ကမ္ဘာ့မီဒီယာတွေမှာ မထင်မှတ်တဲ့ အချိုးအကွေ့နဲ့ပြောင်းလဲနေတဲ့ မြန်မာပြည်လို့ မကြာ မကြာ ဖော်ပြနေပါတယ်။ နိုင် ငံအသီးသီးက အစိုးရတာဝန်ရှိသူတွေလည်း မကြာမကြာ လာနေသလို၊ နိုင်ငံအသီးသီးက စီးပွားရေးသမားတွေလည်း ချောင်းပေါက်မတတ် လာနေကြတာပါ။
နိုဝင်ဘာလ ၁၉ ရက်နေ့ကတော့ ကမ္ဘာ့စူပါ ပါဝါ ဖြစ်တဲ့ အမေရိကန်နိုင်ငံရဲ့ သမ္မတ အိုဘားမားအလည်လာပါတယ်။ အိုဘားမား မလာခင်ကလေးတင် အမေရိကန်က ပို့ကုန်ပိတ်ဆို့မှုကို ရုတ်သိမ်း လိုက်တဲ့ သတင်းတွေ ကမ္ဘာ့မီဒီယာတွေမှာ ပါ လာပြန်ပါတယ်။ အမေရိကန်က လုပ်ငန်းရှင်တွေလည်း မြန်မာပြည်က လုပ်ငန်းရှင်တွေ နဲ့ အတူတူတွဲပြီး လုပ်ငန်းတွေ လုပ်ဖို့ တာစူနေကြပါပြီ။ အိုဘားမား လာတဲ့အတွက် ခရိုနီတွေပျော်ပါ တယ်။
အမေရိကန် လုပ်ငန်းရှင်တွေနဲ့ အတူတူတွဲပြီး အလုပ်လုပ်နိုင်တဲ့ ဗမာစီးပွားရေးလုပ်ငန်းရှင်ဆိုတာ လူ ၂ဝဝ မပြည့်ပါဘူး။ အဲဒီ့လူတွေအကုန်လုံးဟာ စစ်အစိုးရလက်ထက်က ဗိုလ်ချုပ်ကြီးတွေနဲ့ ပနံသင့်ခဲ့ကြသူတွေ ပါပဲ။ တနည်း အားဖြင့်ပြောရရင်တော့ ခရိုနီဆိုသူတွေပဲ ရှိတာပါ။ အီလစ်တွေကတော့ အိုဘားမားကို မျှော်ကြပါတယ်။ အိုဘားမားလာ ရင် ပါလာမယ့် NGO လုပ်ငန်းတွေကို အမိအရ ဖမ်းဆုပ်ဖို့ သူတို့လည်း မျှော်နေကြတာပါ။ နိုင်ငံရေးသမားတွေက သတိ နဲ့ ကြိုပါတယ်။ လက်လှုပ်မှ ပါးစပ်လှုပ်ရတဲ့ လူတန်းစားကတော့ မျှော်လည်းမမျှော်သလို၊ ပျော်လည်း မပျော်ပါဘူး။ သိ တောင်မှ မသိလိုက်တဲ့လူတွေလည်း ဒုနဲ့ဒေးပါ။
သူတို့တွေလိုချင်တာက လက်လှုပ်သလောက် ပါးစပ်လှုပ်ခွင့်ပဲ ရချင်တာပါ။ ဝင်ငွေနဲ့ထွက်ငွေမျှတရင် အသက်ရှုချောင် တာပေါ့လို့ အိမ်ရှင်မတွေက ပြောကြပါတယ်။ ဂျာနယ်တစောင်ရဲ့တန်ဘိုး က အနိမ့်ဆုံး ၅ဝဝ ကျပ်ဆိုတော့ ဆင်းရဲသား တွေအတွက် ငပိနဲ့ တို့စရာဝယ်လို့ရတာကြောင့် ဂျာနယ်လည်း ဝယ်မဖတ်ဖြစ်ပါဘူးတဲ့။ ဂျာနယ်ဖတ်ရင် ဝင်ငွေလည်း မတိုးပါဘူး။ ဂျာနယ် မဖတ်ရင်လည်း ထမင်းမငတ်ပါဘူးလို့ သူတို့တွေ ယူဆထားတာပါ။ တအိမ်လုံးရှိရှိသမျှလူတွေ အ လုပ် လုပ်နေတာတောင်မှ ထမင်းဝအောင်မစားနိုင်သူတွေက ရန်ကုန်မြို့မှာ အများသား။
