နိုင်ငံရေးဆိုတာ
လက်ဝဲသမားတွေ ပြောလေ့ပြောထ ရှိတဲ့ “တိုက်ပွဲကခေါင်းဆောင်ကိုဖေါ်ထုတ်သည်” ဆိုတဲ့ စကားများ မှန်နေရော့လားမသိ။
ဘယ်နိုင်ငံမဆို ၊ အပြောင်းအလဲ ကာလ ဟာ အခက်အခဲဆုံးနဲ့ ကြောက်စရာ အကောင်းဆုံးကာလ လို့ဆိုချင်တယ်။ ဘာကြောင့်လဲ ဆိုတော့ “Change” ဆိုတဲ့ (အပြောင်းအလဲ) ဖြစ်တာနဲ့ (Expectation) ဆိုတဲ့ (မျှော်လင့်ချက်) ဆိုတာ က ကပ်ပါလာလို့ပဲ။အပြောင်းအလဲ ဟာ တော်လှန်ရေးကြောင့် ၀ုန်းတိုင်းကြီးပဲ ပြောင်းပြောင်း ၊ evolution အရ တဖြေးဖြေး ပဲ ပြောင်းပြောင်း ၊ ပြောင်းလဲတယ် ဆိုတာနဲ့ လူတိုင်းမှာ (Expectation) ဆိုတာက ကပ်ငြိ တွယ်လာပြီပဲ။ လူတဦးစီ ရဲ့ Capacity အပေါ် မူတည်ပြီး ၊ ဒီ (Expectation) ဟာ ကွဲလွဲ သွားတတ်တယ်။ အစိုးရ အတွက် ကတော့ change ပြောင်းလဲမှု အတွက် (Expectation) မျှော်လင့်ချက် ကို မှန်မှန်ကန်ကန် ကိုင်တွယ် နိုင်မဲ့ expectation management လို့ခေါ်တဲ့ မျှော်လင့်ချက် ကို ကိုင်တွယ်မှု ဟာ အလွန် အရေးကြီးပါတယ်။ ဒါကြောင့် အနောက်နိုင်ငံတွေမှာ Spoke person ပြောရေးဆိုခွင့် ရှိသူ ဆိုပြီး ထားကြ တာပေါ့။ ဒီလူ က မီဒီယာ က တဆင့် ပြည်သူကို အသိပေးရင်း မျှော်လင့်ချက် မလွန်ကဲ စေဖို့ ထိန်းပေး ရတဲ့ အဓိက ကျတဲ့ အစိုးရရဲ့ ယန္တယား တစ်ခုပါပဲ။ စကားမမှားဖို့လိုတယ်။ နိုင်ငံရေး နားလည်ရမယ် ၊ မီဒီယာ အကြောင်း နားလည်ရမယ်။ Crisis Management လို့ခေါ်တဲ့ ပြဿနာပေါ်တာနဲ့ မကြီးထွားရ အောင် ၊ ချက်ချင်းရှင်း ၊ ချက်ချင်းကြေငြာ နိုင်ရမယ်။ သို့လော သို့လော အဖြစ် မခံနိုင်။ အမေရိကန်လို နိုင်ငံများမှာတော့ ပြောရေးဆိုခွင့် ရှိသူ ရဲ့ အထက်မှာ Communications Director ဆိုတာ ရှိတယ်။ ဒီလို လူကမှ မီဒီယာ ပေါ်လစီ နဲ့ ဗျူဟာ ကို ချပေးနိုင်တာ။ ဒီလို အရေးကြီးတဲ့နေရာတွေ မှာ Adult Supervision လိုပါတယ်။
ပြောင်းလဲမှု ကာလ မှာ အရေးအကြီးဆုံး နောက်တစ်ခုက အတွေးဟောင်း mentality ဟောင်း ကိုဖျောက် နိုင်ဖို့ပဲ။ အထူးသဖြင့် ဖိနှိပ်မှု နဲ့ အုပ်ချုပ် တဲ့ အာဏါရှင် စနစ် ကနေ လွပ်လပ်မှု နဲ့ ပွင့်လင်းမှု ကို အခြေခံတဲ့ ဒီမိုကရေစီ စနစ် ကို အပြောင်းမှာ အတွေးအခေါ် ၊ စိတ်ဓါတ် ပြောင်းဖို့ အင်မတန် အရေးကြီး သလို ၊ ခက်ခဲ ပါတယ်။
ဦးနေ၀င်း ဟာ ၁၉၆၂ ခုနှစ်မှာ စစ်တပ် နဲ့ အာဏါသိမ်းပြီး သကာလ တဆင့်လွန်ကဲပြီး ကွန်မြူနစ် စနစ်က (ဗဟိုဦးစီး) စနစ်ကို (မ) ချလာပြီး မြန်မာမှုပြကာ (အညမည) ဆိုတဲ့ (မဆလ) အတွေးအခေါ်ဆိုတာ ကို သွပ်သွင်းလာပါတယ်။ အမှန်က ဦးနေ၀င်း လူလည်ကျ တာပါ။ စစ်အာဏါရှင်စနစ် ကို တရားဝင်အောင် ကွန်မြူနစ် စနစ်က ဗဟိုဦးစီး နဲ့ ပေါင်းစပ်ပေးလိုက်တာပဲ။ ဦးနေ၀င်း ရဲ့ ဗမာနိုင်ငံမှာ ကွန်မြူနစ် ကေတာ တွေ အစား (စစ်သားကေတာ) က ဦးစီးတာပဲ ကွာပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံ ကိုဖျက်စီး သွားတာ စစ်ဗိုလ်စစ်သား တွေပြီးရင် လက်နက်ချ ၊ ဖက်ပြောင်း ၊ အလံဖြူ ၊ အလံနီ ၊ အချောင်ဝင်နှိုက် ကြတဲ့ ရောင်စုံ ကွန်မြူနစ်တွေပဲ ဆိုရင် မမှားပါဖူး။
