Friday, November 2, 2012

အမေရိကန်ပြည်ထောင်စု၏ ဖွဲ့စည်းပုံအခြေခံဥပဒေ အကြောင်း(၂) by Ye Min Tun on Thursday, November 1, 2012 at 11:54pm ·


အမှာစကား

နိုင်ငံတနိုင်ကို အခြေခံဖြစ်သော သမိုင်းနောက်ခံနှင့် နိုင်ငံရေး စီးပွါးရေး ပထ၀ီရေးကို တီးခေါက်မိရင် ပိုလို့ စိတ်ဝင်စား စရာကောင်းပါသည်။ ပိုပြီးတော့လည်း အခြေမြစ် ရှိရှိ နားလည် သဘောပေါက် နိုင်သည်။ ဒါတွေကို အခြေခံ သုံးသပ်ချက်တိုင်းကို ကျစ်လစ်ခိုင်မာစေရန် သတိပြုရမှာ နိုင် စစ် စီး ကမ္ဘာ ( နိုင်ငံရေး စစ်ရေး စီးပွားရေး ကမ္ဘာ့ရေး) ဖြစ်ပြီး။ အဲဒီလို ချိန်ဆရမည်လို့ ကျနော်တို့ကို ထောင်ထဲမှာ အဘဦးအုန်းမြင့် (သခင်အုန်းမြင့်) နှင့် အကိုတွေ သင်ကြားပေးတာကို အခု ပြန်သတိရပြီး ကျေးဇူးတင်မိပါသည်။

ပထမပိုင်းမှာ ကျနော်တင်ပြထားတဲ့ အမေရိကန်ပြည်ထောင်စု၏ လွတ်လပ်ရေး ကြေငြာစာတမ်း ကြေငြာချက် အတိုင်း အာမခံချက်ရှိသော၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အခန်းကြီး ၁၀ ခန်းဖြင့် စတင်ခဲ့ပါသည်။ အရေးပါတဲ့ အမေရိကန် ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြောခင် သူတို့တွေမှာ ဥပဒေစိုးမိုးရတဲ့ အချက်ကို သတိထားမိတာကို ပြောချင်ပါသည်။ အမေရိကန်တွေက ဗြိတိသျှလက်ထဲကနေ နိုင်ငံရေးအရ ကိုလိုနီကို ဆန့်ကျင်လာခဲ့ပြီးမှ လက်နက်ကိုင် တိုက်ခဲ့သည်။ နိုင်ငံရေး အခြေခံကောင်းရှိတော့ နိုင်ငံရေး အားကောင်းတာကို တွေရသည်။ အမေရိကန်တွေ အလေ့ကျင့် ဖြစ်သွားပုံရသည်။ နောက်တခုက ခေါင်းဆောင်များသည် တိုင်းပြည် အတွက် တကယ်စဉ်းစားပြီး အလုပ်လုပ်ကြ သူများဖြစ်သောကြောင့် ရှေ့ပိုင်းက အခြေတည် ခဲ့သမျှသည် နောက်ပိုင်းမှာ ပိုပြီး လုပ်နိုင်တဲ့ အခွင့်လမ်းတွေ ဖြစ်နေတာကြောင့် အမေရိကန် တိုးတက်မှု ရလဒ်ကောင်းတာကို သတိပြုမိသည်။

နောက်တခုက အရေးကြီးတဲ့ နိုင်ငံရေးအရ ဖြေရှင်းမှု (compromise ) ကို လက်ခံခြင်းသည် အမေရိကန်တွေ သူတို့တိုင်းပြည်ကို အကောင်းဆုံး တိုးတက်သည့် လမ်းပေါ်ကို တက်ရောက်စေသည်။ ဒါတောင် ပြည်တွင်းစစ် ဖြစ်လိုက်သေးသည်။ သို့သော်လည်း ပြည်တွင်းစစ်၏ ဆိုးဝါးသော ရလဒ်ကို မှတ်သားပြီး အကောင်းဆုံး ဆက်လက် မောင်းနှင်သွားနိုင်သည်။


