Wednesday, November 21, 2012

Wise man without fear

Mask Maker and 2 other friends shared Nine Nine Sanay @ နိုင်းနိုင်းစနေ's photo.
Wise man without fear
_________________

၁၉၅၁ခုနှစ် နိုဝင်ဘာ၁၁ရက် ညတစ်ညမှာ အမေရိကန် Utah State, Salt Lake Cityကဆေးရုံတစ်ရုံမှာ ကလေးငယ်တစ်ယောက်ကို မွေးဖွားခဲ့တယ်။ အဲဒီကလေးငယ်ရဲ့နာမည်က Kim Peek ဖြစ်တယ်။

မွေးဖွားစမှာ Peekရဲ့ဦးခေါင်းဟာ တခြားကလေးတွေထက် ၃ဆကြီးနေခဲ့တယ်။ ကြီးလေးတဲ့ဦးခေါင်းကို ပျော့ပျောင်းတဲ့သူ့လည်ပင်းက ထောင့်မခံနိုင်ခဲ့ဘူး။ နောက်စေ့မှာလည်း ထူးဆန်းတဲ့ ဘုကြီးတစ်ခုရှိနေခဲ့တယ်။ သူ့ဦးနှောက်ကို စကင်ဖတ်ပြီးနောက် ဦးနှောက်ရဲ့အတွင်းစိုင်မှာ အကျိတ်တစ်ခုရှိနေပြီး အကျိတ်ထဲမှာ အရည်တွေရှိနေတာကို သိခဲ့ရတယ်။ အဲဒီအကျိတ်က Peek ခေါင်းထဲမှာ ထည့်မြှုပ်ထားတဲ့ ဗုံးတစ်လုံးလို အချိန်မရွေး ပေါက်ကွဲနိုင်ခဲ့တယ်။ မွေးဖွားလာတာနဲ့ အသက်အန္တရာယ်ကို Peek ရင်ဆိုင်ခဲ့ရတယ်။

Peek ရဲ့ အသက်ရှင်နှုန်းက ဝ % ပဲရှိတယ်လို့ ဆရာဝန်တွေက ပြောခဲ့တယ်။ Peek ကို ကုသထိန်းသိမ်းရေး စခန်းပို့မလား? ဒါမှမဟုတ် စွန့်စားခွဲစိတ်မှုတစ်ခုကို လုပ်မလား? ဆင်းရဲဒုက္ခနှစ်မျိုးကို Peek မိဘတွေ ခံစားခဲ့ရတယ်။ နောက်ဆုံး ခွဲစိတ်ကုသဖို့ သူတို့လက်လွတ်ပြီး Peek ကို အိမ်ခေါ်ပြန်ခဲ့ကြတယ်။ နေအိမ်မှာပဲ သူ့ကို ပြုစုစောင့်ရှောက်ခဲ့တယ်။

ကလေးဘဝဆိုပေမယ့် Peek အငိုနည်းခဲ့တယ်။ မျက်စိစုံမှိတ်ပြီး ထားတဲ့နေရာမှာပဲ တိတ်တိတ်ဆိတ်ဆိတ် သူလဲလျောင်းနေတတ်ခဲ့တယ်။ မလှုပ်မယှက်နဲ့ သေဆုံးသွားမှာစိုးတဲ့အတွက် သူ့မိဘတွေက သူအသက်ရှူမရှူ မကြာခဏ စစ်ဆေးခဲ့ရတယ်။

အချိန်တွေတစ်ရွေ့ရွေ့ ဖြတ်ကျော်လာခဲ့ပြီး မျက်စိတစ်မှိတ်အတွင်းမှာ Peek အသက်(၁)နှစ် ပြည့်သွားခဲ့တယ်။ (၁)နှစ်ပြည့်တဲ့နေ့မှာ မိဘတွေက သူ့ဦးနှောက်ကို သွားရောက်စစ်ဆေးခဲ့တယ်။ ဆရာဝန်က Peek (၁)နှစ်အထိ ရှင်နိုင်ခဲ့တဲ့အတွက် အရမ်းအံ့သြသွားမိတယ်။ စစ်ဆေးပြီးနောက် ဆရာဝန်ကို ပိုအံ့သြသွားစေတာက Peek ဦးနှောက်အတွင်းစိုင်က အရည်ကျိတ်ဟာ အရင်ကထက် သေးငယ်လာတာဖြစ်တယ်။ တစ်နည်းပြောရရင် အရည်ကျိတ် တဖြေးဖြေးကျုံ့လာခဲ့တာဖြစ်တယ်။ ဒါကလည်း Peek အတွက် အသက်ဆက်ရှင်ဖို့ အခွင့်အလမ်းဖြစ်ခဲ့တယ်။