အခုလောလောဆယ်ဆယ် မြန်မာပြည်ရဲ့ အသံအထွက်ဆုံးပြဿနာက လက်ပန်တောင်းတောင်ပါ။ လက်ပံတောင်း တောင်ကိစ္စမှာ ပထမပိုင်းတုန်းက ခပ်ကြမ်းကြမ်း လုပ်ပြချင်တဲ့ ပုံစံမျိုးတွေချိုးခဲ့ပါတယ်။ ဖမ်းတဲ့ လူတွေကို ဖမ်းပြီး ခြောက်ကြည့် လိုက်ပါတယ်။ ဒေသခံတွေ အရှိန်ရပ်မသွားတဲ့အပြင် အခြားဒေသက လူတွေပါ ဝိုင်းရံလိုက်တော့ ဖမ်း ထားတဲ့ လူတွေကို ပြန်လွတ်ပေးလိုက်ပါတယ်။ ဒေသခံတွေ လိုချင်တာက ဖမ်းထားတဲ့ လူတွေကိုပြန်လွတ်တာ တခုထဲမှ မဟုတ်တာကိုး။
ဒီတော့ တောင်းပွဲတိုက်ပွဲတွေ ပြန်ဖြစ်လာပါတယ်။ ဒေသခံတွေရဲ့ ဆန္ဒက စီမံကိန်းလုံးဝ ရပ်ဆိုင်းလိုက် ရေးပါ။
ဒါပေမဲ့ အစိုးရပိုင်းက ဘာမှ အရေးတယူ မလုပ်တော့ နောက်ဆုံးတိုက်ပွဲအဖြစ် စီမံကိန်းမရပ်မချင်း သပိတ်စခန်းတွေ ဖွင့်ပြီး တိုက်ပွဲဝင်ကြပါတယ်။ အနယ်နယ်အရပ်ရပ်က လူတွေလည်း ပူးပေါင်းပါဝင်လာခဲ့ပါတယ်။ လွတ်တော်မှာ အရေး ပေါ် အဆိုတင်သွင်းတာမျိုးဖြစ်လာတော့မှ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က စပြီး ရှင်းလင်းပါတယ်။
အဲဒီ့ရှင်းလင်းချက်မှာ ပြောစရာ အတော်များများ ပါလာပါတယ်။ ဦးပိုင်ဆိုတာ အငြိမ်းစားစစ်သည်တော်တွေ၊ တိုင်းပြည် အတွက် အသက်၊ ခန္ဓာစွန့်လှူခဲ့သူတွေ၊ ယခု လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ စစ်သည်တော်တွေရဲ့ငွေနဲ့ တည်ထောင် ခဲ့တာပါ။ ဦးပိုင်ဟာ အဲဒီ့စစ်သည်တော်တွေကို ရှာကျွေးနေတဲ့ အဖွဲ့အစည်းလို့ အဓိပ္ပါယ်မျိုးပြောဆိုခဲ့ပါတယ်။
ဒါဆိုရင် စစ်သည်တော်တွေကောင်းစားဖို့ တိုင်းပြည်မှာရှိနေတဲ့ သယံဇာတတွေ၊ သဘာဝပတ်ဝန်းကျင်တွေကို စွန့်လွှတ်ရမယ် ဆိုရင် တရားမျှတမှု ရှိပါ့မလားဆိုတာကို တိုင်းပြည်ကိုအုပ်ချုပ်နေတဲ့ လူတွေမစဉ်းစားတာ ရှက်စရာကောင်းလှပါတယ်။ အမှန်တကယ် ဖြစ်သင့်တာက တိုင်းပြည်ကောင်းစားဖို့ စစ်သည်တော်တွေက အနစ်နာခံရမှာပါ။ တိုင်းပြည်က စစ်သည် တော်တွေအတွက် အနစ်နာခံစရာမလိုပါဘူး။ ဒီစီမံကိန်းကို ရပ်ဆိုင်းလိုက်ရင် တလကို ဒေါ်လာ ၂ သန်း ဆုံးရှုံးမယ်တဲ့။ ဒါဆိုရင် ဦးပိုင်က နိုင်ငံတော်ကို အခွန်ဘယ်လောက်ဆောင်ပါသလဲ။ ဒါလည်း ပြည်သူလူထုကို ချပြမသွားခဲ့ပါဘူး။
ဗိုလ်ချုပ်နေဝင်း၊ ဗိုလ်ချုပ်ခင်ညွန့်နဲ့ ဗိုလ်ချုပ်သန်းရွှေ ဘယ်သူ့လက်ထက်မှာမှ ပြည်သူကို ပွင့်ပွင့်လင်းလင်း ချပြတာ မ ကြားရဘူးပါဘူး။
ဝန်ကြီးဦးအောင်မင်းက သူတို့ တရုတ်တွေကို ကြောက်ရပါတယ်။ တရုတ်တွေရဲ့ ကျေးဇူးတရား စောင့်သိပါလို့ ပြောသံ ကြားရတော့ ဆရာကောင်းဆက်နိုင်ရဲ့ အံသြလွန်းလို့ သေတော့မယ်ဆိုတဲ့ ဆောင်းပါးခေါင်းစဉ်လေးကို ထပ်ပြန်တလဲလဲ သတိရနေမိပါတယ်။
ဗိုလ်နေဝင်းလို့ပြောလိုက်ရင် သူပြောခဲသမျှထဲမှာ လူတွေပြေးသတိရမိတာက “သေနတ်ဆိုတာ မိုးပေါ်ထောင်မပစ်ဘူး။ တည့်တည့်ပဲ ပစ်တယ်” ဆိုတဲ့ စကားပါ။ အခုလည်း ဦးအောင်မင်းလို့ပြောလိုက်ရင် “ကျနော်တို့ ငတ်နေတုန်း တရုတ်က ကျွေးထားတာ၊ တရုတ်ရဲ့ ကျေးဇူးကို စောင့်သိရမယ်” ဆိုတဲ့ စကားပဲ ဖြစ်ပါလိမ့်မယ်။ အဲဒီ့အ ချက်ကလည်း မပြောင်းလဲတဲ့ အချက်ပါပဲ။
နိုဝင်ဘာ ၂၉ ရက်မနက် ၃ နာရီလောက်မှာတော့ တော်တော်ဆိုးရွားတဲ့ ပုံစံနဲ့ ဆန္ဒပြနေသူတွေကို အကြမ်းဖက်နှိမ်နှင်း လိုက်ပါတယ်။ မီးလောင်ဗုံးတွေသုံးတယ်။ ဓာတုဗုံးတွေ သုံးတယ်။ မီးလောင် ဒဏ်ရာရသူတွေရဲ့ အသားဟာ အက်ကွဲ သွားတယ်။ ချိုင့်ဝင်သွားတယ်။ အဲဒီ့ဗုံးတွေက မိုးပေါ်ကို ပစ်လိုက်ရင် မီးခိုးတွေပဲထွက်ပြီး ကောင်းကင်ပေါ်ရောက်တာနဲ့ မီးပန်းတွေ ဖြစ်သွားတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ ဘုန်းကြီး ၂၇ ပါးကို ဆေးရုံတင်ထားရပြီး၊ အဲဒီ့ ထဲက ၁ဝ ပါးလောက်ဟာ စိုးရိမ်ရတဲ့အခြေအနေ ရှိနေပါတယ်။ မီးလောင်ဒဏ်ရာရတဲ့ လူတွေကို အရေးပေါ် ဆေးရုံမ တင်နိုင်အောင်လို့ ရွာလမ်းတွေအားလုံးကို ပိတ်ဆို့ထားပြီး ပြည်သူတွေကို ရန်သူတွေလို သဘောထားပြီး အသေသတ် နေတဲ့ အနေအထားရှိနေပါတယ်။ ဒါတွေအားလုံးဟာ အခုအစိုးရ၊ အရင်အစိုးရ ဘာတွေများထူးသွားသလဲဆိုတာ သိ သာစေပါတယ်။
