Tuesday, November 27, 2012

နိုင်ငံရေးကို နှာခေါင်းရှုံ့ခဲ့တဲ့ ရေပေါ်စီ လူတန်းစားတွေ(လူထုစိန်ဝင်း) by ရွှေအိမ်စည်စာကြည့်တိုက် - စာပေဒါနပြုသည် on Tuesday, November 27, 2012 at 1:38am ·


နိုင်ငံရေးကို နှာခေါင်းရှုံ့ခဲ့တဲ့ ရေပေါ်စီ လူတန်းစားတွေ(လူထုစိန်ဝင်း)

(အောက်တိုဘာ ၅ ရက်နေ့ထုတ် Favourite ဂျာနယ်မှာ ရေးထားတဲ့
ဆရာလူထုစိန်ဝင်းရဲ့ ဆောင်းပါး ဖြစ်ပါတယ်။ တတိယအုပ်စု ဆိုသူတွေကို
ပြင်းပြင်းထန်ထန် ဝေဖန်လေ့ရှိတဲ့ ဆရာ လူထုစိန်ဝင်းရဲ့ အမြင်ကို
သိနိုင်အောင် မျှဝေပေးလိုက် ပါတယ်။ )

"မြန်မာ လူမျိုးများရဲ့ နိုင်ငံရေး အသိအမြင် ဗဟုသုတက နိမ့်ကျနေသေး လေတော့
ဒီမိုကရေစီ စနစ် အောင်မြင်ပါ့မလား" အသက်နှစ်ဆယ်၊ အစိတ်ဝန်းကျင်
လူငယ်တွေနဲ့ စကားပြောကြတိုင်း ဒီမေးခွန်း တစ်ခုကို မေးမြဲဖြစ်တယ်။ သူတို့
စိတ်ထဲမှာ အနောက် နိုင်ငံကြီးတွေလို ဖွံ့ဖြိုး တိုးတက်နေတဲ့
နိုင်ငံကြီးတွေမှ ဒီမိုကရေစီ အောင်မြင်နိုင်တယ်လို့ ထင်မှတ် နေကြဟန်
ရှိပါတယ်။ တချို့ကျတော့လည်း နိုင်ငံရေးဆိုတာ နှာခေါင်း ရှုံစရာလို့
ယူဆပြီး တစ်သက်လုံး ဝေးဝေးရှောင်ခဲ့တဲ့ ရေပေါ်ဆီ လူတန်းစား "အီလစ်"(elite)
တွေ ပြောတဲ့ စကားသံတွေ ကြားပြီး "နဝေတိမ်တောင်" ဖြစ်နေကြပုံ ရပါတယ်။

အပေါ်ယံမှာ ဝေ့ကာဝဲကာ


ရေပေါ်ဆီ လူတန်းစား ဆိုတာက အများအားဖြင့် ခေတ်တိုင်း ခေတ်တိုင်းမှာ
ရေပေါ်ဆီလို အပေါ်ယံမှာချည်း ဝေ့နေလေ့ရှိလို့ ရေပေါ်ဆီ လူတန်းစားလို့
ခေါ်တာဖြစ်တယ်။ သူတို့က မြို့ကြီးသားတွေ ဖြစ်တော့ လည်လည်ပတ်ပတ် ရှိကြတယ်။
ဘယ်သူ တန်ခိုးရှိသလဲဆိုတာ ကောင်းကောင်းသိပြီး တန်ခိုးရှိသူတိုင်းနဲ့
တည့်အောင်ပေါင်း အမြတ်ထုတ်တတ်ကြတယ်။ ပေါင်းနေတဲ့ သူ တန်ခိုးအရောင်
မှိန်သွားရင် ချက်ချင်းစွန့်ခွာပြီး အရောင်တောက်သူကို ပြေးကပ်လေ့ ရှိတယ်။
ရာသီဥတုကို လိုက်ပြီး အရောင် ပြောင်းတတ်တဲ့ လူစားမျိုးတွေ ဖြစ်ကြတယ်။
ခေတ်တိုင်း ခေတ်တိုင်း အပေါ်ယံလွှာမှာချည်း ဝေ့ကာဝဲကာ နေကြ လေတော့
လူတွေကို အမြဲတမ်း ငုံကြည့်လေ့ရှိတယ်။ တန်ခိုးရောင် ပြိုးပြိုးပြက်ပြက်
လက်တဲ့သူ မဟုတ်ရင် ဘယ်သူ့ကိုမှ အထင်ကြီးတာ မဟုတ်ဘူး။ဒီတော့ လူတွေကြား
ဘယ်တော့မှ မနေဘူး။ လူတွေ အကြောင်းလည်း ဘာမှမသိဘူး။ လူတွေ အကြောင်း
မသိတော့ တိုင်းပြည် နိုင်ငံအကြောင်းလည်း ဘာမှ မသိပါဘူး။ စင်ကာပူ
နိုင်ငံကြီး တိုးတက်ပုံတွေ၊ နယူးယောက် မြို့တော်ကြီး စည်ကားပုံတွေ
အကြောင်း အများကြီး ပြောနိုင်ပေမယ့်၊ လယ်ဆိုတာ ဘာလဲ၊ ယာဆိုတာ ဘာလဲ၊
ကိုင်းဆိုတာ ဘာလဲလို့ မေးရင်တောင် မှန်အောင် ဖြေနိုင်တာ မဟုတ်ပါဘူး။

