Sunday, November 25, 2012

အကျဉ်းထောင်တွင်းဘ၀ သရုပ်ဖော်ပုံများ (၁)

အကျဉ်းထောင်တွင်းဘ၀ သရုပ်ဖော်ပုံများ (၁)
~~~~~~~~~~~~~~~~~~~~~~~~

ဒီပုံက ... ထောင်ထဲ စ၀င်ဝင်ချင်း ဗူးလို့ ခေါ်တဲ့ တံခါးရှေ့မှာ
တန်းစီထိုင်ကြရတဲ့ပုံကို သရုပ်ဖော် ထားတာပါ။

'၅ယောက်တတွဲတန်းစီ၊ ဆောင့်ကြောင့်ထိုင်၊ လက်တွေပိုက်ထား၊
ခေါင်းတွေငုံ့ထား၊ လုံးဝခေါင်းမဖော်နဲ့' ဆိုတဲ့ အော်ဟစ်ကြိမ်းမောင်းသံတွေ
ခုထိ အထိတ်တလန့် ကြားယောင်နေဆဲ။

လူတစ်ယောက်ကို ထောင်ထဲစ၀င်လိုက်တာနဲ့
ဦးချိုးလိုက်တဲ့သဘော ဖြစ်ပါတယ်။
တစ်နည်းပြောရရင် ကိုယ့်ကိုယ်ကို လူဖြစ်တယ်ဆိုတဲ့အကြောင်း
မေ့လျော့သွားအောင် Brainwash လုပ်လိုက်တာ ဖြစ်တယ်။

ဒါကြောင့် ကျနော်ထောင်ထဲက ထွက်လာစက တင်တဲ့ကဗျာလေးမှာ
ငါ့ကိုယ်ငါ လူဖြစ်တဲ့အကြောင်း အတင်းကြိတ်မှိတ်မေ့ဖျောက်ထားတဲ့ရတယ်
... လို့ ရေးခဲ့တာဖြစ်ပါတယ်။

စကားနဲ့ နာကျည်းအောင် ပြောမိရုံနဲ့ လူတစ်ယောက်ကို
ထောင်ဆိုတဲ့ ငရဲထဲ ဆွဲသွင်းတယ်ဆိုတာ အင်မတန်အပြစ်ကြီးပါတယ်။
ထောင်ဆိုတဲ့ ငရဲဘယ်လောက်ကြီးတယ်ဆိုတာ လက်တွေ့သိအောင်
ထောင်ထဲမှာ နေရတဲ့ဘ၀တွေ ဘယ်လောက်ဆိုးတယ်ဆိုတာ
သရုပ်ဖော်ပုံတွေနဲ့တကွ ပြပါ့မယ်။
ဒါမှ လူတစ်ဘက်သားကို မတရား ထောင်ထဲထည့်သူတွေ
ကိုယ်ပြုတဲ့ အကုသိုလ်အတိမ်အနက်ကို ကိုယ်နားလည်အောင်ပါ။

ဒီလို ဗူးဝမှာ မဟားဒယား ဆက်ဆံခံရတာဟာ အစပဲ ရှိပါသေးတယ်
အထဲမှာ ဒီ့ထက်ဆိုးတဲ့ ရက်စက်မှုပေါင်းများစွာက စောင့်ကြိုနေလေရဲ့။

ကျနော်တို့လို အမှုရင်ဆိုင်နေဆဲဖြစ်တဲ့ အချုပ်သားတွေအဖို့
အဲဒီ ဗူးဝကြီးကို အပတ်တိုင်း ဖြတ်သန်းရလေရဲ့။ ရုံးထွက်နေရတာကိုး။
ပြန်လာတိုင်း အဲဒီလိုပဲ လက်ကလေးတွေပိုက်၊ ၅ယောက်တတွဲတန်းစီ၊
ခေါင်းငုံ့ထိုင်ခဲ့ရ။
ဘ၀ရှင်မင်းတြားကြီးတွေက ခေါင်းမော့လို့ရပြီဆိုမှ မော့ရပါတယ်။
ဟိုး ပဒေသရာဇ်ခေတ်က မော်ဖူးစေလို့ အမိန့်ရသလိုပါပဲ။

အိမ်က ယူလာသမျှလေးတွေလည်း အဲဒီဗူးဝမှာပဲ အသိမ်းခံရတယ်။
ကျနော်ဆို ထောင်ထဲစ၀င်ဝင်ချင်း ယူသွားတဲ့ ပန်းကန်ခွက်ယောက်တွေ အကုန် အဲဒီနေရာမှာ အသိမ်းခံခဲ့ရတယ်။
မယ်လမင်းတွေ ဖြစ်နေလို့တဲ့။ အမာဆိုတော့ အဲဒီ ပန်းကန်ခွက်ယောက်တွေသုံးပြီး အချင်းချင်းရန်ပြုလို့ ရတယ်ဆိုလား။
အကြောင်းပြပုံက။ ဒါပေမဲ့ ...
အထဲရောက်သွားတော့ အထဲမှာ မယ်လမင်း ပန်းကန်ခွက်တွေတင်မက
စတီးပစ္စည်းတွေကအစ အစုံရှိနေတယ်။
ဓားလိုချင်သလား ရတယ်။
အဆီငေါ်မတည့်လိုက်ပုံများ ပြောပါတယ်လေ။

ဗူးဝနဲ့ပတ်သက်ပြီး ကျနော့်မှာ စိတ်နာစရာ အဖြစ်ပျက်တစ်ခုရှိခဲ့တယ်။
ကျနော့်အမှုသတင်းပါတဲ့ ဂျာနယ်ကို ယူသွားတုန်းကပေါ့။
ရုံးအပြန် အိမ်က ထည့်ပေးလိုက်တာ။ ဗူးဝမှာ အသိမ်းခံရတယ်။
တရားဝင် ထုတ်ထားတဲ့ ဂျာနယ်ပဲဗျာဆိုလည်း မရဘူး။
ဘယ်လိုမှ တောင်းပန်မရတဲ့အဆုံး စိတ်ထွက်လာပြီး
ကျနော်အတင်းလုတာပေါ့။
ဂျာနယ်တော့ ပြန်မရပါဘူးဗျာ။
နားရင်း ၃ချက်လောက်တော့ အကြွေးခံလိုက်ရတယ် ဟဲ ဟဲ။

အဲဒီအကြောင်းတွေ အသေးစိတ်ကို ...
သက်ရှိငရဲပြည် ဆိုတဲ့စာအုပ်မှာ ဖော်ပြထားပါတယ်။
— with Burmese Era and 28 others at အင်းစိန်ထောင်.

No comments:

Post a Comment

mr.kyaingtun@gmail.com