Monday, December 10, 2012

ရက်စက်မှုအဟောင်း ဖော်ထုတ်မှုအသစ်များနှင့် မြန်မာ ဘာတီးလ်လစ်တနာရေးသား၍ ကျော်မျိုးဘာသာပြန်ဆိုသည်

7Day News Journal's photo.
ရက်စက်မှုအဟောင်း ဖော်ထုတ်မှုအသစ်များနှင့် မြန်မာ

ဘာတီးလ်လစ်တနာရေးသား၍ ကျော်မျိုးဘာသာပြန်ဆိုသည်

လွန်ခဲ့သည့် အနှစ်နှစ်ဆယ်ခန့်က လက်နက်ကိုင်တော်လှန်ရေး ကျောင်းသားအဖွဲ့တစ်ခုက ကျူးလွန်ခဲ့သော သွေးထွက်သံယို ရက်စက်မှုတစ်ခုသည် မြန်မာနိုင်ငံအား ဆက်လက်ခြောက်လှန့်နေသည်။ ထိုအမှုမှာ နိုင်ငံ၏ ဒီမိုကရေစီရေးလှုပ်ရှားမှု အစိတ်အပိုင်းများ၊ ၎င်းတို့၏ နိုင်ငံရပ်ခြားမှ ထောက်ခံအားပေးသူများနှင့် ယခင်စစ်အစိုးရ၏ အဖွဲ့ဝင်ဟောင်းများဖြင့် ဖွဲ့စည်းထားသော အစိုးရသစ်တို့အတွက် ကျယ်ပြန့်သောအကျိုးဆက်များ ပေးစွမ်းနိုင်သည်။

နှစ်ပေါင်းနှစ်ဆယ်ခန့်မျှကြာအောင် ၎င်းတို့၏နာကျင်မှုနှင့် ဒေါသတို့ကို ဖုံးအုပ်ထားခဲ့ပြီးနောက် ထိုအမှုတွင် သားကောင်ဖြစ်ခဲ့ရသူများ၏ မိသားစုဝင်များ၊ အသက်မသေဘဲကျန်ရစ်ခဲ့သူများသည် ယခုအခါ အမှုတွင်တာဝန်ရှိခဲ့သူများကို တရားစီရင်သင့်ကြောင်း တောင်းဆိုနေကြပေပြီ။စွပ်စွဲခံရသော လူသတ်သမားများအနက် အချို့မှာ နိုင်ငံတကာအင်န်ဂျီအိုအဖွဲ့များက ပံ့ပိုးပေးမှုဖြင့် ထိုင်းနိုင်ငံတွင် နေထိုင်နေကြသည်။ တရားမျှတမှုသည် ထိုနေရာ၌ပင် လမ်းဆုံးသွားတော့မည်လား။ ပြီးတော့လည်း ယင်းအဖွဲ့၏ အတိတ်ကမတရားမှုများကို နောက်ကြောင်းပြန် စုံစမ်းစစ်ဆေးမှုများအတွက်ရော စစ်တပ်သည် ဘယ်လောက်ကြာကြာ ခွင့်ပြုပါမည်လဲ။

မြန်မာအာဏာပိုင်များသည် ဤကိစ္စနှင့်ပတ်သက်ပြီး ကောင်းစွာသိနားလည်ထားကာ သတိရှိရှိနှင့်ပင် တိတ်ဆိတ်နေခဲ့ပါသည်။ မြန်မာလူမျိုး သတင်းရင်းမြစ်တစ်ခုက ပြောသလိုပင်။ “တကယ်မမေ့နိုင်ကြသေးပေမယ့်၊ သူတို့ရဲ့ ရဲဘော်တွေကို သတ်ခဲ့တဲ့သူတွေကို ခွင့်လွှတ်ကြမယ်ဆိုရင် ၁၉၈၈ ခု စစ်တပ်ရဲ့ကျည်ဆန်တွေကြောင့် အသတ်ခံခဲ့ရတဲ့ လူထောင်ပေါင်းများစွာအတွက် တရားမျှတမှုကရောဘာလဲ။ ဒါမှမဟုတ်လည်း မှောင်မည်းတဲ့ အကျဉ်းထောင်အခန်းတွေထဲမှာ သူတို့ငယ်ဘ၀ရဲ့ အချိန်အများစုကို ကုန်ဆုံးစေခဲ့ရ၊ အနှိပ်စက်ခံခဲ့ရသူတွေအတွက် တရားမျှတမှုကရော ဘာဖြစ်မလဲ”ဟူ၍ 

