ပါးကွပ်သား - ၁ [သွန်းနေစိုး]
by Thorn Nay Soe on Friday, November 16, 2012 at 11:52pm ·
စကားဦး
ကျနော်တို့ ၀တ္ထုရေးတာမှာ Anti-Hero ဆိုတာတစ်ခု ရှိပါတယ်။
အနီးစပ်ဆုံး ပြရရင် ဆရာချစ်ဦးညိုရဲ့ လင်္ကာဒီပချစ်သူဟာ ဒဿဂီရိကို ဇာတ်ကောင်ထားလို့မို့
Anti-Hero ဆိုပြီး ပြောကြတယ်။
ကျနော့် အခုဝတ္ထုကတော့ လုံးဝ သူရဲကောင်းမဆန်တဲ့ သူတစ်ယောက်အကြောင်း ရေးထားတာပါ။
ဘ၀တစ်သက်တာလုံးမှာ ဘယ်လိုမှ အရေးမပါလှတဲ့ အဖြစ်မျိုးနဲ့ နေထိုင်ရှင်သန်ခဲ့တဲ့သူပေါ့။
သူ့ကို အားလုံးက ရွံမုန်းကြတယ်။
ဘ၀ရဲ့ ထောင့်တစ်နေရာမှာ သူ ရှင်သန် နေတာကို သူကလွဲလို့ ဘယ်သူမှ တန်ဖိုးမထားကြဘူး။
တစ်ခါတစ်လေ လူတွေက သူ သက်ရှိထင်ရှားရှိ နေပါလားဆိုတာတောင် မေ့ချင်မေ့နေတတ်ကြပါသေးတယ်။
သူ့အကြောင်း တကယ်တမ်းပြောရင် စာလေး သုံးကြောင်းထဲနဲ့ ပြောနိုင်ပါတယ်။
“မွေးလာတယ်၊
ရှင်သန်တယ်၊
နောက်ဆုံး သူသေသွားတယ်”
ဒါပေမယ့် ပြောသာပြောရတာပါ။
တကယ်တမ်း ကျွန်တော်တို့ဘ၀တွေဟာလဲ သူနဲ့ သိပ်တော့ ထူးခြားလှတာ မဟုတ်ပါဘူး။
[၁]
ဖပ်ကနဲ ကျုပ်လည်ဂုတ်ပေါ်မှာ
စိုရွှဲတဲ့ အထိအတွေ့တစ်ခုကို ရလိုက်တယ်။
လက်ဝါးနဲ့ ပြန်သပ်ယူရင်း လက်ကိုဖြန့်ကြည့် လိုက်တော့ ...
“ဟင်”ကနဲ ဖြစ်သွားရတယ်။
ကျုပ်ရဲ့ လည်ဂုတ်ကို လာစင်တာက တံတွေးတွေ။
“အတင့်ရဲလှချေလား၊ ငါ့ကို တံတွေးနဲ့လှမ်း ထွေးတယ်၊ ဘယ်ကောင်လဲကွ”
ကျုပ်ရဲ့ နံဘေးတစ်ဖက်တစ်ချက်မှာက မြေတိုက် အချုပ်ခန်းတွေ။ စီစီရီရီ သွယ်တန်းလို့။
အထဲမှာ ရာဇ၀တ်သားတွေက ဟိုတစ်စု၊ ဒီ တစ်စု။ အချုပ်နားကပ်သွားပြီး အသံပြင်းပြင်း မျက်နှာထားမာမာနဲ့ မေးလိုက်တယ်။
“ဘယ်ခွေးမသားလဲကွ၊ ငါ့ကို တံတွေးနဲ့လှမ်းထွေးတာ”
တစ်ယောက်မှ တုတ်တုတ်မလှုပ်ကြဘူး။ သူတို့မျက်နှာတွေကြည့်တော့ မချိုမချဉ်နဲ့။
“သြော် မဖြေကြဘူးပေါ့ ဟုတ်လား၊ ဖော်မယ့်သူမရှိရင် အကုန်လုံးနာမယ်နော်”
ဘယ်သူမှ မဖြေကြဘူး။ ကျုပ်ကိုတောင် မခိုး မခန့် ပြန်ကြည့်နေကြသေးတယ်။
ရင်ထဲမှာ ဒေါသတွေ အထွတ်အထိပ်ထိ ရောက်သွားပါတော့တယ်။
“ဟေ့ကောင်တွေ၊ အချုပ်တိုက်တံခါး ဖွင့်စမ်းကွာ”
အနားမလှမ်းမကမ်းမှာ ရှိနေတဲ့ အချုပ်တိုက် စောင့်ရဲမက်နှစ်ယောက်ကို လှမ်းခေါ်လိုက်တယ်။
