Saturday, December 8, 2012

ကျောကော့ခံလယ်သမားများ

ကျောကော့ခံလယ်သမားများ
မောင်ပိန်ရဲ့ မျက်လုံးတွေက ၀ိုင်းနေရာက ကျယ်လာတယ်၊ ကျယ်နေရာက ပြူးလာတယ်၊ ပြူးလာရာက ဆူလာတယ်၊ ဆူလာရာက အခိုးတွေထွက်လာတယ်၊ အခိုးတွေကနေ လက်ပံတောင်းမှာလို မီးတော့ မထွက် လာပါဘူး ဒေါသတွေက တရုတ်ဗျောက်အိုးတွဲပေါက်လို အဆက်မပြတ် ဒလစပ်ပေါက်ကွဲလာနေတော့တယ်။ အသိမိတ်ဆွေတွေက “ ဘာပစ္စည်းမဲ့ ဒေါသတွေ ဒီလောက်ပေါက်ကွဲနေတာလဲ
” လို့မေးတော့ ၊ မောင်ပိန်က အမှန်တရားပေါ် အခြေခံတဲ့ အမုန်တရားအပြည့်နဲ့ “ ကြည့်စမ်းပါဗျာ - လုပ်ရက်တယ် ၊ တပြည်လုံး မြေသိမ်းမှုက တထောင်ကျော်တောင်ရှိတာတဲ့ ဗျ ” လို့ အသံကို အမြင့်ဆုံးတင်ပြီးအော်ပြော လိုက် တယ်။လက် သီး ပိန်ပိန်လေးကို ကျစ်ကျစ်ပါအောင်ဆုတ် လက်ကို ဆန့်တန်းလိုက်တယ်။ ဒင်းတို့တော့ တွေ့ကို တွေ့ရမယ်။ မောင်ပိန်အ ကြောင်း သိသွားစေရမယ်။ မောင်ပိန်တဲ့ ဟေ့ တပိန်ဘဲ ရှိတယ် လို့။ ဒါးမရှိတဲ့ မောင်ပိန်က ဒါးကြိမ်း မကြိမ်းနိုင်တော့ လျှာကြိမ်းဘဲ ကြိမ်းလိုက်ရတာပေါ့။

