Friday, November 23, 2012

အိုဘားမားခရီးစဉ်မှ ဆင်ခြင်စရာများ ငြိမ်းချမ်းအေး နိုဝင်ဘာ ၂၃၊ ၂၀၁၂


အိုဘားမားခရီးစဉ်မှ ဆင်ခြင်စရာများ
ငြိမ်းချမ်းအေး
နိုဝင်ဘာ ၂၃၊ ၂၀၁၂
အမေရိကန် သမ္မတ အိုဘားမား ဗမာပြည်လာခဲ့တဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး လူအများစိတ်ဝင်းတစားရှိကြတာ သတိထားမိတယ်။ ဒီ ကိစ္စနဲ့ ပတ်သက်ရင် နိုင်ငံရေး၊ စီးပွားရေး၊ နိုင်ငံတကာရေးရာ စတဲ့ ရှုဒေါင့်အမျိုးမျိုးက သုံးသပ်ဝေဖန်ဆင်ခြင်ထောက်ပြစရာ အများကြီးရှိတယ်။ ခရီးစဉ်ရဲ့ သဘော၊ သဘာဝနဲ့ ရှေ့လာမယ့် နှစ်နိုင်ငံရဲ့ ခြေလှမ်းတွေ အတွက် စာရေးသူ အမြင် နဲ့ ထောက်ပြမယ့် အချက်တွေဟာ (အများစု လို့ ယူဆရတဲ့) လူတွေရဲ့ မျှော်လင့်ချက် နဲ့ အပျော် တချို့ကို ထိခိုက်စေနိုင်လို့ ခုအချိန်မှာ ရေးဖို့ အားနာမိပါတယ်။ ဒါကြောင့် အိုဘားမားရဲ့ ဒီခရီးစဉ် နဲ့ ရန်ကုန်တက္ကသိုလ် မိန့်ခွန်းထဲကပဲ နိုင်ငံရေးသဘော၊ စီးပွားရေးသဘောမဟုတ်ဘဲ ဗမာ့လူ့အဖွဲ့အစည်းအတွက် သတိပြု ဆင်ခြင်စရာ၊ အတုယူ လေ့လာမှတ်သားစရာ အပြုအမူ၊ အကျင့်နဲ့ ပတ်သက်တဲ့ ယေဘုယျ အကြောင်းအရာ အချက်တချို့ကို ဒီဆောင်းပါးမှာ ဆွေးနွေးတင်ပြချင်ပါတယ်။

ပထမဦးဆုံး အချက်က အိုဘားမား ရဲ့ မြန်မာလို နှုတ်ခွန်းဆက်သတဲ့ စကား၊ သူ့ကို ခရီးဦး ကြိုဆိုနှုတ်ခွန်းဆက်သူကြသူတွေရဲ့ အမူအရာ နဲ့ သူက ပြန်လည် နှုတ်ဆက်ရာမှာ ပြုမူပြတဲ့ အမူအရာ အကြောင်းဖြစ်ပါတယ်။

နှုတ်ခွန်းဆက် စကား “မင်္ဂလာပါ” နဲ့ အမူအရာ “လက်အုပ်ချီ ဦး/ဒူး အနည်းငယ် ညွတ်” နှစ်ခုစလုံးဟာ ဗမာ့နေ့စဉ်သုံး လူမှုဓလေ့ထုံးတမ်းမှာ မရှိဘူး၊ စစ်အစိုးခေတ်အဆက်ဆက် လုပ်ယူထားတဲ့ ဓလေ့ဆိုတာ သတိမမူမိသူများအတွက် ဦးစွာပထမ ရှင်းပြလိုပါတယ်။

