Wednesday, December 5, 2012

“သာသနာ နဲ့ ဒါယိကာ” by Soe Min on Wednesday, December 5, 2012 at 7:43am ·


          ထေရ၀ါဒ ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်ကြတဲ့ မြန်မာနိုင်ငံဟာ ဟိုးအစသမိုင်းမှတ်တမ်းတင်လာတဲ့ ပုဂံခတ် မတိုင်ခင်ကတည်းက သာသနာတော်ထွန်းကားလာခဲ့ပုံရပါတယ်။ သုဝဏ္ဏဘူမိ သထုံပြည်မှာ၊ ဥဿာပဲခူးမှာ၊ ဒဂုံဆံတော်ရှင်ကြီးမှာ သာသနိက အဆောက်အဦတွေ အထင်အရှားတွေ့နိုင်တယ် မဟုတ်လား။ ဂေါတမမြတ်စွာဘုရားရှင် မပွင့်သေးခင်ကတော့ ဟိန္ဒူအယူဝါဒနဲ့ နတ်တွေကို ကိုးကွယ်ဟန်ရှိပါတယ်။ ဗြဟ္မာ့ဦးခေါင်း လက်ဆင့်ကမ်းတဲ့ သင်္ကြန်တော်မင်္ဂလာတို့၊ ဂြိုလ်တိုင်တွေမှာ ရေလောင်းတာတို့က အဲဒီက လက်ကျန်တွေ ဖြစ်ပါလိမ့်မယ်။ ပွင့်တော်မူဦးစ ဘုရားရှင်ထံမှာ ပထမဦးဆုံး သရဏဂုံတည်သူ တဖုဿ နဲ့ ဘလ္လိက ကုန်သည်ညီနောင်က ဆံတော်ကို စေတီတည်ထားကိုးကွယ်တဲ့အခါ ကိုယ့်မြန်မာ့မြေပေါ်မှာမို့လို့ သာသနာကိုလည်းပဲ ဦးဦးဖျားဖျား ကြည်ညိုဆည်းကပ်ခွင့်ရလိုက်မှာ မလွဲပါဘူး။ ရတနာသုံးပါးဆိုတာ တစ်နွယ်ငင်တစ်စင်ပါမို့လို့ ဘုရားသားတော် ရဟန်းသံဃာများဟာ ကိုယ်တို့ မြန်မာနိုင်ငံတော်ကြီးရဲ့ သမိုင်းအစ၊ ယဉ်ကျေးမှုအစမှာကတည်းက ကိုးကွယ်အပ်သော၊ ဆည်းကပ်အပ်သော၊ ကောင်းမှုကုသိုလ်တို့ကို စိုက်ပျိုးရန် လယ်ယာမြေကောင်းသဖွယ်ဖြစ်သော အစရှိတဲ့ သံဃာ့ဂုဏ်တော်များနဲ့ လျှော်ညီစွာ ဘုရားစင်၊ သံဃာစင်၊ နတ်စင်ရယ်လို့ တရိုတသေ အမြင့်မှာထား ၀ပ်တွားရှိခိုးလေ့ရှိကြပါတယ်။ မိဘဆရာသမားများပါ ပေါင်းထည့်လိုက်ပြီး အနန္တဂုဏ်အင် ကျေးဇူးရှင်ကြီးတွေအဖြစ်နဲ့ ကံသုံးပါးအနက်က တစ်ပါးပါးသောကံနဲ့တောင် ပြစ်မှားကျူးလွန်ခြင်း မရှိရလေအောင်၊ မတော်တဆများ အမှုမဲ့ အမှတ်မဲ့ ကျူးလွန်မိသည်ရှိသော် သံသရာပါမသွားအောင် ရှိခိုးဦးချ တောင်းပန်ရတဲ့အမျိုးဆိုတာ သြကာသအနက်ရတဲ့ မြန်မာတွေအားလုံး နားလည်ထားပြီးသားပါ။ မြန်မာတွေအကြောက်ဆုံး အကုသိုလ်တွေထဲမှာ ငါးပါးမှောက်တယ် ဆိုတာ အဲဒီအနန္တဂိုဏ်းဝင် ကျေးဇူးရှင်တစ်ဦးဦးကို ပြစ်မှားမိတာကိုခေါ်တယ်။ ပဉ္စာနန္တိယ ကံကြီးထိုက်တယ်တဲ့။ မဂ်ဖိုလ်နိဗ္ဗာန်အတွက် အတားအဆီးဖြစ်တယ်။ အခုတော့ ငါးပါးတင်မကဘူး။ သံဃာစင်ပါမှောက်ကုန်လို့ မီးဟုန်းဟုန်းတောက်ကုန်ပြီ။ ဘယ့်နှယ်လုပ်ကြမတုန်း။


          အဇာတသတ်မင်းကြီးဟာ ဘုရားရှင်ကို ကြည်ညိုတဲ့နေရာမှာ ဧတဒဂ်ရတဲ့ ဥပသိကာတစ်ဦးဖြစ်ပါတယ်။ သို့သော်လည်း မသိနားမလည်ခင်က ကျူးလွန်မိတဲ့ ကံအကြောင်းတရားကြောင့် ညစဉ်ခေါင်းချလို့တောင် မပျော်နိုင်အောင် အထိတ်တလန့် နောင်တပူပန်ခြင်းများစွာ ဖြစ်ရပါသတဲ့။ သူ့ကိုခြောက်လှန့်နေတဲ့အရာဟာ ခမည်းတော် ပိမ္ဗိသာရမင်းကြီးရဲ့ ကျေးကျွန် စစ်သည်ဗိုလ်ပါတွေလည်း