Thursday, November 1, 2012

ငြိမ်းချမ်းရေးအတွက် သမိုင်းမှတ်တိုင် စိုက်မလား၊ သမိုင်း တရားခံ အဖြစ်ခံမလာ့း by Shwe Pyi Soe on Wednesday, October 31, 2012 at 2:55pm ·


ကျွန်တော်ဟာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို စိတ်ဝင်တစား စောင့်ကြည့်နေမိတဲ့  နိုင်ငံသား တယောက်ပါ။ မနေ့က (၃၀.၁၀.၂၀၁၂) ရက်က ရွှေလီမှာ KIO နဲ့ မြန်မာ အစိုးရအဖွဲ့တို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ လုပ်ကြတယ်ဆိုတော့ စိတ်ဝင်တစားနဲ့ ရလဒ်ကို အကောင်းဖက်က မျှော်လင့်မိတယ်။ Online စာမျက်နှာပေါ်က သတင်းတွေ ဖတ်လိုက်ရတဲ့ အချိန်မှာတော့ ထင်ထားတာနဲ့ တလွဲဖြစ်နေပါတယ်။
 ငြိမ်းချမ်းရေးကို ငံ့လင့်နေတဲ့ နိုင်ငံသား တယောက်အနေနဲ့ မချင့်မရဲ ဖြစ်မိတယ်။ တဆက်ထဲမှာဘဲ ဒီငြိမ်ချမ်းရေး ဖော်ဆောင်ရေး (Peace Building) ကိစ္စအတွက် တိုက်ရိုက်တာဝန်ရှိနေတဲ့ နှစ်ဖက်ခေါင်းဆောင်တွေဟာ ငြိမ်းချမ်းရေးကို အောင်မြင်အောင် ဖော်ဆောင်ကြပြီး သမိုင်းမှတ်တိုင်စိုက်နိုင်တဲ့ အခွင့်အလမ်း နဲ့ တာဝန်တွေ ရှိနေကြပါလျက်နဲ့ ငြိမ်းချမ်းရေးဖော်ဆောင်နေတဲ့ ဖြစ်စဉ်ကို ၀င်မပါဘဲ ကိုယ်ကျိုးစီးပွါး တစုံတရာကြောင့် ရှောင်တယ်ဆိုရင်တော့ သမိုင်း တရားခံ ဖြစ်တော့မှာဘဲ လို့လည်း အတွေးဝင်မိပါတယ်။
ကျွန်တော်တို့ နိုင်ငံမှာ နှစ် ၆၀ ကျော်ကြာ ဖြစ်ခဲ့တဲ့၊ ဖြစ်နေဆဲ ပြည်တွင်းစစ်ကို ချုပ်ငြိမ်းစေနိုင်မယ့် တနည်းအားဖြင့် ကာလကြာရှည် ဖြစ်နေတဲ့ ပြဿနာကို ပြေလည်နိုင်စေမယ့် နည်းလမ်းကို ရှာခြင်း အလုပ်ဟာ ဒီ ငြိမ်းချမ်းရေး စားပွဲဝိုင်းမှာ လာပြီး ဆွေးနွေး အဖြေရှာခြင်းက လွဲလို့ တခြားနည်းလမ်း မမြင်ပါဘူး။ ယခင်က ဒီအခြေနေမျိုး မဖန်တီးနိုင်ခဲ့စဉ်က အကြောင်းမဟုတ်သော်လည်း ယခု ငြိမ်းချမ်းရေးအတွက် နှစ်ဖက်စလုံးက ပြဿနာများကို စားပွဲပေါ်တင်ပြီး ပွင့်ပွင့်လင်းလင်း ဆွေးနွေး ညှိုနှိုင်းနိုင်ဖို့ အခြေနေပေးနေစဉ်မှာ အောင်မြင်အောင် လုပ်နိုင်ကြဖို့ လိုပါတယ်။