မြန်မာ (ဗမာ) တွေ ကာလ၊ဒေသ မရွေး လက်အုပ်ချီ အရိုအသေပေးခြင်းဟာ ဗုဒ္ဓမြတ်စွာဘုရား နဲ့ ဘုရားရဲ့ သားတော် ရဟန်းသံဃာတော်တွေကိုသာ ပြူမူလေ့ရှိပါတယ်။ နေရာ၊ ဒေသ၊ အခြေအနေ အပေါ်မူတည်ပြီး လက်အုပ်ချီ ဂါရဝပြု လေ့ရှိကြတဲ့ နောက်တမျိုးက ဘုရား၊ တရား၊ သံဃာ နဲ့ အတူ တဂိုဏ်းထဲထား လေးစားရိုသေမြတ်နိုးရတဲ့ မိဘ နဲ့ ဆရာသမားတွေအပေါ်မှာ ဖြစ်ပါတယ်။ အလားတူ အခြေအနေ၊ အချိန်အခါ အလိုက် လက်အုပ်ချီ အရိုအသေ ပေးလေ့ရှိကြတာက မိမိထက် အသက်ကြီး၊ ဝါကြီး၊ ပညာကြီး တဲ့ လူကြီးသူမ များကို ဖြစ်ပါတယ်။ နောက်တခု ထူးခြားတဲ့ အခြေအနေဖြစ်စဉ်သဘောမျိုးဖြစ်တဲ့ မိမိအသက်ကို ကယ်ခဲ့သူ (သို့) ဆေးဆရာ သမားတော်ကြီးများကိုလည်း ကျေးဇူးသိတတ်တဲ့ သဘော ရှိခိုးကန်တော့ ဂါရဝပြုလေ့ရှိကြပါတယ်။ ဒီလိုအချက်၊ အခြေအနေ မျိုးတွေကလွဲလို့ နေ့စဉ် လူမှုဘဝမှာတော့ လူအချင်းချင်း လက်အုပ်ချီ၊ ဦးညွတ် နှုတ်ဆက်တယ်ဆိုတာ မြန်မာ့ (ဗမာ့) ဓလေ့မှာ လုံးဝ မရှိပါဘူး။

ဒီဓလေ့ဟာ ဟိန္ဒူဘာသာယဉ်ကျေးမှုဓလေ့ထုံးစံ မှာ မြစ်ဖျားခံကာ သူတို့ရဲ့ လူမှုထုံးတမ်းမှာပါ တည်ရှိနေပြီး အိန္ဒိယ ယဉ်ကျေးမှု ပျံ့နှံ့ရောက်ရှိတဲ့ ဗမာနိုင်ငံ အပါအဝင် အရှေ့တောင် အာရှနိုင်ငံတွေကို သက်ရောက်လာခဲ့ပါတယ်။ တချို့ နိုင်ငံတွေမှာ နေ့စဉ်သုံး နှုတ်ခွန်းဆက်ရာမှာပါ ဓလေ့အနေနဲ့ သုံးလာကြပါတယ်။ ဥပမာ - အိန္ဒိယနိုင်ငံမှာ နိုင်ငံခြားသား တယောက်ကို ဒေသခံ အိန္ဒိယ လူမျိုး တယောက်က နှုတ်ဆက်ရင် လက်အုပ်ချီ၊ ဦးညွတ်၊ ဒူးညွတ် ပြီး “Namasté” လို့ နှုတ်ဆက်သလို ယိုးဒယားမှာဆိုရင် ထိုင်းလူမျိုးတွေက အလားတူ အမူအရာနဲ့ “Sawasdee” လို့ နှုတ်ဆက်ပါတယ်။ ကမ္ဘောဒီးယားမှာ ဆိုရင် “Sampeah” လို့ ဆိုပြီး နှုတ်ဆက်ကြပါမယ်။ ဗမာမှာတော့ အထက်မှာ ဖော်ပြတဲ့ အမျိုးအစား နဲ့ အခြေအနေမျိုးတွေ ကလွဲရင် တခြား ဘယ်သူ့ကိုမှ လက်အုပ်ချီ၊ ဦးညွတ်၊ ဒူးညွတ် နှုတ်ဆက်လေ့မရှိပါဘူး။