ဒါပေမယ့် Peek ဟာ (၃)နှစ်အရွယ်ထိ စကားမပြောတတ်ခဲ့သလို လမ်းလည်းမလျှောက်တတ်ခဲ့ဘူး။ သူ့အတွက် ပြင်ပလောက ခံစားချက်တွေ တုန့်နှေးနေခဲ့တယ်။

မိဘတွေကPeekကို နောက်တစ်ကြိမ် ဆေးရုံပို့လိုက်ကြပြန်တယ်။ ဒီတစ်ခေါက် ဆရာဝန်ရဲ့စစ်ဆေးချက်မှာ Peek ဦးနှောက်အတွင်းစိုင်က အရည်ကျိတ်ဟာ လုံးဝကျူံ့သွားခဲ့ပြီး အဖုလုံးတစ်ခုအဖြစ်ကျန်နေခဲ့တယ်။ အဲဒီအဖုက ဦးနှောက်ကို အလုပ်မလုပ်နိုင်အောင် ဖိထားခဲ့တယ်။ တစ်နည်းပြောရရင် Peek ဟာ ကိုယ့်ကိုယ်ကိုမစောင့်ရှောက်နိုင်တဲ့ ကျပ်မပြည့်သူဖြစ်ဖို့ လုံးဝသေချာသွားပြီဖြစ်တယ်။

အသက်(၄)နှစ်ပြည့်မှ Peek လမ်းလျှောက်သင်ခဲ့တယ်။ ဒါပေမယ့် သူအမူအရာတွေကတွန့်လိမ်ပြီး ခက်ခဲလေးသွဲ့နေခဲ့တယ်။ တခြားသာမန်ကလေးတွေလို ရောင်စုံခြယ်ဘဝကို သူမခံစားခဲ့ရဘူး။ နေ့ရှိသရွေ့ စာအုပ်စင်ဘေးက ကြမ်းပြင်ပေါ်မှာပဲထိုင်ပြီး စာအုပ်ထူထူတစ်အုပ်ကို ဟိုဒီလှန်လျောကစားနေခဲ့တယ်။ ကျပ်မပြည့်သူ တစ်ယောက်ဖြစ်တဲ့အတွက် ထပ်တလဲလဲပြုမူနေတဲ့ သူ့အပြုအမူတွေကို ဘယ်သူကမှ ဂရုမစိုက်ခဲ့ကြဘူး။

တစ်နေ့မှာ Peek ဖခင်က သတင်းစာဖတ်ရင်း သတင်းစာထဲက စာလုံးတစ်လုံးရဲ့ အဓိပ္ပါယ်ကို နားမလည်ဖြစ်ခဲ့တယ်။ အဲဒီအချိန်မှာ Peekက ဖခင်ဆီတွားသွားပြီး သိပ်မကြည်လင်တဲ့အသံနဲ့ အဲဒီစာလုံးရဲ့အသံထွက်နဲ့အဓိပ္ပါယ်ကို ရွတ်ဆိုလိုက်တယ်။ သူ့ဖခင် အရမ်းအံ့သြသွားခဲ့တယ်။

တကယ်တော့ Peek ဟာ (၃)နှစ်အရွယ်တည်းက အဘိဓာန်အားလုံးကို ရွတ်ဆိုနိုင်ပြီး (၄)နှစ်အရွယ်မှာ စွယ်စုံကျမ်း ၁~ ၈ အုပ်ကို အလွတ်ရွတ်ဆိုနိုင်ခဲ့ပြီဖြစ်တယ်။ သူရဲ့ စာဖတ်နှုန်းဟာ အင်မတန် အံ့သြစရာကောင်းခဲ့တယ်။ သာမန်လူတစ်ဦး (၃)မိနစ်ကို စာမျက်နှာတစ်ရွက် ဖတ်နေချိန်မှာ Peek က ဘယ်မျက်လုံးကို ဘယ်ဖက်စာမျက်နှာ၊ ညာမျက်လုံးကို ညာဖက်စာမျက်နှာနဲ့ (၉)စက္ကန့်အတွင်းမှာ စာမျက်နှာနှစ်မျက်နှာ ဖတ်နိုင်ခဲ့တယ်။ ဖတ်ခဲ့တဲ့စာအုပ်ရဲ့ အကြောင်းအရာ ၉၈%ကို အလွတ်ရနေတတ်တယ်။

