စိတ်တံတိုင်းများ
by Ye Htut on Sunday, December 9, 2012 at 9:45am ·
ပြီးခဲ့သည့်
ဒီဇင်ဘာ ၈ ရက်နေ့က လုပ်ငန်းတာဝန်ဖြင့် ဂျာမနီနိုင်ငံ ဘာလင်မြို့တော်သို့
ရောက်ရှိခဲ့သည်။ စစ်အေး ကာလ တစ်လျှောက်လုံး ထင်ရှားခဲ့သည့် မြို့တော်၊
ဒီမြို့တော်နဲ့ပတ်သက်ပြီး ကျွန်တော် အမြဲသတိရနေသည့်နေရာတစ်ခုရှိသည်။
ဒါကတော့ ဘာလင်တံတိုင်းပဲဖြစ်သည်။
ကွန်ကရစ်တွေနဲ့ ကာရံထားပြီး သံဆူးကြိုးတွေ၊ အစောင့်မျှော်စင်တွေနဲ့ စောင့်ကြပ်ထားသည့် ထိုတံတိုင်းကြီးကို အရှေ့ ဘာလင်က ပြည်သူတွေ အနောက်ဘာလင်ဘက်ကို ထွက်မပြေးနိုင်အောင် တားဆီးရန်အတွက် ၁၉၆၂ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့မှ စပြီးတည်ဆောက်ခဲ့ခြင်းဖြစ်သည်။ စစ်အေးကာလတစ်လျှောက်လုံးမှာ ဒီတံတိုင်းကြီးနှင့် အရှေ့ဂျာမနီနဲ့ အနောက်ဂျာမနီနယ်စပ်တစ်လျှောက် တည် ဆောက်ထားတဲ့ သံဆူးကြိုးတွေ၊ မိုင်းကွင်းတွေ၊ တင့်ကားအတားအဆီးတွေပါ ၀င်သည့် Inner German border (IGB) သည် ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့ အနောက် ဥရောပနဲ့ ကွန်မြူနစ် တစ်ပါတီ စနစ်ကျင့်သုံးတဲ့ အရှေ့ဥရောပကြား ဘယ်လောက်ကွာခြားတယ်ဆိုတာ သက်သေပြနေသည့် သင်္ကေတတစ်ခုအဖြစ် ရှိ နေခဲ့သည်။
တံတိုင်းကြီးစတည်ဆောက်ချိန်မှာ အနောက်ဘာလင်မြို့တော်ဝန်ဖြစ်နေပြီး နောင်မှာ အနောက်ဂျာမနီဝန်ကြီးချုပ် ဖြစ်လာတဲ့ ၀ီလီဘရန့်က ဒီတံတိုင်းဟာ လွတ်လပ်မှုကို ဟန့်တားတဲ့ ရှက်စရာ တံတိုင်းကြီးလို့ ကင်ပွန်းတပ်ခဲ့သည်။ အမေရိကန်သမ္မတကနေဒီကတော့ ၁၉၆၃ ခုနှစ် ဇွန် ၂၆ ရက်နေ့မှာ ဘာလင်တံတိုင်းကိုနောက်ခံထားပြီး ဒီမိုကရေစီနဲ့ ကွန်မြူနစ်စနစ်ဘာကွာခြားလဲဆိုတာ သိချင်ရင် ဘာလင်ကို လာကြည့်ပါ ××× လွတ်လပ်မှုမှာ ပြဿနာအများကြီးရှိ တယ်၊ ဒီမိုကရေစီဟာ ပြီးပြည့်စုံတဲ့စနစ်မဟုတ်ဘူး။ ဒါပေမယ့် ကျွန်တော်တို့က ကိုယ့်နိုင်ငံသားတွေကို နိုင်ငံကထွက်သွား မှာစိုးရိမ်လို့ တံတိုင်းခတ်ပြီးထိန်းသိမ်းထားတဲ့စနစ်မျိုးတော့ မကျင့်သုံးဘူး ဟု ဆိုခဲ့သည်။ ဒီမိန့်ခွန်းကလည်း ဘာလင် တံတိုင်းနဲ့ပတ်သက်ပြီးနံမည်ကျော်မိန့်ခွန်းဖြစ်သွားခဲ့သည်။
