...တရား မျှတ ရဲ့လား
by May Thingyan Hein on Wednesday, December 12, 2012 at 11:12pm ·
လက်ရှိရန်ကုန်
တိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊
စစ်ကိုင်းတိုင်းဒေသကြီး စတဲ့ ဒေသတွေမှာ သံဃာတွနဲ့ ပြည်သူအချို့
ဆန္ဒထုတ်ဖော်နေကြတယ်။
သူတို့ရဲ့ အသံတွေ ကျယ်ကျယ်လောင်လောင် ထွက်လာပါတယ်။ သူတို့တွေက လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ရေး အတွက် ဆန္ဒပြသူတွေကို အကြမ်းဖက် ဖြိုခွင်းခဲ့တဲ့အတွက် ဒဏ်ရာရ သံဃာတွေနဲ့ပြည်သူတွေအပေါ် အစိုးရအနေနဲ့ တာဝန်ယူမှု မရှိတဲ့အတွက် ဆန္ဒဖော်ထုတ်နေကြတာ ဖြစ်တယ်။
ဒီအသံတွေကို အစိုးရကလည်း ဂရုမစိုက်ဘူး။ ပြည်သူတွေ အားကိုးနေတဲ့ သူတွေကလည်း ဂရုမစိုက်ဘူး၊ လွှတ်တော်ထဲက လူကြီးမင်းတွေကလည်း ဂရုမစိုက်ဘူး။
ဒါ့အပြင် ခုလို ဆန္ဒထုတ်ဖော်နေတဲ့ သူတွေကိုတောင်မှ မနေနိုင် မထိုင်နိုင် လမ်းပေါ် ထွက်လာတဲ့ သူတွေအဖြစ် ရှုံ့ချနေကြတာလည်း ရှိသေးတယ်။ ကိုယ်မလုပ်ချင်ရင်မလုပ်နဲ့ပေါ့ သူများရဲ့ လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကိုတော့ လေးစားပေးသင့်တယ်။
ဒီလို ဆန္ဒဖော်ထုတ်ရင် ပဲ နောက်ကြောင်းပြန်လှည့်မလိုလိုပြောဆိုပြီး လူတွေကို မပြောရဲ့ မဆိုရဲ ကိုယ့် ဆန္ဒကိုယ် မပြောရဲတဲ့ ဘ၀မျိုးရောက်အောင် တွန်းပို့နေကြသေးတယ်။
ပြည်သူ့မဲတွေ ရခဲ့တဲ့သူတွေက အစိုးရနဲ့ ရန်မဖြစ်ချင်တော့ဘူး၊ အစိုးရနဲ့ အဆင်ပြေဖို့က
ပြည်သူ့ ဆန္ဒနဲ့ ပြည်သူ့ အသံထက် ပိုအရေးကြီးတယ်လို့ မြင်လာပြီလား ဆိုတာ ကျမ အတွက် စဉ်းစားစရာဖြစ်လာတယ်။
လွှတ်တော်နဲ့ ခုံရုံး ကိစ္စတုန်းက လွှတ်တော်အမတ်မင်းတွေက ခုံရုံးက လူတွေကို နှုတ်ထွက်ခိုင်းဖို့ ဖိအားပေးခဲ့ကြတယ်။ သပိတ်စခန်းတွေကို မီးလောင်စေပြီး သံဃာတွေနဲ့ ဆန္ဒပြသူတွေကို မိးလောင်ဒဏ်ရာ ရစေတဲ့ အကြမ်းဖက်နည်းနဲ့ ဖြိုခွင်းခဲ့တဲ့ သူတွေကိုတော့ နှုတ်ထွက်ခိုင်း ဖို့ ဖိအားပေးဖို့ မေ့လျော့နေကြသလား၊
ဒီ အကြမ်းဖက်ဖြိုခွင်းမှု အတွက် တာဝန်ရှိသူကလည်း အခြားနိုင်ငံက တာဝန်ရှိသူတွေလို လူကြီး လူကောင်းဆန်စွာနဲ့ နှုတ်ထွက်စာတင်ဖို့ မသိချင်ယောင်ဆောင်နေတာလား။ တောင်းပန်ဖို့ တွန့်ဆုတ်တယ်ဆိုတာကို ကြည့်ရင် တောင်းပန်တယ်ဆိုတာကို ယဉ်ကျေးသူတွေမှ လုပ်တတ်တယ်ဆိုတဲ့ စကားက မှန်နေပြီပဲ။.
