက်ဖြစ်၍ မလိုလားအပ်သော ပြဿနာ များ မပေါ်ပေါက်လာစေလိုသောစိတ်ဖြင့် ပကတိ အခြေအနေမှန်ကို တင်ပြနေရ ခြင်း ဖြစ်ပါသည် ။)
လတ်တလောဖြစ်ပွားခဲ့သော လက်ပံတောင်းတောင် ပဋိပက္ခသည် အစိုးရ၏ ဂုဏ်သိက္ခာကို အနည်းနှင့်အများ ထိခိုက်ခဲ့သည် ဆိုသည်ကို အစိုးရအဖွဲ့ဝင်များ အနေဖြင့် အငြင်းထွက်ဖွယ်ရှိမည်မထင်ပါ ။ လောလောလတ်လတ်ထင်သာမြင်သာရှိသော အကြောင်း ဖြစ်၍ ပြည်သူများအနေဖြင့်လည်း သတင်းမီဒီယာများမှတစ်ဆင့် သိရှိပြီးဖြစ်ကြပါလိမ့်မည်။ အဘယ်ကြောင့် ဤပြဿနာ ဖြစ်ပွားလာရ သည် ၊ အဘယ်ကြောင့်ဤမျှဆိုးဆိုးရွားရွား ဖြစ်ပွားသွားခဲ့သည်ဆိုသည်ကို အချက်တစ်ချက်ချင်းတင်ပြသွားပါမည် ။
လက်ပံတောင်းတောင်ကြေးနီစီမံကိန်း၏ ပြဿနာမှာ ပြီးခဲ့သည့် ၂၀၁၀ခုနှစ်ခန့်က ဆက်စပ်ရွာ ၄ ရွာ ၊ လယ်မြေဧက ၇၀၀ ကျော် နှင့် ရွာဦးဘုန်းတော်ကြီးကျောင်းတစ်ကျောင်းတို့ လူမသိသူမသိ ဖျက်ဆီးခံလိုက်ရာမှ အစပြုခဲ့သည်။ နိုင်ငံရေးအရ မပွင့်လင်း သေးချိန်၊ သတင်းမီဒီယာများအနေဖြင့်လည်း လွတ်လပ်စွာရေးသားဖော်ပြခွင့်မရသေးချိန်ဖြစ်၍ ပြည်သူအများကလည်း ကျယ်ကျယ် ပြန့်ပြန့် သိခွင့်မရခဲ့ကြဘဲ သတင်းအမှောင်ကျနေခဲ့သည် ။  အချို့သော Documentry သမားတို့ တိတ်တဆိတ်မှတ်တမ်းတင် ရိုက်ကူး ထားသည့် မှတ်တမ်းမျှလောက်သာရှိခဲ့သည် ။ နိုင်ငံရေးဘက်တွင် တစ်စထက်တစ်စ ပွင့်လင်းလာချိန် ၊ သတင်းလွတ်လပ်ခွင့်လည်း အစပြုလာချိန်တွင်လည်း သဘာဝပတ်ဝန်းကျင်ပညာရှင်များ ၊ လူမှုရေးပညာရှင်အများစုတို့မှာ မြစ်ဆုံစီမံကိန်းကိစ္စကို အသည်းအသန် အာရုံစိုက်နေကြရ၍ ထိုဘက်သို့ ဦးမလှည့်နိုင်ခဲ့ကြ ၊ ထိုသို့ဖြင့် တောင် ၃၃ လုံးဖြိုချ၊ (လယ်ဧက ၆၀၀၀ ကျော်အပါအ၀င်)မြေဧက ၇၈၀၀ ကျော်ကို သိမ်းယူ ၊ ဧကပေါင်း ၅၀၀၀ ကျော်ကို ဖျက်ဆီးပြီး၊ ရွာပေါင်း ၄၀ ကျော် ရွှေ့ပေးရတော့မည် ဆိုကာမှ ထိုစီမံကိန်း၏ အန္တရာယ် ကြီးပုံကို ပြည်သူတို့ မျက်ဝါးထင်ထင် ကြားခွင့်၊ သိခွင့်၊ မြင်ခွင့် ရကြသည် ။ ပြည်သူများသိကြမြင်ကြသောအချိန် ရောက်သောအခါ ကြေးစင်တောင်နှင့် စပါယ်တောင်တို့က မြေပုံပေါ်မှ ထာဝရပျောက်ကွယ်သွားခဲ့ကြပြီ ။ ကျန်နေသေးသော လက်ပံတောင်းတောင်ခမျာ မှာတော့ မျက်ဖြူဆိုက်ကာ အသက်ငင်နေရှာပြီ ဖြစ်ပါသည် ။

ဤသို့ဖြင့် လက်ပံတောင်းတောင်ကို ကယ်တင်ကြပါ ဟူသော အသံတွေတိုင်းပြည်နှင့် အ၀ှမ်းညံထွက်လာတော့သည် ။ ၂၀၁၂ ခုနှစ် သြဂုတ်လတွင် အာဏာပိုင်များက အသိမ်းခံမြေများပေါ်တွင် မကျူးကျော်ရ ဆိုင်းဘုတ်များစိုက်ထူ၍ ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့သည် ။