ဗဟိုဦးစီး စနစ် ကိုအခြေခံတဲ့ အတွက် ၊ ဗဟိုဦးစီးက စီးဆင်းလာတဲ့ (စိတ်ဓါတ်) ဟာ မြန်မာနိုင်ငံမှာ လွှမ်းမိုးခဲ့တာ မဆန်းပါဖူး။ ဒီစိတ်ဓါတ် ကို မြန်မာနိုင်ငံမှာ အားလုံး နားလည်ကြတာ က (မဆလ) စိတ်ဓါတ်။ ဦးနေ၀င်း ရဲ့ မဆလ ခေတ်က တဆင့် န၀တ ၊ နအဖ ခေတ်အဆက်ဆက် စစ်အာဏါရှင် စနစ် ပုံသဏ္ဍန် တွေ ပြောင်းသွားပေမဲ့ ဒီ (မဆလ) စိတ်ဓါတ်က တော့ ခေတ်အဆက်ဆက် ရှင်သန်လျှက်ပဲ။ စစ်တပ် ၊ ပြည်သူ နဲ့ ယုတ်စွ အဆုံး အတိုက်အခံ တွေထဲမှာ တောင် ဒီ (မဆလ) စိတ်ဓါတ်ကို ထုတ်နှုတ် လို့ မရ ခဲ့ကြပါဖူး။
ဒီ (မဆလ) စိတ်ဓါတ်ဟာ မြန်မာပြည် တစ်ခုထဲမှာ မှ မဟုတ် ၊ ကွန်မြူနစ် ဗဟိုဦးစီး စနစ်ကို ကျင့်သုံးတဲ့ နိုင်ငံတိုင်းမှာ ဒုက္ခ ပေးလျှက်ရှိတယ်။ ပူတင်ရဲ့ ရုရှားနိုင်ငံ ၊ တိန်လျှောက်ပိန် ရဲ့ တရုတ် နိုင်ငံ တို့မှာ လည်း ဒုက္ခပေးခဲ့ ၊ ပေးလျှက် ရှိသလို ၊ စာရေးသူတို့ ရဲ့ မြန်မာနိုင်ငံမှာ လည်း ယနေ့အထိ လွှမ်းမိုးလျှက် ရှိပါသေး တယ်။
လက်ပံတောင်းတောင် အရေးအခင်း မှာ အစိုးရ အကိုင်အတွယ်မှား တာ ၊ အစိုးရ အတွင်း က (မဆလ) စိတ်ဓါတ် တွေ မသိ လိုက်ရပဲ ပန်းထွက် လာတာလို့ စာရေးသူ က သုးံသပ်ချင်တယ်။ ဗဟိုဦးစီး စနစ် နဲ့ ဆိုရှယ်လစ်စီးပွားရေး စနစ် ကို ကျင့်သုံးတဲ့ နိုင်ငံတိုင်း ရှားပါးငတ်ပြတ် ရတာ ဓမ္မတာပဲ။ ဒီလို ရှားပါးတဲ့ အချိန်မှာ လူတွေရဲ့ စိတ်ဓါတ်တွေ ပျက်ပြား သွားရတယ်။ တကိုယ်ကောင်း ဆန်တဲ့ စိတ်တွေ ရှေ့ရောက် လာတတ်ကြတယ်။ ဒီကမှ တဆင့် အပြင်လူ ၀င်လာတာကို မလိုလားဖူး။ ငါတို့ပဲ ကြိပ် လုပ်မယ်ဆိုတဲ့ စိတ်တွေ လွှမ်းမိုး လာပြီး (အုပ်စု) ဖွဲ့ပြီး (ခိုးစား) တဲ့ အလေ့အထ တွေ ပေါ်လွင် လာတယ်။
စစ်အာဏါရှင် စနစ်တိုင်းမှာ (သစ္စာခံမှု) ဆိုတဲ့ Loyalty ဟာ အရေးအကြီးဆုံးပဲ။ ဦးနေ၀င်း ပြောခဲ့တဲ့ (လူတော်) (လူကောင်း) ပြဿနာ ဆိုတာ ဒီ သစ္စာခံမှု က ထိုက်ရိုက် ဆင်းသက် လာတဲ့ ပြဿနာပဲ။ စစ်အာဏါရှင် စနစ်မှာ စစ်ခေါင်းဆောင် တိုင်းဟာ မိမိအပေါ် သစ္စာခံဖို့ အတွက် (အကျိုးအမြတ်) လို့ခေါ်တဲ့ (Interest) နဲ့ ၀ယ်ယူရတယ်။ (Loyalty) ရဖို့ (Interest) ကို (Currency) အနေ နဲ့ (အသုံးချ) ကြရတာပဲ။
မြန်မာနိုင်ငံမှာ ဦးနေ၀င်း ရဲ့ ဆိုရှယ်လစ် အမွေအနှစ် legacy က (ထိန်းချုပ်) ခြင်းဖြစ်တဲ့ (Regulation) ပဲ။