၁၉၉၂ ခုနှစ် အစောပိုင်းတွင် ကချင်ပြည်နယ်မြောက်ပိုင်း၊ တရုတ်နယ်စပ်အနီးရှိနေသော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်စစ်တပ်ဦး ABSDF မှ မြေအောက်သူပုန်များသည် ၎င်းတို့၏ ရဲဘော်များထဲမှ သုံးပုံတစ်ပုံနီးပါးခန့် (သို့မဟုတ်) ကျောင်းသားတပ်မတော်၏ စုစုပေါင်းလူဦးရေ ၃၅၀ မှ ၄၀၀ ခန့်အတွင်းမှ လူပေါင်း ၁၀၇ ဦးကို စစ်အစိုးရနှင့် ၎င်း၏ထောက်လှမ်းရေးဌာနအတွက် သူလျှိုလုပ်ပေးနေသည်ဟု စွပ်စွဲခဲ့သည်။ အသက်ရှင်ကျန်ရစ်သူများ၏အဆိုအရ လူပေါင်း ၃၀ ဦးမှာ ကွပ်မျက်ခံရခြင်း (သို့မဟုတ်) စစ်ကြောရေးဝင်စဉ် ခံစားခဲ့ရသော နှိပ်စက်မှုဒဏ်များကြောင့် သေဆုံးခဲ့သည်ဟု သိရသည်။ ဝေးလံခေါင်ဖျားသော တောနက်ဒေသများအတွင်း ဒီမိုကရေစီရေးအတွက် နှစ်ပေါင်းများစွာ တိုက်ပွဲဝင်ခဲ့ကြသော နုပျိုသည့်လူငယ်များထဲတွင် ဖြစ်ခဲ့သည့် (မျိုးဖြုတ်)သုတ်သင်မှုမှာ လူတိုင်း၏အမြင်တွင် ထူးထူးကဲကဲပင် ရက်စက်လွန်းခဲ့ပါသည်။

မန္တလေးမြို့မှ တက်ကြွလှုပ်ရှားသူ၊ လူသိများသည့် ကျောင်းသားခေါင်းဆောင်ဟောင်းဖြစ်ပြီး ABSDF မြောက်ပိုင်း၏ဥက္ကဋ္ဌဖြစ်သည့် (ကို)ထွန်းအောင်ကျော်မှာ (ကျန်ရစ်သူများ၏) ပြောပြချက်အရ သံပူပြားဖြင့် နှိပ်စက်ခံခဲ့ရပြီးနောက် ခေါင်းဖြတ်အသတ်ခံခဲ့ရသည်။ ၎င်းသည် မသေခင်အစောပိုင်းက ခေါင်းဖြတ်အသတ်ခံထားရသည့် အခြားရဲဘော်တစ်ဦး၏ ခေါင်းမှထွက်ကျနေသော သွေးများကို သောက်သုံးရန် အတင်းအကျပ် စေခိုင်းခံခဲ့ရသည်။ စွပ်စွဲခံရသည့် အခြားတစ်ဦးဖြစ်သည့် (ကို)အောင်ဖုန်းမှာ ခြေထောက်တွင် မြေမြှုပ်မိုင်းများချည်နှောင်၍ ဖောက်ခွဲခံရပြီး ခြေထောက်ပြတ်ခဲ့ရသည်။ ထိုနေ့မှာပင် ၎င်းမှာလည်း ခေါင်းဖြတ်အသတ်ခံခဲ့ရသည်။

