မေသင်္ကြန်ဟိန်(မြစ်မခ)
နိုဝင်ဘာ ၃၊ ရန်ကုန်မြို့။
အပိုင်း(၁၀)
ထောင်ထဲမှာ စားရတာကလည်း အဟာရ မရှိတော့ ကျနော်တို့ အကျဉ်းကျခံနေရတဲ့ သူတွေမှာ အဟာရ တွေပြတ်ကြတယ်။ကျနော်တို့ကို ထားတဲ့ နေရာမှာလည်း ၇၀ကျော် ၈၀ လောက်ကိုပဲ ဒီအတိုင်း ထားထားတဲ့ အနေအထားတွေလည်း ရှိတော့ ကျန်းမာရေးတွေလည်း ဆိုးဆိုးဝါးဝါး ထိခိုက်ကြတာတွေလည်းရှိတယ်။
အဲလိုအနေအထားမျိုးနဲ့ နေနေတုန်း တရက်မှာတော့ ကျနော်တို့ကို ညနေ ၃နာရီလောက်ပဲ ရှိသေးတယ် အလုပ်စောစောသိမ်းခိုင်းတယ်။ ကျနော်ရယ် ဘိုဘိုရယ် ကိုကျော်နိုင်ဦးတို့ရယ်က တဖွဲ့ပေါ့၊ နောက်ကိုယ်စီကိုယ်စီ အလုပ်သွားလုပ်ကြရတဲ့ သူတွေကလည်း တဖွဲဖွဲပြန်ရောက်လာကြတာပေါ့။
အဲဒီလိုအချိန်မှာပဲ ရဲဘော် ၃ ယောက်က ပေါက်တူးတွေ ဂေါ်ပြားတွေ လာယူတယ်။ ရှိတဲ့ ပေါက်တူးတွေ ဂေါ်ပြားတွေ ယူသွားရုံနဲ့တင် မလောက်သေးဘူး ဆိုတော့ ဟာ ကျနော့် စိတ်ထဲ တခုခုပဲပေါ့ ထင့်သွားတယ်။
ရဲဘော်တွေကတော့ ထင်းခွဲတဲ့ နေရာတွေ မငယ်တို့ မခင်ချိုဦးတို့ ထမင်းချက်နဲ့ နေရာတွေမှာပါ ၀င်ရှာ ပြီးတော့ အားလုံး ယူသွားကြတယ်။
အဲဒီအချိန်မှာ အကုန်လုံးကို ထုံးစံအတိုင်း မျက်နှာတွေစည်း၊ နံရံဘက်ကိုလည့်ပြီးတော့ လက်နောက်ပြန်ကြိုးတုတ်ပေါ့လေ။ အဲဒီနေ့က လက်ပြန်ကြိုးတုတ်တာလည်း တော်တော်နာတယ်။ မခံနိုင်အောင်ကို တင်းကြပ်နေအောင်ကို ချည်ထားတာ။ ခါတိုင်းနေ့နဲ့ကို မတူဘူး။
ကျနော့် စိတ်ထဲမှာလည်း တခုခုတော့ဖြစ်နေပြီ ငါတို့ကို တခုခုတော့ လုပ်တော့မှာပဲ ဆိုပြီး အတွေးကလည်း ၀င်နေပြီ။ နားကလည်း စွင့်ထားတော့ ကုန်းပေါ်ကလည်း ၀ီစီမှုတ်သံတွေ လူစုတဲ့ အသံတွေ ကြားနေရတယ်ပေါ့လေ။
နောက် ညနေ ၄ နာရီကျော် ၅ နာရီဝန်းကျင်လောက်ရှိမယ်ထင်တယ်၊ ကျနော်တို့ ဆီကို လူ ၁၀ ဦးကျော်လောက် လာတဲ့ အသံတွေကို ကြားနေရတယ်။ လှဆိုင်းက ထောင်ပြောင်းမယ်ဟေ့လို့ ပြောပြီး ၀င်လာတာ။ နာမည်ခေါ်တဲ့ သူတွေ ထ ဆိုပြီးတော့ပြောပြီး နာမည်ခေါ်တယ်။