(Regulation) ကြောင့် (အခွင့်ထူးခံ) တွေ ပေါ်လာတယ်။ (Regulation) ကြောင့် (အခွင့်ထူးခံ) တွေ အတွက် (အကျိုး) (Interest) ဖြစ်ပွားစေတယ်။ ဒီ (အကျိုး) ရရှိမှု ကြောင့် ရာထူး ရှိတဲ့ စစ်ဗိုလ်ချုပ်တွေ စီက (သစ္စာခံမှု) ကို ရလိုက်တယ်။ ဒီ (သစ္စာခံမှု) ကြောင့် စစ်အာဏါရှင် တည်မြဲတယ်။ ဒီလို နဲ့ မြန်မာနိုင်ငံ ရဲ့ နိုင်ငံရေး ဟာ ၀ိုင်းကြီးပတ်ပတ်ဒူဝေေ၀ ဖြစ်ခဲ့ရတယ်။
ဒီလို (မဆလ) စိတ်ဓါတ် အတွင်းလှိုက်စားခံခဲ့ရတဲ့ ၊ သပွပ်အူလို ရှုပ်ထွေးနေတဲ့ ၊ မြန်မာနိုင်ငံ ရဲ့ နိုင်ငံရေး ကို ဒီမိုကရေစီ ထုံးသုတ်လိုက်တာနဲ့ ၊ ဒီမိုကရေစီ ကြွေးကြော်လိုက်တာနဲ ၊ ပလို့ဂျိ ဆိုပြီး တတိုင်းတပြည်လုံး ဒီမိုကရေစီ ယိမ်းထွက် (က) လို့ ရကြတာမှာ မဟုတ်တာ။ ရှေ့ က ဘယ်လို ဒီမိုကရေစီ အော်နေပေမဲ့ အတွင်း စိတ်ဓါတ်က (မဆလ) သက်သက်ပဲ။ မပြောင်းလဲ နိုင်သေးပါဖူး။ ဒါကို (သိ) ဖို့ (သတိ) ရှိဖို့ လိုတယ်လို့ ထင်လို့ပါ။
န၀တ-နအဖ ခေတ်မှာ ဈေးကွက်စီးပွားရေး ကို ကျင်သုံးတယ်ဆိုပေမဲ့ ၊ (မဆလ) စိတ်ဓါတ် နဲ့ ကျင့်သုံး လိုက်တော့ (ခရိုနီ) ဆိုတာတွေ ကြီးစိုးလာတယ်။ အခု ခေတ်ပြောင်း ကာလ မှာတောင် ဒီမိုကရေစီ ကျင့်သုံး တယ် ဆိုပေမဲ့ (မဆလ)နောက်ခံ နဲ့ ဆိုတော့ လက်ပံတောင်းတောင် အရေး ကိုင်တွယ်ခြင်း ဖြစ်လာရတယ်။
ဒါက ဘာကို ညွှန်ပြနေသလဲ ဆိုရင် ၊ လူတိုင်းဟာ ဒီမိုကရေစီ အော်နေကြပေမဲ့ တကယ် လိုချင်ကြတာက (မိမိရဲ့အလိုဆန္ဒ) ပဲ။ ခံစားရတဲ့ သူတွေကလည်း မိမိတို့ရဲ့ ဆန္ဒကိုပဲ တောင်းသလို ၊ အစိုးရ ကလည်း အရင် အကျင့်အတိုင်း ၊ (မဆလ) စိတ် အပြည့် နဲ့ (ချလိုက်မယ်ကွ) ဆိုပြီး (နှိမ်နင်း) ဖို့သာ (အာရုံစိုက်) ကြတော့ Consequence ဆိုတဲ့ (နောက်ဆက်တွဲ) ကို ထဲ့မစဉ်းစားကြတော့ဖူး။ ဒါကြောင့် (လိုတာထက်) ပို ပြီး အရုပ်ဆိုး ကုန်ကြရတယ်။
ဒေါ်စု ပြောတဲ့ (မိမိရဲ့အလိုဆန္ဒ) ကိုပဲ မကြည့်ကြပါနဲ့ ဆိုတာ ၊ ဒါကိုပြောတာပဲ လို့ ခံစားရမိတယ်။
အုပ်ချုပ်သူတွေ အထဲမှာလဲ ၊ စစ်မှန်သောပြောင်းလဲမှု ကို လိုလားတဲ့ သူတွေ ရှိသလို ၊ ပြောင်းလဲမှု သာ တကယ် ပြောင်းလဲ သွားရင် မိမိတို့ ရရှိခဲ့တဲ့ အကျိုး ၊ ရရှိဆဲ အကျိုး တွေ လျော့နဲ ပျက်စီး သွားမှာ ကို မလိုလား တဲ့ သူ တွေ ရှိကြတာပဲ။ ဒါ မြန်မာနိုင်ငံ တစ်နိုင်ငံပဲ မဟုတ်ပါ။ ပြောင်းလဲမှု ဖြစ်တဲ့ နိုင်ငံ တိုင်းမှာ တွေ့ကြုံရတဲ့ (နိုင်ငံရေးဓမ္မတာ) လို့ပြောလို့ ရပါတယ်။
မြန်မာနိုင်ငံ ရဲ့ ထူးခြားတဲ့ အခြေအနေ ကတော့ ဗျူဟာကိုကောင်းကောင်း နားလည်တဲ့ ဦးသန်းရွှေက ၊ စစ်တပ်အတွက် (အာမခံချက်) (Insurance) ၊ ဒီမိုကရေစီ လိုလားသူတွေ အတွက် (မြေမြှူပ်ဖုံး) လို့ပြော လို့ရနိုင်တဲ့ ၊ check and balance တွေကို Constitution မှာထဲ့ သွားခဲ့တယ်။
မှားမှားမှန်မှန် ၊ ဒါ reality ပဲ။ စစ်အာဏါရှင် စနစ်က နေ ဒီမိုကရေစီ ကို ဖြေးဖြေးပြောင်းချင်ရင် ၊ ဒီ reality ကို နားလည် ရမှာပဲ။