အမျိုးသမီးရဲဘော်တစ်ဦးမှာမူ အုပ်စုလိုက် မုဒိန်းကျင့်ခံခဲ့ရပြီးနောက် အသတ်ခံခဲ့ရသည်။ ထိုအမျိုးသမီးမှာ ထိုစဉ်က မြို့တော်ရန်ကုန်တွင် ဒီမိုကရေစီရေးဆန္ဒပြသူများကို စက်တင်ဘာ ၁၉၈၈ ၌ အစုအပြုံလိုက် သုတ်သင်မှုပြီးနောက် လက်နက်ကိုင်တော်လှန်ရေး နယ်ပယ်ထဲမရောက်ခင် ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်မှ ကျောင်းသူတစ်ဦးဖြစ်ခဲ့သည်။

သူလျှိုများကို စွပ်စွဲရှာဖွေမှုကိစ္စမှာ ၁၉၉၁ ခုနှစ်နှောင်းပိုင်း၌ ABSDF စခန်းမှ နယ်စပ်အနီး တရုတ်ပြည် ယင်ကျန်း၌ တရုတ်ရဲတပ်ဖွဲ့က ပစ္စတိုသေနတ်များ၊ လောင်ချာများနှင့်အတူ မြန်မာလူငယ် ၁၀ ဦးကို ဖမ်းဆီးမိလိုက်ရာမှ စတင်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့ကို စခန်းသို့ ပြန်ပို့ခံခဲ့ရပြီးနောက် လူငယ်တော်လှန်ရေးသမားများအကြားတွင် ရူးသွပ်မှုက ရုတ်တရက် ထူးခြားစွာဖြစ်ပေါ်ခဲ့တော့သည်။ နောက်ပိုင်းတွင် ABSDF က ထုတ်ပြန်ခဲ့သော ဗီဒီယိုတိတ်ခွေတစ်ခု၌ ယူနီဖောင်းဝတ်ထားသော လူငယ်များမှာ သစ်သားစားပွဲတစ်ခု၌ ထိုင်နေကြပြီး ၎င်းတို့အသွင်မှာ ထိုစဉ်က ၎င်းတို့ကို ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများပုံစံအဖြစ် မြင်ကြည့်ရသည်ထက် ရောမခေတ်က စုံစမ်းစစ်ဆေးရေးအရာရှိများအသွင်နှင့် ပိုတူနေတော့သည်။ ဗီဒီယိုတိတ်ခွေထဲ၌ စွပ်စွဲခံရသူတစ်ယောက်ချင်းသည် ၎င်းတို့၏ “ပြစ်မှု”များကို ၀န်ခံခဲ့ကြသည်။

၎င်းတို့၏ ထုတ်ဖော်ပြောဆိုချက်များမှာ ကမ္ဘောဒီးယား၌ ရုအောလ်ဆလန်းထောင်ရှိ ခမာနီအာဏာပိုင်များက နှိပ်စက်ညှဉ်းပန်းကာ ထွက်ဆိုစေခဲ့သော ၀န်ခံချက်များကဲ့သို့ပင် အသေးစိတ်ကျကျနှင့် သေသေချာချာ တိတိကျကျပင် ဖြစ်သည်။ ညတွင် အကျဉ်းသားအားလုံးကို ၀ါးတဲကြီးတစ်လုံး၌ ချုပ်နှောင်ထားပြီး မြေသားကြမ်းပြင်ပေါ်တွင် စောင်မပါဘဲ အတူတကွ အိပ်စက်စေခဲ့သည်။ 

ယခုအခါ ရန်ကုန်တွင် လူသိများသည့် ပန်းချီနှင့်ပါဖောမန့်စ် အတတ်ပညာရှင်တစ်ဦးဖြစ်ပြီး အဖမ်းခံခဲ့ရသူများထဲမှ အသက်ရှင်ကျန်ရစ်သူ တစ်ဦးဖြစ်သည့် (ကို)ထိန်လင်းက “ကျွန်တော်တို့ဘ၀တွေအားလုံးက သူတို့လက်ထဲမှာ ရှိခဲ့တာဆိုတော့ ကျွန်တော်တို့ဟာ သူတို့ရဲ့ စိတ်ကူးပေါက်ရာတွေအတိုင်း ခေါင်းညိတ်ခဲ့ရတော့တာပေါ့”ဟု ပြောပါသည်။

