Tuesday, December 4, 2012

“တရုတ်ကိုကြောက်ရပါတယ်ဆိုတဲ့စကားက ရေရှည်မြန်မာပြည်ကို တရုတ်ကျွန်ဇာတ်သွင်းဖို့ လမ်းခင်းနေတာလို့ ယူဆရတဲ့ စကားပဲ” by General Knowledge on Tuesday, December 4, 2012 at 12:24pm ·


“တရုတ်ကိုကြောက်ရပါတယ်ဆိုတဲ့စကားက ရေရှည်မြန်မာပြည်ကို တရုတ်ကျွန်ဇာတ်သွင်းဖို့ လမ်းခင်းနေတာလို့ ယူဆရတဲ့ စကားပဲ”


Hot News  December 4, 2012




ဟံသာဝတီဦးဝင်းတင်နှင့် တွေ့ဆုံခြင်း


သမ္မတရုံးဝန်ကြီးဌာနပြည်ထောင်စု ၀န်ကြီးဦးအောင်မင်းမှပြီးခဲ့သည့် နိုဝင်ဘာ  (၂၆) ရက်နေ့၌ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသို့ရောက်ရှိခဲ့ပြီး ခရီးစဉ်အတွင်း လက်ပံတောင်းတောင်ဒေသရှိ ရွာသူရွာသားများ၊ ရွာ (၂၆) ရွာမှ တင်မြှောက်ထားသော ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ပြီး ယင်းဒေသရှိ သံဃာတော်များအား တွေ့ဆုံလျှောက်ထားရာ၌ မိမိတို့အနေဖြင့် တရုတ်ကိုကြောက်ရကြောင်း၊ ၈၈ အရေးအခင်းကာလအတွင်းတိုင်းပြည်တွင် စားစရာမရှိ၍ တရုတ်မှရိက္ခာသွင်းခဲ့ရ၍ ပြည်သူများ အသက်ဆက်ခဲ့ရကြောင်းနှင့် တရုတ်အား ရန်မဖြစ်ရဲကြောင်း လျှောက်ထားပြောဆိုခဲ့ခြင်းအပေါ် ၀ါရင့်သတင်းစာဆရာကြီးတစ်ဦးဖြစ်သူ ဟံသာဝတီ ဦးဝင်းတင်အား Hot news မှ တွေ့ဆုံ၍ ယင်းစကားများ၏ တိုင်းပြည်နှင့်လူမျိုးအပေါ်သက်ရောက်မှု အမြင်သုံးသပ်ချက်များအား မေးမြန်းဖြစ်ခဲ့ပါသည်။

* ဦးအောင်မင်းလက်ပံတောင်းတောင်ဒေသခံ သံဃာတော်တွေနဲ့ တွေ့တဲ့အခါတုန်းက  တပည့်တော်တို့ဟာ အရေးအခင်းကာလက စားစရာမရှိလို့တရုတ်ဆီက ရိက္ခာသွင်းရလို့ အသက်ဆက်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဘဘ တကယ်ရော အဲဒီအချိန်က  တိုင်းပြည်မှာစားစရာမရှိအောင်ငတ်ခဲ့တဲ့ အနေအထားမျိုးဖြစ်ခဲ့ပါသလား။

သူပြောတော့ ၈၈ အရေးတော်ပုံကြီးမှာတုန်းက စားစရာမရှိလို့ တရုတ်ကနေသွင်းပြီး ပြည်သူတွေအသက်ဆက်ခဲ့ရတယ်တဲ့။ ၈၈ တုန်းက လူထုက အစိုးရတစ်ရပ်ပြောင်းဖို့ ဒီမိုကရေစီအသွင်ကူး ပြောင်းပေးဖို့ ဆန္ဒပြတာပဲ။ အဲဒီတုန်းကတိုင်းပြည်မှာ စားစရာမရှိအောင်ငတ်နေတယ်ဆိုတာ ကျွန်တော်လုံးဝ လက်မခံဘူး။
အဲဒီတုန်းက တိုင်းပြည်မှာ အခြေအနေတွေ ဘယ်လိုပဲဖြစ်နေပါစေ။ ရိက္ခာဖြတ်ပြီး ငတ်တယ်ဆိုတာမျိုး လုံးဝမဖြစ်ခဲ့ဘူး။ ဦးအောင်မင်းပြောတဲ့ တိုင်းပြည်မှာ အဲဒီတုန်းက စားစရာမရှိလို့ တရုတ်ကသွင်းရတာကြောင့် အသက်ဆက်ခဲ့ရတယ်ဆိုတာဟာ ချဲ့ကားပြောတဲ့စကား တရုတ်ကိုစန်းတင်တဲ့စကားပဲ။ ကျွန်တော်တော့ ဒီလိုပဲမြင်တယ်။