လက်ရှိ စနစ်မှာ သမ္မတ သည်ပင် တချက်လွှတ်အမိန့် ထုတ်နိုင်တဲ့ absolute အာဏါရ မရှိရှာ ပါဖူး။ ဒီမိုကရေစီ စနစ်ကို တကယ် နားလည်း လက်ခံရင် absolute အာဏါရှင် ကိုမလိုလား နိုင်ပါ။ ဒါကြောင့် သမ္မတ ကိုယ်တိုင် သူ့ရဲ့အုပ်ချုပ်မှု ဘောင်အတွင်းမှာ ရှိတဲ့ (အုပ်စု) (factions) တွေရဲ့ အားပြိုင်မှု ကို လိုက် လျှောညီထွေ ဖြစ်အောင် ကျင့်ကြံ ဆုံးဖြတ်ရတာတွေ ရှိတယ်။ အဓိက က သူအမွေဆက်ခံ ခဲ့ရတဲ့ စနစ်က အမွေတွေကို လက်မခံ လို့မရ။ ပြစ်ပြစ်ခါခါ စွန့်ပစ် လို့လည်းမရ။ သူ့နောက်ကြော မှာ Insurance (အာမခံ) အဖြစ်ထားခဲ့တဲ့ (စစ်တပ်) က ရှိနေသေးသည် မဟုတ်ပါလား။
ဒါကြောင့် လက်ရှိ သမ္မတ နှင့် ဒီမိုကရေစီ ခေါင်းဆောင် အားလုံး မကျော်နိုင်တဲ့ (မျဉ်း) ဆိုတာ ရှိသေးတယ် ဆိုတာကို မေ့ လို့ မရပါ။ အကယ်၍ မဖြစ်သင့် သည်များ ပြန်ဖြစ်ခဲ့ သည်ရှိသော် ၊ တိုင်းပြည် နောက် အနှစ် (၂၀) (၃၀) ပြန်နောက်ဆုတ် သွားနိုင်တဲ့ အန္တရယ် ကိုမေ့၍ မရပါ။
ဆုံးဖြတ်ချက် အားနဲချက် နဲ့ ဖေါ်ဆောင်မှု အမှား
မြန်မာနိုင်ငံဟာ စစ်အာဏါရှင် လက်အောက်မှာ အနှစ် (၅၀) ကျော် ဖြတ်သန်းခဲ့ရတယ်။ (မဆလ) စိတ် ဓါတ် ဟာ တနိုင်ငံလုံး ပြန့်နှံ့ လွှမ်းမိုးလျှက်ရှိတယ်။ (ထိန်းချုပ်မှု) နဲ့ (ဖိနှိပ်မှု) ကို အားကိုးတဲ့ အာဏါရှင် စနစ် ကနေ (လွပ်လပ်မှု) နဲ့ (ပွင့်လင်းမှု) ကို အခြေခံတဲ့ ဒီမိုကရေစီ ကို ကူးပြောင်းတဲ့ ကာလ မှာ ပြည်သူတွေ တင်မက အုပ်ချုပ်သူတွေ ကိုယ်နှိုက် (adjust) လုပ်ကြရတာပဲ။ ပြည်သူတွေ နဲ့ ခံစားရတဲ့ သူတွေက လွပ်လပ်ခွင့် ကြောင့် (အဖြေ) ကိုသော်၎င်း ၊ (တရားမျှတမှု) ကိုသော်၎င်း ၊ ချက်ချင်း (လို) ချင်ကြတယ်။ (အခက်အခဲ) တွေကို နားမလည်း နိုင်ကြ။ အာဏါပိုင် တွေအဖို့ အမွေဆက်ခံမှု legacy ပြဿနာ တွေရှိတယ်။ တောင်းဆိုမှု တွေ ဆက်တိုက်ပေါ်လာမှာ ၊ ဆန္ဒထုတ်ဖေါ်မှု တွေ မပြတ် ပေါ်လာမှာ ကို စိုးရိမ်ကြတယ်။
စစ်မှန်သောပြောင်းလဲမှု ကိုလိုလားတဲ့ သူတွေက (မရမ်း) ဖို့ (အချိန်) ယူပြီး ခေါင်းအေးအေား နဲ့ ဖြေရှင်းဖို့ ပြောတယ်။ အပြောင်းအလဲ တွေမြန်ဆန် လွန်းတယ်လို့ တွေးထင်သူများ က စိုးရိမ်စိတ် လွန်ကဲ ပြီး မြန်မြန် ဖြေရှင်း လိုက်ဖို့ တိုက်တွန်းကြတယ်။ ဒါ ဖြစ်ရိုးဖြစ်စဉ်ပဲ။ ဒီနေရာမှာ အုပ်ချုပ်သူ အကြီးအကဲ က ချင့်ချိန်ပြီး ဆုံးဖြတ်ရတာပဲ။
ဒီလိုအခြေအနေကို ဆုံးဖြတ်ရာမှာ ခေါင်းအေးဖို့လိုသလို ၊ စိုးရိမ်စိတ် မကြီးဖို့ လည်း လိုအပ် လှပါတယ်။ တချိန်ထဲ မှာ အတွေ့အကြုံ ရှိတဲ့ ၊ Capacity ရှိတဲ့ အကြံဥါဏ် ပေးနိုင်တဲ့ လူတွေ လိုပါတယ်။ ဘာကြောင့် လဲ ဆိုရင် ဒီလို ပြဿနာ မျိုးဟာ မကိုင်တွယ် တတ်ရင် ပြဿဒ် က(စ) တပြည်လုံး မီးလောင် နိုင်လို့ပဲ။