ထိုသို့ဖြစ်၍ စက်တင်ဘာ ၅ ရက်နေ့တွင် ဒေသခံများမှ ညောင်ပင်ကြီး-ယင်းမာပင်-ပုလဲလမ်းဆုံ ( ပုသိမ်မုံရွာကားလမ်းမကြီးပေါ်)တွင် လက်ပံတောင်းတောင်စီမံကိန်း လုံးဝရပ်ဆိုင်းရန် ဆန္ဒထုတ်ဖော်ခဲ့ကြသည် ။ သက်ဆိုင်ရာ ဒေသဆိုင်ရာ အာဏာပိုင်များ တုတ်တုတ်မျှ မလှုပ်ခဲ့ ၊ အရေးတယူမပြုခဲ့ ၊ စက်တင်ဘာ ၇ ရက်တွင်ညနေ ၄ နာရီဝန်းကျင်မှစ၍ မုံရွာမြို့၊ ချင်းတွင်းမြစ်ကမ်း၊ ကျောက်ဆောင်ဆိပ်၊ အနီးတွင် မုံရွာဒေသခံ ၁၀၀ ကျော်သည် ကြေးနီစီမံကိန်းကြောင့် မကြာမီပျက်စီးသွားမည့်လက်ပန်းတောင်းတောင်တန်းကြီးအားတမ်းတ နှုတ်ဆက်သည့် တောင်ကြည့်ပွဲ အခမ်းအနားများကို ဆက်တိုက်ပြုလုပ်ခဲ့သည်။ တာဝန်ရှိသူများမှမည်သည့်ညှိနှိုင်းဆွေးနွေးမှုကိုမျှ မလုပ် ခဲ့၊ လူများအသွားအလာခက်စေရန် လှေဆိပ်ကိုပိတ်ထားခြင်း၊တောင်ကြည့် ပွဲ သည် တရားဥပဒေနှင့်မညီကြောင်း တို့ကိုသာပြောဆို၍ ဥပဒေအရ အရးယူမည်ဖြစ်ကြောင်းသာ တွင်တွင်ပြောဆိုနေခဲ့သည် ။ စက်တင်ဘာ၁၀ရက်နေ့တွင်စီမံကိန်းလုပ်ငန်းများရပ်တန့် စေရေး အတွက် မုံရွာမြို့သို့ သွားရောက်ဝတ်ပြု ဆုတောင်းပွဲပြုလုပ်ရာမှ ဦးဆောင်သူ မသွဲ့သွဲ့ဝင်း၊ မဖြူဖြူဝင်းနှင့် မအေးနက် တို့ အပါ အ၀င် ၁၂ ဦး ဖမ်းဆီးခံရ သည် (နောက်တွင် ပြန်လွှတ်ပေးခဲ့သည်) ။ စက်တင်ဘာ ၃၀ ရက်တွင်မသွဲ့သွဲ့ဝင်း ဦးဆောင်သော ဒေသခံ အချို့ ရန်ကုန်မြို့သို့ လာရောက်၍ လက်ပံတောင်းတောင် ကာကွယ် ထိန်းသိမ်းရေး နှီးနှောဖလှယ်ပွဲကို ကျင်းပခဲ့ကြသည် ။ ထိုသို့ဖြင့် လက်ပံ တောင်းတောင် ကိစ္စ သည် နိုင်ငံအနှံ့ကူးစက်ပျံ့နှံ့လာခဲ့သည် ။ လက်ပံတောင်းတောင်သည် မုံရွာတစ်ဘက်ကမ်းမှာသာ ရှိနေ ခဲ့သော် လည်း သူ၏ပြဿနာကမြန်မာပြည်အနှံ့ခြေဆန့်နေခဲ့ပြီဖြစ်သည်။ ထိုအချိန်သည် ဆွေးနွေးမှုများ ညှိနှိုင်းမှုများဖြင့်အရေးတယူဆောင်ရွက် သင့်သည့် အခြေအနေသို့ရောက်လာသည်ကို သတိကြီးစွာဖြင့် (အပ်ဖြင့်ထွင်း၍) ဆောင်ရွက်ကြရမည့်အစား  သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များကမူ မကြားသလို မမြင်သလို နေသာသလို နေခဲ့ကြပြန်သည်။
ဤသို့ဖြင့် တစ်စထက်တစ်စ အရှိန်ရလာခဲ့သော ပြဿနာက နေ့ချင်းညချင်း ကြီးထွားလာခဲ့သည် ။ နိုဝင်ဘာ ၁၇ ရက်တွင် သပိတ်စခန်း များ စတင်ဖွင့်လှစ်ကာ နိုဝင်ဘာ၁၉ရက်တွင် လက်ပံတောင်းတောင် အထွေထွေသပိတ်ကြီး စတင်ခဲ့သည်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေ ယခုမှ မျက်ကလူးဆန်ပြာဖြစ်ကြပြီ ။ နိုဝင်ဘာ ၂၃ရက် နေ့တွင် ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင် စန်းလှိုင်မှ လက်ပံတောင်းတောင်ကိစ္စအရေးကြီး အဆိုကိုတင်သွင်းခဲ့သည် ။ ထိုအဆိုမှာ "လက်ရှိလုပ်ဆောင်နေသော လက်ပံတောင်း တောင် ကြေးနီစီမံကိန်းနှင့် စံပယ်တောင်၊စံပယ် တောင်(တောင်ဘက်)၊ ကြေးစင်တောင်ကြေးနီစီမံကိန်းတို့၏(၁) လူမှုဝန်းကျင် အပေါ် အကျိုးသက်ရောက်မှု၊(၂)သဘာဝပတ်ဝန်းကျင် အပေါ် အကျိုးသက်ရောက်မှု၊ (၃) နိုင်ငံတော်၊ပြည်သူလူထုနှင့် အနာဂတ် မျိုးဆက်များ အတွက် ရေတို၊ ရေရှည် သင့်လျော်သည့် တန်ဖိုး ဖြတ်နိုင်သည့် အကျိုးအမြတ်၊ တန်ဖိုးမဖြတ်နိုင်သည့် အကျိုးအမြတ်များ အမြင့်မားဆုံး ရရှိနိုင်မှုနှင့် (၄)ပြည်သူလူထု၏ဆန္ဒသဘော ထား တို့ကို ပြည်သူတို့က ယုံကြည်ကိုးစားသည့် ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ၊ ပြည်တွင်း ပြည်ပ ပညာရှင်များ၊ အဖွဲ့ အစည်းများ ပါဝင်သည့် လွတ်လပ်သော နိုင်ငံတော်အဆင့် ကော်မရှင်တစ်ရပ် ဖွဲ့စည်းစေ၍ တွေ့ရှိချက်၊ သုံးသပ်ချက်၊အကြံပြုချက်များကို ပွင့်လင်းမြင်သာစွာထုတ်ပြန်ကြေညာစေပြီးဆက်လက်လုပ်ဆောင်ခွင့်ပြုရန်သင့်မသင့်နှင့်  ဆက်လက်လုပ်ဆောင်ပါက မည်သို့ လုပ်ဆောင်သင့်သည်ကို ကိုင်တွယ်ဆန်းစစ်ရန် ပြည်သူ့လွှတ်တော်က နိုင်ငံတော် သမ္မတအား တိုက်တွန်း ကြောင်း"ဟူ၍ ဖြစ်သည်။ ထိုအဆိုကို ၎င်းစီမံကိန်းကို ဦးစီး ဆောင်ရွက်နေသော ကာကွယ်ရေး ၀န်ကြီးဌာန၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က ခုခံချေပခဲ့သော်လည်း လက်ပံတောင်းတောင် စုံစမ်းရေးကော်မရှင် ဖွဲ့စည်း ရန် လွှတ်တော်မှ အတည်ပြုခဲ့သည် ။
သို့နှင့် နိုဝင်ဘာ ၂၅ ရက်နေ့တွင် စုံစမ်းရေး ကော်မရှင်၏ လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဟုဆိုကာ  ဆန္ဒပြနေသူ အားလုံး သပိတ်စခန်းများမှ ဖယ်ရှားရန် ပြည်ထဲရေးမှ ကြေညာချက် ထုတ်ပြန်ခဲ့သည် ။ ဆန္ဒပြသူများက မဖယ်ရှားပေးနိုင် တွေ့ဆုံညှိ နှိုင်းရေးကို တောင်းဆို သည်ဟုတုံ့ပြန်သည် ။ နိုဝင်ဘာ ၂၉ ရက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက နံနက် ၃း၀၀နာရီခန့် အချိန်တွင် သပိတ် စခန်းများ အား ၀င်ရောက် စီးနင်းလျက် အင်အားသုံးဖြိုခွဲခဲ့သည် ။ ထိုသို့ဖြိုခွဲရာတွင် အသုံးပြုခဲ့သော လက်နက်ပစ္စည်း များကြောင့် သပိတ်စခန်း များမှ သံဃာ တော်အများအပြားနှင့် ဒေသခံများ ပြင်းထန်စွာထိခိုက်ဒဏ်ရာများရရှိခဲ့ကြ၍ မုံရွာဆေးရုံတွင် တင်ပို့ကုသမှု များ ခံယူကြ ရသည် ။ သတင်းမီဒီယာများမှတစ်ဆင့် ကြားရသူမြင်ရသူအပေါင်း ဒေါသအမျက်ချောင်းချောင်းထွက်ကြရပြီ ၊ ထိုနေ့ညနေ ၄ နာရီတွင် အစိုးရ သတင်းထုတ်ပြန်ရေးမှ သပိတ်စခန်းများအား ဖြိုခွင်းသည်မှာ ဥပဒေနှင့် အညီဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည် ။ ည (၈)နာရီ ခန့်တွင် ထိုသတင်းကြေငြာချက်ကို ပြန်လည်ရုပ်သိမ်းကြောင်းသတင်းထုတ်ပြန်ချက် ထပ်ဆင့်ထုတ်ပြန်ခဲ့ပြန်သည် ။ (ဥပဒေနှင့် အညီဖြစ် ကြောင်းသတင်းထုတ်ပြန်ချက်ကို ပြန်လည်ရုပ်သိမ်းသည်ဆိုခြင်းမှာ ဥပဒေနှင့် မညီပါဟု ၀န်ခံလိုက်ခြင်းပင် ဖြစ်ပါ ကြောင်း ထိုသတင်း ထုတ်ပြန်ရေးအဖွဲ့ဝင်များ သိမှ သိကြပါလေစဟုပင်တွေးမိပါတော့သည်။) ထိုသို့ဖြစ်ပြီးညနေပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည် မုံရွာသို့ ရောက်ရှိလာသည် ၊ ပြည်သူများနှင့် တွေ့ဆုံပွဲများဆက်တိုက်ပြုလုပ်သည် ၊ ထိခိုက်ဒဏ်ရာရ၍ ဆေးရုံတင်ထားရသော