ကျန်ရစ်သူ နောက်တစ်ဦးဖြစ်သည့် (မ)နန်းအောင်ထွေးကြည်ကလည်း သူမ၏ဦးခေါင်းကို သေနတ်ဖြင့် ချိန်ထားခံရပြီး သူမနားမလည်သော မေးခွန်းဖြစ်သည့် “သူတို့ မင်းကို ဘာလုပ်ဖို့ညွှန်ကြားထားလဲ”ဟူသော မေးခွန်းကို အမေးခံခဲ့ရသည်ဟု ဆိုပါသည်။ ထိုစဉ်က အသက် ၂၀ အရွယ်အတွင်း ကျောင်းသားတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် နန်းအောင်ထွေးကြည်မှာ အစိုးရ၏  စစ်ထောက်လှမ်းရေးအတွက် အလုပ်လုပ်ပေးနေသည့် ဒုတပ်ကြပ်တစ်ဦးအဖြစ် စွပ်စွဲခံခဲ့ရသည်။ သူမမှာ ယခုအခါ ပြည်ပအခြေစိုက်အနေဖြင့် ဆစ်ဒနီတွင် နေထိုင်လျက်ရှိပြီး မြန်မာ့ဒီမိုကရေစီတိုက်ပွဲအတွက် ဆက်လက်ထောက်ခံအားပေးနေဆဲရှိနေသည်။

စွပ်စွဲခံရသူများ၏ မိသားစုအချို့မှာ ABSDF မြောက်ပိုင်းစခန်းသို့ သွားရောက်ခဲ့ကြသည်။ နန်းအော်ထွေးကြည် အပါအ၀င် ယနေ့အထိ အသက်ရှင်ကျန်ရစ်သူအချို့မှာ ပြန်လွှတ်ပေးခြင်းခံခဲ့ရပြီး ကိုထိန်လင်းနှင့် အခြားသူများမှာမူ ထွက်ပြေးလွတ်မြောက်ခဲ့ရပြီးနောက် အစိုးရတပ်များ၏ ဖမ်းဆီးခြင်းခံခဲ့ရကာ အကျဉ်းထောင်သို့ နှစ်ပေါင်းများစွာကျခံရန် ပို့ဆောင်ခံခဲ့ရသည်။

သတိရှိသော တိတ်ဆိတ်မှု

ထိုအချိန်လောက်က (ကျောင်းသားများအား) သတ်ဖြတ်မှုကို ပြင်ပကမ္ဘာ၏ အာရုံစိုက်မှု အနည်းငယ်သာရှိခဲ့သည်။ မြောက်ပိုင်းရှိ ထိုကျောင်းသားစခန်းသို့ သွားရောက်ခဲ့ဖူးသော နေးရှင်းသတင်းစာမှ ထိုင်းသတင်းထောက် ယင်းဒီလတ်ခူးရိုယန်ချုတ်ကမူ ထိုအကြောင်းကို သူမ၏ ဘန်ကောက်အခြေစိုက်သတင်းစာတွင် ရေးသားခဲ့သည်။ ဤစာရေးသူသည်လည်း လူသတ်မှုများအကြောင်းကို ၁၉၉၂၊ ဇွန် ၁၆ ရက်နေ့ထုတ် ဟောင်ကောင်အခြေစိုက် Far Eastern Economic Review အရှေ့ဖျားစီးပွားရေးစာစောင်တွင် ရေးသားခဲ့ဖူးသည်။ အစိုးရဆန့်ကျင်ရေးကျောင်းသားအုပ်စုကို တိုက်ရိုက်နှင့်သွယ်ဝိုက် ရန်ပုံငွေထောက်ပံ့ခဲ့သော နိုင်ငံတော်အဖွဲ့အစည်းများသည်လည်း ဖြစ်စဉ်နှင့်ပတ်သက်၍  တိတ်ဆိတ်နေခဲ့ကြသည်။ ထိုင်းနယ်စပ်တွင်ရှိသော ABSDF ဗဟိုဌာနချုပ်ရုံးသည် ၁၉၉၂ မတ် ၁ ရက်နေ့တွင် ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီး ဤအချက်မှာ ဖမ်းမိခဲ့သောသူများသည် ABSDF ခေါင်းဆောင်များကို လုပ်ကြံရန် ကြိုးပမ်းသော အစိုးရသူလျှိုများဖြစ်၍ သုတ်သင်ခံရခြင်းများအပေါ် သက်သေပြသလို ဖြစ်ခဲ့သည်။