လွန်ခဲ့တဲ့ (၅) နှစ်လောက် က တရုတ်ပြည် ဆင်ကျင်းပြည်နယ် (Xing Jing) မှာ ၀ီဂါ လူမျိုးတွေ ဆန္ဒ ထုတ်ဖေါ်ကြ တော့ ပြည်ပ ရောက်နေတဲ့ တရုတ်သမ္မတ ဟူဂျင်တောင်း ဟာ ချက်ချင်း ပြည်တော် ပြန် ပြေးရတာပဲ။ တိန်အန်မင် အရေးအခင်းတုန်း ကလည်း တိန်လျှောက်ပိန်ကိုယ်တိုင် ၀င် အဆုံးအဖြတ် ပေးရတာပဲ။ အပြောင်းအလဲ လိုလားတဲ့ ကျောက်စီရမ်း က ကျောင်းသားတွေကို စေတနာ ဂရုဏါ ရှိတယ်။ တိုင်းပြည် အကျိုးထက် တရုတ်ကွန်မြူနစ် ပါတီ အကျိုး ကိုကြည့်တဲ့ တရုတ်ဝန်ကြီးချုပ် လီပန် တို့က ကျောင်းသားတွေကို နှိပ်ကွပ် ချင်တယ်။ နောက်ဆုံး တိန်လျှောက်ပိန် က Hardliners တွေဖက်ကရပ် လိုက်တော့ ကျောင်းသားတွေ အသတ်ခံ လိုက် ကြရတယ်။ တရုတ်ကျောင်းသားတွေ အထဲမှာ လည်း အန္တရယ် ကို (မြင်) တဲ့သူတွေ နဲ့ (လိုချင်တာပဲ) (သိ) တဲ့ သူတွေ အကြား အားပြိုင်မှု ရှိကြတာပဲ။
ဆုံးဖြတ်ချက်အပြီး ဖေါ်ဆောင်မှု
ဆန္ဒထုတ်ဖေါ်မှု ကို နှိမ်နင်းဖို့ ဆုံးဖြတ်အပြီး ၊ ဒီ အမိန့် ကိုဖေါ်ဆောင်တဲ့နေရာမှာ ၊ အာဏါပိုင် လုံထိန်း တွေဟာ (မဆလ) စိတ်ဓါတ် နဲ့ အရင်နှိပ်ကွပ်မှု ယဉ်ကျေးမှု ၀သီ ကို မထိန်း နိုင်ကြတဲ့ အတွက် နောက် ဆက်တွဲ ပြဿနာ Consequence ကို မစဉ်းစား ပဲ Operation Plan ကိုရေးဆွဲခဲ့ကြ ပုံရတယ်။ အရင် အာဏါရှင် စနစ်အောက်မှာ တိပ်တိပ်ကြိပ် ရိုက် ၊ ကြိပ်နှိမ်နင်း ၊ ကြိပ်ရှင်း ၊ ကြိပ်ဖုံးဖိ လိုက်လို့ ရတယ်။ ခုလို ပွင့်လင်းမှု အတော်အတန် ရှိတဲ့ ကာလ မှာ ဆန္ဒထုတ်ဖေါ် တဲ့ ဘုန်းကြီးတွေ မီးလောင် ဒဏ်ရာ တွေနဲ့ ခံစားနေ ရတဲ့ ဓါတ်ပုံ တွေဟာ တမဟုတ်ချင်း ကမ္ဘာအနှံ့ ပြန့်နှံ့ သွားတာ အလွန် အရုပ်ဆိုး တယ်။
တိုင်းပြည်ရော ၊ အစိုးရ ပါ အတိုင်းထက်အလွန် သိက္ခာကျ ရတယ်။ A photo speaks more than a thousand words ဆိုတဲ့ စကားရှိတယ် မဟုတ်လား။ တခါတရံ ဓါတ်ပုံ တစ်ပုံကြောင့် ၊ ကမ္ဘာ့ အမြင် တွေ ပြောင်းသွားနိုင်ပါတယ်။ ဗီယက်နမ်စစ် က အမေရိကန်တွေ နပန်းဗုံး ကြဲချတော့ ကြောက်အားလန့်အား နဲ့ မိမွေးဖမွေး အတိုင်း ထွက်ပြေးနေတဲ့ ဗီယက်နမ် ကလေး ပျို ရဲ့ ခံစားမှု ကို အမိဖမ်းထား တဲ့ ဓါတ်ပုံ ဟာ ကမ္ဘာ အနှံ့ ပြန့်ခဲ့တယ်။ ဓါတ်ပုံဆရာ လည်းကမ္ဘာကျော်သွားသလို ၊ ဗီယက်နမ် စစ် ဆန့်ကျင်ရေးဟာ လည်း အမေရိကန် အပြင် ကမ္ဘာပြန့် ခဲ့ရတယ်။ ခံစားချက် ထိမိ တဲ့ ၊ အသက်ဝင်တဲ့ ဓါတ်ပုံရဲ့ သြဇာ ပါပဲ လို့ ပြော လို့ ရနိုင်ပါတယ်။ တနည်း အားဖြင့် (လွပ်လပ်ခွင့်) ရဲ့ အာဏါစက် လို့လည်း ပြောလို့ရနိုင်တယ်။
ဒီလို power of a photo လို့ပြောနိုင်တဲ့ ဓါတ်ပုံ ရဲ့ သြဇာကိုသိ တဲ့ အာဏါပိုင် တွေဟာ ဆန္ဒထုတ်ဖေါ်မှု ကို အကြောင်းကြောင်း ကြောင့် ဖြိုခွင်းရတော့မယ် ဆိုရင်တောင် ရေပက်ပြီး ဖြိုခွဲမယ် ၊ အကြမ်းဖက်မှု နဲနိုင်သမျှ နဲအောင် လူအင်အားနဲ့ ဖြိုခွင်းမယ် စသည်ဖြင့် ဖြိုခွင်းနည်း တွေအထဲက အစွန်းရောက်မဲ့ ၊ အရုပ်ဆိုးတဲ့ နောက်ဆက်တွဲ တွေကို တတ်နိုင်သမျှ ကြိုးစားပြီး ၊ ရှောင်ထိန်းပြီး ဖြိုခွင်းမယ်။