မဟုတ်ဘူး။ တိုင်းတပါးရန်စွယ် ရန်ငြောင့်တွေလည်း မဟုတ်ဘူး။ သူလုပ်ထားတဲ့ အကုသိုလ်ကသာ ခြောက်လှန့်နေတာမို့ ဘယ်ကိုမှလည်း ရှောင်ပြေးလို့ လွတ်စရာမရှိဘူး။ နောက်ဆုံးတော့ စိတ်ရောဂါပဲ ဖြစ်ရမယ်ဆို သမားတော်ကြီးဇီဝကနဲ့ တိုင်ပင်သတဲ့။ ရောဂါရဲ့ အတိုင်းအရှည်ကို သိသလို ဥပသိကာတို့ရဲ့ သဒ္ဒါတရားအတိမ်အနက်ကိုလည်းသိတဲ့ ဆရာဇီဝက က ရာဇဂြိုလ်ပြည်အနီး မြတ်စွာဘုရား သီတင်းသုံးတော်မူတဲ့ သရက်တောဥယျာဉ်ကို ခေါ်ဆောင်သွားတာ တိုက်တိုက်ရယ်မှဆိုင်ဆိုင် အခုလို တန်ဆောင်မုန်းလပြည့်ည အခါသမယကြီးမှာပေါ့ကွယ်။ အဲဒီမှာ မြတ်စွာဘုရား ဟောကြားတော်မူတဲ့ တရားကတော့ သာမညဖလသုတ္တန်ပါပဲ။ အဇာတသတ်မင်းကြီးက ဘယ်အတွက် ရဟန်းဝတ်ရသလဲဆိုတာကို လျှောက်ထားမေးမြန်းပြီး ဘုရားရှင်က ရဟန်းပြုရခြင်းရဲ့ အကျိုးကျေးဖူးများကို ဟောဖော်မြွက်ကြားတော်မူသတဲ့။ တရားအဆုံးမှာ မဂ်ဖိုလ်အဆီးအတားကြီးတွေကြောင့် ကျွတ်တမ်းမ၀င်ခဲ့ပေမယ့် စိတ်တည်ငြိမ်စွာ ဆောက်တည်ရာတော့ ရသွားရှာပါတယ်။ ဘုရားအမှူးရှိတဲ့ ရဟန်းသံဃာများအပေါ်မှာလည်း အင်မတန်မှ သက်ဝင်ယုံကြည်သွားသတဲ့။ လပြည့်ညတုန်းက ဖေ့စ်ဘုတ်ပေါ်မှာ အဲဒီသာမညဖလသုတ္တန်ကလေး ရှဲထားတာ တွေ့လိုက်မိပါတယ်။ မုံရွာမှာကော အဲဒီညက အသံချဲ့စက်ကလေးနဲ့ မဖွင့်ကြဘူးလား မသိ။
          အခုတော့ လွန်လေပြီးသောအမှုကို တဖန်ပြန်လည်တူးဆွခြင်းဆိုတာ သောင်ပြင်ပေါ်သွန်လိုက်မိတဲ့ ရေကိုပြန်ခပ်ဖို့ ကြိုးစားတာနဲ့ ဘာမှ မထူးသလိုနေမှာစိုးလို့ နောက်ကြောင်း မပြန်တော့ပါဘူး။ ဗုဒ္ဓဘာသာပီပီ သြကာသကန်တော့ကြိုးထဲကလို ကာယကံ၊ ၀ဇီကံ၊ မနောကံနဲ့ ပြစ်မှားကျူးလွန်မိသည်ရှိသော် ထိုအပြစ်တို့ကို ပျောက်ပါစေခြင်းအကျိုးငှာ ရှိခိုးဦးတင် တောင်းပန်ဖို့ပဲ ရှိတော့တယ်။ ကိုယ်တို့မြန်မာရာဇ၀င်မှာလည်း ရှိခဲ့တယ်လေ။ အလောင်းစည်သူမင်းကြီးဟာ ဘေးလောင်းတော် ဘိုးလောင်းတော်တို့ကို ၀ဇီဗေဒ ထိတိုင်းရှမိလို့ တောင်းပန်ကန်တော့ပွဲကြီးကျင်းပတာဟာ ကန်တော့ပလ္လင် ပုထိုးတော်ကြီးရဲ့အစပဲ မဟုတ်လား။ ဒီနေရာမှာလည်း ကလေးတွေကို ဘုရားရှိခိုးသင်သလို လုံးစေ့ပတ်စေ့နားလည်အောင် ရှင်းပြရဦးမယ်။ “ဖူးမြှော် မာန်လျှော့ ကန်တော့ပါ၏ အရှင်ဘုရား။” ဆိုတဲ့ အဓိပ္ပါယ်ဟာ ဖူးမြှော် ဆိုတော့ လူကိုယ်တိုင်  မျက်မြင်ကိုယ်တွေ့ ဆုံရမယ်။ မာန်လျှော့တယ်ဆိုတော့ ၀တ်ကြေတန်းကြေ အထက်ကခိုင်းလို့ လုပ်ပြတာမျိုး မဟုတ်ရဘူး။ ကိုယ့်ကိုယ်ကိုယ် ချိုးနှိမ်ထားပြီးသား ဖြစ်ရမယ်။ မြတ်စွာဘုရားက အဇာတသတ်မင်းကြီးကို ဟောတော်မူတာကတော့ “သင်မင်းကြီးရဲ့ ကျေးကျွန် အစေအပါး ဖြစ်စေကာမူ ရဟန်းဘောင်အတွင်း ၀င်ရောက်သွားပါက သင်မင်းကြီးကသာ ရှိခိုးကန်တော့ရပါအံ့။” တဲ့။ “အရှင်ဘုရား။ အပြင်က ခဏထိုင်စောင့်ဦး။ အထဲမှာ ရှေ့ကတစ်ပါး မပြီးသေးဘူး။” ဆိုပြီး အဘနဲ့ ၀င်တွေ့ရတဲ့ဘုန်းဘုန်းကို လက်အုပ်ကလေးချီပြီး လျှောက်တာမျိုးကို ရှိခိုးဦးတင်လို့ မသုံးချင်ပါဘူး။ ထိုင်းတွေလုပ်တဲ့ ဆွာဒိခပ်လောက်၊ ဆိုနီယာတို့ဆီက နမာ့စတေးလောက်ပဲ ရှိမှာ။ အမှန်တကယ် ၀ပ်စင်းကော်ရော်ချင်ရင် ကိုယ့်ရဲ့မာန်တွေကို အရင်လျှော့ရမှာ။ ဒီတော့ ပြီးခဲ့တဲ့ကိစ္စတွေအတွက် ၀န်ချတောင်းပန်ကန်တော့တယ်ဆိုတာ ပြောစရာစကားတွေ အများကြီး ရှိတယ်။ “ငါ့ကိုယ်စား ရဲမှူးကြီးကိုလွှတ်လိုက်။ ကျေနပ်အောင် တောင်းပန်ခဲ့။ ဆေးကုဖို့ ပိုက်ဆံဘယ်လောက်ပေးလိုက်။” ဆိုတာမျိုးဟာ ဖူးမြှော်တာလည်း မပါဘူး။ မာန်လျှော့တာလည်း မပါဘူး။ ကိုယ်တိုင်ချီထားတဲ့ လက်အုပ်တောင် မပါဘူး။ “၀န်ချတောင်းပန် ကန်တော့ပွဲ အခမ်းအနား” ဆိုတဲ့ စက္ကူကပ်စာလုံးကြီးနဲ့ ထုတ်ပြန်စရာ သတင်းတစ်ပုဒ်ပဲ ပါလိမ့်မယ်။ အဲဒါ အကြွေးဆပ်တာနဲ့မတူဘူး။ ကြွေးထပ်ယူတာနဲ့ပဲ တူလိမ့်မယ်။ ရည်ရွယ်ချက်က မတော်တဆ အမှားပါက “အပြစ်တို့မှ ပျောက်ပါစေခြင်းအကျိုးငှာ” လို့ ဆိုတယ် မဟုတ်လား။ “နိုင်ငံရေးသိက္ခာတွေ အဖတ်ဆည်ရန် အလို့ငှာ”တို့၊ “ရာထူးစည်းစိမ်တည်မြဲခြင်းအကျိုးငှာ” ဆို့မှ မဟုတ်ပဲနဲ့။ အမှန်တကယ် တာဝန်ရှိတဲ့သူက မတောင်းပန်ပဲ တစ်ယောက်ယောက်ကို ပြီးပြီးရော ဓါးစာခံဝင်အတောင်းပန်ခိုင်းတာဆိုရင်တော့ စဉ်းစားသာကြည့်ပါတော့ဗျာ။ ဘုန်းဘုန်းတို့က ကြွေးဟောင်းဆပ်ရတာဗျ။ သူတို့ကျေနပ်သွားအောင်တောင်းပန်တယ် ဆိုတာထက် ကိုယ့်အပြစ်တွေ ဆေးကြောသန့်စင်ရာရောက်အောင် ဆိုတဲ့ စိတ်ထားရှိရမှာ။ ဘာမဟုတ်တဲ့ ရေပွက်ပမာ တစ်သက်လျာအတွက် ငရဲမီးကူးယူတဲ့သူများ အယူမမှားရအောင် သင်ခန်းစာပေးချင်ပါတယ်။ လုံးဝတောင်းပန်မသွားပဲ “နင်ပစ်မလား မပစ်ဘူးလား။ နင်မပစ်ရင် ငါတို့တစ်မိသားစုလုံး ခေါင်းဖြတ်ခံရမှာပေါ့ ဟဲ့။” လို့ ခိုင်းခဲ့တယ် ပြောသံကြားတဲ့သူတွေ ခုလောက်ရှိ ပျော်နေမလားတောင် မသိဘူး။ အဖော်တွေ အများကြီး ရပဟဲ့ဆို။
          ကျွန်တော်တို့ မြန်မာစကားပုံတွေကလည်း ပြေးမလွတ်အောင်ရှိကြတယ်ဗျ။ “ဘုန်းကြီးခေါင်းခေါက်ပြီးမှ တောင်းပန်” တဲ့။ မလုပ်ရဘူးလို့ ပြောတာပါ။ တော်တော်ကြာ လုပ်ထုံးလုပ်နည်း မှတ်နေဦးမယ်။ ခဏခဏမှားပြီး ခဏခဏတောင်းပန်ရတာလည်း ဘယ်ကောင်းမလဲ။ “မထူးတော့ပါဘူး။ နောက်ထပ်လည်း ဆက်မှားစရာလေးတွေ ကျန်သေးလို့ ခုကတည်းက တလက်စတည်း ကြိုတောင်းပန်ထားလိုက်မယ်။” ဆိုတာမျိုးလည်း ဘယ်ဖြစ်သင့်ပါ့မလဲ။ မှားတယ်လို့ တောင်းပန်ပြီးရင် နောက်ထပ် ဆက်မမှားဖို့ ပြင်ရဦးမှာပေါ့။ ခုတော့ ဘုန်းဘုန်းတို့ဘက်ကပဲ “အရင်ဘုန်းကြီး တစ်ချက်ခေါက်ရင် နောက်တက်တဲ့ဘုန်းကြီး နှစ်ချက်ခေါက်လိမ့်မယ်။” ဆို တရားနဲ့ဖြေနေရဦးမယ်။ ဒီတကွေ့မှာ “မှားတာရှိရင် တောင်းဘန်ဘာဒဲ…။” ဆို အောင်လ လုပ်လို့မှ မဆုံးသေးဘူး။ နောက်တကွေ့မှာ တွေ့ကြရပြန်ဦးတော့မယ်ဗျာ။ အဲသလို ခဏခဏ မတွေ့ရလေအောင် မော်တော်ပီကယ်များ မီးပွိုင့်ပျက်တုန်း ထွက်လမ်းပြသလို သူ့လမ်းကိုယ့်လမ်းကလေး အချက်ပြပေးလိုက်ဦးမယ်နော်။