ရဟန်းရှင်လူများ ကို သွားရောက်ကြည့်ရှုသည် ။ သူမအနေဖြင့် ကြားဝင် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ကတိပြုသည် ၊ ပြည်သူတို့အားလည်းကိုယ်လိုချင် တိုင်း အပြည့်အ၀ဖြစ်ချင်မှဖြစ်မည်ဟု သတိပေးခဲ့သည် ။ နောက်တစ်နေ့တွင် အစိုးရအဖွဲ့မှ လက်ပံတောင်းတောင်ကိစ္စကို စုံစမ်းဖော် ထုတ်ရန် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌအဖြစ်ပါဝင်သောစုံစမ်းရေး ကော်မရှင်ဖွဲ့စည်းကြောင်း သတင်းထုတ်ပြန် သည် ။ယခုတိုင်လက်ပံ တောင်းတောင်ပြဿနာသည် “ ပွဲလည်းမပြီး မီးလည်းမသေ ” ဖြစ်နေပါသည် ၊ နေရာအနှံ့အပြားတွင် ဆန္ဒထုတ်ဖော်မှု များပြုလုပ်နေကြ သည် ။ နောက်လည်းပြုလုပ်လာကြပါလိမ့်မည်။
ဤပြဿနာကို ဤမျှကြီးကျယ်သွားစေခဲ့ရာတွင် အဓိကကျသော အပိုင်းမှာ လက်ရှိအစိုးရအုပ်ချုပ်ရေးပိုင်းတွင် တာဝန် ယူထားကြသော အာဏာပိုင်အဖွဲ့အစည်းအဆင့်ဆင့်သည် ပြည်သူများနှင့် ထိတွေ့ဆက်ဆံရာတွင် မည်သို့ဆက်ဆံရမည် ဆိုသည်ကို ကောင်းစွာ နားမလည်ကြသေးခြင်းဖြစ်ကြောင်း သိသာထင်ရှားစွာသုံးသပ်ရပါသည် ။ ၂၀၁၀ ရွေးကောက်ပွဲတွင်မှ ခါတော်မီ အခွံချွတ် လဲလာသူများဖြစ်ကြ၍ ၊ ပြည်သူလူထုအားဆက်ဆံရာတွင် ယခင် န၀တခေတ်က ဆက်ဆံပုံ ဆက်ဆံနည်း အတိုင်းပင် ဆက်ဆံလို နေကြသေးကြောင်း သိသာလှသည် ။ အာဏာရှင်စနစ်အသားကျနေခဲ့သူများဖြစ်၍ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းလာခဲ့ပြီဖြစ်သော် လည်း ဒီမိုကရေစီအစိုးရအဖွဲ့၏ လုပ်ပုံကိုင်ပုံကို မသိနားမလည်ကြသေးခြင်းလည်း ဖြစ်နိုင်သည် ၊ တစ်နည်းအားဖြင့်ဆိုသော် “ ဒီမိုကရေစီပါး မ၀ကြသေး” ဟုဆိုသော် ရကောင်းပါလိမ့်မည် ။
လက်ပံတောင်းတောင်ကြေးနီစီမံကိန်းပြဿနာတွင် လျော်ကြေးပေးပြီးပြီဆိုရုံမျှနှင် ပြေလည်မည်မဟုတ် ဟု ကြိမ်ဖန်များစွာ အသိပေးတင်ပြခဲ့ပါသည် ။လက်ပံတောင်းတောင်ကိစ္စမှာ နှစ်ဦးနှစ်ဘက်နားလည်မှုများတည်ဆောက်၍ တစ်ဘက်နှင့်တစ်ဘက် အလျော့ ပေးညှိနှိုင်းမှုများ ဆောင်ရွက်နိုင်မှသာ ရှေ့ခရီးကိုဆက်နိုင်လိမ့်မည်ဖြစ်ပါသည် ။ ယခုကဲ့သို့ မမြင်ဝံ့မရှုဝံ့ ၊ မကြားဝံ့ မနာသာ ဖြစ်ရပ်ဆိုး များဖြစ်ပွားရသည်အထိ ပြဿနာကိုကြီးကျယ်သွားစေခဲ့သည်မှာ အစိုးရတာဝန်ရှိသူများ၏ ကိုင်တွယ်ဖြေရှင်းပုံအားနည်းလှသောကြောင့် ဟုဆိုလျှင် မှားမည်မထင်ပါ။ ပြဿနာစတင်လာနေသည် ၊ တစ်စထက်တစ်စ ကြီးထွားလာနေသည် ကို သိနေမြင်နေပါလျက် စောစော စီးစီး အရေးတယူဖြေရှင်းဆောင်ရွက်မှုများမပြုလုပ်ခဲ့သည့် အစိုးရတာဝန်ရှိသူများကိုမှ မှားသည်ဟု အပြစ်မဆိုပါလျှင် မည်သူ့ကို အပြစ် ဆိုရ ပါမည်နည်း ၊ “ စကားနှင့် ငြင်းရမည့် ပြဿနာကို ဓါးဖြင့် ရှင်းရ” သော အခြေဆိုက်စေခဲ့သည့် အစိုးရကိုမှ မှားသည်ဟု အပြစ်မဆိုပါက မည်သူ့ကိုအပြစ်ဆိုရပါမည်နည်း ။