ဒါ့အပြင် ကျမတို့ရဲ့ပြည်သူ့ လွှတ်တော်ထဲက အမတ်မင်းတွေကတော့ ကြေးနီတောင် စီမံကိန်းကို မရပ်တန့်သင့်ဘူးလို့တောင် ဆုံးဖြတ်ခဲ့ကြတယ်၊
ဘာကြောင့်လဲဆိုတော့ သယံဇာတတွေ ကို ဆက်လျက် ရောင်းစားဖို့ သယံဇာတတွေ ရောင်းစားမှ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မယ်ဆိုတဲ့ အမြင် သဘောထားရှိကြတယ်။
နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု တွေ ၀င်လာဖို့အတွက် ကျမတို့ရဲ့ သဘာဝပတ်ဝန်းကျင်နဲ့ပြည်သူတွေကို ရင်းမယ်ဆိုတဲ့ သဘော သက်ရောက်နေတယ်။
သယံဇာတ ရောင်းစားမှ တိုင်းပြည်ချမ်းသာ မယ်ဆိုတဲ့ အတွေးအခေါ်ကိုတော့ ၁၈ ရာစု၊ ၁၉ ရာစုက အတွေးအခေါ်မျိုးပဲလို့ ဝေဖန်ချင်တယ်။
စင်ကာပူ နိုင်ငံ မှာ ဘာ သယံဇာတမှ မရှိဘူး၊ လူတွေရဲ့ အားနဲ့ တိုးတက်လာတာ။
ကျောက်တောင်တွေပြောများလှတဲ့ ဂျပန်နိုင်ငံက သူတို့ လိုအပ်တဲ့ ကျောက်တွေကို သူများ နိုင်ငံက ၀ယ်ယူ တင်သွင်းကြတယ်။
တောင်ကိုရီးယားမှာရော ဘာ သယံဇာတရှိသလဲ။သူတို့ အားထုတ်မှု ရုန်းကန်မှု နဲ့ သူတို့ တိုးတက်လာကြတယ်။
သယံဇာတတွေ ထုတ်ရောင်းမိလို့ တိုင်းပြည်တပြည်လုံး ရေမြှုပ်နေတဲ့ ထိုင်းနိုင်ငံရဲ့ ဖွံ့ဖြိုး တိုးတက်မှု ရဲ့ သင်ခန်းစာကို ကြည့်ပါ၊ မိုးရွာတိုင်း ရေမြှုပ်လို့ ကယ်ဆယ်ရေးနဲ့ ပြန်လည် တည်ဆောက်ရေး လုပ်ငန်းတွေမှာ သုံးရတဲ့ ကုန်ကျစရိတ်တွေနဲ့ သူတို့ရခဲ့တဲ့ အကျိုးအမြတ် ကာမိရဲ့လား။ လက်ရှိ သယံဇာတရှိတယ် ဆိုတဲ့ တိုင်းပြည်တွေ ဆင်းရဲစုတ်ပြတ်ပြီး ဘာသယံဇာတမှ မရှိတဲ့ တိုင်းပြည်တွေက ထိပ်ဆုံးရောက်နေကြတာပါ။
သယံဇာတပေါ်မှာ ရောင်းစားပြီးမှ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မယ်ဆိုတဲ့ အယူအဆကိုတော့ ကျမ စိတ်ပျက်ရပါတယ်။
သစ်ပင် တပင်ခုတ်ရင် မြေဆီလွှာနဲ့ ရေကိုထိမ်းတယ်။ သစ်ပင် ခုတ်လိုက်ခြင်းအားဖြင့် အပူချိန်မြင့်တက်လာတယ်။ နိုက်ထရိုဂျင်နဲ့ ကာဗွန်မိုနောက်ဆိုဒ်ထုတ်လွင့်မှုကို များစေတယ်။ မိုးရေ တိုက်စားတဲ့ အတွက် မြေဆီလွှာ ဆုံးရှုံးတယ်။ ပြီးတော့ မြေအောက်ရေ ပမာဏ လျော့နည်းတယ်။ ဒီ သစ်ပင်ကို ခုတ်ပြီး ကုန်ကြမ်းအဖြစ်ရောင်းတုန်းက ဒီကောင်းကျိုးတွေ ဆုံးရှုံးသွားတဲ့ စရိတ်တွေကို ထည့်သွင်း မစဉ်းစားဘူး။ မြတ်ပြီ ဆိုပြီးတော့ ရောင်းစားကြတယ်။
ဒီဆိုးကျိုးတွေ စုလာပြီးတော့ နှစ်ကြာတဲ့ အခါမှာ အပူလွန်ကဲမှု၊ မုန်တိုင်း ကျရောက်မှု၊ မိုးသီးထန်စွာ ရွာပြီး တောင်ပြိုမှု စတဲ့ သဘာဝ ဘေး အန္တရာယ် ပေါ်လာတဲ့ အခါမှာ ဒီထည့်မတွက်မိတဲ့ တန်ဖိုးတွေကို ပမာဏ ကြီးစွာ ပေးဆပ်ရတော့တာပါပဲ။
ဒီပစ္စည်းတွေ ထုတ်လုပ်တုန်းက စံစားသွားတာက လူတစု ဖြစ်ပေမဲ့ ။ဒီဆိုးကျိုးတွေကို ခံစားရတာက ပြည်သူလူထု အများပဲဖြစ်တယ်။ Hidden Cost တွေရဲ့ အကြောင်းကို တွေးမိကြစေချင်တယ်။
ကျမတို့ ပြည်သူတွေရဲ့ အသံကို မသိချင်ယောင်ဆောင်နေတဲ့ အစိုးရမျိုးကို မလိုချင်သလို၊ ပြောစကား နားထောင်ရမယ် ဆိုတဲ့ အစိုးရမျိုးကိုလည်း မလိုလားချင်ပါဘူး။
ပြည်သူ့အကျိုး စီးပွားကို အမှန်တကယ် ကာကွယ်ပေးမဲ့ အစိုးရမျိုးကိုပဲ ကျမတို့ လိုချင်ပါတယ်။ ပြည်သူတွေရဲ့ အသံတွေကို နားထောင်ပေးကြပါ။
မိတ်ဆွေများအားလုံးကို လေးစားခင်မင် လျက်ပါ။
မေသင်္ကြန်ဟိန်

No comments:
Post a Comment
mr.kyaingtun@gmail.com