ဗြိတိသျှ ကိုလိုနီ ကျွန်သဘောက် ဘဝ လွတ်မြောက်ရေးကြိုးပမ်းစဉ်ကာလတုန်းက သခင်ဘသောင်းဦးဆောင်တဲ့ ဒို့ဗမာအစည်းအရုံးဝင် ရှေးသခင်ကြီးတွေဟာ လူအချင်းချင်း၊ အထူးသဖြင့် အုပ်စိုးသူ၊ သြဇာအာဏာရှိသူ အင်္ဂလိပ် နဲ့ လက်ပါးစေ အခွင့်ထူးခံ လူတန်းစားတွေကို ဘုရားထူး၊ သခင်တပ်ခေါ်၊ လက်အုပ်ချီ၊ ဦးညွှတ် အရိုအသေပေးနေရတာကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့ကြပြီး ဗုဒ္ဓအဆုံးအမနဲ့လည်း ညီတဲ့၊ ခေတ်အမြင် လူ့တန်ဖိုး သဘောတရားတွေနဲ့လည်း ကိုက်ညီတဲ့ “ငါသာလျှင် ငါ့ကံ၏ အရှင်သခင်ဖြစ်၍ ငါသာလျှင် ငါ့စိတ်၏ အကြီးအကဲ ဖြစ်လေသည်..” (I am the master of my fate. I am the captain of my soul.) ဆိုတဲ့ “လူတိုင်းဟာ လူ့ဂုဏ်သိက္ခာနဲ့အညီ အားလုံး တန်းတူ မိမိရဲ့ဘဝအသီးသီးကို ဦးဆောင်မောင်းနှင်ရာ အရှင်သခင်တွေချည်းပဲဟေ့..” လို့ ကြွေးကြော်လှုံ့ဆော်ကာ လူတိုင်းနာမည်ရှေ့မှာ သခင်တပ်ခေါ်ရင်း ပဒေသရာဇ်စနစ်ဆိုး နဲ့ ကိုလိုနီစနစ်ဆိုး ဒဏ် ကို ရာစုနှစ်၊ ဆယ်စုနှစ်များစွာခံစားရင်း ကျွန်စိတ်ဝင်နေရှာကြတဲ့ ဗမာနိုင်ငံသား လူမျိုးပေါင်းစုံကို “သခင်စိတ်” သွင်းပေးခဲ့ကြရတယ်။ ဒါဟာ “ငါ၏ဦးခေါင်းတို့သည် သွေးသံတို့ဖြင့် ရဲရဲနီ၏…၊ သို့သော်.. ညွတ်ကားမညွှတ်” ဆိုတဲ့ ရဲရဲတောက် သခင်စိတ်ဓာတ်၊ သခင်အကျင့်လည်း ဖြစ်ပါတယ်။  ဒါဟာ တိုင်းပြည်ကို သူ့ကျွန်ဘဝက လွတ်မြောက်စေခဲ့တဲ့ အတွေးအခေါ် လက်နက်ကောင်းတခုလည်း ဖြစ်ပါတယ်။

ဒါကို နောင်တိုင်းပြည်မှာ ဆယ်စုနှစ်ပေါင်းများစွာ တိုင်းသူပြည်သားအပေါ် ဗိုလ်ကျ စိုးမိုးခဲ့တဲ့ စစ်အာဏာရှင်တွေက ပဒေသရာဇ်ညာဉ်မ ပျောက်ဘဲ ကိုလိုနီအမွေဆိုးကို ဆက်လက်ထိန်းသိမ်းလိုပြီး အတွေးအခေါ် ကျပ်မပြည့်၊ လူ..လူချင်း ခွဲခြားတဲ့စိတ်နဲ့ သာမန်ထက်ပို အရိုအသေပေးမှုခံယူချင်ကာ သူတို့ရဲ့ မင်းခမ်း၊မင်းနား၊ ပွဲလမ်းသဘင် နဲ့ တိုင်းခန်းလှည့်လည်တဲ့ ခရီးစဉ်တွေမှာ ပြည်သူလူထုကို အတင်းအဓမ္မ လက်အုပ်ချီ ကြိုဆိုနှုတ်ဆက်ခိုင်းရင်းနဲ့ လက်အုပ်ချီ နှုတ်ဆက်တဲ့ ဓလေ့ကို လူမှုထုံးတမ်းအဖြစ် သွတ်သွင်း ရှင်သန်စေခဲ့ခြင်းသာ ဖြစ်ပါတယ်။

“မင်္ဂလာပါ” ဆိုတဲ့ နှုတ်ခွန်းဆက် စကားဟာလည်း နေ့စဉ်သုံး လူမှုထုံးတမ်းမှာ မသုံးဘူး၊ နေ့စဉ်သုံး ဝေါဟာရ မဟုတ်ဘူးဆိုတာတော့ အားလုံး နားလည်သဘောပေါက် မြင်နိုင်ကြမယ်လို့ ယူဆပါတယ်။ နေ့စဉ်သုံး လူမှုရေး လောကဝတ် စကားအရ မြန်မာ (ဗမာ) တွေ အချင်းချင်းတွေ့ရင် ယဉ်ကျေးတဲ့ အသုံးအနှုန်းအနေနဲ့ “မာရဲလား ခင်ဗျာ..၊ “ထမင်းသုံးဆောင်ပြီးပြီလား ရှင့်..၊ ထမင်းသုံးဆောင်ပါဦး..” အစရှိသလို နှုတ်ဆက်လေ့ရှိကြပြီး ရွယ်တူတန်းတူချင်း၊ ခင်မင်ရင်းနှီးသူချင်း နှုတ်ဆက်ကြရင်လည်း “ထမင်းစားပြီးပြီလားကွ..၊ ထမင်းဝင်စားသွားလေကွာ..၊ နေကောင်းရဲ့လားဟေ့” စတဲ့ အသုံးအနှုန်းတွေသာ သုံးလေ့ရှိတာ အားလုံးလည်း အသိပါပဲ။  “မင်္ဂလာပါ” ဆိုတဲ့ နှုတ်ခွန်းဆက် စကားကတော့ အခမ်းအနား၊ ပွဲတွေ၊ ဆရာ/ဆရာမ ကို အရိုအသေပြုတဲ့ အနေနဲ့ သုံးတဲ့ စာသင်ခန်း နှုတ်ခွန်းဆက် အသုံးတွေ၊ ပြည်သူ့ပြန်ကြားရေး နဲ့ အသံလွှင့်ရာ မှာသာ အသုံးပြုတဲ့ အစရှိတဲ့ ကာလ၊ ဒေသ၊ အခြေအနေတခုခုမှာသာ သင့်လျော်တဲ့ အသုံးအနှုန်း ဖြစ်ပါတယ်။