ထိုစဉ်က ABSDF တစ်ဖွဲ့လုံး၏ ဥက္ကဋ္ဌဖြစ်သူ နိုင်အောင်မှာ ဖမ်းဆီးမှုများဖြစ်ပွားပြီးနောက် မြောက်ပိုင်းသို့ရောက်ခဲ့ကာ သုတ်သင်မှုများကို ရှုတ်ချခြင်းမပြုခဲ့ဟု သတင်းများအရဆိုသည်။ ၎င်းကလည်း ဖမ်းဆီးခံထားရသူများကို ထိုစဉ်က ၎င်းကိုယ်တိုင်ထုတ်ပြန်သော အစီရင်ခံစာ၌ သူလျှိုများအဖြစ် ညွှန်းဆိုထားခဲ့သည်။ သတ်ဖြတ်မှုများဖြစ်စဉ်က ABSDF မြောက်ပိုင်းဗျူရို၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ ရော်နယ်အောင်နိုင်က ဖြစ်ရပ်များတွင် ပါဝင်ခဲ့သည့် ၎င်း၏အခန်းကဏ္ဍကို ထိုင်းအခြေစိုက် စာရေးဆရာဖီးလ်သွန်တန်၏ Restless Souls:Rebels, Refugees, Medics andMisfits on the Thai-Burma Border စာအုပ်၏ အခန်းတစ်ခန်းတွင် ၀န်ခံထားခဲ့သည်။

ယနေ့ကာလတွင်တော့ နိုင်အောင်သည် ထိုင်းနယ်စပ်အခြေစိုက် Forum For Democracy in Burma ကို ခေါင်းဆောင်နေပြီး၊ ရော်နယ်အောင်နိုင်မှာ ထိုင်းမြောက်ပိုင်း မြို့တော်ချင်းမိုင်၌ မီဒီယာလေ့ကျင့်ရေးမှူးတစ်ဦး ဖြစ်နေပါပြီ။ သတ်ဖြတ်ခဲ့မှုများနှင့် ပတ်သက်သည်ဟု စွပ်စွဲခံထားရသူ အများစုမှာ ယခုအခါ နိုင်ငံတကာအဖွဲ့အစည်းများထံမှ ဘဏ္ဍာရေးထောက်ပံ့မှုများ ရယူနေဆဲဖြစ်ပြီး ဤအခြေအနေကို ယခုအခါ မြန်မာနိုင်ငံတွင်းနှင့် ပြည်ပတွင်နေထိုင်သော ကျန်ရစ်သူများက စိန်ခေါ်၊ ဖော်ထုတ်လျက် ရှိနေခဲ့ပါပြီ။ Asia Times Online သတင်းဌာန၏ မေးခွန်းများကို စာဖြင့်ရေးသား ဖြေဆိုထားချက်၌ နိုင်အောင်က ၎င်းသည် ABSDF ဗဟို၏ ဆုံးဖြတ်ချက်နှင့် သိရှိမှုမပါဘဲ ဖြစ်ခဲ့သည်ဟု ၎င်းဆိုသော ထိုလူ့အခွင့်အရေးချိုးဖောက်မှုများကို နောင်တရမိကြောင်း ပြောထားပါသည်။ ၎င်းသည် နေးရှင်းသတင်းစာတွင် ပါမလာခင်အထိ သတ်ဖြတ်မှုများကို သတိမပြုမိခဲ့ကြောင်း၊ ၎င်း၏ဌာနချုပ်သည် “အမှန်တကယ် ဖြစ်ပျက်ခဲ့ခြင်းအပေါ် ဆက်လက်အရေးယူဆောင်ရွက်ရန်နှင့် စုံစမ်းစစ်ဆေးရန် လက်တွေ့ပိုင်းအရရော၊ ဖွဲ့စည်းပုံအရပါ မည်သည့်အာဏာမှ မရှိခဲ့ကြောင်း”ဆိုပါသည်။