ကျနော်တို့မှာကလည်း မျက်နှာကလည်း စည်းထားတယ်၊ လက်ကိုလည်း တင်းကြပ်နေအောင်နောက်ပြန်ကြိုးတုပ်ပြီး ချည်ထားတယ်၊ ခြေထောက်မှာလည်း သံခြေကျင်းတွေနဲ့ ဆိုတော့ ဘာပဲ လုပ်လုပ် လွယ်တာက မလွယ်ဘူး၊ ထဆိုရင်လည်း မလွယ်ဘူး၊ လှဲရ ပြုရတာကလည်း တကယ်ကို မလွယ်ပါဘူး။
အဲဒီမှာ ကျနော့်နားကို တယောက်ယောက်လာပြီးတော့ လက်ပြန်ကြိုးတုပ်ထားတဲ့ ကြိုးကို လာဖြည်တယ်။ ကျနော့်စိတ်ထဲ လှစ်ခနဲ ၀မ်းသာသွားမိတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော့်လက်တွေ အရမ်းနာနေပြီ။ လက်ကို ကြိုးဖြေပေးလိုက်တဲ့ အချိန်မှာ အနာလေး နည်းနည်းသက်သာသွားလို့ ကျနော် ၀မ်းသာသွားတယ်။
ကျနော်တို့ကို တကယ်ကို ကောင်းတဲ့ နေရာပြောင်းပေးမယ်လို့ ရိုးရိုးသားသား ထင်နေခဲ့တာ၊ အဲဒီအချိန်မှာပဲ နောက်ထပ် ရဲဘော်တယောက်အနားရောက်လာပြီး ဟာ သူ မပါဘူး။ သူမပါဘူး လို့ လာပြောတယ်။
အဲဒါနဲ့ ကျနော့်လက်ကို ကြိုးပြန်ချည်ကြတယ်။ မျက်နှာကိုလည်း စည်းလိုက်တော့ ခေါ်သွားတဲ့ သူတွေ ရဲ့ ခြေသံကိုပဲ ကြားလိုက်ရတယ်။ ခြေသံတွေအရတော့ တော်တော်များပါတယ်။နောက် နားအာရုံကနေ သံခြေကျင်းဝတ်ထားတဲ့ သူတွေကိုလည်း အပြင်မှာ သံခြေကျင်းတွေ ဖြုတ်ကျနေတယ်ဆိုတဲ့ အသံတွေကြားနေရတယ်။
အဲလိုအနေအထားနဲ့ပဲ ည နေ ၆နာရီခွဲကျော်ကျော်လောက်ထိ ထားထားတယ်။ အားလုံးရဲ့ စိတ်ထဲမှာလည်း အတွေးကိုယ်စီနဲ့ပဲ၊ ဘယ်ကို ခေါ်သွားတာလဲ၊ ဘာလုပ်မှာလဲ၊ ဘယ်သူတွေ ပါသွားသလဲ ။ အဲလို အတွေးတွေပေါ့လေ။ စိတ်တွေးတွေထဲမှာလည်း ဘယ်သူမှ ကောင်းမှာ မဟုတ်ဘူး။
အဲဒီမှာ သေနပ်သံ ၂ ချက် ကြားလိုက်ရတယ်။
ဟာ ၂ယောက်လောက်တော့ သေသွားပြီပေါ့၊ သေနပ်သံကြားလိုက်ရတော့ သွားပြီပေါ့။ အဲလို ကြားပြီး မကြာခင်မှာပဲ လှဆိုင်းနဲ့ ရဲဘော်အချို့ ပြန်ဆင်းလာတဲ့ အသံတွေလည်း ကြားလိုက်ရတယ်။
အဲဒီမှာ လှဆိုင်းက ဟာ ဒီမှာ လူတွေအများကြီး ကျန်သေးတာပဲ လို့ အကျယ်ကြီး ပြောတယ်။ နောက်ရဲဘော်တယောက်က ရိက္ခာများများ ပိုစားရတာပေါ့ လို့ပြောတယ်။