          “တောင်ငူကလည်းတောင်ငူ မောင်းထောင်ကလည်း မောင်းထောင်” ဆိုတဲ့ ဆိုရိုးစကားပုံကလေး ကြားဖူးမယ် ထင်ပါတယ်။ တောင်ငူမင်းသား ကိုးကွယ်တဲ့ ဆရာတော်ကို စာပြန်တာစိတ်တိုင်းမကျလို့ မောင်းထောင်ဆရာတော်က ဒဏ်ထားပါသတဲ့။ ဒီအခါ မင်းသားဘက်က “ဒါ ဗီအိုင်ပီဘုန်းကြီးလေ။ မသိဘူးလား။ သွား နင်တို့ဆရာတော် ပြန်လျှောက်ချေ။” လို့ ၀င်ပါသတဲ့။ ဒီအခါမှာ ဆရာတော်ဘက်ကလည်း “ငါတို့ဟာငါတို့ ဘုန်းကြီးအရေး ဘုန်းကြီးကိစ္စကို ဒီမင်းသားက ဘာမို့လို့ ၀င်ပါရတာလဲ။” ဆို ထိပ်တိုက်တွေ့ကြရော။ နှစ်ဘက်စလုံးက မလျှော့နိုင်တော့ နောက်ပိတ်ဆုံး မင်းသားနဲ့ဆရာတော်နဲ့ နန်းတော်ထဲ နပန်းဘက်လုံးရတဲ့ အခြေအနေဖြစ်သွားတယ်။ ဟိုဘက်သည်ဘက် ဖြောင်းဖြပြီး နားချတော့မှ နောက်ဆုံး တောင်ငူမင်းသားက မောင်းထောင်ဆရာတော်ကို ရှိခိုးတောင်းပန်တယ်။ ဆရာတော်ကလည်း “အေးလေ။ မှားတဲ့သူချင်း အတူတူ၊ သူက လူဝတ်နဲ့မှားတာ။ ငါ့မှာက သင်္ကန်းဝတ်ကြီးနဲ့ မှားရတာဖြစ်လို့ ငါ့အပြစ်က ပိုကြီးတယ်။ ဒါကြောင့် ငါကလည်း တောင်းပန်ပါတယ်။” ဆို နှစ်ဦးနှစ်ဘက် ကျေအေးသွားသတဲ့။ ဆိုရိုးစကားတော့ ပြောစမှတ်ဖြစ်သွားတာပေါ့။ ဒီနေရာမှာ ဒီစကားကိုပြောလို့ ပြီးခဲ့တဲ့ ကိစ္စတွေမှာ ဘုန်းကြီးတွေဘက်ကလည်း လွန်တယ်လို့ မဆိုလိုပါဘူး။ လူနဲ့ပြိုင်မိုက်ရာကျမစိုးလို့ ပြောရတာပါ။ လူတောင်မှ မောဟအမိုက်မှောင်ဖုံးနေတဲ့သူတွေနဲ့ဆို ပိုဆိုးတာပေါ့။ တစ်သက်လုံး သူများဂုတ်ပေါ် ဓါးတင်ပြီး အုပ်ချုပ်လာရာက အဲဒီဓါး ကိုယ့်ဘက်လှည့်လာမှာမြင်တဲ့အခါ လက်ငင်းဘ၀ အသက်စည်းစိမ်မပျက်ရေးလောက်ကိုပဲ သည်းသည်းမည်းမည်း ကာကွယ်နေရတာနဲ့ သံသရာ ၀ဋ်ကြွေးဆိုတာကို မမြင်နိုင်ဖြစ်သွားမှာပေါ့။ ဒီလူတွေနဲ့ ဘက်ပြိုင်ရင်ဆိုင်ရတာ ဘုန်းဘုန်းတို့ဘက်က နစ်နာပါတယ်။
          ပြောရင်းပြောရင်းနဲ့ ဆရာ ဒကာ ဆက်ဆံရေးကနေ ဘုန်းကြီးနဲ့ နိုင်ငံရေးဆိုတဲ့ဘက် ရောက်လာပြီ။ တော်တော် အငြင်းပွားခဲ့တဲ့ ကိစ္စတွေပါ။ ကိုယ့်သဘောအရတော့ ဘုန်းကြီးဆိုတာ နိုင်ငံရေး မလုပ်ရဘူးလို့ မဆိုလိုပါဘူး။ လွတ်လပ်ရေးကြိုးပန်းတဲ့ခေတ်ကတည်းက ဆရာတော်ဦးဥတ္တမတို့၊ ဆရာတော်ဦးဝိစာရတို့ သာသနာ့အာဇာနည် သူရဲကောင်းတွေ ရှိခဲ့တယ်။ ရွှေတိဂုံဘုရားကြီးကို အခုလက်ရှိ ပုံသဏ္ဍာန်အတိုင်းဖြစ်အောင် ပြုပြင်မွန်းမံခဲ့တဲ့ ဓမ္မစေတီမင်းဆိုတာ အင်းဝမှာ မင်းသုံးဆက်တိုင်တိုင် ဘိသိက်ခံ အဆောင်အယောင်တစ်ခုအဖြစ် မချစ်မပစ် ထားတဲ့ ရှင်စောပုမင်းသမီးကို ဇာတိရပ်ရွာ ဟံသာဝတီအရောက် ကယ်တင်ဆောင်ကျဉ်းပေးခဲ့တဲ့ ရဟန်းပျိုကလေးတစ်ပါးက လာပါတယ်။ တိုင်းရေးပြည်ရာတွေ မဆိုထားနဲ့ ပဒေသရာဇ်ခေတ် မြန်မာ့ပညာရေးစံနစ်ကြီးတစ်ခုလုံးဟာ ရဟန်းသံဃာတော်တွေကို အမှီပြုလို့သာ ဒီကနေ့ ကျွန်တော်တို့ရေးစရာ ခင်ဗျားတို့ဖတ်စရာ စာပေယဉ်ကျေးမှုတွေကို ပေထက် အက္ခရာတင်၊ သင်ကြားလက်ဆင့်ကမ်းပေးခဲ့တာပေါ့။ သရေခေတ္တရာမြို့ကြီးတည်တော့ ဘာဖြစ်လို့ ရသေ့မြို့လို့ နံမယ်ပေးရသလဲ။ ဦးရီးတော် ဘရသေ့က တည်ပေးတာကိုး။ ပိဿနိုးက ရန်ပယ်ချောင်းကို ဒွတ္တဘောင် ဘယ်လိုရှင်းခဲ့သလဲ။ ရဟန်းယောင်တစ်ပါးလွှတ်ပြီး စည်အသစ်ကျက်ခိုင်းတာလေ။ ကျန်စစ်သား အရိန္ဒမာခလို့ ပြေးတဲ့ ကျောင်းဖြူအရပ်ကလည်း ရှင်မထီးတို့ ဘုန်းကြီးကျောင်းရှိလို့ပဲ။ နရသီဟပတေ့ကို ရာဇသင်္ကြန်အမတ်ကြီး နန်းတင်ဖို့ သွားခေါ်တာကလည်း ဘုန်းကြီးကျောင်းက လို့ ဖတ်ရပါတယ်။ ဘုရင့်နောင် မဖြစ်ခင်က ရှင်ရဲထွဋ်ဘ၀နဲ့ မင်းကြီးညိုသမီး သခင်ကြီးကို ရည်ငံရသလားဆို ဓါးနဲ့လိုက်တော့ ဘုန်းကြီးကျောင်းထဲဝင်ပြေးရတာပဲ။ နိုင်ငံရေးသမိုင်းတလျှောက် ဘုန်းကြီးတွေနဲ့ ဘယ်မှာကင်းလို့လဲဗျ။
          ဒါပေမယ့် ဆရာတော် သံဃာတော်များဟာ ခေတ်အဆက်ဆက် နိုင်ငံရေးနဲ့ ထွေးရောယှက်တင် နေလင့်ကစား နိုင်ငံရေး အညစ်အကြေးတွေနဲ့ ကင်းအောင်တော့ အတတ်နိုင်ဆုံး ရှောင်ကျဉ်နိုင်ခဲ့ပါတယ်။ အဲဒါ ဘာပြောတာလဲဆိုတော့ နိုင်ငံရေးကို ဘယ်သောအခါမှ ဘာသာရေးအတွက် အသုံးမချသလို ဘာသာရေးကိုလည်း ဘယ်သောအခါမှ နိုင်ငံရေးအတွက် ခုတုံးမလုပ်ခဲ့ဘူးဗျ။ ဘုန်းကြီးက ရှင်ဘုရင်ဖြစ်လာတဲ့ ဓမ္မစေတီမင်းဟာ သူ့လက်ထက်မှာ ဗုဒ္ဓဘာသာမဟုတ်တဲ့သူတွေကို နှိပ်စက်ကလူမလုပ်ခဲ့ဘူး။ တစ်တိုင်းပြည်လုံး ဗုဒ္ဓဘာသာ မဖြစ်မနေကိုးကွယ်ရမယ် လို့လည်း အမိန့်မထုတ်ခဲ့ဘူး။ သူမှ မဟုတ်ဘူး။ ဘယ်ဘုရင်မှ အဲဒီအမိန့်မထုတ်ဖူးဘူး။ မင်းတုန်းမင်းကြီးလက်ထက်မှာဆို ပလီတွေ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေတောင် ဆောက်ခွင့်ပေးထားတယ်။ ဒီဘရစ်တိုတို့ ရောက်လာတော့လည်း ဗမာတွေဘက်က ဘရင်ဂျီဘုန်းကြီးကျောင်းတွေ မီးရှို့မီးတိုက် မလုပ်ခဲ့ဘူး။ ဟိုကသာ ဘုရားဆင်းတုတွေ ခေါင်းလောင်းတွေ အရည်ကြိုပြီး အမြောက်သွန်းတာ။ ဘယ်နိုင်ငံမှာပဲ ဖြစ်ဖြစ် ဗုဒ္ဓသာသနာကြီး ပြန့်ပွားရေးအတွက် အာဏာစက်ကို သုံးလေ့မရှိဘူး။ ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာ့ဂုဏ်တော်တို့ဆိုတာ ရှင်ဘုရင် မြှောက်စားမှ တောက်ကြွားရတာမှ မဟုတ်ပဲ။ လာလှည့်၊ ကြည့်လှည့်၊ သိတော့ ယုံလိမ့်မယ် ဆိုတာမျိုးပါ။