ဤပြဿနာတွင် အစိုးရသည် ဆန္ဒပြပြည်သူများကိုသာ တစ်ဘက်သတ်အပြစ်တင်၍ အရေးယူဆောင်ရွက်သည်မှာ များစွာ မှားယွင်းလှသော အချက်ဖြစ်သည် ။ ဆန္ဒပြသူများတင်ပြလာသည့် ပတ်ဝန်းကျင်ပြဿနာများ အမှန်တကယ်ဖြစ်ပွားနေခြင်း ရှိမရှိကို အဘယ်ကြောင့် ကြိုကြိုတင်တင် စုံစမ်းစစ်ဆေးမှုများမလုပ်ခဲ့ပါသနည်း ။ အဘယ်ကြောင့် ၀မ်ပေါင်ကုမ္ပဏီ နှင့် ဦးပိုင်ကုမ္ပဏီ တို့၏ လုပ်ငန်းဆောင်တာများ လုပ်ကိုင်ဆောင်ရွက်ပုံတို့ကို မစုံစမ်းမစိစစ်ပါသနည်း ။ အဘယ်ကြောင့် စာရွက်ပေါ်မှ အကြောင်းအရာများ ကို သာ အမှန်ထင်နေခဲ့ရပါသနည်း၊တိုင်ကြားလာသူ ဆန္ဒပြလာသူများရှိနေပါလျက် အရေးတယူစုံစမ်းဖော်ထုတ်မှုများမလုပ်ခဲ့သည်မှာ အစိုးရတာဝန်ရှိသူများ၏ လုပ်ပုံကိုင်ပုံများစွာအားနည်းကြောင်း ထင်ရှားသိသာလှပါသည်။ သို့ဖြစ်သည့်အတွက်လည်း ဆန္ဒပြသူများ ဘက်မှ ပိုမို၍ ပြင်းထန်လာသည်ဟုသော အကြောင်းတရားများကို တွေ့မြင်လာရပါသည် ။
အစိုးရတာဝန်ရှိသူများသည် သပိတ်စခန်းဖွင့်၍ ဆန္ဒပြသူများကို မည်သည့်နေ့နောက်ဆုံးသပိတ်စခန်းဖြိုခွဲပေးရန်နှင့် မဖြိုခွဲပါ က အင်အားသုံးဖြေရှင်းမည်ဟူသော စကားကိုသာ လက်ကိုင်ထား၍ လုပ်ဆောင်နေခြင်းမှာ ဒီမိုကရေစီအစိုးရ၏ သဘောတရား မဟုတ် ပါ ။ ပြည်သူများအား မေတ္တာရပ်ခံခြင်းပြုရန်လိုအပ်ပါက ပြုလုပ်ရပါမည် ။ ယခုကိစ္စတွင် အစိုးရတာဝန်ရှိသူများ သည် MRTV နှင့် MRTV 4 တို့ကဲ့သို့ အစိုးရမီဒီယာများမှတစ်ဆင့် ပြည်သူသို့မေတ္တာရပ်ခံချက်များချက်ခြင်းပြုလုပ်ရမည်ဖြစ်ပါသည် ။ အထူးသဖြင့် “ဒီပုတ်ထဲမှ ဒီပဲ”ဟု ပြည်သူများထင်မြင်ယူဆနေကြသော အစိုးရတာဝန်ရှိပုဂ္ဂိုလ်များအနက်မှ ပြည်သူတို့၏ လေးစားထောက်ခံမှုကိုသာမက ပြည်တွင်း အတိုက်အခံပါတီများ၏ လေးစားမှုနှင့် နိုင်ငံတကာ၏ လေးစားထောက်ခံမှုကိုပါ ရရှိထားခဲ့ပြီဖြစ်သော သမ္မတကြီးအနေဖြင့် ၁၀မိနစ်မျှအချိန်ပေး၍ ပြည်သူများအား မေတ္တာရပ်ခံမှုကို ပြုလုပ်သင့်ခဲ့ပါသည် ။ ထိုမေတ္တာရပ်ခံမှုတွင် နိုင်ငံတော်၏ လက်ရှိ နိမ့်ကျ နေသော စီးပွားရေးအရ၎င်း နိုင်ငံတကာစာချုပ်စာတမ်းများ၏ သဘောတရားအရ၎င်း ဤစီမံကိန်းကို မဖြစ်မနေဆက်လက် လုပ်ကိုင်ရန်လိုအပ်ပါကြောင်း ၊ ဒေသခံမိဘပြည်သူများ၊သံဃာတော်များ၏ မိမိတို့ဒေသကို ချစ်ခင်ဖက်တွယ်လိုစိတ်၊ကာကွယ်လိုစိတ်ကို များစွာ စာနာမိပါကြောင်း ၊ မိမိအနေဖြင့်လည်း မိမိနိုင်ငံ၏ ပုံရိပ်များပျက်ပြားရမည့်အရေးကို များစွာစိတ်ထိခိုက်ရပါကြောင်း” စသည်ဖြင့် မိမိနှင့်ပြည်သူတန်းတူပြုကာ ပြည်သူတို့၏တင်းမာနေသော စိတ်နှလုံးများကိုပျော့ပြောင်းအောင်ပြုခဲ့သင့်ပါသည်။ ထို့နောက်မှ “မိမိတို့ နိုင်ငံအနေဖြင့် နိုင်ငံခြားကြွေးမြီများစွာတင်ရှိနေသည့်အပြင် အဘက်ဘက်မှ ဖွံ့ဖြိုးမှုနိမ့်ကျနေသေးသောကြောင့် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို လုပ်ဆောင်နိုင်ရန်အတွက် ထိုစီမံကိန်းကို