သူတို့ ဘာအဓိပါယ်တွေနဲ့ ပြောနေကြသလဲ ဆိုတာကို အဲဒီအချိန်တုန်းက လုံးဝ မသိခဲ့ ဘူး။ အဲလိုပြောပြီး ဆက်ထွက်သွားကြတာ။ သူတို့ ခဏလာပြီး ၀င်ကြည့်တဲ့ သဘောပါပဲ။
အဲဒီနေ့က ပြောရရင်တော့ ၁၉၉၂ ခုနှစ် ၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့၊ ပြည်ထောင်စု နေ့ပေါ့ဗျာ မှတ်မှတ်ရရပါပဲ။ ပြောရရင် တောခိုလာတဲ့ ကျောင်းသား ၁၅ ဦးတိတိကို ကုန်းပေါ်မှာ အစုလိုက်အပြုံလိုက်သတ်တဲ့ နေ့ပေါ့။
ထောက်လှမ်းရေးလို့ စွပ်စွဲပြီး ဖမ်းထားတဲ့ ကျောင်းသား ၈၀ ထဲကနေ ၁၅ ဦးကို ရွေးထုတ်ခေါ်သွားပြီး သတ်လိုက်တာပဲ။ ခေါင်းဖြတ်သတ်တဲ့ သူတွေကိုလည်း သတ်တယ်၊ ၂ ဦးလောက်ကိုလည်း သေနပ်နဲ့ ပစ်သတ်တယ်လို့ ကြားရတယ်။ သေနတ်သံလည်း ၂ ချက်လောက်ကြားရတာကိုး။
နောက် စိတ်ထဲမှာလည်းလေ သူတို့ ရက်ရက်စက်စက်လုပ်လိမ့်မယ်လို့ ဘယ်တုန်းကမှလည်း တွေးမထားဘူး၊ ထင်လည်း မထင်ထားခဲ့ဘူး။ ပြီးတော့ အားလုံးက ကျောင်းသားတွေပဲလေ တောခိုလာကြတာလည်း တကယ့်ကို တိုင်းပြည်အတွက် တော်လှန်ရေးလုပ်မယ်ဆိုတဲ့ စိတ်တွေနဲ့ လုပ်လာကြတာဆိုတော့ သူတို့တွေ ရက်စက်လိမ့်မယ်လို့လည်း ဘယ်တုန်းကမှ မထင်ခဲ့ဘူး။
နောက်နေ့ ကျနော်တို့ သစ်ခုတ်ဝါးခုတ်သွားတဲ့ နေရာကနေဘယ်ဘက်ကို ထောင်တက်သွားရင် အာသံကုန်းလို့ ခေါ်တဲ့ လူသတ်ကုန်းပဲ။ ညာဘက်ကို သွားမှ ကျနော်တို့ သစ်ခုတ်ဝါခုတ်လုပ်နေရတဲ့ နေရာကို ရောက်တာလေ။
မိုးလင်းကတည်းက ရဲဘော်တွေကနေ ပြောနေတာတွေ ကြားရတာက မနေ့ညက ၁၅ ယောက်ကို သတ်ပစ်လိုက်ပြီတဲ့။
ဒီ ၁၅ယောက်ကို သတ်တာကလည်း အာဏာ အားပြိုင်မှုတွေ၊ အမုန်းတရားတွေ ပါတယ်။ နောက် ၁၅ ဦးက ကိုသက်နိုင်၊ မောင်မောင်ကြွယ်၊ ရန်အောင်တို့ ဋ္ဌေးမြင့်ဝင်းတို့ဆိုတာက ရန်ကုန်က ကျောင်းသားတွေ၊ နောက် မန္တလေးက ကျောင်းသားတွေနဲ့ စစ်ကိုင်းက ကျောင်းသားတွေ ပြီးတော့ အားလုံးက တက်တက်ကြွကြွနဲ့ မမှန်ရင် ပြောရဲ ဆိုရဲရှိခဲ့တဲ့ သူတွေ။ အပတ်စဉ် ၅ ဆန္ဒပြပွဲတွေမှာ ပါခဲ့တဲ့ သူတွေ၊ ဗဟိုကော်မတီဖွဲ့စည်းဖို့ တက်တက်ကြွကြွ ဆောင်ရွက်ခဲ့တဲ့ သူတွေပဲ။