ဒီနေရာမှာ compromise သဘောတရားကို အတိုလေးရှင်းပြချင်ပါသည်။ ဒင်္ဂါးပြား၏ ခေါင်းနှင့် ပန်းကို ကြည့်ပါ နှစ်ဖက်ပဲရှိရင် တဖက်ရပ်တည်ဖို့ကို တဖက်ကို ဖိရပါလိမ့်မည်။ ဆိုလိုတာက လှဲထားတဲ့ ဒင်္ဂါးပြားကို ပန်းဖက်ကို ထားချင်ရင် ခေါင်းက အောက်မှာဖြစ်နေမည်။ ခေါင်းဖက်ကို ထားရင် ပန်းက အောက်မှာဖြစ်နေမည်။ ဒီတော့ မတရားဘူး။ တရားမျှတအောင်လို့ ခေါင်းရော ပန်းပါ ညီမျှနေအောင် ဖြစ်ဖို့အတွင် အလယ်အပြား အတိုင်း ထောင်ထားလိုက်ရင် ခေါင်းကြည့်လိုသူအတွက် ခေါင်း။ ပန်းကြည့်လိုသူအတွင် ပန်း။ နှစ်ဖက်လုံးထောင်နေမည်။ အဲဒီအလယ်ပြားက ခေါင်းနှင့် ပန်း နှစ်ဖက်လုံး အတွက်ကို compromise လုပ်ပေးတာဖြစ်သည်။

ကျနော်တို့ တိုင်းပြည်အတွက် အနာဂတ် လူငယ်တွေမှာ အခြေခံကောင်းလိုသည်။ ဒါကြောင့်  ပြန်လည်ဝေမျှပေးပါသည်။ ရည်ရွယ်ချက်မှာ အစိုးရဆိုတာ ဘယ်လိုလဲ နိုင်ငံရေးလမ်းကြောင်းဆိုတာ ဘယ်လိုရှိလဲ ဥပဒေဆိုတာ ဘာလဲ တရားဥပဒေစိုးမိုးမှု ဆိုတာဘယ်လိုလဲ  ဆိုတာကို အခုကျနော်သိသမျှ အမေရိကန်ပြည်ထောင်စုနှင့် ယှဉ်ထိုး တင်ပြသွားပါမည်။ စာဖတ်သူအတွက် တစုံတရာသော အသိကို ရရှိမည်လို့ မျော်လင့်ပါသည်။ အလုံးစုံကျွမ်းကျင်ပြီးသား ပညာရှင်များအတွက် အသုံးမ၀င်သော်လည်း အလှမ်းဝေးနေတဲ့ လူငယ်များနဲ့ လေ့လာသူများအတွက် တီးခေါက်မိမည်လို့ မျော်လင့်ပါသည်။


မူလပထမအစိုးရအဖွဲ့
မူလပထမအစိုးရအဖွဲ့ကို the Confederal Government လိုခေါ်ပြီး။ အုပ်ချုပ်ရေး ပြဌာန်းချက်ကို ရေးဆွဲမှုသည် နိုဝင်ဘာလ ၁၅ ရက် ၁၇၇၇ မှာအပြီးသတ်သော်လည်း မတ်လ ၁ ရက် ၁၇၈၁ မှာသာ အလုံးစုံပြီးမြောက်သည်။ ဗြိတိသျှကိုလိုနီ  ပြည်နယ် ၁၃ ခုစုစည်းထားသော အစိုးရအဖွဲ့၏ the Articles of Confederation အုပ်ချုပ်ရေးဖွဲ့စည်းပုံမှာ လွှတ်တော် (congress)၊
ပြည်နယ်ကော်မတီ (Committee of the States) နှင့်
အုပ်ချုပ်ရေးအရာရှိ (Officers) များအောက်မှ နိုင်ငံတော် ဖြစ်သည်။ အားနည်းချက် အမြောက်များရှိပြီး အဲဒီအားနည်းချက် အကျိုးဆက်များကို နောင်တွင် အများကြီး ခံစားရပေသည်။