ဟားဗတ်တက္ကသိုလ်ရှိ ကနေဒီ School of Government ကျောင်းတွင် ပညာသင်ကြားခွင့် စကောလားရှစ်ရခဲ့သော နိုင်အောင်သည် သုတ်သင်မှုမှ ကျန်ရစ်ခဲ့သူများ၏ ကန့်ကွက်ခြင်းခံရပြီးနောက် ၂၀၀၂ တွင် ၎င်း၏ပညာသင်ဆု ရုတ်သိမ်းခံခဲ့ရသည်။ ၂၀၀၈တွင် ရော်နယ်အောင်နိုင်မှာ BBC သတင်းဌာန၏ မြန်မာပိုင်းအစီအစဉ်တွင် သတင်းထောက်အဖြစ် ငှားရမ်းခံရပြီး နောက်ပိုင်းတွင် ကန့်ကွက်မှုများကြောင့် ရာထူးဆုံးရှုံးခဲ့ရသည်။ ယခုလအတွင်း ရန်ကုန်တွင် ဤစာရေးသူနှင့်တွေ့ဆုံခဲ့သော ကျဆုံးသူများ၏ မိသားစုဝင်များနှင့် ကျန်ရစ်သူများသည် ၎င်းတို့၏အမှုနှင့် ဇာတ်လမ်းများကို ပြောပြရန် စိတ်အားထက်သန်ခဲ့ကြသည်။ နောက်ကြောင်းပြန်လှန်၍ ဖော်ထုတ်ရေးသားသော ဆောင်းပါးများစွာလည်း ထိုအစုအပြုံလိုက် သုတ်သင်မှုအကြောင်းကို မြန်မာ့မီဒီယာများတွင် မကြာသေးမီက ပုံနှိပ်ဖော်ပြခဲ့ကြပါသည်။ သုတ်သင်မှုမှာ ကျန်ရစ်သူတစ်ဦး၏ အစ်ကိုတော်စပ်သူ မောင်မောင် ခေါ် ရွှေကရ၀ိတ်မှာ ဖြစ်စဉ်နှင့်ပတ်သက်၍ “ခေတ်သစ်ဟင်္သာကိုးသောင်းဇာတ်လမ်း”အမည်ဖြင့် မြန်မာဘာသာ စာအုပ်တစ်အုပ်ကို ရေးသားထုတ်ဝေထားခဲ့ပါပြီ။ ယခုအချိန်မတိုင်မီအထိမူ ကျန်ရစ်သူများထဲမှ တစ်ဦး၏ပြောကြားချက်အရ ၎င်းတို့နှင့် ၎င်းတို့၏ မိသားစုဝင်များသည် ဒီမိုကရေစီလှုပ်ရှားမှုအား ဆန့်ကျင်သည့် စစ်တပ်၏၀ါဒဖြန့်ချိရေးအဖြစ် အသုံးချခံရမည့်အရေး ရှောင်ရှားနိုင်ရန် ၎င်းတို့ ကိုယ်တွေ့အဖြစ်အပျက်များကို မဖော်ပြချင်ကြဟု ဆိုကြပါသည်။