နောက်ဆက်တွဲ Consequemces ကို ဂရုစိုက် စရာမလိုခဲ့တဲ့ ၊ ကြိပ်ဖုံး နိုင် ၊ ကြိပ်အနိုင်ကျင့် နိုင်တဲ့ ယဉ်ကျေးမှု ကို မစွန့်လွှတ် နိုင်သေးတဲ့ ရဲတပ်ဖွဲ့ နဲ့ အာဏါပိုင်တွေ အဖို့ ၊ (မဆလ) စိတ်ဓါတ် ကို ၊ မစွန့်လွှတ် နိုင်သေးတဲ့ ရဲတပ်ဖွဲ့ နဲ့ အာဏါပိုင်တွေ အဖို့ ကတော့ အလွယ်နည်းဖြစ်တဲ့ ၊ (အကြမ်း) နည်းကို စရိုက် ၊ နဂိုလ်ဝသီ အတိုင်း ဘီလူးဆိုင်း နဲ့ ထွက်လာကြမှာပဲ။
စာရေးသူ ဥါဏ်မှီ သလောက် စဉ်းစားရတာကတော့ ၊ လက်ပံတောင်းတောင် အရေး က အဖြစ်အပျက် ဟာ ၊ လုပ်ရိုးလုပ်စဉ် အတိုင်း ၀င်ကြမ်း ရုံမက ပေါချောင်ကောင်း ဈေးပေါပေါ နဲ့ ၀ယ်ထားတဲ့ မျက်ရေယိုဗုံး တွေမှာ phosphorous တွေပါတာ ၊ ရေနဲ့ရော ရင် လောင်ကျွမ်းနိုင်တာ ၊ ရုပ်ပျက်ဆင်းပျက် ဖြစ်မှာကို ဘယ်သူက မှ မတွေးမိ ၊ အရေးမထားမိ ၊ သတိပေးမဲ့ သူလည်း မရှိ ဖြစ်ခဲ့ ရတယ်ထင်မိတယ်။
ဖြစ်ပြီးမှ တောင်းပန်တာတို့ ၊ ရှစ်ခိုးတာတို့ လုပ်ရတော့လည်း ၊ ထိရောက်မှု မရှိ ၊ လွန်သွားရပြီ
Liberalization ကာလ ၊ transition ကာလ မှာ ဒီလို ဆန္ဒထုတ်ဖေါ်မှု ဆိုတာတွေ နောက်လည်း ဖြစ်နေဦးမှာပဲ။ legacy ဆိုတဲ့ (အမွေ) က ရှောင်လို့မှ မရတာ။ ကြိပ်ဝိုင်းခေတ် မှာ ကြိပ်ခိုး ၊ ကြိပ်နှိပ်စက် ထားတာတွေက တဖြေးဖြေး ပေါ်လာရမှာပဲ။
Moral Authority လိုလာပြီ
ဦးသိန်းစိန် ရဲ့ အစိုးရ ဟာ ဘယ်လောက်ပင် ရိုးသားတယ်ဆိုဆို ၊ စိတ်ထားမှန်ပါတယ် ပြောပြော ၊ အရင် စစ်အာဏါရှင် အစိုးရ ရဲ့ နောက်ဆက်တွဲ အစိုးရ ဖြစ်တဲ့ အတွက် ၊ မိမိတို့ ရဲ့ Legacy ကို ပယ်ဖျောက်၍ မရနိုင်ပါ။ ဒါဟာလည်း reality ပါပဲ။
ထို့ကြောင့် Moral Authority လို့ပြောရမဲ့ “စိတ်ဓါတ်ဆိုင်ရာပြောနိုင်ခွင့် အာဏါ” ကျတော့ အားနဲ လျှက် ရှိပါတယ်။
ဒီနေရာမှာတာ့ ဒီမိုကရေစီ အိုင်ကွန် ဒေါ်အောင်ဆန်းစုကြည် နဲ့ ကိုမင်းကိုနိုင် ၊ ကိုကိုကြီး တို့က ၎င်းတို့၏ တိုင်ပြည်အတွက် စွန့်လွပ်မှု ၊ အနစ်နာ ခဲခဲ့မှု ရာဇ၀င် ကြောင့် ၊ လူထု ရဲ့ ယုံကြည်မှု နဲ့ အားကိုးမှု ကို ရရှိတဲ့ အတွက် Moral Authority မှတော့ အလွန် ခွန်အားပြည့်လျှက် ရှိပါတယ်။
ကံကောင်းတယ်ဗျို့
ကံကောင်းတာက ၊ ဒီလို တိုင်းပြည် အန္တရယ် ရှိတဲ့ အချိန်မှာ Moral Authority ရှိတဲ့ ပြည်သူ့ခေါင်းဆောင် တွေဟာ Capacity ရှိတဲ့ ခေါင်းဆောင်တွေ ဖြစ်လို့ ကျေနပ်မိတယ်လို့ ပြောချင်တယ်။ ဒေါ်စု ရော ၊ ၈၈ ခေါင်းဆောင် တွေဟာ ပြည်သူတွေ ရဲ့ ခံစားချက်ကို သိရုံ မက ၊ အစိုးရ တစ်ဖွဲ့ လိုက်နာရမဲ့ နိုင်ငံတကာ ဥပဒေနဲ့ လုပ်ထုံး တွေကို နားလည်သဘောပေါက် ကြတယ်။ ဒါကြောင့် တကိုယ်ကောင်း မဆန်ပဲ တိုင်းပြည် အကြပ်အတဲက လွပ်နိုင်အောင် အဖြေရှာဖို့ စေတနာ ရှိတာ ထင်ရှားပါတယ်။