Congress - လွှတ်တော်မှာ တရပ်ပဲရှိပြီး၊ ပြည်နယ်တခုစီ၏ ကိုယ်စားလှယ်မှာ နှစ်ဦးမှ ခုနှစ်ဦးပါဝင်သည်။ သိုသော် မဲမှာ တမဲသာဖြစ်သည်။ ဆုံးဖြတ်ချက်အတွက် အနည်းဆုံး ကိုးမဲ ရှိမည်။ ဥပဒေပြုပြင်ရန် ပြည်နယ်အကုန်လုံးမဲရှိရမည်။ (လွှတ်တော်ထဲမှာ အဆင်မပြေလို့ အပြင်ထွက်ပြီး စိန်ခေါ် နဘန်းလုံးကြသည့် သာဓကများရှိသည်။)


Committee of the States -  ပြည်နယ်တခုစီ၏ ကိုယ်စာလှယ်များပါဝင်သော ကော်မတီဝင်များသည် ပြည်နယ်နဲ့ congress အကြားရှိသည်။

Officers- လွှတ်တော်မှ အုပ်ချုပ်ရေးအရာရှိများကို နိုင်ငံတော်ဆိုင်ရာ အထူးလုပ်ငန်း တာဝန်များ ချမှတ်ပေးသည်။


လွှတ်တော်၏ လုပ်ပိုင်ခွင့်များ

  • စစ်ကြေငြာခြင်းနဲ့ ငြိမ်းချမ်းရေး လုပ်ပိုင်ခွင့်၊
  • ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ စာချုပ်နဲ့ ကူသန်းရောင်းဝယ်ရေး လုပ်ပိုင်ခွင့်၊
  • လက်နက်ကိုင်အဖွဲ့စည်း ဖွဲ့စည်းခြင်းနှင့် အုပ်ချုပ်ရေး လုပ်ပိုင်ခွင့်၊
  • ပြည်နယ်တခုစီမှ လူအင်အား စီမံခန့်ခွဲခြင်းနှင့် အခွန်စည်းကြပ်မှု လုပ်ပိုင်ခွင့်၊
  • ငွေကြေးနှုန်းထား သတ်မှတ်မှုဆိုင်ရာ လုပ်ပိုင်ခွင့်၊
  • ချေးငွေနှင့် ငွေစက္ကူ ဆိုင်ရာ လုပ်ပိုင်ခွင့်၊
  • အလေးချိန်နှင့် တိုင်းထွာမှုသတ်မှတ်ချက်ဆိုင်ရာ လုပ်ပိုင်ခွင့်၊
  • တရားစီရင်ရေးဆိုင်ရာ ခုံရုံးဖွဲ့စည်းမှုဆိုင်ရာ လုပ်ပိုင်ခွင့်၊
  • စာပို့လုပ်ငန်းဆိုင်ရာ စနစ်များသတ်မှတ်ခြင်းဆိုင်ရာ လုပ်ပိုင်ခွင့်၊
  • မူလဌာနေလူမျိုးများ ( Native Americans) ရေးရာ လုပ်ပိုင်ခွင့်၊
  • ပြည်နယ်တခုစီနှင့် နိုင်ငံသားတို့၏ အခွင့်ရေးများဆိုင်ရာ အာမခံချက်များ၊
  • ပြည်နယ်ဆိုင်ရာ ဥပဒေနှင့် နိုင်ငံတော်အကြား ညှိုနှိုင်းမှုများကို လုပ်ပေးနိုင်သည်။

လွှတ်တော်၏ အားနည်းချက်များ
  • နိုင်ငံခြားဆက်ဆံရေးနှင့် ကုန်သွယ်ရေးစာချုပ်များအပေါ် ပြည်နယ်များ၏ ပူးပေါင်းဆောင်ရွက်မှု မလုပ်နိုင်ခြင်း၊
  • ပြည်နယ်တခုစီအပေါ် စစ်ဖက်ဆိုင်ရာဥပဒေ မသတ်မှတ်နိုင်ခြင်း၊
  • ပြည်နယ်တခုစီနှင့် နိုင်ငံခြားနိုင်ငံများ အကြား အာဏာသက်ရောက်မှုမရှိခြင်း၊
  • အခွန်များကို လူတဦးချင်းစီထံမှ လိုက်လံကောက်ခံရခြင်း၊
  • ပြည်နယ်အစိုးရ အသုံးစရိတ်များ စိုက်ထုက်ပေးရခြင်း၊
  • ငွေကြေးစနစ် တန်ဖိုးကို ညီမျှအောင် မဆောင်ရွတ်နိုင်ခြင်း များဖြစ်သည်။ ထိုအားနည်းချက်များ အတွက်ကြောင့် ၁၇၈၄ တွင် စီးပွားရေးကျဆင်းမှုဒဏ် အကြီးကျယ်ခံရပြီး။ ဘဏ်လုပ်ငန်းများ ရပ်ဆိုင်းကုန်သည်။ အစိုးရအဖွဲ့၏ the Articles များကို ပြန်လည်ပြင်ဆင်ရန် စဉ်းစားကြသည်။