ဆက်လက်လုပ်ဆောင်ရန် ပြည်သူများမှ နားလည်ခွင့်ပြု ပေးကြ စေလိုပါကြောင်း၊ ဒေသခံပြည်သူများ၏ထိခိုက်နစ်နာမှုများအားမိမိတို့အစိုးရအနေဖြင့်သက်ဆိုင်ရာကုမ္ပဏီများနှင့်ညှိနှိုင်း၍ အကောင်းဆုံး ပြန်လည်ဖြည့်ဆည်းဆောင်ရွက်မှုများ ပြုလုပ်ပေးသွားမည်ဖြစ်ပါကြောင်း ၊စီမံကိန်းများ၏ သဘောသဘာဝအရ မလွဲမသွေထိခိုက် ပျက် ပြားနိုင်သည့် သဘာဝပတ်ဝန်းကျင်အားပြန်လည်ပြုပြင်ထိမ်းသိမ်းခြင်းလုပ်ငန်းများကိုလည်း  သဘာဝပတ်ဝန်းကျင်ပညာရှင်များ လူမှုရေး ပညာရှင်အဖွဲ့အစည်းများနှင့်လည်း ညှိနှိုင်းတိုင်ပင်၍ အကောင်းဆုံးဖြစ်အောင်လုပ်ဆောင်ပေးသွားမည်ဖြစ်ပါကြောင်း ၊ လူထု ခေါင်း ဆောင်များ အနေဖြင့်လည်း ဤပဋိပက္ခအမြန်ဆုံးပြေလည်စေရေးအတွက် ၀ိုင်းဝန်းကူညီဆောင်ရွက်ပေးကြစေလိုပါကြောင်း ”စသည် ဖြင့် မေတ္တာရပ်ခံခဲ့သင့်ပါသည်။ ထိုသို့ဆိုလျှင် ဒေသခံပြည်သူများက သမ္မတကြီးအပေါ် ချစ်ခင်ကြည်ညိုစိတ်များပင် ပိုမိုတိုးပွားလာကာ သူတို့၏ ကူညီဆောင်ရွက်မှုများကိုပင် ရလာရန်ရှိပါသည်။
ယခုမူထိုကဲ့သို့ပြည်သူကို မေတ္တာဖြင့် သိမ်းသွင်း၍ နားလည်အောင် ၊ ပွင့်လင်းမြင်သာစွာ ရှင်းလင်းတင်ပြ၍ ပဋိပက္ခကိုဖြေရှင်း ရမည့်အစား အင်အားသုံးဖြေရှင်းခဲ့သည်မှာမည်မျှမှားယွင်းခဲ့ပါသနည်း ။သမ္မတကြီးကိုယ်တိုင်မဟုတ်စေကာမူ သမ္မတကြီး၏ အုပ်ချုပ်ရေး အောက်မှတာဝန်ရှိသူတို့၏ ညဏ်ပညာကင်းမဲ့စွာလုပ်ဆောင်မှုသည် သမ္မတကြီးအပေါ် ပြည်သူတို့၏ ချစ်ခင်လေးစားယုံကြည်မှု များအဘယ်မျှယုတ်လျော့သွားခဲ့ပါပြီနည်း ။ သမ္မတကြီးသည် ပြည်သူတို့၏ နှစ်သက်မှုနှင့် လိုလားထောက်ခံမှုကို ရရှိရန် ၊ ပြည်သူတို့၏ သမ္မတကြီးဟူသော အမည်ကောင်းကို ရရှိရန် (၂)နှစ်နီးပါး နေ့မအားညမနား ကြိုးပမ်းလုပ်ဆောင်ခဲ့ရသည်မဟုတ်ပါလား ၊ ထိုနာမည် ကောင်းကို နာရီပိုင်းကလေးမျှဖြင့် လွဲမှားသောလုပ်ဆောင်ချက်တစ်ခုဖြင့် အဘယ်ကြောင့်ပျက်ယွင်းစေခဲ့ရပါသနည်း။
သမ္မတကြီးအနေဖြင့် လတ်တလောလုပ်ဆောင်ရန် အကြံပြုလိုသော အချက်တစ်ချက်ရှိပါသည် ။ သမ္မတကြီး၏ များပြားလှ သော အလုပ်ဇယားများကို ခေတ္တမျှပယ်ရှား၍ အချိန်နာရီပိုင်းမျှပေးရန်လိုပါသည် ။ ထိုအချိန်တွင် အမေရိကန်သမ္မတကြီး ၊ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်တို့နှင့် တွေ့ဆုံရန်စီစဉ်ထားသည်ဆိုလျှင်ပင် ထိုအစီအစဉ်ကို ခေတ္တဆိုင်းငံ့ထား၍ လုပ်ဆောင်ပါရန် အကြံပြုလိုပါသည် ။ လက်ပံတောင်းတောင်ပဋိပက္ခအကြမ်းဖက်ဖြေရှင်းမှုကြောင့် ထိခိုက်ဒဏ်ရာရခဲ့သော ရဟန်းသံဃာ များနှင့်လူ ပုဂ္ဂိုလ်များကို သမ္မတကြီး ကိုယ်တိုင်ကိုယ်ကျသွားရောက်တွေ့ဆုံ၍ တောင်းပန်စကားဆိုစေချင်ပါသည် ။ အခင်းဖြစ်ပွားရာ ဒေသသို့ ကိုယ်တိုင်သွားရောက်၍ ဒေသခံများအား မေတ္တာရပ်ခံတောင်းပန်စကားဆိုစေလိုပါသည် ။ ဤဖြစ်ရပ်ကို အမြန်ဆုံးစုံစမ်းစစ်ဆေး၍ ဖော်ထုတ်အရေးယူပေးသွားမည်ဖြစ်ပါကြောင်း ကတိက၀တ်ပြုစေလိုပါသည်။ထိုသို့စုံစမ်းရေးကော်မရှင်မှ လုပ်ငန်းများဆောင်ရွက် နေစဉ် တွင် ပြည်သူများမှလည်း စိတ်ရှည်သည်းခံမှုဖြင့် ဆန္ဒပြမှုများအား ဆိုင်းငံ့ထားခြင်းအားဖြင့် အကူအညီပေးပါရန် မေတ္တာရပ်ခံစကား ဆိုစေလိုပါသည်။