အလုပ်ရှင်နဲ့ အလုပ်သမားတွေ ကြားက မကျေနပ်မှုတွေကို ဖြေရှင်းဖို့ ခုံသမာဓိ အဖွဲ့တွေကို ဖွဲ့စည်းပါတယ်။ အဲဒီ့အဖွဲ့မှာ အလုပ်ရှင်ကိုယ်စားလှယ်၊ အလုပ်သမားကိုယ်စားလှယ်နဲ့ အစိုးရအရာရှိတွေ ပါဝင်ပါတယ်။ ဒါပေမဲ့ အလုပ်သမား သမဂ္ဂ တွေ မရှိတော့ အလုပ်ရှင်တွေသဘောကျတဲ့ အလုပ်သမားတွေကိုပဲ ကိုယ်စားလှယ်အဖြစ် ရွေးချယ်ပါတယ်။
ဒါကြောင့် လည်း အလုပ်ရှင်နဲ့ အစိုးရအရာရှိတွေကပဲ လွှမ်းမိုးနေလို့ အလုပ်သမားကိုယ်စားလှယ်ဟာ ဘာမှ ပြောခွင့်ဆိုခွင့် မရှိဘူး လို့ ခုံသမာဓိအဖွဲ့နဲ့ ပြဿနာဖြေရှင်းခဲ့တဲ့ အလုပ်သမားတွေကတော့ ပြောပါတယ်။ ခုံသမာဓိအဖွဲ့ရဲ့ ဆုံးဖြတ်ချက်က လည်း ဘက်လိုက်မှုတွေများတယ်လို့ ဆက်ပြောပါတယ်။ မြန်မာပြည်မှာ တောက်လျောက် အလုပ်သမားနဲ့ အလုပ်ရှင် ကြား မျှတမှုမရှိခဲ့ပါဘူး။ အလုပ်သမားတွေဟာ အမြဲတမ်း ခေါင်းပုံဖြတ်ခံနေခဲ့ရပါတယ်။
မြန်မာပြည်မှ ပုဂ္ဂလိကပိုင် ကုမ္ပဏီ ၃ဝ၆ဝ၆ ခုရှိပါတယ်။ အဲဒီ့ ကုမ္ပဏီတွေဟာ အများပြည်သူတွေမရတဲ့ အခွင့်အလန်း တွေရပြီး ချမ်းသာကြွယ်ဝနေကြတာပါ။ ကုမ္ပဏီတော်တော်များများကို ခရိုနီတွေပိုင်ဆိုင်ကြပြီး သစ်လုပ်ငန်း အပါအဝင် အကျိုးအမြတ် သေချာပေါက်ရမယ့် လုပ်ငန်းတွေကို လုပ်ဆောင်နေကြတာပါ။ အဲဒီ့ ကုမ္ပဏီတွေထဲကမှ အခွန်ထမ်း ဆောင်တဲ့ ကုမ္ပဏီဟာ ၁၅၄ဝ၈ ခုပဲ ရှိပါတယ်။ အဲဒီ့ ကုမ္ပဏီတွေထဲကမှ အမြတ်ခွန်ကို မှန်မှန်ကန်ကန်ပေးဆောင်တဲ့ ကုမ္ပဏီဟာ ၂၂ဝဝ ကျော်ပဲ ရှိတယ်လို့ Weekly Eleven ဂျာနယ်မှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာ ကုမ္ပဏီထောင် နိုင်သူတွေဟာ စစ်ဗိုလ်ချုပ်တွေရဲ့ ဆွေမျိုးသားချင်းတွေနဲ့၊ စစ်ဗိုလ်ချုပ်တွေနဲ့ ပတ်သက်တဲ့ လူတွေပဲ ရှိတာပါ။