* ဟုတ်ကဲ့ နောက်ဝန်ကြီးဦးအောင်မင်းပြော တဲ့ထဲမှာ “တရုတ်ကိုကြောက်ရတယ် ရန်မ ဖြစ်ရဲဘူး”လို့ပါပါတယ် အဲဒီစကားအပေါ်  ဘဘရဲ့ အမြင်ကိုသိပါရစေ။


သူပြောတဲ့ထဲမှာ တရုတ်ကကယ်ခဲ့လို့ အဲဒီကျေးဇူးလေးတွေကိုပြန်ကြည့်ရမယ်ဆိုတာပါတယ်။ တရုတ်ကယ်ခဲ့တာ တရုတ်ရဲ့ ကျေးဇူးရှိတာ မြန်မာပြည်သူတွေရဲ့အပေါ်မှာ မဟုတ်ဘူး။ သူတို့အပေါ်မှာ။ အာဏာရှင်အစိုးရရဲ့အပေါ်မှာပဲ ရှိတာ။ မြန်မာပြည်သူတွေအပေါ် တရုတ်ကျေးဇူးဘာမှမရှိဘူး။ တရုတ်ကိုကြောက်စရာရှိလည်း သူတို့ပဲကြောက်ရမှာ။ မြန်မာပြည်သူတွေ တရုတ်ကို ဘယ်တော့မှ မကြောက်ဘူး။ ကျေးဇူးတင်စရာရှိလည်း သူတို့ပဲကျေးဇူးတင်ရမှာ။

သူ့ကိုပြောချင်တာက  မြန်မာ့သမိုင်းကိုပြန်ကြည့်ပါ။ မြန်မာတွေ တရုတ်ကို ဘယ်တော့မှ မကြောက်ခဲ့ဘူး။  ဘယ်တော့မှလည်းကြောက်မှာ မဟုတ်ဘူးဆိုတာသိရလိမ့်မယ်။ ကုန်းဘောင်ခေတ်တို့၊ ပုဂံခေတ်တို့မှာ တရုတ်တွေဘက်စစပြီး ရန်စကျူးကျော်မှုတွေလုပ်ခဲ့တာပဲ။ အဲဒီတုန်းက မြန်မာတွေက တရုတ်ကိုကြောက်ပြီး ငြိမ်ခံနေခဲ့လို့လား။ မနေခဲ့ဘူး။  တရုတ်ကို ပြန်တော်လှန်ခဲ့တာပဲ။ ဦးအောင်မင်းပြောတဲ့ထဲမှာ တရုတ်ကို ရန်မဖြစ်ရဲဘူးလို့ဆိုတာပါတယ်။ မြန်မာတွေဟာ ရန်မဖြစ်ရဲတာ မဟုတ်ဘူး။ ရန်မဖြစ်တတ်တာ။ ကိုယ့်အိမ်နီးချင်းအပေါ်  ရိုင်းပင်းတာကူညီတာ။ အဲဒါကို ခုတုံးလုပ်ပြီး တရုတ်တွေမြန်မာ့နိုင်ငံရေးကို ကစားခဲ့တာလေ။ မြန်မာတွေ ရန်မဖြစ်ရဲတာ မဟုတ်ဘူး။ ရန်မဖြစ်ချင်တာ။

* ကျွန်တော်တို့မြန်မာတွေဟာ တရုတ်ကို လုံးဝမကြောက်ခဲ့ဘူးဆိုတာနဲ့ ပတ်သက်ပြီး ခိုင်မာတဲ့သမိုင်းသာဓကတစ်ခုကို ဘဘရဲ့ အတွေ့အကြုံအရ ပြောပြပေးပါလား။