တံခါးကို သူတို့ကိုပဲဖွင့်ခိုင်းပြီး တံခါးပွင့်သွားတာနဲ့ အဲဒီရဲမက် နှစ်ယောက်နဲ့အတူ အချုပ်တိုက်ထဲ ခြေသံခပ်ပြင်းပြင်း ၀င်သွားလိုက်ပါတယ်။
“ငါနောက်ဆုံးမေးမယ်၊ ငါ့ကို တံတွေးနဲ့ထွေးတာ ဘယ်ကောင်လဲ၊ ပြောတဲ့လူ လွတ်မယ်၊ မပြောရင် အကုန်နာမယ်”
ကျုပ်အသံကြီးက ဟိန်းပြီးထွက်လာတယ်။
တစ်ကိုယ်လုံးလည်း ဒေါသထွက်လွန်းလို့ တဆတ်ဆတ် တုန်နေပြီ။
အချုပ်တိုက်စောင့် ရဲမက်နှစ်ယောက်က အဲမောင်းလှံကိုယ်စီနဲ့ အချုပ်သားတွေကို ချိန်ရွယ်ရင်း ကျုပ်ဘေးက အသင့်စောင့်နေပေးကြတယ်။
“ကဲ ... ပြောလေကွာ၊ ငါ သိပ်စိတ်မရှည်တော့ဘူးနော်”
ဟိုကောင်တွေကတော့ ခုထိတုတ်တုတ်မလှုပ်ဘဲ ရှိနေဆဲပါ။
ကျုပ်ကိုတောင် မျက်လုံးချင်းပြိုင်ပြီး ဆိုင်ကြည့်နေကြသေး။
ကျုပ်ရဲ့လက်သံ မြည်းချင်တယ် ထင်ပ။
“ဒီလောက်တောင် နာချင်နေကြတော့လည်း ငါ့လက်နဲ့တွေ့ပြီပေါ့ကွာ၊ ကဲ...လာစမ်း”
အချုပ်တိုက်ထဲက မြင်မြင်လေရာလူတွေကို လက်သီးမိုးတွေ တဖြုန်းဖြုန်းရွာတော့တယ်။
“အား...အင့်...အွတ်...ခွပ်”
အသံမျိုးစုံ ခဏချင်းဆူညံသွားတော့တယ်။
ဒီလောက် တဖြုန်းဖြုန်း ထိုးကြိတ်နေပေမယ့် အံ့သြဖို့ကောင်းတာက တစ်ယောက်မှ မငြီးငြူကြဘူး။
ခြေကျဉ်း လက်ကျဉ်းတွေ ခတ်ထားလို့သာ ဘာမှမတတ်နိုင်ပေမယ့် သူတို့ကတောင် ကျုပ်ကို ပြန်ထိုးချင်တဲ့ပုံနဲ့ အားလုံး မိုက်မိုက်ကန်းကန်း ပြန်ကြည့်နေကြတယ်။
ကျုပ်ရဲ့ဒေါသတွေကလည်း ဆင့်ကာဆင့်ကာ။
လူတစ်ကိုယ်လုံး ဖတ်ဖတ်မောသွားလောက်တဲ့ အထိ အဆက်မပြတ် ထိုးကြိတ်ပစ်ပလိုက်တယ်။
ဘေးနားက အချုပ်တိုက်စောင့် ရဲမက် နှစ်ယောက်ကလည်း တာဝန်ကျေကျေနဲ့ အဲမောင်းလှံတံတွေ ကိုယ်စီချိန်ရွယ်ရင်း စောင့်နေပေးကြလေရဲ့။
လူတစ်ကိုယ်လုံး ချွေးတွေရွှဲနစ်၊ မောပန်းသွားမှ အချုပ်တိုက်တံခါးကို ၀ုန်းခနဲ နောက်ပြန်ဆောင့်ပိတ်ပြီး ထွက်လာခဲ့လိုက်တယ်။
“မှတ်ပြီလားကွ၊ ငါ့ကို အာခံချင်ကြဦး၊ နောက်တစ်ခါဆို ဒီထက်နာမယ်၊ အားလုံးကို အသေသတ်ပစ်မယ်”
ဒါပေမဲ့ ကျုပ်အတွက် မကျေချမ်းနိုင်တာက ကျုပ်ထွက်လာတဲ့အခါ တစ်ယောက်မှ ငြီးငြူပြီး မကျန်ခဲ့ကြတာပါပဲ။
“တော်တော်အသားမာတဲ့ကောင်တွေ၊ ငါသာ ထိုးကြိတ်ရလို့ သေကောင်းသေသွားမယ်၊ ဒင်းတို့က ဘယ်တော့မှ နာမယ့်ပုံမပေါ်ဘူး၊ လူအစစ်မဟုတ်ဘဲ တိရစ္ဆာန်ဝင်စားတဲ့ကောင်တွေနဲ့ တူပါရဲ့”
************************************
[၂]