ပြည်သူက အားကိုးတဲ့ ပြည်သူ့ ခေါင်းဆောင်တွေဟာ အရေးကြုံ လာတဲ့ အခါမှာ ပြည်သူကြား ၊ ပြည်သူ တွေ အနား မှာရှိနေပေမဲ့ တကိုယ်ကောင်း မဆန် ကြဖူး လို့ထင်မိတယ်။ ဆိုလိုချင်တာက နိုင်ငံရေး အခွင့်အရေး မယူကြဖူး။
ဘာကိုဆိုလိုတာလဲ
ဗမာနိုင်ငံ လွပ်လပ်ရေး ရခါနီး ၊ ခုလိုပဲ ပြောင်းလဲကာလ transition period မှာ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ ဖဆပလ ခေါင်းဆောင် တွေဟာ တဖက်က နေမ၀င်အင်ပါယာ အင်္ဂလိပ် တွေနဲ့ ဥါဏ်ချင်းယှဉ် ပြီး လွပ်လပ်ရေး ကိုတောင်းဆိုနေရတယ် ၊ တဖက်ကလည်း လွပ်လပ်ရေးမှာ တိုင်းရင်သားတွေနဲ့ တညီ တညွပ် ထဲဖြစ်အောင် ပင်လုံညီလာခံ ခေါ်ပြီး လုံးပန်းနေရတယ်။ ဒီအချိန် မှာ နိုင်ငံရေး သြဇာ ရှိတဲ့ ကွန်မြူနစ် တွေက မိမိတို့ရဲ့ သြဇာ Political Capital ကို (ရှိ) တာထက် (ပို) အထင်ကြီးပြီး နိုင်ငံ့ အာဏါ ကို သိမ်းဖို့ အခွင့်အရေး လို့ ဆုံးဖြတ်ခဲ့ကြတယ်။ လက်နက်ကိုင် တော်လှန်ဖို့ တကဲကဲ ဖြစ်နေကြတယ်။
တိုင်းပြည် အကျိုးထက် ၊ ပါတီ အကျိုး ကို ၊ ပို ဦးစားပေးခဲ့ကြတယ်။။
ရလဒ်က ပြည်တွင်းစစ်။
ပြည်တွင်းစစ် ဖြစ်တော့ စစ်တပ် ကို ထောင်ရတယ်။ ချဲ့ရတယ်။ စစ်တပ်ရဲ့ role ကကြီးထွားလာတယ်။
ပြည်တွင်းစစ် ဖြစ်တော့ ၊ တဖက်က တိုင်းပြည်ထူထောင်ရေးကို လိုသလောက် ၊ မလုပ် နိုင်ကြဖူး။
အတိုက်ခံ ခေါင်းဆောင် ဆိုတာ ယနေ့ အတိုက်အခံ ဖြစ်နေပေမဲ့ ၊ မနက်ဖန် အစိုးရ ဖြစ်နေတတ်တယ်။
မိမိ အစိုးရ ဖြစ်ရင် လည်း Legacy ဆိုတဲ့ (တိုင်းပြည်အမွေ) ကိုရှောင်လို့ မရ။ တာဝန်ယူရမှာလေ။
ဒါကို ယနေ့ အတိုက်အခံ ခေါင်းဆောင်တွေ ၊ Moral Authority ရှိတဲ့ ခေါင်းဆောင် တွေက နားလည် တာကို ဆိုလိုတာပါ။ ကျေးဇူးတင်ပါတယ်။
ရှေးခေတ် က ကွန်မြူနစ် တွေ နဲ့ Capacity ရော စေတနာ မှာပါ ကွာကြတာ လို့ပဲ ထင်မိတယ်။
အလယ်သားစားချင်တဲ့ မြေခွေး နဲ့ လဒ တွေ
တချိန်က ကွန်မြူနစ် တွေ capacity မမှီ ၊ စေတနာ က (နဲ) တာကြောင့် တိုင်းပြည် အခက်အခဲ တွေ့ ချိန်မှာ အမဲဖျက် ဖို့ ကြံစည် ကြ သလို ၊ ယနေ့ တိုင်းပြည် အခက် တွေ့ ချိန်မှာ ၊ ၀င် အမဲဖျက် ဖို့မြှောက်ပေး နေကြ တဲ့ နိုင်ငံရေး (လဒ) တွေ ၊ လက်ဝဲ ရော ၊ လက်ျာ မှာပါ ပေါ်ထွက်လာကြပြန်ပြီ။
ပြည်သူ တွေ emotional ဖြစ်နေချိန်မှာ အချွန် နဲ့ ကလော် ချင်သူတွေက မရှားပါ။
ငွေ ရှိရင် ရပြီ လို့ မထင်လိုက်ကြပါနဲ့
အမေရိကန် တွေ ရဲ့ အကျင့် က ထစ်ကနဲ ဆို ငွေ နဲ့ ကိုင်ပေါက်ဖို့စဉ်းစားကြတာ။ ဒါကြောင့် တကမ္ဘာလုံး က မုန်းတီးနေကြတာ။
ပြဿနာ က တိုင်းပြည် ဆူပူ ပြီးရင် ဘာဆက်လုပ်ကြမှာလဲ။ စဉ်းစားထားကြပါသလား။ တိုင်းပြည် Balkanization ဖြစ်မှာ ကိုတော့ မည်သူမှ လိုလား နိုင်မည် မထင်ပါ။ ပုဇွန်ခေါင်း လက်ဝဲ အတွေးနဲ့ ကွမ်းရာဆိုင် က အစ ပြည်သူပိုင် သိမ်းရုံ နဲ့ ပြည်သူတွေ ရဲ့ ဘ၀ မတိုးတက်လာနိုင်ပါ။