မြန်မာစာပေမှာ ကာချင်းဆိုတာ ရှိတယ်။ အဲဒါဟာ တရုတ်ကို မြန်မာတွေ လုံးဝမကြောက်ဘူးဆိုတဲ့ ခိုင်မာတဲ့ သာဓကပဲ။ ဘာလို့ဆိုတော့ ပုဂံခေတ်မှာ တရုတ်တွေ မြန်မာပြည်ကို ရန်စကျူးကျော်တဲ့အခါ မြန်မာတွေအနေနဲ့ စည်းစည်းလုံးလုံး တစ်ယောက်ကိုတစ်ယောက် ညီရင်းအစ်ကိုစိတ်နဲ့ ဖေးမအားပေးရင်းကနေ ဇာတိမာန် တက်စေမယ့် စစ်သီချင်းတွေရေးစပ်သီဆိုကြရာကနေ ကာချင်းဆိုတာပေါ်လာတာ။
မြန်မာစာပေမှာရှိနေတဲ့ ကာချင်းဆိုတာဟာ မြန်မာတွေ တရုတ်ကို ဘယ်တော့မှ မကြောက်ဘူးဆိုတဲ့ ခိုင်မာတဲ့သာဓကပဲ။ အဲဒီတုန်းက တရုတ်တွေနဲ့ ရန်စကျူးကျော်မှုကို ပြန်တော်လှန်ဖို့ မြန်မာ့စစ်သည်တော်တွေရဲ့ စိတ်ဓာတ်အားမာန်မျိုးချစ်စိတ် ဇာတိမာန်တွေကို ဖြည်းပေးဖို့ စစ်ချီတေးတွေစပ်ခဲ့ရာကနေ ကာချင်းဆိုတာဖြစ်လာတာပဲလေ။ မြန်မာတွေ တရုတ်ကို မကြောက်ဘူးဆိုတာသမိုင်းနဲ့ ချီတဲ့သက်သေသာဓကတွေ ရှိနေပါတယ်။ သမိုင်းကို သေသေချာချာ မလေ့လာလာသူတွေပဲ မသိတာ။

* တရုတ်နိုင်ငံအနေနဲ့ရော မြန်မာနိုင်ငံရဲ့ အရေးကိစ္စကြီးငယ်တွေမှာ ရပ်တည်ကူညီပေးခဲ့တာ၊ ဦးအောင်မင်း ပြောသလို ကယ်တင်ပေးခဲ့တာမျိုးရော ရှိပါသလား ဘဘ။

သူပြောတဲ့စကားတွေဖြစ်တဲ့ “တရုတ်ကို ကြောက်ရပါတယ်။ တရုတ်ကယ်တင်ခဲ့ပါတယ်” ဆိုတဲ့ စကားတွေကိုကြည့်ရင် ကျွန်တော်တို့ကပဲ တရုတ်ကိုပြန်ပြီး ထိုင်ကန်တော့ရမယ့် ပုံစံပေါက်နေပြီ။ တကယ်တမ်း သမိုင်းကိုပြန်ကြည့်ရင် အဖြေပေါ်တာပဲ။ တရုတ်က မြန်မာပြည်ကိုကယ်ခဲ့တာလား။ ဒါမှမဟုတ် မြန်မာ့နိုင်ငံရေးကို ကစားခဲ့တာလား ရှင်းနေတာပဲ။
ဆိုပါစို့။ ကွန်မြူနစ်တွေ တိုင်းပြည်ကို ထိုးစစ်တွေ လုပ်မယ်။ ဆူပူမှုတွေဖြစ်အောင်လုပ်မယ်။ နောက် မြန်မာပြည်နိုင်ငံရေးကို ပျက်ပြားအောင်လုပ်မယ်ဆိုတော့ အဲဒီကွန်မြူနစ်တွေကို အဲသလိုလုပ်နိုင်ဖို့ ထောက်ပံ့ပေးတာ ဘယ်သူလည်း တရုတ်ပဲ။ နောက်အဲဒီ ကွန်မြူနစ်တွေ အခြေအနေဟန်ပုံမရတော့ တရုတ်က အဲဒီတုန်းက စစ်အာဏာရှင်တွေကို ပြန်ထောက်ပံ့တယ်။ သူတို့ပြောနေတဲ့  တရုတ်က ကယ်ခဲ့ပါတယ်ဆိုတဲ့ စကားတွေဟာ သူတို့အမြင် သူတို့ရှုထောင့်ကနေ ပြောနေတာ။  ပြည်သူရဲ့အမြင်ရှုထောင့်ကနေပြီးတော့ ပြောနေတာ မဟုတ်ဘူး။
ခေါင်းဆောင်ဆိုတာဘာပြောပြော၊ ဘာပဲလုပ်လုပ်ပြည်သူရဲ့ ရှုထောင်မျိုးကနေ ပြောရတယ်၊ လုပ်ရတယ်။ ဒါမှခေါင်း ဆောင်ပီသမှာ။