နောက်ထပ် ဘာလင်တံတိုင်းနဲ့ ပတ်သက်ပြီး နံမည်ကျော်မိန့်ခွန်းပြောခဲ့သူကတော့ အမေရိကန်သမ္မတ ရေဂင်ဖြစ် သည်။ ၁၉၈၇ ခုနှစ် ဇွန်လ ၁၂ ရက်နေ့တွင် ဘာလင်မြို့တော် နှစ် ၇၅၀ ပြည့်အထိမ်းအမှတ်အဖြစ် ရေဂင်မိန့်ခွန်းပြောခွင့်ရသည်။ ထိုအချိန်တွင် ဆိုဗီယက်ခေါင်းဆောင် ဂိုဘာချော့ဗ် ကလည်း ဆိုဗီယက်ပြည်ထောင်စုတွင် ပွင့်လင်းရေးခေါင်းစဉ်ဖြင့် ပြုပြင် ပြောင်းလဲရေးတွေစတင်လုပ်ဆောင်နေသည့်အချိန်ဖြစ်သည်။ သမ္မတရေဂင်က ကျွန်တော်တို့က ပြုပြင်ပြောင်းလဲမှုတွေ နဲ့ ပွင့်လင်းလာမှုတွေကို ကြိုဆိုတယ်။ ×× ဆိုဗီယက်တွေက ငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးကိုလိုလားတယ်၊ အဲဒီအတွက် တကယ်လုပ်ဆောင်နေတယ်ဆိုရင် အကောင်းဆုံးသက်သေပြလို့ရတဲ့အလုပ်ရှိတယ်။ သမ္မတ ဂိုဘာချော့ဗ် -- ခင်ဗျား ဟာ ငြိမ်းချမ်းရေးကို တကယ်လိုလားတယ်၊ ဆိုဗီယက်နဲ့ အရှေ့ဥရောပချမ်းသာကြွယ်ဝတာကို တကယ်မြင်ချင်တယ် ဆိုရင် ဒီကိုလာခဲ့ပါ။ ဟောဒီတံတိုင်းကြီးကို ဖြိုချလိုက်ပါ၊ ပိတ်ထားတဲ့ဂိတ်တံခါးတွေကို ဖွင့်ပေးလိုက်ပါ ဟု တောင်းဆိုခဲ့သည်။
သမ္မတရေဂင် မိန့်ခွန်းအပြီး နှစ်နှစ်ကျော် ၁၉၈၉ ခုနှစ် နိုဝင်ဘာ ၉ ရက်နေ့တွင်မူ အရှေ့ဥရောပတစ်ခွင်ပေါ်ပေါက်နေ သည့် ဒီမိုကရေစီလှုပ်ရှားမှုများ၏ အကျိုးဆက်အဖြစ် ဘာလင်တံတိုင်းတလျှောက် ပိတ်ဆို့ထားသော ဂိတ်တံခါးတွေ ပွင့် သွားသည်။နောက်တစ်နှစ်ကြာတော့ ဂျာမနီနှစ်နိုင်ငံပူးပေါင်းရေးပေါ်ပေါက်ခဲ့ပြီး တံတိုင်းကြီးကို လုံးဝဖယ်ရှားလိုက်တော့ သည်။
တံတိုင်းကြီးပြိုကျခဲ့ပြီးနောက် ၂၃ နှစ်အကြာမှာ တံတိုင်းကြီးရှိခဲ့သည်ဆိုသည့်နေရာကို ကျွန်တော်ရောက်နေသည်။ နှင်း တွေက လက်နဲ့ဆုပ်ပြီးပက်လိုက်သလို တစ်ဖွဲဖွဲကျနေသည်။ ဒီအအေးဒဏ်မျိုးနဲ့မကြုံဘူးသည့် ကျွန်တော့်အဖွဲ့ဝင်တွေက တော့ လေကွယ် နှင်းကွယ်နေရာသို့ ထွက်သွားကြပြီ။ အရင်က တံတိုင်းကြီးရှိသည်ဆိုသည့်နေရာက လမ်းမကျယ်ကြီးဖြစ် နေပြီ။ လမ်းတဖက်က ခြံစည်းရိုးလေးမှာ လက်ဝါးကပ်တိုင်ပုံ သံပြားလေးတွေချိတ်ထားပြီး ရက်စွဲတွေထိုးထားသည်။ ဒါတွေ က ဒီနေရာကနေ ဘာလင်တံတိုင်းကို ဖြတ်ကျော်ပြီး လွတ်လပ်မှုကိုရှာဖွေဖို့ ကြိုးစားရင် အရှေ့ဂျာမနီနယ်ခြားစောင့် တပ် တွေရဲ့ပစ်ခတ်မှုကြောင့်သေဆုံးခဲ့သူတွေအတွက် အထိမ်း အမှတ်တွေဖြစ်သည်။ တံတိုင်းကြီးဆောက်ထားချိန်မှ ကျော်ဖြတ်ဖို့ ကျော်ဖြတ်ဖို့ ကြိုးစားရင် သေဆုံးသူပေါင်း နှစ်ရာကျော်ရှိသည်ဟုဆိုသည်။ နောက်ဆုံးသေဆုံးသူက ၁၉၈၉ ခုနှစ် သြဂုတ်လ မှာ သေဆုံးခဲ့သည့် အသက် ၂၅ နှစ်အရွယ်လူငယ်လေးဖြစ်သည်။ ကျွန်တော့်ရှေ့က ခြံစည်းရိုးမှာ သူ့အထိမ်းအမှတ် လက်ဝါးကပ်ပုံ သံပြား လေးချိတ်ထားသည်။