ဒီလူတွေ တကယ်ထောက်လှမ်းရေးဖြစ်ခြင်း မဖြစ်ခြင်း အပေါ်မှာ သူတို့ဘယ်လောက်ယုံကြည်သလဲဆိုတာ မသိဘူး၊ အဲဒီ ၁၅ ဦးအပြင် ကိုရန်ရှင်းတို့ ဘာတို့ဆိုရင်လည်း လိုက်သတ်တာခံကြရတယ်။ နောက် စစ်ရင်းနဲ့ သေသွားတဲ့ သူတွေထဲမှာလည်း အပတ်စဉ် ၅ ကလူတွေနဲ့ စစ်ကိုင်းတိုင်းတို့ ဗဟိုကော်မတီဖွဲ့စည်းရေးတို့မှာ ပါခဲ့တဲ့ သူတွေချည်းပဲ။
နောက် ကိုသာဓုဆိုရင်လည်း သူက ရန်ကုန်က စိတ်ဓါတ်လည်း ကောင်းတယ်၊ တိုက်ခိုက်ရေးလည်း ကောင်းတယ်။ ဒါပေမဲ့ သတ်ဖို့ ၁၅ ဦးထဲပါသွားတာက တိုက်ရဲခိုက်ရဲ လို့ သူတို့ကိုလည်း ပြန်လှန်နိုင်တယ် လုပ်ရဲ လို့လို့ ကျနော်မြင်တယ်။
နောက် ၁၅ ဦးတည်းမှာ အမျိုးသမီးတယောက်ဖြစ်တဲ့ မခင်ချိုဦးကိုတော့ ကိုသန်းထွန်းစိုးနဲ့ ပတ်သက်ပြီးတော့ ကိုသန်းထွန်းစိုးကို မရလိုက်လို့ အငြိုးတရားနဲ့ ခင်ချိုဦးကို သတ်ပစ်လိုက်တယ်လို့ ကျနော်ထင်တယ်။ မခင်ချိုဦးက စိတ်ထားကောင်းတယ်။ သတ်ပစ်လောက်တဲ့ အပြစ်မျိုးတွေဘာတွေလည်း မရှိပါဘူး။
(၁၉၉၂ ဖေဖေါ်ဝါရီ (၁၂) ရက်နေ့တွင် သေဒဏ်ချပြီး ရက်စက်စွာ သတ်ဖြတ်ခံရသည့် (၁၅) ဦး၏ အမည်စာရင်း( မနန်းအောင်ထွေးကြည်ထံမှ ဖော်ပြပါသည်)
(၁) ရဲမေ ခင်ချိုဦး ( ရန်ကုန်) - အသတ်မခံရခင် ကိုယ်တုံးလုံးချွတ်ပြီး ABSDF ( မြောက်ပိုင်း) ရဲဘော်များအား ဖျော်ဖြေခဲ့ရ- သူမ၏တောင်းဆိုမှုအရ သံချောင်းမှ သေနပ်ဖြင့် ပစ်သတ်ခဲ့သည်။
(၂) တပ်ကြပ် ဋ္ဌေးမြင့်ဝင်း( ရန်ကုန်)( တောင်းဆိုမှုအရ သံချောင်းမှ သေနပ်ဖြင့် ပစ်သတ်ခဲ့။ အသတ်မခံရခင် မျိုးဝင်းမှ မင်းဘာတတ်နိုင်သေးလဲ ဟု အငြိုးတကြီး ကြိမ်းမောင်းခဲ့)
(၃) ရဲဘော်မောင်မောင်ကြွယ် (ရန်ကုန်) ( ခေါင်းဖြတ်သတ်ခံခဲ့ရ)
(၄) ရဲဘော်သက်နိုင် ( ရန်ကုန်) ( ခေါင်းဖြတ်သတ်ခံခဲ့ရ)
(၅) ဗိုလ်သာဓု (ရန်ကုန်) (ခေါင်းဖြတ်သတ်ခံခဲ့ရ)
(၆) ရဲဘော် အောင်ဖိုး ( ရန်ကုန်) ( သေဒဏ်မချခင် ခြေထောက်တွင် မိုင်းချည်ပြီး မိုင်းခွဲခြေဖြတ်ခြင်း ခံခဲ့ရ)