မြန်မာနိုင်ငံဟာ အကျင့်ပျက်ချစားမှု အဆိုးရွားဆုံး အဆင့်မှာ နံပါတ် ၃ ချိတ်ပါတယ်။ ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာရေးနှစ်အ တွက် ဝန်ကြီးဌာန (၁၅) ခုက မြန်မာကျပ်ငွေ ၅၈ ဘီလျှံကျော်နှင့် အမေရိကန်ဒေါ်လာ ၂ သိန်း ၃ သောင်းကျော်ကို အ လွှဲသုံးစားပြုထားပါတယ်။ အစိုးရက အဲဒီ့ငွေတွေကို ပြန်ပေးလျှော်ရမယ်လို့ ကြေညာခဲ့ပေမယ့် တကယ်လို့ ပြန်လည် ပေးလျှော်ခြင်းမရှိရင် ဘယ်လို အပြစ်ပေးအရေးယူမယ်ဆိုတာကို မဖော်ပြထားပါဘူး။ ဒီလိုကိစ္စတွေက ပြန်လျှော်ပေး ရုံနဲ့တင်ပြီး ရောလား။ ပြစ်မှု ပြစ်ဒဏ် မထိုက်သင့်ဘူးလား။
စစ်တပ်က အကြီးတန်းအရာရှိတွေ အရမ်းချမ်းသာနေကြပါတယ်။ သူတို့ရဲ့ ဆွေမျိုးသားချင်းတွေလည်း အမှန်တကယ် အမြတ်ရမည့် လုပ်ငန်းတွေ လုပ်ကိုင်ခွင့်ရနေတယ်။ အရင်တုန်းကလည်း ဒီအတိုင်းပဲ။အခုလည်း ဒီအတိုင်းပဲ။
မီဒီယာတွေဟာ ဒီမိုကရေစီနိုင်ငံအတွက် အရေးကြီးပါတယ်လို့ပြောပြီး ပုဂ္ဂလိကတွေကို ဒီနှစ်ကုန်ရင် သတင်းစာ ထုတ် ခွင့်ပေးမယ်လို့ ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်က ပြောခဲ့ပါတယ်။ အခုတော့လည်း ၂ဝ၁၃ ခုနှစ် သြဂုတ်လရောက် ရင် အစိုးရပိုင် ကြေးမုံနဲ့ မြန်မာ့အလင်းကို အများပြည်သူအတွက် ဝန်ဆောင်မှုပေးတဲ့ သတင်းစာအဖြစ်ပြောင်းမယ်လို့ ဆိုပြန်ပါတယ်။ အစိုးရအနေနဲ့ ၁၉၆၂ ခုနှစ်ကစလို့ ပုဂ္ဂလိက သတင်းစာတိုက်တွေကို ပြည်သူပိုင်သိမ်းပြီး အစိုးရသတင်း စာအနေနဲ့ ဝါဒဖြန့်ချိခဲ့တာ အခုဆိုရင် နှစ်ပေါင်း ၅ဝ ကျော်ခဲ့ပါပြီ။ အရင်ကလည်းဒီလိုပဲ၊ အခုလည်း ဒီလိုပါပဲ။
နိုင်ငံတကာကတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအပြောင်းအလဲဟာ မထင်မှတ်ရလောက်အောင်ဆိုတဲ့ စကားလုံးတွေသုံးပြီး အကြီးအကျယ်ကြီး အော်နေပေမဲ့ ကျမကတော့ ဤသို့၊ ဤပုံ ပြောင်းလဲသွားတဲ့ အကြောင်း ပြောပြချင်ပါတယ်။
ချမ်းမြေ့ခင်
November 29, 2012
နေ့သစ်
http://www.naytthit.net/?p=31674
No comments:
Post a Comment
mr.kyaingtun@gmail.com