၃၀.၁၀.၂၀၁၂ ရက်နေ့မှာ ငြိမ်းချမ်းရေး ဆွေးနွေးရန်အတွက် နှစ်ဖက်ခေါင်းဆောင်များဟာ အကြို သဘောတူ စီစဉ်ပြီးမှ KIO ဖက်က ဗိုလ်ချုပ်ဂွမ်မော် မတက်တော့ဘူးဆိုတာကို ၂၉.၁၀.၂၀၁၂ ည မှာမှ သတင်းရတယ်လို့ Facebook စာမျက်နှာတွေမှာ တွေ့ရပါတယ်။ စစ်ပွဲတွေရပ်ဖို့၊ အပစ်အခတ်တွေ ရပ်ကြဖို့ နှစ်ဖက်က စစ်ဖက်ဆိုင်ရာ တာဝန်ရှိသူတွေ ဆွေးနွေးကြရမယ့် အရေးမှာ KIO အနေနဲ့ စစ်ဖက်အတွက် တာဝန်ရှိတဲ့ ဗိုလ်ချုပ်ဂွမ်မော်က ဒီပွဲကို လာမတက်တော့ဘူးဆိုတော့ ဒီ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဘယ်မှာသွားပြီး အဓိပ္ပါယ်ရှိတော့မှာလဲ။ ဒီဆွေးနွေးပွဲကို Webcast လုပ် စောင့်ကြည့် ကြိုးကိုင်တော့ လုပ်နိုင်ပြီး တရားဝင်ဆွေးနွေးဖို့ စီစဉ်ထားတဲ့ စားပွဲဝိုင်းကိုတော့ စစ်ပွဲ အကြောင်းပြပြီး လာမတက်ဘူးလို့ Online သတင်း စာမျက်နှာမှာ တွေ့ရပါတယ်။
 ငြိမ်းချမ်းရေး ဖော်ဆောင်နေကြရတဲ့ အဖွဲ့အသီးသီးက ခေါင်းဆောင်များဟာ ငြိမ်းချမ်းရေးကို တကယ်လိုလားကြတယ်ဆိုရင် အခြေနေမှန်ကို နားလည်သဘောပေါက်ပြီး ရိုးသားပွင့်လင်းကြဖို့ လိုပါတယ်။ နှစ်ဖက်ခေါင်းဆောင်တွေ ယုံကြည်မှု မတည်ဆောက်နိုင်ကြသေးတာလား။ ဒါမှမဟုတ် တည်ဆောက်နေဆဲ ကာလ မိုလို့လား။ ဒါမှမဟုတ် KIO ခေါင်းဆောင်များဟာ KNU ခေါင်းဆောင်တွေလောက် လိမ္မာပါးနပ်မှု မရှိတာလား၊ ဒါမှမဟုတ် ပါးနပ်လွန်းနေတာလား။ ကျွန်တော့်အတွက် "လား" ပေါင်းများစွာနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကိစ္စကို မချင့်မရဲဖြစ်ရပါတယ်။ ငြိမ်းချမ်းရေးကို မျှော်လင့်တောင့်တနေတဲ့ ကျွန်တော့်လို နိုင်ငံသားတွေရော ဒီသတင်းကြားရတဲ့ အချိန်မှာ ဘယ်လို ခံစားကြမလဲ။ ငြိမ်းချမ်းရေးကို အပူတပြင်း တောင့်တနေတဲ့ မြေဇာပင် ကချင် တိုင်းရင်းသားများ ဘယ်လို ခံစားကြမလဲ။
ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဒုဥက္ကဋ္ဌ ဦးအောင်မင်းဟာ အခု ဒီပွဲမတိုင်ခင် KIO နဲ့ ရှေ့ပိုင်း တွေ့ဆုံမှုတွေမှာ KIO က စီစဉ်တဲ့ နေရာကို ညီနောင်တိုင်းရင်းသားတွေကို ယုံကြည်စွာနဲ့ အရောက်သွားခဲ့တယ်လို့ ငြိမ်းချမ်းရေး အကျိုးဆောင်တဦးနဲ့ နီးစပ်သူက ပြောဖူးပါတယ်။ တကြိမ်က ဆိုရင် ငြိမ်းချမ်းရေး ဆွေးနွေးဖို့ အတွက် KIO က ချိန်းဆို တဲ့နေရာကို သွားတာ စစ်ပွဲဖြစ်ပြီးစအချိန် စစ်ပွဲကြောင့် ဖြစ်ရတဲ့ အနံ့ဆိုးတွေတောင် မစဲသေးတဲ့ စစ်မြေပြင်ကို ဖြတ်သွားရတယ်လို့ ဆိုပါတယ်။ ယုံကြည်မှုကို တည်ဆောက်တဲ့အခါ ကိုယ်ကစပြီး ယုံကြည်ကြောင်း ပြတဲ့အနေနဲ့  ဦးအောင်မင်းခေါင်းဆောင်တဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ဟာ အဲဒီစစ်မြေပြင်ကို လက်နက်မဲ့နဲ့ ဖြတ်ခဲ့ကြတာလို့ ဆိုပါတယ်။ ဘာမဆို ဖြစ်သွားနိုင်ချေ ရှိတဲ့ နေရာပေါ့။ ငြိမ်းချမ်းရေး အောင်မြင်ဖို့အတွက်ဆိုရင် အသက်ကိုတောင် ပဓါန မထားတော့တဲ့ ဦးအောင်မင်းနဲ့ အဖွဲ့ကို မလေးစားဘဲ မနေနိုင်အောင် ဖြစ်ရပါတယ်။
မြန်မာနိုင်ငံမှာ အင်အားအကြီးဆုံး နဲ့ သက်တမ်း အကြာဆုံး လက်နက်ကိုင်လာခဲ့ကြတဲ့ KNU ခေါင်းဆောင်များနဲ့ အခြားတိုင်ရင်းသား လက်နက်ကိုင် အဖွဲ့များဟာ ငြိမ်းချမ်းရေး ကို တည်ဆောက်နိုင်မယ့်၊  ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မယ့် နည်းလမ်းများကို ရှာကြံခြင်းဟာ နှစ်ဖက်တာဝန်ရှိ ခေါင်းဆောင်တွေ စားပွဲဝိုင်းမှာ မျက်နှာချင်းဆိုင် ဆွေးနွေး အဖြေရှာခြင်းမှသာ ရနိုင်စရာရှိတယ် ဆိုတာကို ကောင်းစွာ နားလည်သဘောပေါက်ကြတဲ့အတွက် အကြိမ်ကြိမ် တွေ့ဆုံ ဆွေးနွေး ညှိနှိုင်းလာခဲ့ကြတာ အကျိုးဆက်အနေနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ခရီးဟာ အတော်အောင်မြင်နေတာကို အားလုံး အသိဘဲ ဖြစ်ပါတယ်။ နာတာရှည်ရောဂါကို ကုရတာ တကြိမ်တည်းနဲ့တော့ ဘယ်ပျောက်နိုင်ပါ့မလဲ။ တခါတည်းတွေ့ရုံနဲ့ အဖြေ ဘယ်ရနိုင်မလဲ။ စိတ်ရှည်နိုင်ရမယ်။ သီးခံကြရပါမယ်။ အပြစ်ဆိုစရာရှိရင်တောင် ငြိမ်းချမ်းရေးကို အထိခိုက်မခံဘဲ အပြုသဘောဆောင်ပြီး ပြောဆို အကြံပြု ကြရမယ်။ အပြန်အလှန် လေးစားမှု ရှိကြရမယ်။ ဒါမှသာ ကျွန်တော်တို့ဟာ ငြိမ်ချမ်းရေးကို အမြန်တည်ဆောက်နိုင်ပြီး နိုင်ငံတည်ဆောက်ရေးကို ၀ိုင်းဝန်း လုပ်ဆောင်နိုင်ကြမှာ ဖြစ်ပါတယ်။