လယ်သမားတိုင်းပြည်၊ ၇၀% က လယ်သမားတွေ၊ စစ်အာဏာရှင်တွေ လယ်သမားတွေဆီက အနိုင်ကျင့်၊ မလိမ့်တပတ်၊ ကလိမ်ကကျစ်၊ လူလည်ကျထားတာတွေပေါ့။ ဒီလောက်များများ သိမ်းထားတဲ့နောက် ဒီလယ် သမားတွေ မဆင်းရဲလို့ ဘယ်လူဆင်းရဲဦးမှာလဲ။ တိုင်းပြည်ဆင်းရဲတွင်းနက်နေတယ်ဆိုတာ ဘယ်ဆက် ရှင်၊ ဘယ်စီးပွါးရေးကပ်၊ ဘယ်သဘာဝဘေးဒဏ်ကြောင့်မှ မဟုတ်ဘူး၊ ဒီလက်နက်အားကို ပုဆိန်ရိုး လူဆိုးသူခိုး စစ်အာဏာရှင်တွေကြောင့်ဘဲ ဆင်းရဲနေတာ၊ ဒါကြောင့် မောင်ပိန်က ဒေါသတွေ တဖေါင်းဖေါင်းထွက်နေ ရတာ၊ သူများတွေလို ဒေါသမောဟတွေ ကင်းပြီးမနေနိုင်ဘူး မောင်ပိန်က အမုန်းတရား၊ အချစ်တရားနဲ့ ဘဲ ကိုယ့် ကိုယ်ကို ဂျယ်နိရိတ် ( အင်္ဂလိပ်လို ပြောနေတာခေတ်စားတယ်ဆိုလို့) လုပ်နေတာ၊မောင်နှင်အား တပ်ထား တာဆိုပါတော့။
မြေသိမ်းမှုက နည်းနည်းနောနောလား တထောင်ကျော်ဗျ၊ တထောင်ကျော်။ ဒါတွေကို ဘယ်သူကလယ် သမားတွေဘက်ကရပ်ပြီးဖြေရှင်းပေးမှာတဲ့လဲ။ ဦးသိန်းစိန်လား၊ နိုးနိုးသူကိုယ်တိုင်က အကောင်ဖြစ်လာ က ထည်း က သိမ်းထားတာ၊ လွှတ်တော်လား ဒါလည်းနိုးဘဲ လွှတ်တော်ထဲမှာက လယ်မြေသိမ်းတဲ့ ဗိုလ်ချုပ်ကြီး တွေနဲ့ သူအမျိုး ကုမ္ပဏီပိုင်ရှင်တွေက ငုတ်တုတ်ထိုင်နေတယ်၊ မြေယာပြဿနာတင်လာရင် ပယ်ချ ဖို့စောင့်နေ တယ်။ စစ်တပ်လား စစ်တပ်က ဦးပိုင်ဆိုပြီး လယ်သမားတွေဆီက မြေသိမ်းတဲ့ အဖွဲ့လေ ဒါပေမဲ့ လယ် သမား သားစစ်သားတွေတော့မပါဘူး။ ဒါပေမဲ့ သူတို့က စစ်မိန့်အောက်မှာ ခေါက်ရိုးကျိုးနေကြတယ်။ မိဘဖြစ်တဲ့ လယ်သမားတွေကို သူ့အမျိုးဖြစ်တယ်ဆိုတာမေ့နေကြတယ်။ ယူနီဖေါင်းက အမျိုးကိုမေ့စေတတ်တာကိုး။
အခုမြေသိမ်းမှုစုံစမ်းရေးကော်မီရှင်ကောအားကိုးနိုင်မလားလို့ မေးရင်၊ သူတို့က စုံစမ်းတာဘဲ၊ လူနာမေးလာ သူတွေလိုပေါ့၊ ဆေးကုပေးတာမဟုတ်ဘူး၊“ နေကောင်းအောင်နေပေါ့၊ ဆရာဝန်ပြောတဲ့ အတိုင်း ဆေးမှန် မှန်သောက်” ဆိုတာလောက်ဘဲ ပြောနိုင်မှာ။ နောက်ပိုင်းတော့ အကြောင်းတွေ အမျိုးမျိုးပြပြီး မြေပြန်မပေးလို့ ၊မြေပြန်ရလား စောင့်စားရင်း စောင့်စားရင်း လယ်သမားတွေကလည်ရှည်ပြီး အိုသေကြမှာက များပါတယ်။ သီးခံကြပါ၊ အကြမ်းမဖက်ပါနဲ့ ခေတ်ပြောင်းနေပြီ၊ ဆွေးနွေးလို့ရပါတယ် ဆိုတဲ့ လူတွေက လယ်သမားတွေ အသေဖြောင့် အောင် ကြေးစည်တီးပေးမည့် သူတွေက များနေတယ်။