ဆယ်ဆသာတယ်

ဒီလို လူတွေဟာ တိုင်းရေးပြည်ရေး နိုင်ငံရေးဆိုတာ သူတို့လို
ရေပေါ်ဆီတွေနဲ့ပဲ ဆိုင်တယ်။ လက်လုပ်လက်စား လူသာမန် တွေနဲ့ လားလားမှ
ထိုက်တန်တာ မဟုတ်ဘူး။ ဒီမိုကရေစီရဲ့ အနှစ်သာရဆိုတာ ပညာတတ် ရေပေါ်ဆီတွေသာ
သဘောပေါက် နားလည်နိုင်တာမျိုး ဖြစ်တယ်၊ ဆင်းရဲလို့ ပညာကောင်းကောင်း
မသင်နိုင်တဲ့ သူတွေရဲ့ နိုင်ငံရေး အသိပညာ ရေချိန်ဟာ အင်မတန် နိမ့်တယ်။
ဒီလူတွေနဲ့ ဒီမိုကရေစီ တည်ဆောက်လို့ မရသေးဘူးလို့ ကျယ်ကျယ်လောင်လောင်
ပြောလေ့ ရှိကြတယ်။ ဒီစကားတွေ ကြားပါများတော့ လူငယ်တွေက နားယောင်ပြီး
ဟုတ်နိုးနိုး ထင်နေရှာကြတာ ဖြစ်တယ်။ အဲဒါကြောင့် မြန်မာလူမျိုးဟာ တခြား
နိုင်ငံကြီးသားတွေလောက် နိုင်ငံရေး အသိမမြင့်ဘူး ဆိုတောင်မှ
နိုင်ငံရေးဆိုတာ နှာခေါင်းရှုံ့စရာ သဘောထားပြီး ဘယ်တုန်းကမှ
နိုင်ငံရေးကိစ္စ တွေမှာ မပါဝင်ခဲ့ဖူးတဲ့ ရေပေါ်ဆီ လူတွေထက်တော့ ဆယ်ပြန်
ဆယ်ဆမက နိုင်ငံရေးအသိ မြင့်မားတယ်လို့ ရှင်းပြလိုက်ရ ပါတယ်။

လိမ်မှန်းညာမှန်းမသိတဲ့ လူမျိုး

မြန်မာလူမျိုးဟာ တခြား နေရာများမှာ ညံ့ချင်ညံ့မယ်။ နိုင်ငံရေး အသိမှာတော့
ထိပ်တန်းက ရှိနေတဲ့ လူမျိုးဖြစ်တယ်။ နယ်ချဲ့ အစိုးရက ၉၁ဌာန
အုပ်ချုပ်ရေးတို့၊ ဒိုမီနီယံ အဆင့်ပေးမယ် တို့နဲ့ လှည့်စားခဲ့ပေမယ့်
လိမ်တာကို လိမ်မှန်းသိ၊ ညာတာကို ညာမှန်းသိလို့ လုံးဝ လွတ်လပ်ရေးမှ တစ်ပါး
ဘာမှ မလိုချင်ဘူးလို့ အပြတ် ပြောခဲ့တာပါ။ ပါးစပ်ပြောသာ မဟုတ်ဘူး။
လက်တွေ့မှာလည်း မရရတဲ့နည်းနဲ့ ယူမယ်ဆိုတာ အထင်အရှား ပြခဲ့တာပါ။
ဂျပန်ခေတ်မှာလည်း ဂျပန်ပေးတဲ့ လွတ်လပ်ရေး နဲ့တင် ကျေနပ် ရောင့်ရဲ
မနေခဲ့ပါဘူး။ လိမ်တာကို လိမ်မှန်းသိလို့ တော်လှန်ရေးဆင်နွှဲ
အောင်ပွဲခံခဲ့တာ ဖြစ်တယ်။ ရှေးလူကြီးတွေကသာ ပေးတာလေးယူပြီး
ရောင့်ရဲနေလိုက်ကြရင် ဒီနေ့ လွတ်လပ်တဲ့ မြန်မာလူမျိုးရယ်လို့ ရှိလာမှာ
မဟုတ် ပါဘူး။