ဘာပဲဖြစ်ဖြစ် တစ်ချိန်က အမြင့် ၁၂ ပေ၊ အရှည်က ၂၆ မိုင်ကျော်၊ မျှော်စင်ပေါင်း သုံးရာကျော်ရှိခဲ့သော တံတိုင်းကြီးကို ကြည့်စရာဆိုလို့ အမှတ်တရချန်ထားသည့် ပေသုံးဆယ်ကျော်နေရာလေးသာတွေ့ရတော့သည်။ ကျန်နေရာတွေမှာ တော့ အဆောက်အအုံသစ်တွေ၊ပန်းခြံတွေ၊စတိုးဆိုင်တွေလမ်းကျယ်ကြီးတွေနဲ့ဟိုတုံးကနှင့်ဘာမှမဆိုင်တော့၊ ဘာလင်တံတိုင်း ကို လာလေ့လာသူတွေအတွက် ဓာတ်ပုံမှတ်တမ်းများသာ ကြည့်ဖို့ကျန်တော့သည်။ ကျွန်တော်က လိုက်ပို့သည့် အိမ်ရှင် မိတ်ဆွေကို ဒီလို ကြီးမားတဲ့အတားအဆီးကြီးကို ဖြိုဖျက်ချလိုက်နိုင်သည့် ဘာလင်သားတို့ စွမ်းအားကို ချီးမွမ်းတော့ သူက ဒီလို အဆောက်အအုံမျိုးဆိုတာက ဖျက်ရတာလွယ်ပါတယ်၊ နှစ်နိုင်ငံပြန်ပေါင်းတဲ့ကိစ္စတွေက ပိုခက်တယ်ဟု ဆိုသည်။
ဟုတ်လိုက်တာ၊ ကြည့်ပါဦး၊ ကျွန်တော်တို့က ထင်သာမြင်သာရှိသည့် ဒီတံတိုင်းကြီးပြိုကျသွားတာကိုပဲ ပြောနေတာ ကိုး။ နှစ်ငါးဆယ်ကျော် အရာရာကွဲပြားခြားနားခဲ့သည့် လူ့အဖွဲ့အစည်းနှစ်ခု တစ်သားတည်းဖြစ်အောင် ပြန်ပူးပေါင်းရတဲ့နေရာ မှာ ကျော်လွှားရမှာတွေအများကြီးရှိခဲ့မှာသေချာသည်။ စီးပွားရေးအခြေအနေကွဲပြားတာမျိုး၊ နောက်ပြီး နှစ်ပေါင်းများစွာ စိတ်ထဲမှာ စွဲကျန်နေသည့် အတွေးအခေါ်တွေ၊ အယူအဆတွေ၊ သဘောထားအမြင်တွေ၊ အမူအကျင့်တွေ အကြားခြား နားမှုတွေ။ ဒါတွေကို ကျော်လွှားနိုင်ဖို့ ၊ ကွဲပြားခြားနားချက်တွေကို ညှိနှိုင်းနိုင်ဖို့ သူတို့ အများကြီးကြိုးစားခဲ့ရမှာသေချာ သည်။
ကျွန်တော်တို့နိုင်ငံမှာရော၊ အုပ်ချုပ်သူတွေနဲ့ အုပ်ချုပ်ခံပြည်သူတွေကြား၊ နောက်ပြီး အုပ်ချုပ်သူနဲ့ သူ့ကို သဘောမတူ ဆန့်ကျင်သူတွေကြား၊ ဒါ့အပြင် နိုင်ငံရေးအရ၊ လူမျိုးရေးအရ၊ ဘာသာရေးအရ ကွဲပြားခြားနားမှုတွေကြား ခေါင်းစဉ်တွေက များမှများ၊ ကွဲပြားခြားနားခဲ့တဲ့ အချိန်ကာလတွေကလည်း ကြာမှ ကြာ၊ လက်နက်ပိုင်ပဋိပက္ခဆိုလျှင် ကမ္ဘာပေါ်မှာ သက် တမ်းအရှည်ဆုံးဆိုပြီး အမည်ပေးခံရတာတောင်ရှိသေးသည်။ ဒီထက်ပိုဆိုးတာက ကျွန်တော်တို့မှာ သဘောထားကွဲပြား မှုများကို ငြိမ်းငြိမ်းချမ်းချမ်းအဖြေရှာတတ်သည့် အလေ့အကျင့်၊ နိုင်ငံရေးယဉ်ကျေးမှုကလည်း ဘယ်တုံးမှမရှိခဲ့။ ငါ့နဲ့ မတူ ငါ့ရန်သူ၊ တူဖြစ်ရင် ထုကွာ၊ ပေဖြစ်တော့လည်းခံတာပေါ့ ဆိုတဲ့ အတွေးမျိုးတွေက အများစုမှာရှိနေသည်။ မြန်မာ့နိုင်ငံရေး သမိုင်းကို ပြန်ကြည့်လိုက်ရင် ပဋိပက္ခတွေ၊ အကွဲအပြဲတွေ တန်းစီရေးထားတာကိုတွေ့ရမည်ဖြစ်သည်။