သမ္မတကြီးကိုယ်တိုင် အချိန်မီ ထိုသို့မပြုပါက နိုင်ငံနှင့်အ၀ှမ်းမလိုလားအပ်သော ပြဿနာများထပ်မံပေါ်ပေါက်လာ စရာ ရှိနေပါသည် ။  လက်ပံတောင်းတောင် သပိတ်စခန်းများကို အကြမ်းဖက်နှိမ်နင်းသည့်အတွက် မြန်မာနိုင်ငံမြို့နယ်အတော်များများတွင် ဆန္ဒပြမှုများ လုပ်ဆောင်နေကြပါပြီ။ ဆက်လက်လုပ်ဆောင်ရန်လည်း ပြင်ဆင်နေကြပါသည်။ နောက်ဆက်တွဲအနေဖြင့် ရခိုင်ပြည်နယ်မှ တရုတ်နိုင်ငံသို့ သွယ်တန်းသည့် သဘာဝဓါတ်ငွေပိုက်လိုင်းဖြတ်သန်းရာ ချင်းရွာ(၉)ရွာ အရေးကိစ္စက အစပြုနေပါပြီ၊ ရှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်အတွင်းမှ ပေါင်းလောင်းဆည်ကြောင့် ရေလွှမ်းခြင်းခံရဖွယ်ရှိသော ရွာ (၂၀) ပြဿနာ အစပြုနေပါပြီ ။ ဤပြဿနာများကို မဖြစ်ပေါ်လာအောင် တားဆီးနိုင်သည့် အရာမှာ ပုဒ်မ ၁၄၄ မဟုတ်ပါ ၊ မီးလောင်ဗုံးများမဟုတ်ပါ၊ လက်နက်ကိုင်တပ်ဖွဲ့များ မဟုတ်ပါ ။ သမ္မတကြီးမှ ပြည်သူသို့ပြောဆိုရမည့် မေတ္တာစကားသာလျှင်ဖြစ်ပါသည် ။ ဤပြဿနာများအပေါ် မည်သို့ဖြေရှင်း ပေးမည်ဟူသည့် သမ္မတကြီး၏ တာဝန်ယူမှုသာဖြစ်ပါသည်။ ပြည်သူတို့ဆန္ဒပြနေသည်မှာ သမ္မတကြီးကိုမဟုတ်ပါ ၊ ပြည်သူတို့ကို ထိခိုက်နစ်နာစေသော အကြောင်းတရားများကိုသာဖြစ်ပါသည် ။ တိုင်းရင်းသားများလက်နက်စွဲကိုင်တိုက်ခိုက်နေသည်မှာ သမ္မတကြီးကို မဟုတ်ပါ ၊ အစိုးရအဖွဲ့ကိုမဟုတ်ပါ ။ ဖွဲ့စည်းပုံအခြေခံဥပဒေပါ မတရားမှုများကိုသာဖြစ်ပါသည် ။ ဤသည်ကို သမ္မတကြီး နှင့်အစိုးရအဖွဲ့တို့ ကောင်းစွာ သိရှိနားလည်စေလိုပါသည်။
မြန်မာဆိုရိုးစကားတစ်ခွန်းကဲ့သို့ပင် “ငါးတစ်ကာ ယိုသည့်ချေးကတော့ ပုစွန်ဆိတ်ခေါင်းပေါ်ကျ” နေပြီဖြစ်ပါသည်။ ရှေ့လူတွေလုပ်ခဲ့သမျှ နောက်လူတွေရင်စည်းခံရသည် ဆိုသည်မှာ ဖြစ်ကောင်းသော ဖြစ်သင့်သော ကိစ္စမဟုတ်သော်လည်း ဖြစ်နေ သည်ကိုတော့ လက်ခံရပါလိမ့်မည် ။ ညည်းညူနေ၍မရပါ ၊ အပြစ်တင်လက်ညှိုးထိုးနေ၍မရပါ။ လက်ရှိအစိုးရနှင့် လက်ရှိပြည်သူ ချစ်ခင်ကြည်ဖြူစွာဖြင့် ကြုံလာသမျှအခက်အခဲများကို ဆိုးတူကောင်းဖက် ရင်ဆိုင်ဖြေရှင်းကြရပါလိမ့်မည် ။ဤနေရာတွင် အရေးအကြီး တကာ့ အရေးအကြီးဆုံးမှာ အစိုးရနှင့်ပြည်သူအကြား ပွင့်လင်းမြင်သာမှုကို တည်ဆောက်ကြရန်ဖြစ်ပါသည်။ အစိုးရကပြည်သူကို မပွင့်လင်း ပြည်သူက အစိုးရကို မယုံကြည်ဆိုလျှင်တော့ ရွှေပြည်တော်ဤခရီး မည်သည့်နည်းနှင့်မှ ရောက်နိုင်မည်မဟုတ်တော့ပါ။ တစ်လှေတည်းစီး တစ်ခရီးတည်းသွားကြမည်ဆိုပါလျှင် ပဲ့နင်းကလှေထိုးသားကို အားကိုးအားထားပြုရမည်ဖြစ်သလို လှေထိုးသားက လည်း ပဲ့နင်းကို ယုံကြည်ကိုးစားနိုင်မှသာဖြစ်နိုင်ပါလိမ့်မည်။