ရန်/ငါပြတ်လို့

လွတ်လပ်ရေး အတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ ဘိုးဘွားများကို ကျေးဇူးတင်စရာ
ကောင်းလှပါတယ်။ သူတို့တစ်တွေ ရည်မှန်းချက် တိကျ ခိုင်မာပြီး၊ ရန်/ ငါ
ပြတ်သား ခဲ့ကြလို့သာ လုံးဝ လွတ်လပ်ရေး ရခဲ့တာပါ။ ဒီကနေ့ အာဆီယံ
နိုင်ငံတွေ ထဲမှာ ဝင့်ဝင့်ကြွားကြွား ဖြစ်နေတဲ့ မလေးရှား နိုင်ငံဆိုရင်
၁၉၅၇ ခုနှစ်ကျမှ လုံးဝ လွတ်လပ်တဲ့ နိုင်ငံတစ်ခုအဖြစ် ရောက်ရှိ
လာခဲ့တာပါ။အဲဒါကြောင့် မြန်မာလူမျိုးများကို နိုင်ငံရေးအသိ နိမ့်ကျတယ်
ဆိုတဲ့ စကားကို လုံးဝ လက်မခံပါဘူး။ မြန်မာပြည် က ရေပေါ်ဆီ လူတွေလောက်က
ပြောတာသာ မဟုတ်ပါဘူး။ သူတို့ အထင်ကြီး ကိုးကွယ်တဲ့ အနောက်
နိုင်ငံကြီးတွေက မြန်မာ့အရေး ကျွမ်းကျင်သူလို့ ကိုယ့်ဟာကိုယ်
ကင်ပွန်းတပ်ထားတဲ့ "နိုင်ငံရေးဂုရု" ဆိုသူတွေ ပြောတာလည်း လက်မခံ ပါဘူး။
မြန်မာပြည်မှာ နေပြီး နယ်ချဲ့ဒဏ်၊ ဖက်ဆစ်ဒဏ်၊ ပြည်တွင်း စစ်ဒဏ်တွေကို
ကျောကော့အောင် ခံခဲ့ရတဲ့ မြန်မာလူမျိုး တွေလောက် မြန်မာ့ နိုင်ငံရေးကို
နားလည်တဲ့လူ ဘယ်မှာမှ မရှိနိုင်ပါဘူး။

မျက်နှာပြောင်သူတွေ

မျက်ကန်း မျိုးချစ်စိတ်နဲ့ ဒီလိုပြောတာ မဟုတ်ပါဘူး။ အဲဒီ
ကိုယ့်ဟာကိုယ်ခန့်တဲ့ "ဂုရု"တွေ ရေးတဲ့ စာအုပ်တွေ အများကြီး
ဖတ်ထားဖူးလို့ ပြောတာပါ။ ဆင်စွယ် ရဲတိုက်ကြီးတွေ ထဲက စာအုပ်တွေမှာ
လှန်လှောရှာဖွေပြီး သူများတကာ ရေးထားတဲ့ သီအိုရီတွေနဲ့ ချိန်ညှိပြီး
ရေးသား ထားတာမျိုး တွေသာ များပါတယ်။ နိုင်ငံရေး ဆိုတာ သိပ္ပံပညာရပ် တစ်ခု
ဖြစ်ပေမယ့်လို့ ဂျီသြမေကြီ တွက်သလို၊ သင်္ချာတွက်သလို၊ တွက်လို့ဖြစ်တာ
မဟုတ်ပါဘူး။ နိုင်ငံရေး ဆိုတာ လူတွေနဲ့ တိုက်ရိုက် ပတ်သက် နေတာ ဖြစ်လို့
လူတွေရဲ့ ဘဝ၊ လူတွေရဲ့ ခံစားချက်ကို အလေးထားပြီး စဉ်းစားဖို့
လိုအပ်ပါတယ်။ လူတွေ ကြားမဝင်ဖူးတဲ့ ရေပေါ်ဆီ "အီလစ်"တွေနဲ့ နိုင်ငံခြားသား
"ဂုရု"တွေက မြန်မာလူမျိုးတွေရဲ့ ဘဝ၊ မြန်မာလူမျိုးတွေရဲ့ ခံစားချက်ကို
မြန်မာတွေထက် ပိုသိတယ်လို့ ပြောရင်တော့ တော်တော် မျက်နှာပြောင်တဲ့
လူတွေပဲလို့သာ ကောက်ချက်ချလိုက် ရတော့မှာ ဖြစ်ပါတယ်။

လူထုစိန်ဝင်း

No comments:

Post a Comment

mr.kyaingtun@gmail.com