အခုတော့ကျွန်တော်တို့နိုင်ငံသည်တူတာတွေကို တွဲလုပ်ရင်း မတူတာတွေကို ဖြေရှင်းဖို့အတွက် မရှိမဖြစ် လိုအပ်နေသည့် ယုံကြည်မှုတွေကို ပျိုးထောင်နိုင်မည့် လမ်းကြောင်းပေါ်သို့ရောက်နေပြီ ဖြစ်သည်။ သက်ဆိုင်သူတွေကြား နိုင်ငံရေး သည်းခံမှု ရှိရှိနဲ့ ဆွေးနွေးအဖြေရှာခြင်းဆိုသည့် နိုင်ငံရေးယဉ်ကျေးမှုတစ်ရပ်ထွန်းကားလာအောင် ၀ိုင်းဝန်းကြိုးစားနေကြ သည်။ သို့သော် သွားရမည့်ခရီးကားဝေးသေး၏။ သက်ဆိုင်သူတွေအားလုံးအကြားမှာ ဖြတ်သန်းခဲ့ရသော ဘ၀ အတွေ့ အကြုံကြောင့် လည်းကောင်း၊ ယုံကြည်ရာအယူအဆများကြောင့်လည်းကောင်း နှစ်ပေါင်းများစွဲ တည်ရှိခဲ့သည့် စိတ်အစွဲ များ၊ သဘောထားများ၊ အမူအကျင့်များက အခုအခံအဖြစ်ရှိနေဦးမှာသေချာသည်။ ဒါတွေကြောင့် အပေးအယူ အလျှော့ အတင်းတွေလုပ်ဖို့ အခက်အခဲတွေရှိနေဦးမှာလည်း အသေအချာပဲဖြစ်သည်။
ဒါတွေက ကျွန်တော်တို့တစ်တွေ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းတွေလုပ် ရာမှာ စိတ်တံတိုင်းများအဖြစ် ရှိနေသည်။ ရုပ်ပိုင်းဆိုင်ရာအတားအဆီးတွေကို ဖယ်ရှားရတာ လွယ်ပေမယ့် စိတ်ပိုင်းဆိုင်ရာ အတားအဆီးများကိုကျော်ဖြတ်ဖို့ကတော့ အတော်ခက်ပါသည်။ ဒါတွေကို ကျော်ဖြတ်နိုင်စွမ်းရှိခြင်းကိုပင် စိတ်ပိုင်း ဆိုင်ရာသတ္တိ ( Morale Courage ) ရှိခြင်းဟုဆိုကြခြင်းဖြစ်ပါသည်။
ဘာပဲဖြစ်ဖြစ် ဂျာမနီနိုင်ငံသားတို့ကတော့ နှစ်နိုင်ငံပြန်လည်ပေါင်းစည်းရေးအတွက် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာအတား အဆီး တွေအားလုံးကို ကျော်ဖြတ်နိုင်ခဲ့ပေပြီ။ ကျွန်တော်တို့မှာတော့ ဘာလင်တံတိုင်းမရှိပါ။ သို့သော် ကျွန်တော်တို့မှာ ရှိနေ သည့် စိတ်တံတိုင်းတွေက ဂျာမန်လူမျိုးတွေထက်ပိုများနေမည်ဟု ထင်မိပါသည်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ကလေးတွေ အတွက် ကောင်းမွန်သော အနာဂတ်ကို ဖန်တီးပေးဖို့ဆိုလျှင် ဒီတံတိုင်းတွေကို မဖြစ်မနေ ဖြိုဖျက်ဖို့လိုပါလိမ့်မည်။ စိတ် တံခါးတွေကို ဟင်းလင်းဖွင့်ပစ်ဖို့လိုပါလိမ့်မည်။ ကျွန်တော်တို့လုပ်နိုင်စွမ်းရှိပါ့မလား။
ဘာလင်မြို့မှာ နှင်းတွေကြား တစ်ယောက်တည်းရပ်နေရင်း မမြင်ရတဲ့ တံတိုင်းတွေကို ကြောက်နေမိပါသည်။
ရဲထွဋ်

No comments:
Post a Comment
mr.kyaingtun@gmail.com