မြန်မာနိုင်ငံ တွင် ဒီမိုကရေစီကို စတင်တည်ဆောက်နိုင်စေရန်လမ်းဖွင့်ပေးခဲ့သည့်သမ္မတကြီး ၊ မြန်မာအစိုးရကို ကမ္ဘာက အသိ အမှတ်ပြုထောက်ခံလာအောင်စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ခဲ့သော သမ္မတကြီးအား ဤဆောင်းပါးအစတွင် ဖော်ပြခဲ့သည့်ကဗျာကလေးမှ “ မမလေးတို့ ပျို့ဦးရင်” အဖြစ်တင်စားရှုမြင်လိုပါသည် ။ သမ္မတကြီးတွင် အထက်၌ဖော်ပြခဲ့သော ပြဿနာများအား ပြေလည် အောင် ဖြေရှင်းနိုင်သည့် အစွမ်းသတ္တိများရှိသည်ဆိုသည်ကို ပြည်သူတစ်ယောက်အနေဖြင့် ကြည်ညိုစွာမြင်လိုလှပါဘိသည်။ ဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် လျောက်လှမ်းကြရသော နိုင်ငံ့အကြီးအကဲတိုင်းသည် တစ်နေ့ မဟုတ်တစ်နေ့ နေ့ပေါင်းများစွာ ၊ တစ်ကြောင်း မဟုတ်တစ်ကြောင်း အကြောင်းပေါင်းများစွာတို့ဖြင့် ပြည်သူတို့၏ ဆန္ဒပြမှုများကို ရင်ဆိုင်ကြုံတွေ့ရပါလိမ့်မည်။ ဤသို့ကြုံတွေ့ရ၍ ထိုအခြင်းအရာများကို စိတ်ပျက်ဖွယ်မဟုတ်ပါ ၊ ဆန္ဒပြကြသော ပြည်သူများကို ငြူစူရန်မဟုတ်ပါ ။ပြည်သူတို့ဒုက္ခသည် အစိုးရ၏ ဒုက္ခ ပြည်သူတို့ပြဿနာသည် အစိုးရ၏ပြဿနာဟုစွဲမှတ်ယူကြရပါမည်။ ပြည်သူတို့၏အခက်အခဲပြဿနာကို မဖြေရှင်းပေးသောအုပ်ချုပ်ရေး အာဏာပိုင်တို့ကို မည်သို့အစိုးရဟုခေါ်ဆိုနိုင်ပါမည်နည်း။ ပေါ်ပေါက်လာသော ပြဿနာ၏ ဇစ်မြစ်အကြောင်းခြင်းရာကို တွေ့အောင် ရှာ၍ စိတ်ရှည်သည်းခံကာ ဖြေရှင်းသွားရမည်ဖြစ်ပါသည်။ တိုင်းရင်းသားပြဿနာများကိုလည်း ထိုနည်းအတိုင်းပင်ဖြစ်ပါသည်။ ပြဿနာတိုင်းကို ဆွေးနွေးညှိနှိုင်းမှုများမှတစ်ဆင့် အဖြေရှာစေလိုပါသည် ။ ပြဿနာတိုင်းတွင် ဖြေရှင်းရန်နည်းလမ်းရှိပါသည် ။ နည်းလမ်းသိရန်နှင့် ထိုနည်းလမ်းကို အသုံးချရန်သာလိုပါသည်။ နောက်ဆုံးအကြံပြုတင်ပြလိုသည်မှာ သမ္မတကြီးအနေဖြင့် နောင်ရိုးတိုက်ပွဲဝင်တော့မည့်ဘုရင့်နောင်ကဲ့သို့ ဖောင်ဖျက်ထားစေချင်ပါသည်။ နှစ်ခွသောစိတ်မရှိစေလိုပါ ၊တွန့်ဆုတ်သောစိတ်မရှိ စေလိုပါ ။ နောက်ဆံမငင်စေလိုပါ ။  “မမလေးတို့ ပျို့ဦးရင်” သမ္မတကြီးသည် အရှေ့တွင် ဆိုက်ဆိုက်ရောက်လာတော့မည့် “ အ၀င်သာပေတောင်း ၊ ဗောဓိရွှေကျောင်း” ကိုသာ အာရုံစူးစိုက်စေချင်ပါသည် ။ ညစ်ညူးသည့် စိတ် အားလျော့သည့်စိတ်များဖြင့် အရှေ့ကိုလျောက်ရင်း အနောက်ကို ပြန်မျှော်ကြည့်မနေစေလိုတော့ပါကြောင်း လေးစားစွာ တင်ပြလိုက် ရပါသည်။


                                                                                                                                                                                                   ထင်လင်းဦး (Wisdom

No comments:

Post a Comment

mr.kyaingtun@gmail.com