ဒီတော့ မောင်ပိန်တို့က ဘာလုပ်ရင်ကောင်းမလဲ စဉ်းစားကြည့်တော့ နင်းပြားဆိုတာ နင်းတိုင်းပြားနေလို့တော့ မဖြစ်တော့ဘူး။ ဖိရင်ကြွ၊ ထိရင်ရှ ဆိုလား အဲလိုလုပ်ရတော့မယ်၊ ဒါကလည်း ရှေ့မှ မောင်ပိန်တို့ လမ်းပြက ရှိပြီးသား ။ “ဂဠုံ ဆရာစံဗျ ၊ ဆရာစံ” ဒါးလှံလောက်နဲ့ တွန်းလှန်ခဲ့ရှာတယ်။ အခုက အရင်ခေတ် လိုမဟုတ်တော့ဘူး ၊ စင်းကတ်တွေတောင် တသိန်းနဲ့ရလာပြီ၊ မီဒီယာ မီဒီယက်တွေကလည်း ပွထနေပြီ၊ စစ်အာဏာရှင်တွေလည်း ပျားတုတ်ခံနေရပြီ၊ လက်နက်ဆိုတာ လက်ပံတောင်းက တရုတ်ကားထဲမှာ၊ လက်တကမ်းမှာ ဆိုတော့ လယ်သမားအရေး အသားပေးဖို့ ဘာခက်တာမှတ်လို့ ကြည့်သောသူသည်မြင်၏ ဆိုသလို ရှာဖွေလေတွေ့ရှိလေ ဆိုတာလိုပေါ့။ လယ်သမားတွေ မြေပြန်ရအောင် လှုပ်ရှားကြရတော့မယ်။
ဦးသိန်းစိန်တို့ကလည်း ပါးပါတယ်။ မြေဂရမ်တွေချပေးပြီ၊ ပေါင်လို့ရတယ် လို့ လေချိုးသွေးပါတယ်။မြေဂရမ်က အငှါးစာချုပ်တမျိုးပါဘဲ၊ တကယ်ရောင်းလို့ မရသလို ပိုင်ဆိုင်ကြောင်း အာမခံချက်မရှိဘူး။ လျှပ်စစ်ဝန်ကြီးဌါန ကလည်းသိမ်းထားတဲ့ မြေတချို့ ပြန်ပေးတယ်၊ ဦးဌေးမြင့်ကလည်း မြေတချို့ပြန်ပေးတယ် ဆိုတာတွေ လုပ်လာနေတယ်။ လယ်သမားတွေကို ချော့မြူလှဲ့စားဖို့ အကွက်ပြောင်းနေပုံဘဲ။ သို့သော်လည်း ပေါ့လေ - အဲပေါ့လေ ထမနဲအိုးကွဲမှ ရွှေစည်းခုံ လှူသလိုမျိုးသာဖြစ်နေတော့၊ ဟန်ပြလောက်သာ ဖြစ်နေတော့ လယ်သိမ်း ခံလယ်သမားတွေက ဘယ်မှာ ကြေနပ် ကြမှာလဲ။ မြေလုတဲ့ ကိစ္စတွေ ပေါ်မြဲပေါ်လတ္တံပါဘဲ။ ဒီအလုပ်မှ သူတို့ မလုပ်ရင် ဘယ်လိုသူတို့ ချမ်းသာတော့မှာလဲ။ ဒီတော့ လယ်သမားအုံကြွမှုကလည်း ပေါ်မြဲ ပေါ်လတ္တံ ဘဲပေါ့။သူတို့က သူတို့ အလုပ်လုပ်၊ လယ်သမားတွေကလည်း လယ်မြေပိုင်ရေး အလုပ်လုပ်ယုံဘဲ။ ရှင်း တယ် နော်။
အခုက နှစ်လည်းကုန်တော့မယ်ဆိုတော့ ပြက္ခဒိန်တွေ ခေတ်စားနေတယ်၊ ဒီကြားထဲဦးသိန်းစိန်ပုံကို မ၀ယ်မနေရ ကျောင်းတွေမှ အတင်းရောင်းနေကြပြီ၊ ဒါကလည်း အရင့်အရင် စစ်အာဏာရှင် ခေတ်ဆို တာကထည်းလုပ်ရိုးလုပ်စဉ်ဆိုတော့ ဦးသိန်းစိန်တို့ကလည်း စစ်အာဏာရိုးရာမပျက် ထုံးစံထိန်းသိမ်းနေပါတယ်။ ဒီတော့ မောင်ပိန်က အိမ်တိုင်းမှာချိတ်ဖို့ ဆရာစံ ပြက္ခဒိန်၊ ဆရာစံ ဓါတ်ပုံ၊ ဂဠုံလှုပ်ရှားမှု ပုံ စတာတွေကို ထုတ်ပြီးရောင်းကြရင် ဒီနေ့ခေတ်အရောင်းသွက် ပစ္စည်းဖြစ်လာမယ်လို့ ချဲဂဏန်းပေးလိုက်ချင်တယ်။ ဖြစ်နိုင် မယ်ဆိုရင် မင်းသမီးချောချောကလေးက ဆရာစံကို ကစ်စင်ဆွဲနေတဲ့ ပုံသာထည့်လိုက်လို့ကတော့ အဲဒီ မင်းသမီးဟာ ၂၀၁၃ ခုနှစ်မှာ စူပါ့စူပါစတားဖြစ်သွားမှာဖြစ်တော့ ဦးအောင်( ဦးအောင်ကြီးမဟုတ်) လုပ်လိုက်ပါ ကြာသလားလို့။
ရွှင်လန်းပါစေ။
ဝိဇ္ဇာမောင်ပိန် ( ဒီဇင်ဘာ ၈ ။ ၂၀၁၂။)

No comments:

Post a Comment

mr.kyaingtun@gmail.com