           သူများနိုင်ငံရဲ့ ရာဇ၀င်သမိုင်းကြောင်းတွေ ဖတ်မိတဲ့အခါ အဲဒီအချက်ဟာ တော်တော် တွေ့ရခဲတဲ့ စည်းကမ်းစောင့်ထိန်းမှုဆိုတာ သဘောပေါက်လာပါတယ်။ ဥရောပမှာ ခရစ်ယာန်ချင်းအတူတူတောင် ကမ္ဘာမပြားဘူးလို့ ပြောတဲ့ ပရိုတက်စတင့်တွေကို မီးရှို့ခေါင်းဖြတ် သတ်ခဲ့ကြတာ တော်တော်များပါတယ်။ ပြင်သစ်က စိန့်ဘာသလိုမီပွဲတော်မှာ မိဖုရားကြီးဖြစ်သူ ကက်သရင်း ဒီ မယ်ဒီစီက ဥရောပတလွှားက ပရိုတက်စတင့်ထောင်ပေါင်းများစွာကို သူ့သမီးမင်္ဂလာဆောင်ဖိတ်ပြီး ကက်သလစ်ပြောင်းရင်ပြောင်း မပြောင်းရင် သတ်မယ်ဆိုပြီး ဘာသာရေးစည်းရုံးရေးဆင်းလိုက်တာ အဲဒီတစ်ညတည်းနဲ့တင် လူခြောက်ထောင်ကျော် သတ်ပစ်ခဲ့ပါသတဲ့။ ဒီလိုလုပ်တာက သူ့ဘာသာကမှ အမှန် သူများဘာသာတွေက မိစ္ဆာဒိဋ္ဌိဆိုပြီး ကက်သလစ်သာသနာ သန့်စင်စေချင်တဲ့ စေတနာကြောင့်တော့ မဟုတ်ပါဘူး။ နိုင်ငံရေးအရ ပရိုတက်စတင့်ဂိုဏ်းဝင်ဖြစ်တဲ့ သားမက်လောင်းကလေးရဲ့ အင်အားကို သမီးပေးပြီး အရယူလိုက်သလို ဘာသာရေးအရ ကက်သလစ်ကျောင်းတော်ရဲ့ ထောက်ခံမှုကိုလည်း လက်မလွှတ်ချင်လို့ ကျားကွက်ရွှေ့တာသာ ဖြစ်ပါတယ်။ သူတို့ဆီမှာ သာသနာပိုင်ရဲ့ အာဏာက ရှင်ဘုရင့်အပေါ်မှာ ရှိတာကိုး။ ဒါကို မခံနိုင်လို့ အင်္ဂလန်ပြည့်ရှင် အဋ္ဌမမြောက် ဟင်နရီလက်ထက်ရောက်တဲ့အခါ သူ့နိုင်ငံမှာ သူသာလျှင် ခရစ်ယာန်ကျောင်းတော်ရဲ့ အကြီးအမှူးဖြစ်တယ်လို့ ကြေငြာပြီး ရောမက ပုပ်ရဟန်းမင်းလက်အောက်က ရုန်းထွက်ခဲ့ပါတယ်။ (အမှန်တော့ အန်းဘိုလင်းကိုယူဖို့ ဘိသိက်ခံမိဖုရားကြီးနဲ့ ကွာရှင်းမပေးလို့ ရမယ်ရှာတာ) သူတို့ဆီမှာ အဲသလို ဘာသာရေးနဲ့ နိုင်ငံရေးဟာ တစ်ခုကိုတစ်ခု အသုံးချတတ်တဲ့ ဓလေ့ကြောင့် ဘာသာရေး အကြောင်းပြုတဲ့ စစ်ပွဲများစွာ ပေါ်ပေါက်ခဲ့ရပါတယ်။ အဲဒီနှစ်ခုဟာ လိုင်းပူးလို့မရဘူး။ ရှော့ခ်ရှိတယ် လို့ တစိုက်မတ်မတ် ဆန့်ကျင်ခဲ့တဲ့သူတွေထဲမှာ မဟတ္တမဂန္ဒီကြီးလည်း ပါပါတယ်။ ပဏ္ဍိတ်ကြီး နေရူးကလည်း လူမျိုးတစ်မျိုးတည်းဟာ ဘာသာကို အကြောင်းပြုပြီး နှစ်စုခွဲပလိုက်လို့ မဖြစ်ဘူး လို့ ပြောခဲ့ဖူးတယ်။ အိန္ဒိယမှာ ဘာသာရေးကြောင့် သွေးချောင်းစီးခဲ့ရတဲ့ စစ်ပွဲတွေ၊ အဓိကရိုဏ်းတွေ နည်းမှ မနည်းပဲ။
         ကိုယ့်ဆီက ရာဇ၀င်တလျှောက်မှာတော့ ဒါမျိုးဖြစ်ရပ် မရှိခဲ့လေဘူးလို့ တွေးမိသော်လည်းပဲ လောလောဆယ်ဖြစ်ရပ်တွေကတော့ မပြေးသော်လည်း ကန်ရာရှိနေတာ တွေ့နေရပါတယ်။ ရာဇ၀င်ရိုင်းတယ်ဆိုတာ အဲဒါကို ခေါ်တာနေမယ်။ အစိုးရက နှိမ်နှင်းပါတော့မယ် တကြော်ကြော်အော်နေတာတောင် “ငါတို့ဘုန်းကြီးမှ သတ္တိပြောင်ပါပေတယ်။” လို့ မြှောက်ပင့်ပေးတဲ့သူတွေ တကယ်ပဲ မရှိခဲ့ဘူးဆိုရင် ၀မ်းသာပါတယ်။ မတော်လို့များ အဲလို မြှောက်ပင့်ပေးခဲ့မိတယ်ဆိုရင် အခုဘုန်းဘုန်းတို့ ပေးဆပ်ရတဲ့ ၀ဋ်ကြွေးတရားခံဟာ သူတို့လည်း ပါတာပေါ့။ ဒီဖြစ်ရပ်ကို အကြောင်းပြုလို့ အကျယ်အကျယ် မငြိမ်းဖွယ် ဖြစ်လာအောင် သံဃာတော်တွေကို သွေးထိုးလှုံ့ဆော်ပေးတဲ့ စကားနောက်တရားမပါသူတွေကြောင့် နောက်ထပ်သံဃာတွေ အလားတူခံစားရဦးမယ်ဆိုရင်ကော ဘယ်လိုသဘောထားမလဲ။ ဒါကြောင့် ဒီအခြေအနေမျိုးမှာတော့ သာသနာရေးနဲ့ နိုင်ငံရေး ရောထွေးမပစ်လိုက်ပါနဲ့ဦးလို့ တောင်းပန်ချင်ပါတယ်။