* ဦးအောင်မင်းပြောခဲ့တဲ့ တရုတ်ကို ရန်မဖြစ်ရဲဘူး။ ကြောက်ရပါတယ်”ဆိုတဲ့စကားဟာ   ရဲစွမ်းသတိ္တအပြည့်ရှိတဲ့ မြန်မာတွေရဲ့ မျိုး ချစ်စိတ်သိက္ခာနဲ့ မာန်မာနအပေါ် ဘယ်လိုသက်ရောက်မှု ရှိနိုင်ပါသလဲ။

ကျွန်တော်တို့မြန်မာတွေက သူပြောသလို တရုတ်ကို ဘယ်တော့မှမကြောက်ဘူး။ ဒါပေမဲ့ တိုင်းပြည်ရဲ့ အကြီးအကဲ သမ္မတကြီး အနားမှာနေတဲ့ ၀န်ကြီးတစ်ယောက်က ဒီလိုစကားမျိုး ပြောလိုက်တာဟာ မြန်မာလူမျိုးတွေရဲ့ ဂုဏ်သိက္ခာ၊ ရဲစွမ်းသတိ္တ၊ မာန်မာနနဲ့ မျိုးချစ်စိတ်ကို ချိုးနှိမ့်လိုက်တာ။ ရိုက်ချိုးလိုက်တာလို့ပဲ ကျွန်တော်ယူဆတယ်။ ဒီလူရဲ့ စကားကြီးက သမိုင်းဖြစ်သွားမှာ ကျွန်တော်တို့ မြန်မာတွေ အရင်တုန်းကလည်း တရုတ်ကို မကြောက်ဘူး၊ ခုလည်း မကြောက်ဘူး၊ နောင်လည်း ဘယ်တော့မှ မကြောက်ဘူး၊ သူတို့ပဲကြောက်နေရင် တရုတ်ဆီသွားပြီး အလုပ်အကျွေးသွားပြုကြလေ။ မြန်မာတွေကတော့ တရုတ်လုံးဝမကြောက်ဘူး။ ခု ဦးအောင်မင်းပြောတဲ့ စကားက မြန်မာလူမျိုးတွေကို ချိုးနှိမ့်ရာလည်း ရောက်သလို မြန်မာပြည်ကြီးကို တရုတ်ကျွန်ဇာတ်သွင်းဖို့ကြိုလမ်းခင်းနေတာလို့ပဲ ယူဆတယ်။

* ဘဘခုနက ပြောခဲ့တယ်နော်။ ဦးအောင်မင်း ပြောခဲ့စကား သမိုင်းမှာသာကျန်ခဲ့မယ်ဆိုရင် နောင်လာမယ့်မျိုးဆက်တွေနဲ့ ဂုဏ်သိက္ခာအပေါ်မှာ ဘယ်လိုထိခိုက်နိုင်ပါသလဲ။