the Articles of Confederation ကို ပြန်လည်ပြင်ဆင်ဖို့ စဉ်းစားကြသည့် နေရာတွင် ပြည်ထောင်စုနဲ့ သင့်တော်မည့် အနေအထားများ၊ ပြည်နယ်ကိုလဲ ဗဟိုအစိုးရက လက်ဝါးကြီး မအုပ်နိုင်အောင်နှင့် သြဇာသက်ရောက်မှု ရှိအောင်၊ လွှတ်တော်အတွင်း ပြည်နယ်အသီးသီးတွင် မျှတမှုရှိအောင် အထူးသတိပြုမိကြသည်။ အထူးသဖြင့် သဘာဝ အရင်းမြစ်နဲ့ လူနေမှု နည်းပါးသော ပြည်နယ်နှင့် သဘာဝ အရင်းမြစ်များသည့် ပြည်နယ်၊ အကျယ်အ၀န်း ကွာဟချက်များအပေါ် အနိုင်ယူမှု မရှိအောင် စဉ်းစား ရွေးချယ် ကြလေသည်။

ဒီအထိကို ပြန်လည်သုံးသပ်လျှင် ဥပဒေကို လိုအပ်သည့်အခါတွင် ပြန်လည်သုံးသပ်သည့် အလေ့ထကို တွေ့ရပေမည်။ လွတ်လပ်ရေးကြေငြာပြီးသော်လည်း ဗြိတိသျှကိုလိုနီနှင့် စစ်ပွဲဆင်နွဲနေသည့် အမေရိကန်ပြည်ထောင်စုသည် ကိုလိုနီစစ်ပွဲအတွင်း တိုင်းပြည်ကို ကြိုးစား တည်ထောင် ထားပြီး။ ဗြိတိသျှလက်နက်ချပြီး နောက်တနှစ်အတွင်း တိုင်းပြည် ကို ပြန်လည် ပြုပြင်ရန် ကြိုးစားသည်ကို အတုယူဖွယ် မြင်ရနိုင်သည်။ ဒီနောက်မှာတော့ ကျနော် ဆက်လက်ပြီး Shay's Rebellion နှင့် ဗြိတိသျှတို့ စနက်ကြောင့် ပြည်နယ် ခွဲထွက်ဖို့ ကြိုးစားမှုများ the Articles ကို ပြည်လည်ပြင်ဆင်ရေးသားမှု ဆိုင်ရာ အထောက်ထားများကို တင်ပြပါမည်။ ထို့အတူ ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းကို ရေးဆွဲခြင်းနှင့် အငြင်းပွားမှု၊ ဖြေရှင်းမှုများကို ဆက်တင်ပြသွားပါမည်။



ချစ်ခင်စွာဖြင့်
ရဲမင်းထွန်း

 (ကျနော်အချိန်ရတိုင်း ဆက်လက်ရေးသားပေးသွားပါမည်။ ဒီတပုဒ်မှာတင် ဆန့်သလောက် ရေးပေးသွားပါမည်။)

(Images Wikipedia and Google ) 
 No copyright infringement is intended. All images are the sole property of their respective owners.

ကိုးကားများ

Keith L. Dougherty. Collective Action under the Articals of Confederaltion. New York: Cambridge University Press. 2006.
As cited in Armitage. the Declaration of Independence. P, 21-16
Suzanne Jeans. American Government and Politics Today. the United States of America. 2011-2012. Print. P,23-79.






ပထမပိုင်း ဖတ်ရန်

No comments:

Post a Comment

mr.kyaingtun@gmail.com