အခြားတစ်ဖက်တွင်တော့ ကျန်ရစ်သူများမှာ အနောက်(နိုင်ငံရေးသမားများ)ဘက်မှ စာနာမှု (သို့မဟုတ်) ထောက်ခံမှုအနည်းငယ်သာ ရခဲ့ကြသည်။ ဤသို့လျှင် ကြာရှည်နေသော တိတ်ဆိတ်မှုမှာ ဒီမိုကရေစီလှုပ်ရှားမှုကို သိက္ခာကင်းမဲ့စေနိုင်ပါသည်။ 

သို့သော်လည်း ခံစားခဲ့ရသူများ၏ ပူဆွေးမှုများကို နားထောင်ပေးရန် အစိုးရ၏ ဆန္ဒမရှိမှုမှာ ပိုမိုကျယ်ပြန့်သော အထိအခိုက်မခံနိုင်သည့် ကိစ္စတစ်ရပ်ကို ရောင်ပြန်ဟပ်ပြနေပါသည်။ ထိုကိစ္စမှာ စစ်တပ်က ဒီမိုကရေစီလှုပ်ရှားမှုနှင့် တိုင်းရင်းသားလူနည်းစုအုပ်စုများအပေါ် ကျူးလွန်ခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် မျိုးဖြုတ်သတ်ဖြတ်မှုများကို မည်သို့ကိုင်တွယ်မည်နည်းဆိုသည့်ကိစ္စ ဖြစ်ပါသည်။

နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International ၊ လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ Human Rights Watch နှင့် အခြား လူ့အခွင့်အရေးအဖွဲ့အစည်းများသည် မြန်မာစစ်တပ်၏ ငြိမ်းချမ်းစွာဆန္ဒပြမှုများအပေါ် လက်နက်အင်အားအသုံးပြု၍ နှိမ်နင်းခြင်း၊ တရားစီရင်ခြင်းမရှိဘဲ သတ်ဖြတ်မှုများ၊ လက်လွတ်စပယ်ဖမ်းဆီးမှုများ၊ နှိပ်စက်ညှင်းပန်းမှုများနှင့် မုဒိန်းမှုများကို အသေးစိတ် မှတ်တမ်းတင်ထား ကြပါသည်။ Human Rights Watch အဖွဲ့မှ မြန်မာ့ရေးရာ အကြီးတန်းသုတေသီ ဒေးဗစ်မက်သီးဆင်က “ABSDF ကိစ္စဟာ အစိုးရတပ်ဖွဲ့တွေကနေ သူပုန်အုပ်စုတွေအထိ အကြမ်းဖက်မှုနဲ့ပတ်သက်လို့ ကျူးလွန်ကြသူတွေကို နမူနာတစ်ခုအဖြစ် ပြသသင့်တဲ့ကိစ္စဖြစ်ပါတယ်။ ဒီအမှုက အတိတ်က မတရားမှုတွေကို ဖြေရှင်းရေးနဲ့ပတ်သက်လို့ ထိုကျယ်ပြန့်တဲ့ လူထုကြား အငြင်းအခုံကို လှုံ့ဆော်စေနိုင်ပါတယ်။ ဘယ်လို(တရားစီရင်ရေး) ယန္တရားက ဆယ်စုနှစ်များစွာဖြစ်ခဲ့တဲ့ မတရားမှုတွေ၊ အပြစ်ဒဏ်က လွတ်ခဲ့မှုတွေကို အဆုံးသတ်ရေးမှာ အကောင်းဆုံးသင့်တော်တာ ဖြစ်မလဲဆိုတာကို လှုံ့ဆော်စေနိုင်ပါတယ်”ဟု ပြောသည်။