           ကိုယ့်စိတ်နဲ့သာဆိုရင်တော့ ဘုန်းဘုန်းတို့ကို အကာအကွယ်ယူပြီး ကိုယ်အရိုက်မခံရအောင် လုပ်မယ့်အစားတော့ ဘုန်းဘုန်းတို့ အရိုက်မခံရအောင် ကိုယ်ကိုယ်တိုင်ပဲ ယောင်္ကျားပီပီ ကာကွယ်ပေးချင်ပါတယ်။ “အောင်မယ်လေး။ လာခဲ့စမ်းပါ။ နင် အဲဒီညက ဘယ်ရောက်နေလို့လဲ။” ဆိုရင်တော့ “အဲဒီညလိုမျိုး နောက်တစ်ညဖြစ်မလာအောင် ဒီစာကိုရေးပြီး ကာကွယ်ပါတယ်။” လို့ပဲ ပြောချင်ပါတယ်။ ဘာဖြစ်လို့ဆိုတော့ နောင်ကို ပြဿနာဖြစ်လာတိုင်းလာတိုင်း ဘုန်းကြီးကိုပါအောင်ဆွယ်ပြီး ထိုးကျွေးမယ့်သူတွေ ပေါ်မလာစေချင်လို့ပါ။ နိုင်ငံရေးဆိုတာ အင်မတန်ကောက်ကျစ်ပါတယ်။ မာယာများပါတယ်။ ညစ်ထေးလွန်းပါတယ်။ သံဃာတော်များနဲ့ မတန်ပါဘူး။ ဒီကနေ့အမျိုးသားခေါင်းဆောင်ကြီးအဖြစ် ကိုးကွယ်နေတဲ့သူတွေကလည်း နောက်သမိုင်းတကွေ့ကျတော့ ဖိနှိပ်သူ အာဏာရှင်ကြီး အဖြစ် ပြောင်းချင်ပြောင်းသွားတတ်တာပါ။ သူက မပြောင်းသည့်တိုင်အောင်တောင် နောက်တက်တဲ့သူက သူ့ကိုနင်းတက်ရမှာမို့ လိုချင်တဲ့အရောင် သုတ်သွားတာ ခံရမှာပဲ။ ဒါကြောင့် ဘုန်းဘုန်းဘုရားများ နိုင်ငံရေးမှာ တတပ်တအား ရှေ့ဆုံးက ပါဝင်ဦးဆောင်နေကြတာကို မကန့်ကွက်သော်ငြား အားမပေးတာတော့ အမှန်ပါ။ တော်ကြာ ကိုယ်အားပေးမိလို့ ကိုယ့်ဘုန်းဘုန်းတွေ အနာတရ ဖြစ်မှာမျိုး ကြောက်လွန်းလို့ပါ။
           လပြည့်ညက လောင်တဲ့မီးဟာ ခုထိတော့ ကောင်းကောင်း မငြိမ်းချင်သေးပါဘူး။ ဆန္ဒဖော်ထုတ်တာတွေ၊ စီတန်းလှည့်လည်တာတွေကနေ သပိတ်စုံ သူပုန်ထမယ်တောင် သွေးတိုးစမ်း အသံလွှင့်နေကြပါတယ်။ “ဘာလဲ။ နောက်ကြောင်းပြန်လှည့်မှာ သိပ်ကြောက်နေသလား။ သတ္တိမရှိရင် ထမီကျောက်ပျဉ်ပို့လိုက်မယ်။” လို့တော့ မပြောပါနဲ့။ ငရဲကလူ ပြာပူမကြောက်တဲ့။ အစကတည်းက နောက်ကြောင်းကလာတာ။  ပြန်ရောက်သွားလည်း အရင်းအပြင် အရှုံးမရှိပါဘူး။ အဲဒီဘက်က သတ္တိသိပ်ကောင်းသူကြီးတွေသာ တကယ် သတ္တိရှိကြရင် ဘုန်းကြီးတွေ ဆွဲမထည့်ကြေး။ လူတွေချည့်ပဲ ထွက်ကြရအောင်။ ကျွန်တော်ရေးနေတဲ့စာမျိုး ပြည်တွင်းကနေ နံမယ်ရင်းနဲ့ လိပ်စာအလုပ်အကိုင်ဖော်ပြပြီး ရေးရဲတဲ့သတ္တိရှိတယ်ဆိုရင် အတူတူ လက်တွဲအလုပ်လုပ်ဖို့ သိပ်ခက်မယ်မထင်ပါဘူး။
            နောက်ထပ် တွေးမိတာတစ်ခု ရှိပါသေးတယ်။ လမ်းမပေါ်ထွက် ဆန္ဒပြ၊ လုံထိန်းတွေကရိုက်၊ သေနတ်တွေနဲ့ပစ်။ အချုပ်ကားတွေနဲ့ဖမ်း။ ဒီဇာတ်လမ်းတွေက ၂၅ နှစ်တောင် ပြည့်တော့မယ်ဗျ။ နည်းမှန်လမ်းမှန်သာဆိုရင် အဲသလောက် အထပ်ထပ်အခါခါ တွက်တာတောင် အဖြေမထွက်စရာ အကြောင်းတော့ မရှိဘူးဗျ။ ဖိနှိပ်မှုကို မခံမရပ်နိုင်တဲ့ လူထုကြီးက အုံကြွပြီးတော့      တရားအုပ်ချုပ်သူအစိုးရကို ဖြုတ်ချတော်လှန်တဲ့ သွေးမြေကျဇာတ်လမ်းဆိုတာ