အသက်အရွယ် တဖြေးဖြေးကြီးလာတာနဲ့အမျှ Peek ရဲ့ မှတ်ဉာဏ်အားဟာ ပိုအစွမ်းထက်လာခဲ့တယ်။ စာအုပ်တစ်အုပ်ကို ၈၅ မိနစ်နဲ့သူအပြီးဖတ်နိုင်ခဲ့တယ်။ နှစ်ပေါင်းများစွာကြာပြီးနောက် အဲဒီဖတ်ခဲ့တဲ့ စာအုပ်အကြောင်းအရာ၊ စာအုပ်ထဲကလူနာမည်တွေကို သူပြောနိုင်ခဲ့တယ်။ စာအုပ်ထဲကစာပိုဒ်တွေကို အလွတ်ရွတ်ဆိုနိုင်ခဲ့တယ်။ အဲဒီအပြင် အမေရိကားတိုက်တစ်ခုလုံးရဲ့ မြို့နာမည်၊ အဝေးပြေးလမ်းအမှတ်၊ စာပို့အမှတ်၊ ဖုန်းနံပါတ်၊ တီဗွီလိုင်းတွေပါမကျန် သူပြောနိုင်ခဲ့တယ်။ သူ့ရဲ့စိတ်တွက်ချက်နှုန်းက သာမန်လူရဲ့ သုံးပုံ၁ပုံဖြစ်တယ်။

လူတစ်ယောက်ရဲ့ မွေးနေ့နဲ့လိုက်ပြီး နာရီဝက်အတွင်း အဲဒီလူအငြိမ်းစားယူမယ့်အချိန်၊ နေ့ရက်၊ နှစ်၊ လ အတိအကျ သူတွက်နိုင်ခဲ့တယ်။ အဲဒီအပြင် လွန်ခဲ့တဲ့ (၁ဝ)နှစ်ကျော်က သူနားထောင်ခဲ့ဖူးတဲ့ စန္ဒာယားသီချင်းကို သီဆိုသူ၊ ရေးစပ်သူတို့ရဲ့ မွေးနေ့၊ မွေးဖွားရာဒေသနဲ့ သေဆုံးရက်တွေကို သူမှတ်သားနိုင်ခဲ့တယ်။

ကျပ်မပြည့်သူလူတစ်ယောက်မှာ ဘာကြောင့် ဒီလောက်အံ့သြစရာကောင်းတဲ့ မှတ်ဉာဏ်တွေရှိခဲ့ရသလဲ? တကယ်တော့ Peek ရဲ့ ဦးနှောက်ဖွဲ့စည်းပုံက သာမန်လူနဲ့ မတူခဲ့ဘူး။ သာမန်အားဖြင့် သာမန်လူတစ်ဦးမှာ ဘယ်ဦးနှောက်နဲ့ ညာဦးနှောက်ဆိုပြီး ခွဲခြားထားတယ်။ ဒါပေမယ့် Peek ရဲ့ဦးနှောက်က နှစ်ခုလုံးပူးကပ်နေပြီး ဖွဲ့စည်းပုံက မပြတ်ပြောင်းလဲနေခဲ့တယ်။ သူ့ရဲ့ ဘယ်ဦးနှောက်က တဖြေးဖြေးကျူံ့သွားပြီး ညာဦးနှောက်က အရည်ကျိတ်ရဲ့ ဖိထားချက်ကြောင့် အခြမ်း ၈ခြမ်း၊ ၉ခြမ်း ကွဲနေခဲ့တယ်။

လူရဲ့ညာဦးနှောက်က ဂီတ၊ သင်္ချာ၊ အနုပညာ၊ အမြင်နဲ့လှုပ်ရှားမှု... စတာတွေကို ခွဲခြမ်းပေးတဲ့ အင်အားရှိတယ်။ ဘယ်ဦးနှောက်က ဘာသာစကား၊ လော့ဂျစ်၊ အမူအရာစတာတွေကို ခွဲခြမ်းပေးတယ်။ Peek ရဲ့ ဘယ်ဦးနှောက်က ကျုံ့သွားတဲ့အတွက် ဘာသာစကားနဲ့ ကိုယ့်ကိုယ်ကိုစောင့်ရှောက်နိုင်တဲ့ အင်အားတွေ ဆုံးရှုံးခဲ့ရတယ်။ ညာဦးနှောက်က မပြတ်ခွဲခြမ်းခဲ့လို့ မှတ်ဉာဏ်ထူးကဲတဲ့ ပါရမီရှင်ဖြစ်ခဲ့တယ်။ ဒီလိုအဖြစ်မျိုးကို ဆေးပညာမှာ "Savant-Syndrome" ဒါမှမဟုတ် "Idiot genius" လူအ,ပါရမီရှင်လို့ ခေါ်ခဲ့ကြတယ်။