သမိုင်းမှာကျန်ကို ကျန်ခဲ့မှာ။ ခုသူရဲ့ စကားကို ဂျာနယ်တွေတော်တော်များများက ဖော်ပြကြပြီး။ ဒါဟာနောင်သမိုင်းဖြစ်လာမှာ နောင်နှစ်နှစ်ဆယ်၊ သုံးဆယ်၊ လေးဆယ်ပြီးတော့ နောက်ရာချီပြီးနှစ်တွေကြာလာတဲ့အခါ တစ်ချိန်က မြန်မာပြည်ကြီးရဲ့ အရေးပါတဲ့ဝန်ကြီးတစ်ပါး၊ သမ္မတရဲ့ လက်ရုံးပုဂ်္ဂိုလ်တစ်ယောက်က တရုတ်ကို ကြောက်ရပါတယ်။ တရုတ်ကိုရန်မဖြစ်ရဲပါဘူး။ တရုတ်ရဲ့ ကျေးဇူးတွေအလွန် ကြီးမားပါတယ်။ တရုတ်ကျေးဇူးတွေ ပြန်ကြည့်ရပါမယ်ဆိုတဲ့ စကားတွေဟာ နောင်သမိုင်းမှာသာ ကျန်ခဲ့ရင် အဲဒီအချိန်မှာရှိနေမယ့်မြန်မာတွေရဲ့ အရှက်တွေ၊ ဂုဏ်သိက္ခာတွေ၊ မာနေတွေကို ရိုက်ချိုး ချိုးနှိမ်ရာရောက်သွားမှာဖြစ်သလို နိုင်ငံတကာနဲ့ ယှဉ်ရင် လုံးဝခေါင်းမဖော်နိုင်သွားစေမှာ အမှန်ပဲ။

* နောက်ဆုံးတစ်ခုအနေနဲ့ မြန်မာတွေရဲ့ ဂုဏ်သိက်္ခာကို ရိုက်ချိုးလိုက်တယ်လို့ ဘဘယူဆတဲ့ စကားကို ပြောခဲ့တဲ့သူအပေါ်မှာရော ဘယ်လိုဝေဖန်ချင်ပါသလဲ။

ခုချိန်ဟာ တိုင်းပြည်တည်ဆောက်ရေးကာလဖြစ်နေတဲ့အတွက် ပြည်သူတွေရဲ့ မျိုးချစ်စိတ်က အရမ်းကို အရေးပါနေတယ်။ ဒီအချိန်မှာ ပြည်သူတွေရဲ့ မျိုးချစ်စိတ်၊ ဇာတိမာန်ကို ညှိုးစေမယ့်စကားမျိုးတွေကို တာဝန်ရှိသူတွေအနေနဲ့ သတိထားသင့်တယ်။
ခု ဦးအောင်မင်း တရုတ်ကို ကြောက်ပါတယ်ဆိုတဲ့ စကားမျိုးပြောတယ်။ အဲဒီစကားပြောတဲ့သူက သာမန်အရာရှိလောက်ဆို ကျွန်တော်မပြောဘူး။  သမ္မတအနားမှာနေတဲ့ ၀န်ကြီးတစ်ပါး။ နောက်သူ့ရဲ့ အတွေးအခေါ်အယူအဆ ပြောစကားတွေဟာ သမ္မတရဲ့ အတွေး အခေါ်အယူအဆတွေ ပြောစကားတွေလို့တောင် ယူဆလို့ရတာ။ နောက်သူက သမ္မတနားက ၀န်ကြီးတွေထဲမှာ အထင်ရှားဆုံးနဲ့ လူသိအများဆုံးလူလေ။ အဲသလိုမျိုးသမ္မတရဲ့ လက်ရုံးတစ်ယောက်နိုင်ငံတော်သမ္မတရဲ့ အသံကိုထင်ဟပ်ပြောဆိုနေတဲ့ ပုဂ်္ဂိုလ်တစ်ယောက်က ဒီလိုစကားမျိုးတွေကို လုံးဝလုံးဝကို မပြောသင့်ပါဘူး။ သေသေချာချာစဉ်းစားချင့်ချိန်ပြီးမှ ပြောသင့်ပါတယ်။ ကျွန်တော်ကတော့ ဒီလိုပဲမြင်ပါတယ်။

ဟုတ်ကဲ့ဘဘ ခုလိုဖြေကြားပေးတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်။
ခန့်ခန့်(ဒဿနိက)

No comments:

Post a Comment

mr.kyaingtun@gmail.com