နှစ်ဖက်စလုံးမှ တာဝန်ရှိ လူကြီးမင်းများကို မေတ္တာရပ်ခံလိုတာကတော့ လက်ရှိရှေ့တန်းမှာ ရောက်နေတဲ့ တပ်တွေကို ပြန်ရုတ်သိမ်းပေးကြပါ။ စစ်ပွဲများကို ရပ်လိုက်ကြပါ။ ငြိမ်းချမ်းရေးကို တကယ်လိုလားတယ်ဆိုရင် ငြိမ်းချမ်းရေး အတွက် မျက်နှာချင်းဆိုင် ဆွေးနွေးအဖြေရှာနိုင်မယ့် စားပွဲဝိုင်းတွေ များများဖြစ်အောင် ဖန်တီးပေးကြပါ။ ဒီ ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ်ဟာ နိုင်ငံသားတိုင်းနဲ့ သက်ဆိုင်ပါတယ်။ အထူးသဖြင့် နိုင်ငံသားအားလုံး မျှော်လင့်တောင့်တနေတဲ့  ပြည်တွင်းစစ်တွေ ချုပ်ငြိမ်းသွားပြီး တိုင်းရင်းသားအားလုံး ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်နိုင်ဖို့ ဆိုတဲ့ အကောင်းဆုံးရလဒ်ကို ဖော်ဆောင်ပေးပေးနိုင်မယ့် သူများဟာ နှစ်ဖက် တာဝန်ရှိ လူကြီးမင်းများဘဲ ဖြစ်ကြပါတယ်။ ငြိမ်းချမ်းရေးကို ရအောင် ဖော်ဆောင်နိုင်တဲ့ အခွင့်အလမ်းနဲ့ တာဝန်များဟာ ယင်းလူကြီးမင်းများမှာသာ အပြည့်အ၀ရှိနေပါတယ်။ အခွင့်အလမ်း နဲ့ တာဝန်ရှိနေစဉ်မှာ သမိုင်းမှတ်တိုင် စိုက်နိုင်အောင် လုပ်ဆောင်ပေးကြပါ။ လုပ်နိုင်ပါလျှက်နဲ့ လုပ်ခွင့်ရနေပါလျှက်နဲ့ ဖြစ်အောင်မလုပ်ပေးခဲ့ရင်တော့ လူကြီးမင်းတို့ဟာ သမိုင်းတရားခံ ဖြစ်သွားပါလိမ့်မယ်။
လူကြီးမင်းအနေနဲ့ လူကြီးမင်းရဲ့ တိုင်းရင်းသားများကို ငြိမ်းချမ်းစေလိုပါသလား၊ လူကြီးမင်းရဲ့ ပြည်နယ်/နိုင်ငံကို ငြိမ်းချမ်းစွာနဲ့ ဖွံ့ဖြိုးတိုးတက်စေလို ပါသလား။ တဖက်က တာဝန်ရှိ ပုဂ္ဂိုလ်များနဲ့ အကြိမ်ကြိမ် တွေ့ဆုံ ဆွေးနွေးညှိနှိုင်း အဖြေရှာပါ။ ဒါမှသာ ပြဿနာများကို ပြေလည်စေမယ့် နည်းလမ်းများရရှိပြီး စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို အမှန်တကယ် ရရှိမှာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးကို အချိန် ဘယ်လောက်အတွင်း ရအောင်ယူမယ်ဆိုတာဟာ လူကြီးမင်းတို့နဲ့သာ တိုက်ရိုက် သက်ဆိုင်နေပါတယ်။ တနည်းအားဖြင့် လူကြီးမင်းတို့ဟာ ငြိမ်းချမ်းရေးရဲ့ အရှင်သခင်များ ဖြစ်ကြပါတယ်။ ဒီ ပြည်တွင်းစစ်ကို ချုပ်ငြိမ်းနိုင်စေရေး နဲ့ ငြိမ်းချမ်းရေးကို အောင်မြင်အောင် ဖော်ဆောင်ရေး ဟာ လူကြီးမင်းတို့ရဲ့ သမိုင်းမှတ်တိုင် ဖြစ်ပါတယ်။ တိုင်းရင်းသားအားလုံးရဲ့ မျှော်လင့်ချက် ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာလည်း ဖြစ်ပါတယ်။
နိဂုံးချုပ် အနေနဲ့ ကျွန်တော်ဟာ အပြစ်တင်လိုတဲ့ စိတ် စိုးစဉ်းမျှ မရှိကြောင်း ၀န်ခံအပ်ပါတယ်။ ငြိမ်းချမ်းရေးကို လိုလားတောင့်တနေတဲ့ နိုင်ငံသားတယောက်အနေနဲ့  နိုင်ငံသားတာဝန် ထမ်းဆောင်ခြင်းသာ ဖြစ်ပါတယ်။
ငြိမ်းချမ်းရေးအတွက် မငြိမ်းချမ်းနိုင်ကြတဲ့ ငြိမ်ချမ်းရေး ဖော်ဆောင်ရေးကို ပါဝင်ကူညီ ဆောင်ရွက်နေသူ အားလုံးအား အစဉ် ဦးညွတ်လျှက်….


ရွှေပြည်စိုး
၃၁.၁၀.၂၀၁၂





No comments:

Post a Comment

mr.kyaingtun@gmail.com