ဆေးပညာရှင်တွေက Peekရဲ့မှတ်ဉာဏ်အားဟာ ၂၂ဝ ရှိတယ်လို့ဆိုခဲ့ပေမယ့် တကယ့်လက်တွေ့ဘဝမှာ Peek ဟာ ကျပ်မပြည့်သူ၊ ကိုယ့်ကိုယ်ကိုအားငယ်သူဖြစ်ခဲ့ရတယ်။ ဒါကြောင့်သူဟာ လူတွေနဲ့ မရောနှောသလို အပြင်ကိုအထွက်နည်းခဲ့တယ်။ လူတွေရဲ့အကြည့်ကို သူကြောက်ရွံ့ခဲ့တယ်။

နောက်ဆုံး မသန်စွမ်းသူအသင်းက Peek အကြောင်းကို ဇာတ်ညွှန်းရေးဆရာတစ်ဦးကို ပြောပြခဲ့တယ်။ အဲဒီကမှတစ်ဆင့် "Rain Man" ဆိုတဲ့ ဇာတ်ကားဖြစ်လာခဲ့တယ်။ အဲဒီဇာတ်ကားက Dustin Hoffman နဲ့ Tom Cruise ပါဝင်သရုပ်ဆောင်ခဲ့ပြီး ဆုအကြိမ်ကြိမ်ရခဲ့တဲ့ ဇာတ်ကားဖြစ်တယ်။ အဲဒီဇာတ်ကား ရိုက်ကူးမှုကြောင့် Peekဟာ ကိုယ့်ကိုအမှောင်မချတော့ဘဲ လူတွေနဲ့တဖြေးဖြေး ပြောဆိုဆက်ဆံလာခဲ့တယ်။ (Rain Man ဇာတ်ကားနဲ့ Tom Cruise နာမည်ရ လူသိများလာခဲ့ခြင်းဖြစ်တယ်)

Peek ရဲ့ လော့ဂျစ်တွေးတောနိုင်တဲ့စွမ်းရည်ဟာ သုညဖြစ်တယ်ဆိုပေမယ့် သူ့မှာ ကိုယ်ပိုင်ဖြေရှင်းချက်နဲ့ အယူအဆတွေရှိခဲ့တယ်။

အခုအချိန်မှာ (၅၇)နှစ်ရှိပြီဖြစ်တဲ့ Peek ဟာ စာအုပ်ရေပေါင်း ၁.၂ သန်းခန့် ဖတ်ပြီးခဲ့ပြီဖြစ်တယ်။ ပညာရပ် ၁၅ရပ်ထဲက ထိုက်တန်တဲ့ပညာရှင်အဖြစ် ရပ်တည်ခဲ့တယ်။ Peek ဟာ ထူးကဲတဲ့မှတ်ဉာဏ်ရှိသည့်နည်းတူ ကိုယ့်ပတ်ဝန်းကျင်က အရာဝတ္တုတွေကို ရိုးသားတဲ့အမြင်၊ အပြုအမူတွေနဲ့ ဖြေရှင်းနိုင်ခဲ့တယ်။ ဒါကလည်းသူ့အတွက် တန်ဖိုးရှိတဲ့ ပျော်ရွှင်ခြင်းပဲဖြစ်ပါတယ်။

** (Peek ဟာ ဒီဇင်ဘာ ၁၉၊ ၂ဝဝ၉ခုနှစ်မှာ သူကွယ်လွန်သွားပါပြီ)

http://www.youtube.com/watch?v=k2T45r5G3kA

နိုင်းနိုင်းစနေ (Saturday, June 13, 2009)
.
Wise man without fear
_________________

၁၉၅၁ခုနှစ် နိုဝင်ဘာ၁၁ရက် ညတစ်ညမှာ အမေရိကန် Utah State, Salt Lake Cityကဆေးရုံတစ်ရုံမှာ ကလေးငယ်တစ်ယောက်ကို မွေးဖွားခဲ့တယ်
။ အဲဒီကလေးငယ်ရဲ့နာမည်က Kim Peek ဖြစ်တယ်။

No comments:

Post a Comment

mr.kyaingtun@gmail.com