တိုင်းပြည် ဖရိုဖရဲ ဖြစ်ရင် ဘိုးတော်တွေ ပြန်ကြွလာဖို့ ဖိတ်ခေါ်တာနဲ့ အတူတူ ဖြစ်မိနေပါလိမ့်မယ်။
ဒီလိုအချိန်မှာ နိုင်ငံရေး အရောင်အသွေး ပေါ်လာစမြဲပါ။
ဒေါ်စု နဲ့ အတူ ၊ ဥါဏ်ရှိတဲ့ (၈၈) တွေ ရှိနေလို့ တော်ပါသေး လို့ထင်မိတယ်။
အာဏါပိုင် နဲ့ ရဲမှူးကြီးတွေ ဂရိ နိုင်ငံကို တချက်လောက်ကြည့်ပါဦး
ယနေ့ ဂရိ နိုင်ငံဟာ အရင် အစိုးရ အဆက်ဆက် ရဲ့ အမှား တွေကြောင့် ဒေ၀ါလီ ခံရနီးနီး စီးပွားရေး အခက်ကြုံ နေကြရတယ်။
ပြည်သူတွေ ခါးစည်း ခံ နေကြရတယ်။
ဒီခံစားမှု တွေကြောင့် ပြည်သူတွေ မကြာခဏ လမ်းမ အပေါ်ထွက်ပြီး ဆန္ဒ ထုတ်ဖေါ် နေကြတယ်။ ဒီမိုကရေစီ ကျင့်သုံးတဲ့ နိုင်ငံဖြစ်တာမို့ ပုလိပ် (ရဲ) တွေဟာ သူ့အလုပ်သူလုပ် ကြပေမဲ့ နိုင်ထက်စီးနင်း ပြည်သူကို ရက်ရက်စက်စက် မနှိပ်စက်ကြဖူး။ အစိုးရ ကလည်း ဘာကြောင့် ပြည်သူ မကြိုက်တဲ့ ပေါ်လစီ တွေ ချမှတ်ရတယ်ဆိုတာ ကို ပြည်သူကို ချပြတယ်။ ပြီး သူလုပ်ရမဲ့ အလုပ် ကိုဆက်လုပ်ရတယ်။ ဒီလို မိုးထဲရေထဲမှာ ရွေးကောက်ပွဲ ကျင်းပရတော့ ၊ ပြည်သူက လက်တွေ့ကျတဲ့ အစိုးရ ကိုပဲ ပြန်ရွေးကောက် ခဲ့ကြတယ်။ ပြည်သူအကြိုက် ပေါ်ပြူလာ အဆို တင်လာတဲ့ လက်ဝဲစွန်း တွေကို အနိုင် မပေးခဲ့ပါဖူး။
အစိုးရက ပြည်သူကို ချပြပြီး ပွင့်လင်းမှု နဲ့ Expectation Management ကို ပီပီပြင်ပြင် လုပ်နိုင်ခဲ့ သလို ၊ ရဲ တပ်ဖွဲ့ ၀င် တွေနဲ့ အာဏါပိုင်တွေ က ပြည်သူကို ရန်သူလို့ သဘော မထားပဲ ၊ ပြည်သူ တွေကို ဆန္ဒ ထုတ် ဖေါ် ခွင့်ပြုတဲ့ အတွက် ပြည်သူက လက်တွေ့ သမားတွေကို ပဲ ပြန်ရွေးခဲ့ကြတာ။ ပြည်သူကို နားလည် ပေးရင် ၊ ပြည်သူ ကလည်း နားလည်ပေး နိုင်တယ် လို့ ဆိုလိုတာပါ။
နောက်ဆုံးတော့
လက်ပံတောင်းတောင် အရေးအခင်းမှာ အစိုးရ ကိုင်တွယ် တာ မမှန်ဖူး ဆိုတာ ထင်သာမြင်သာ ပါတယ်။
အစိုးရ အာဏါပိုင်တွေလည်း အမှား က သင်္ခန်းစာ ယူနိုင်ပါစေ လို့ ဆုတောင်းလိုက်ပါတယ်။
တိုင်းပြည် အပေါ် စိတ်ကောင်းရှိတဲ့ သူတွေလည်း စိတ် မလျော့ ကြပါနဲ့လို့ပြောပါရစေ။
နိုင်ငံရေးဆိုတာ ကြွေတလက် ၊ ကြက်တခုန် ၊ စေတနာ မှန်ရင် ပစ်တိုင်းထောင် ဖြစ်နေဦး မှာပါ။
အဝေးက အော် နေကြသူများလည်း
ပြည်တွင်းမှာ ၊ ပြည်သူနဲ့ နီးနီးကပ်ကပ် နေကြည့်ကြပါဦး
ပြည်သူပြည်သားတွေ ၊ သိပ်ဆင်းရဲတယ်ဗျာ ….
တိုင်းသူပြည်သားတွေ သိပ်ဆင်းရဲ တာ ၊ ခံစားနေတာကို သတိရှိကြပါ။ တိုင်းပြည်ထူထောင်ရေး ကို သတိလက်လွပ် မဖြစ် ကြပါစေနဲ့ လို့ ဆုတောင်းလိုက်ပါတယ်။
ရနေတဲ့ အရှိန်လေး မပျက်သွား စေချင်တဲ့ စေတနာပါ။
ဘိုဘိုကျော်ငြိမ်း
ဒီဇင်ဘာလ ၅ ရက်
ခေတ္တ ရန်ကုန်

No comments:
Post a Comment
mr.kyaingtun@gmail.com