ထန်းရည်ဆိုင်ထဲ ရောက်တဲ့အထိပဲ ကျုပ်ရဲ့ ဒေါသဟာ မပြေနိုင်သေးဘဲ ရှိတယ်။
ဒါကြောင့် ကျုပ်သူငယ်ချင်း ငမှန်းကတောင် သတိပြုမိပြီး မေးလာခဲ့ပါတယ်။
“ဟေ့ကောင် ငနက်ကျော်၊ မင်း ဘာဖြစ်နေတာလဲကွ၊ မျက်နှာကြီးကလည်း သုန်လို့မှုန်လို့”
“ဒီနေ့ အချုပ်တိုက်ထဲမှာ ပြဿနာတက်လာလို့ကွာ”
အဲဒီကနေ အစချီပြီး ဖြစ်ပျက်သမျှ အကုန်လုံးကို ငမှန်းကို ပြန်ပြောပြမိတယ်။ ပြီးတော့ မချိတင်ကဲတောင် ငြီးငြူမိပါသေးတယ်။
“လူတွေက ငါ့ကိုများ မုန်းနေကြသလား မသိပါဘူးကွာ”
“ဘာလို့မုန်းရမှာလဲ ငနက်ကျော်ရ၊ မဆိုင် လိုက်တာ”
“မသိဘူးလေ၊ ငါက ပါးကွပ်သားကြီးဆို တော့ လူတွေအမြင်မှာ ရွံ့ကြောက်ကြီးများ ဖြစ်နေသလားလို့ပါ”
“လူတစ်ယောက်ရဲ့ တန်ဖိုးဟာ သူလုပ်တဲ့ အလုပ်အကိုင်နဲ့ မဆိုင်ပါဘူးကွာ၊ သူ ဘယ်လို နေထိုင် ရပ်တည်သလဲဆိုတာနဲ့ သူ့ရဲ့အပြုအမူ တွေကပဲ အဓိကပါ”
“ဒါတော့ ဒါပေါ့ကွာ၊ ဒါပေမဲ့...အချုပ်တိုက် ထဲက ကောင်တွေက ငါ့တွေ့တာနဲ့ ရန်စချင် နေကြသလိုပဲ၊ အသားနာမယ်ဆိုတာ သိလျက် နဲ့ ဇွတ်ကို လုပ်နေကြတာ”
ငမှန်းက ရယ်ရင်း ကျုပ်ပခုံးကို လှမ်းဖက်တယ်။
“ဟား...ဟား...ဟား၊ အတွေးတွေ ခေါင်မနေစမ်းပါနဲ့တော့ ငနက်ကျော်ရာ၊ လာပါ ... တို့နှစ်ယောက် ဆုံတုန်းဆုံခိုက် ပျော်ပျော်ပါးပါးကြီးသောက်ရင်း လောကကြီးကို မေ့ရ အောင်၊ ငါက လယ်သမား၊ မင်းကပါးကွပ်သားဆိုတော့ တို့နှစ်ယောက် ဆုံခဲလွန်းလို့ပါ”
ကျုပ်မှာ ဒီလိုတကယ်စေတနာမှန်တဲ့ မိတ်ဆွေ ကောင်းရှိနေလို့ တော်ပါသေးတယ်။
ငမှန်းနဲ့ ကျုပ်ဟာ တကယ့်သေအတူ ရှင်မကွာ ရောင်းရင်းတွေ။
သူက အမျိုးစပ်မယ်ဆို ကျုပ်ရဲ့ အစ်ကို နှစ်ဝမ်းကွဲလောက်လည်း တော်တယ်။
ကျုပ်ဘ၀မှာ ဘာကိစ္စအတွက်မဆို သူ့ကို ရင် ဖွင့်နေကျ။
သူကလည်း အမြဲတမ်း ကျုပ်ဖြေသာအောင် လုပ်ပေးနေကျ။
ခဏနေတော့ ကျုပ်တို့နှစ်ယောက်သား အရာ အားလုံးကို မေ့သွားပြီး စကားတွေ တပြောပြောနဲ့ ပျော်ပျော်ပါးပါး သောက်စားနေကြပါတော့တယ်။
ငမှန်းဟာ ဟာသဉာဏ်လည်း အတော်ရွှင်တဲ့ ကောင်။ သူကချည်း ဒိုင်ခံပြောပြီး ကျုပ်မှာ ရယ်ချည်း နေရတော့တယ်။
“ဟေ့ကောင်...တို့ မထတမ်း သောက်မှာနော်၊ မူးပြီး လဲကျသွားတော့မှ ထပြန်ကြေး”
“စိန်လိုက်လေ ငမှန်းရယ်၊ မင်းတောင် ရှေ့က သွားမှတော့ ငါလည်း လိုက်ဖို့အသင့်ပေါ့”
ဒါပေမဲ့ ခဏနေတော့ ငမှန်းက ထရပ်တယ်။