ပထမဆုံးသော မဖြစ်နိုင်သည့် ကိစ္စတစ်ရပ်ကိုမူ ABSDF သတ်ဖြတ်မှုများမှ အသက်ရှင်ကျန်ရစ်ခဲ့သူများက ပြုလုပ်ခဲ့ကြပြီးပါပြီ။ သို့သော် မြန်မာ (သို့မဟုတ်) အခြားနေရာတစ်ခုခုရှိ တရားရေးအဖွဲ့အစည်း တစ်ရပ်ရပ်က ၎င်းတို့အမှုကို ကိုင်တွယ်ဆောင်ရွက်လိုစိတ် ရှိသလားဆိုသည်မှာ ဆက်လက်ကြည့်ရှုရဦးမည်။ “အတိတ်က ချိုးဖောက်ခဲ့မှုတွေကို မသိကျိုးကျွံပြုခြင်းဟာ မတရားပြုခဲ့သူတွေကို စွပ်စွဲခံရမှုကင်းအောင်လုပ်တာ၊ အပြစ်မဲ့ခံစားခဲ့ရသူတွေနဲ့ သူတို့မိသားစုတွေအတွက် အမှန်တရားကို ငြင်းပယ်တာ၊ ပြီးတော့ အရပ်သားတွေအပေါ် ပြစ်ဒဏ်ခံစရာမလိုဘဲ အကြမ်းဖက်မှုကျူးလွန်ဖို့ သေနတ်ကိုင်ထားတဲ့ မျိုးဆက်သစ်တစ်ရပ်ကို အလားအလာရှိရှိ အားပေးအားမြှောက်ပြုတာပါပဲ။ မြန်မာ့လက်နက်ကိုင် တပ်ဖွဲ့တွေဟာ သင့်တင့်လျောက်ပတ်တဲ့ တရားရေးအရ စုံစမ်းစစ်ဆေးမှုတွေကို ရင်ဆိုင်ရတာ ရှားလှတယ်။ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေမှာလည်း အဲဒီလိုမရှိကြပါဘူး”ဟု သုတေသီမက်သီးဆင်က ပြောလိုက်ပါသည်။ 

-Ref : Myanmar : Old Atrocity, new implicationsby Bertil Lintner. Asia Times.(မူရင်းဆောင်းပါးရှင် ဘာတီးလ်လစ်တနာသည် ယခင်က Far Eastern Economic Review ၏ သတင်းထောက်ဟောင်းတစ်ဦးဖြစ်ပြီး မြန်မာ့အရေးစာအုပ်များစွာ ရေးသားခဲ့သည်။ ယင်းတွင် Aung Sann Suu Kyi and Burma's Struggle for Democracy (2011) နှင့် Burma in Revolt : Opium and Insurgency Since 1948 (၂၀၀၃)၊ Outrage Burma's Struggle for Democracy (၁၉၉၀)၊ The Rise and Fall of the Communist Party of Burma (၁၉၉၀)တို့ ပါဝင်သည်။ ၎င်းသည် လက်ရှိတွင် Asia Media Services ၏ ဆောင်းပါးရှင်တစ်ဦးဖြစ်သည်။)
ရက်စက်မှုအဟောင်း ဖော်ထုတ်မှုအသစ်များနှင့် မြန်မာ

ဘာတီးလ်လစ်တနာရေးသား၍ ကျော်မျိုးဘာသာပြန်ဆိုသည်

လွန်ခဲ့သည့် အနှစ်နှစ်ဆယ်ခန့်က လက်နက်ကိုင်တော်လှန်ရေး ကျောင်းသားအဖ
ွဲ့တစ်ခုက ကျူးလွန်ခဲ့သော သွေးထွက်သံယို ရက်စက်မှုတစ်ခုသည် မြန်မာနိုင်ငံအား ဆက်လက်ခြောက်လှန့်နေသည်။ ထိုအမှုမှာ နိုင်ငံ၏ ဒီမိုကရေစီရေးလှုပ်ရှားမှု အစိတ်အပိုင်းများ၊ ၎င်းတို့၏ နိုင်ငံရပ်ခြားမှ ထောက်ခံအားပေးသူများနှင့် ယခင်စစ်အစိုးရ၏ အဖွဲ့ဝင်ဟောင်းများဖြင့် ဖွဲ့စည်းထားသော အစိုးရသစ်တို့အတွက် ကျယ်ပြန့်သောအကျိုးဆက်များ ပေးစွမ်းနိုင်သည်။

No comments:

Post a Comment

mr.kyaingtun@gmail.com