(၇) ဥက္ကဋ္ဌ ထွန်းအောင်ကျော် ( မန္တလေး) ( ခေါင်းဖြတ်သတ်ခံခဲ့ရ)
(၈) ရဲဘော်ရန်အောင်( မန္တလေး) ( ခေါင်းဖြတ်သတ်ခံခဲ့ရ)
(၉) ကိုချိုကြီး ( မန္တလေး) ( ခေါင်းဖြတ်သတ်ခံခဲ့ရ)
(၁၀) ကိုလှမြင့် ( မန္တလေး) ( ခေါင်းဖြတ်သတ်ခံခဲ့ရ)
(၁၁) ရဲဘော်မောင်မောင် ( ကသာ) ( ခေါင်းဖြတ်သတ်ခံခဲ့ရ)
၁၂) ရဲဘော် အေးမြင့်( ကသာ ) ( ခေါင်းဖြတ်သတ်ခံခဲ့ရ)
၁၃) ရဲဘော် ကျော်ကျော်မင်း ( မုံရွာ ) ( ခေါင်းဖြတ်သတ်ခံခဲ့ရ)
(၁၄) တပ်ကြပ်ကြီး သောင်းမြင့် ( စစ်ကိုင်းတိုင်း ) ( ခေါင်းဖြတ်သတ်ခံခဲ့ရ)
(၁၅) တပ်ကြပ်ကြီး တူးတူး ( မြစ်ကြီးနား) ( ခေါင်းဖြတ်သတ်ခံခဲ့ရ)
အဲဒီလို သတ်ပြီးတဲ့ နောက်နေ့မှာပဲ အဖွဲ့ထဲကနေ ၅ ဦးကို ရွေးထုတ်ပြီး မီဒီယာနဲ့ အင်တာဗျူးလုပ်ခိုင်းတယ်။ ကျနော် သိရသလောက်မှာတော့ မငယ်(နန်းအောင်ထွေးကြည်)၊ ကိုကြောင်(ကိုကျော်နိုင်ဦး)၊ ဂျိုးဖြူ ခေါ် နိုင်ဝင်းအောင်၊ ကိုညီညီ(ခ) စမားညီညီ၊ ကိုးတိုးကြည်တို့ကို ယင်ဒီးတို့နဲ့ တွေ့ပြီး အင်တာဗျူးလုပ်ခိုင်းတာပါ။
အဲလိုဖြစ်သွားပြီးတဲ့နောက်မှာတော့ ကျနော်တို့အပါအ၀င်း အဖမ်းခံထားရတဲ့ ကျောင်းသားတွေကုန်လုံးနီးပါးစိတ်ဓါတ်ကျကုန်ကြတယ်။ ပူပင်တာရောပေါ့၊ ငါတို့အလှည့်လည်း ဘယ်တော့လာမလဲ ဆိုတဲ့ စိတ်ကြောင့်ကြတာတွေလည်း ဖြစ်ကုန်ကြတယ်။ အစားအသောက်ဆင်းရဲတဲ့အပြင်၊ အလုပ်တွေလည်း လုပ်ရတော့ပင်ပန်းတာရော၊ စိတ်ဓါတ်တွေလည်း ကျကုန်တော့ ကျနော်တို့ ဖြတ်သန်းရတာလည်း ပင်ပန်းတယ်။
အဲလိုနဲ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့လောက်မှာ ကျနော်တို့ကို တခါခေါ်ပြန်တယ်။ ကျနော်တို့မှာ သူတို့ ခေါ်ပြီ ဆိုရင်ကို စိတ်ထဲမှာ တထင့်ထင့်နဲ့ တခုခုတော့ တခုခုပဲပေါ့။ သန်းဇော်တို့ အဖွဲ့က မျိုးဝင်းတဲကို ခေါ်သွားခဲ့တယ်။
ဆက်လျက်ဖော်ပြပေးပါမည်။
မိတ်ဆွေများ အိပ်မက်ဆိုးမှ လွတ်မြောက်ကြပါစေ။
မေသင်္ကြန်ဟိန်(မြစ်မခ)
ည ၁နာရီ ၂၇ မိနစ်။

No comments:
Post a Comment
mr.kyaingtun@gmail.com