“ဟေ့ကောင်...လေကြီး လေကျယ်တွေပြောပြီး ဒါက ဘယ်သွားမလို့လဲ””
“ဟား...ဟား၊ ဆီးသွားချင်လို့ပါကွာ၊ စိတ်ချပါ၊ ဒီနေ့ မင်းနဲ့ငါ မမူးမချင်း အတူသောက်မှာပါ””
“ဒါဆိုလည်း သွား သွား၊ မြန်မြန်တော့ ပြန်လာခဲ့နော်”
“အေးပါဟ”
ပြောပြောဆိုဆိုနဲ့ ငမှန်းဟာ ထန်းရည်ဆိုင် အပြင်က တောချုံကြားထဲ သွက်သွက်ထွက်သွားတော့တယ်။
ကျုပ်တစ်ယောက်တည်း အေးအေးလူလူ သောက်ရင်း ကျန်ခဲ့တာပေါ့။
ဒီအချိန်မှာပဲ တစ်ဖက်ဝိုင်းက စကားသံတွေ ကျုပ်နားထဲ ၀င်လာပါတော့တယ်။
“ဟာ ဟေ့၊ ဟိုမှာ ရွှေနန်းတော်ထဲက ပါးကွပ်သားကြီးမဟုတ်လား၊ လူတွေကိုသုတ်သင်နေတဲ့ ကောင်ကြီးပဲကွ”
“ဒီကောင်ကြီး တကယ်ရော သတ္တိရှိရဲ့လား မသိပါဘူးကွာ၊ ငါ စမ်းကြည့်ချင်လိုက်တာ”
ကျုပ် မကြားချင်ယောင် ဆောင်ပါသေးတယ်။
ဒါပေမဲ့ မရဘူး။ စကားတွေက တဖြည်းဖြည်း ပိုပိုဆိုးလာတယ်။
“စမ်းချင်ရင် စမ်းပေါ့ကွာ၊ စိန်ခေါ်ပြီး တစ်ယောက်ချင်း ချကြည့်ပါလား၊ လက်ရည် ကလေး သိသွားရတာပေါ့”
“ဟာ မလုပ်နဲ့ဟေ့ကောင်၊ အဲကောင်ကြီး အကြောင်း ငါသိတယ်ကွ”
“ဘာလို့လဲ၊ အရမ်းစွမ်းလို့လား”
“အီးပေါလောကြီး မို့လို့ဟေ့၊ အီးပေါလောကြီးမို့လို့”
“ဟား ဟား ဟား”
ကျုပ် ၀ုန်းခနဲ ထရပ်လိုက်မိတယ်။ ဘယ်လိုမှ သည်းမခံနိုင်တော့ဘူး။
လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိတယ်။ ကျုပ်အသားတွေဟာ ဒေါသစိတ် ကြောင့် တဆတ်ဆတ် တုန်နေပါတယ်။
“မင်း မင်းတို့ တော်တော်လွန်တာပဲ”
ခုနက ပြောနေတဲ့လူတွေက အချင်းချင်း လက် တို့ကြတယ်။ မျက်နှာတွေက ပြုံးဖြဲဖြဲနဲ့။
“ဟာ ဟိုမှာ ထလာပြီကွ”
“ထလာတော့လည်း စမ်းကြရသေးတာပေါ့ကွာ”
လက်ညှိုးကြီးတရမ်းရမ်းနဲ့ ကျုပ် သူတို့ကို ပြောပစ်လိုက်တယ်။
“မင်း မင်းတို့က လူအုပ်အားကိုးနဲ့ အနိုင်ကျင့်ချင်တာလား”
သူတို့ထဲကတစ်ယောက် ရှေ့ကိုထွက်လာတယ်။
“အများအားကိုးနဲ့မဟုတ်ပါဘူး ကိုယ့်လူရာ၊ တစ်ယောက်ချင်းပဲ စမ်းချင်တာပါ၊ ကျုပ်တို့ထဲက ကြိုက်တဲ့တစ်ယောက်ကို ကိုယ့်လူ ခေါ်ထုတ်ပါ”
“တောက်! မင်းတို့ ငါ့ကို ဘာအောက်မေ့နေကြလဲ၊ ငါ့အကြောင်း သိသွားမယ်နော်”
“အေးလေ၊ အကြောင်းသိချင်လို့ပဲ ခေါ်နေတာပဲ၊ လာပါ၊ စမ်းကြရအောင်”
ကျုပ် သူ့ကို လက်ညှိုးကြီးသာ တည့်တည့်ကြီး ထိုးပြီး ဘာဆက်ပြောရမှန်းမသိဘူး။
“မင်း ... မင်း ...”