ပြင်သစ်တော်လှန်ရေးတို့ ဗော်ရှီဗစ်တော်လှန်ရေးတို့ ခေတ်က ဖော်မြူလာဆိုတော့ ရာစုနဲ့ချီပြီးတော့ကို ဒိတ်အောက်နေပါပြီ။ လူကိုစံမကိုက်ပဲ မူကိုစံကိုက်ထားလိုက်ရင် အဟောင်းတွေကြွေလို့ အသစ်တွေဝေလာတဲ့တနေ့ ကိုယ်လိုချင်တဲ့ ပြောင်းလဲမှုကို သွေးမြေမကျ ရနိုင်မယ် ထင်ပါတယ်။ မကောင်းတဲ့ခေါင်းဆောင်တွေကို ဖြုတ်ချတာကမှ တော်လှန်ရေး မဟုတ်ဘူးလေ။ နောက်တက်လာမယ့် ခေါင်းဆောင်တွေကို
ကောင်းအောင်ပြုပြင်ယူတာမျိုးလည်း တော်လှန်ရေးပဲ။ ရွှေရွှေ မကောင်းဘူး။ စိန်စိန် မကောင်းဘူး။ တော်လှန်ကြ တော်လှန်ကြ ဆိုပြီး မြမြတို့ လှလှတို့ကျလည်း စိန်အကျင့်ရွှေအကျင့်တွေ ဆက်ခံထားရင် အဲဒီတော်လှန်ရေးက ဘယ်တော့ဆုံးမှာလဲ။ လူကြီးမင်းဆိုင်ကို ခဲနဲ့ပေါက်တဲ့ လူကြီးမင်းတွေကိုယ်တိုင် တနေ့ကျ လူကြီးမင်းဖြစ်လာတဲ့အခါ နောက်ထပ် ခဲနဲ့အပေါက်ခံရတဲ့ လူကြီးမင်းတွေပဲ ထွက်လာလိမ့်မယ်။ ပြောင်းလဲမှုဆိုတာ ပြုပြင်မှုပါမှ
ကောင်းသောပြောင်းလဲခြင်း ဖြစ်ပါတယ်။ ဘောင်းဘီက ပုဆိုးပြောင်းဝတ်လို့ လူတွေမပြောင်းသေးတဲ့အခါ အရင်လူတွေချည့်ပဲ။ ဘာမှ မထူးဘူးလို့ ပြောတယ် မဟုတ်လား။ အကျင့်မပြောင်းပဲ လူတွေသာပြောင်းသွားရင်လည်း အတူတူပေါ့နော့။
         တခါတုန်းက မိန်းမတစ်ယောက်ဟာ ကာမေသုကလေး အိမ်ထဲရောက်နေတုန်း အပြင်က လင်ယောင်္ကျားအသံကြားတော့ တံခါးကြားထဲ ပုန်းနေခိုင်းသတဲ့။ ယောင်္ကျားက သူခိုးမှတ်လို့ လှံနဲ့ထိုးတဲ့အခါ သေပါလေရော။ လူသတ်မှုဖြစ်မစိုးလို့ အိမ်ဘေး ဘုန်းကြီးကျောင်းက ပိန္နဲပင်မှာ သွားထောင်ထားတော့ ကျောင်းကကပ္ပိယကလည်း သူခိုးအမှတ်နဲ့ ကပ္ပိလိုက်တာ ခမျာမှာ နှစ်ခါဂိရှာရော။ အလောင်းကြီး ဘယ်သွားဖွက်ရမှန်းမသိတော့ ကပ္ပိယလည်း ကတုံးတုံး သင်္ကန်းစည်းပေးပြီး အာဂန္တုကိုယ်တော်တပါး အနာသည်းလို့ ပျံတော်မူတယ်ဆို ဘုန်းကြီးပျံလုပ်ပလိုက်သတဲ့။ ရပ်ထဲရွာထဲ ဘုန်းကြီးပျံပွဲလာတဲ့ ဒကာမဟာ သူ့လင်ငယ်လေးမှန်းလည်းသိရော ၀မ်းနည်းပက်လက် တ တ ပြိး ငိုပါသတဲ့။ “အောင်မယ်လေး။ မနေ့ကတော့ သျှောင်။ ပိန္နဲပင်ထောင်ကာမှ ခေါင်းပြောင်ရသလေး တော့။” တဲ့။ သူငိုပုံကြီးက ဘာလိုလိုဆိုတော့ ကျောင်းထိုင်ဘုန်းကြီးလည်း မနေသာတော့ပဲ “ဟဲ့ ဒကာမ နင်ဘာသာ ငိုချင်ငိုပါဟယ်။ ငါ့ကျောင်းက ပိန္နဲပင်တော့ ဆွဲဆွဲ မထည့်ပါနဲ့။” လို့ ပြောသတဲ့။ ခုလည်းပဲ ဆရာသမားတို့ သပိတ်စုံချင်သလောက် စုံကြပါကွယ်။ တို့ကျောင်းက ဆရာတော်လေးတွေကိုတော့ ဆွဲ ဆွဲ မထည့်ကြပါနဲ့ဦး လို့ တောင်းပန်ချင်တာပါပဲ။ လွန်တာရှိရင် ၀န္တာမိကွယ်။ အော်မိတော်ဖော်။

No comments:

Post a Comment

mr.kyaingtun@gmail.com