ဆိုပြီး တံတွေးနင်နေသလို စကားတွေ ထစ်ငေါ့ကုန်တယ်။
ဟိုလူက မခိုးမခန့်ပြောရင်း လက်ခမောင်း ခတ်လို့ စိန်ခေါ်နေတယ်။
“လာလေ အီးပေါလောကြီးရဲ့၊ လာစမ်းပါ စမ်းကြည့်ရအောင်”
ကျုပ် ချွေးသီးချွေးပေါက်တွေ ကျလာတယ်။
ရင်ထဲမှာလည်း ချက်ချင်းကြီး အရမ်းမောလာခဲ့တယ်။
ဒေါသတွေလည်း ဖြစ်လိုက်တာ အရမ်းပဲ။ ဘာလုပ်ရမှန်းလည်း မသိဘူး။
အဲဒီအခိုက်မှာ အကြားချင်ဆုံး အသံတစ်ခုကို ကျုပ် ကြားလိုက်ရပါတော့တယ်။
“ဟေ့ကောင် ငနက်ကျော်၊ ဘာဖြစ်နေတာလဲကွ”
လှည့်ကြည့်တော့ ငမှန်းရယ်လေ။ ကျုပ် တစ်သက်မှာ သူ့ကိုမြင်ရတဲ့အတွက် ဒီလောက်ဝမ်းသာတာ တစ်ခါမှမရှိဘူး။
“ဒီမှာကွာ ငါ့ကို လူအုပ်အားကိုးနဲ့ အနိုင်လာ ကျင့်နေကြတယ်”
“လူအုပ်အားကိုးနဲ့ မဟုတ်ရပါလားကွာ၊ ငါတို့က မင်းကြိုက်ရာတစ်ယောက်ချင်းနဲ့ စမ်းချင်တယ်လို့ ပြောတာပါ”
ငမှန်းဟာ ချက်ချင်းပဲ အခြေအနေကို ရိပ်စား မိသွားခဲ့တယ်။
“သြော် လူမိုက်ကြီးတွေအဖွဲ့ပဲ၊ လာလေ၊ စမ်းချင်ရင် ငါနဲ့စမ်းရအောင်”
ဟိုလူတွေ နည်းနည်းကိုယ်ရှိန် သတ်သွားတယ်။ စပ်ဖြဲဖြဲမျက်နှာတွေက မျက်နှာပိုးတွေသေသွားကြတယ်။
“ကျုပ်တို့က ဟိုပါးကွပ်သားကြီးနဲ့ပဲ စမ်းချင်တာဗျ”
“သူက အသတ်အပုတ် သိပ်မရဘူးကွ၊ မင်းတို့ သိပ်စမ်းချင်နေရင် ငါဖြည့်ဆည်းပေးပါ့မယ်ကွာ”
“ဟာ ကိုမှန်းကတော့ သိုင်းပြောင်းပြန် ဦးဘသာရဲ့ တပည့်အရင်းပဲဗျာ၊ ကျုပ်တို့ မစမ်းဝံ့ပါဘူး၊ ဟိုလူကသာ ပါးကွပ်သားကြီးတစ်ယောက်လုံး လုပ်နေပြီး ယောက်ျားမပီသဘူး၊ သိပ်ရှက်ဖို့ကောင်းတာပဲ”
ပြဿနာက ဒီမှာတင်ပဲ ပြီးသွားခဲ့ပါတယ်။ ဒါပေမဲ့ ကျုပ်ကတော့ မပျော်နိုင်တော့ဘူး။
အလကား နေရင်း ကိစ္စက လာရှုပ်နေရသေးတယ်။
ကျုပ်ရဲ့ ကံကိုက ဆိုးတာပါလေ။
သွန်းနေစိုး Thorn Nay Soe

No comments:
Post a Comment
mr.kyaingtun@gmail.com