ခု အိုဘားမား ခရီးစဉ်မှာ သူ့ကို ခရီးဦးကြိုကြတဲ့ သူတွေ သုံးနှုန်းတဲ့ (သူကလည်း ပြန်လည် ခွန်းတုန့်ပြန်တဲ့) “မင်္ဂလာပါ” စကားဟာ မင်းခမ်း၊ မင်းနား (official/formal) ဖြစ်လို့ လက်သင့်ခံနိုင်ပေမယ့် လူလူချင်း လက်အုပ်ချီ ရှိခိုးကန်တော့ နှုတ်ဆက်ခြင်းဓလေ့ကတော့ မြန်မာ့ (ဗမာ့) ဓလေ့မှာလည်း မရှိ၊ ပဒေသရာဇ် နဲ့ အာဏာရှင် စရိုက်၊ အတွေးအခေါ် အပုပ်အသိုးကို အားပေးရာလည်းရောက်တဲ့ အပြင် အငုံ့စိတ်ကို ဖြစ်ပေါ်စေတဲ့ အတွက် ဒီလို ဓလေ့ကို နောင်မှာ ပြည်တွင်း/ပြည်ပ က ဘယ်ပုဂ္ဂိုလ်မျိုးနဲ့ ဆက်ဆံ.. ဆက်ဆံ.. မိမိ ဓလေ့ထုံးတမ်းတခုအနေနဲ့ မလုပ်မိစေဖို့ သတိထား ရှောင်ကြဉ် ရပါမယ်။ သူတပါး ဓလေ့ ကို အသိအမှတ်ပြုကြောင်း ပြတဲ့အနေနဲ့ (ဥပမာ - အိန္ဒိယ နိုင်ငံသား ဟိန္ဒူတယောက်ကို နှုတ်ဆက်လို့၊ ဒါမှမဟုတ် ထိုင်းလူမျိုး တယောက်ကို နှုတ်ဆက်လို့) လိုက်လျောညီထွေ ပြုမူဆက်ဆံပြခြင်းက လွဲလို့ပါ။

ဗမာနိုင်ငံဟာ ခေတ်ဆိုး၊ စနစ်ဆိုး နဲ့ လူဆိုး တွေကြောင့် အစစအရာရာ နောက်တန်းရောက်နေရတဲ့ အခုလို အချိန်မှာ ဒီလို အသေးအဖွဲ အလေ့အကျင့်ကလေးတခုက အစ ဂရုစိုက်ပြင်ပြီး လူတဦးချင်းရဲ့ အောင်စိတ်၊ သခင်စိတ်ကို မွေးမြူနိုင်မှ နောင် အနာဂတ်တိုင်းပြည်မှာ ပေမီ၊ ဒေါက်မီ၊ အကျင့်၊ သီလ၊ သမာဓိ၊ ပညာ ကောင်းတဲ့ တိုင်းသူပြည်သားကောင်းတွေ အများအပြား ပေါ်ထွန်းလာနိုင်မှာ ဖြစ်ပါတယ်။

ဗမာ့လူ့အဖွဲ့အစည်းမှာ အခု ရေပန်းစားလာနေတဲ့ အာဏာရှင်စနစ်ဆိုး ရဲ့ ဝိသေသ လက္ခဏာတခု ဖြစ်တဲ့ ငါ့လူမျိုး၊ ငါ့ဘာသာ၊ ငါ့တိုင်းပြည်ကသာ အမြင့်မြတ်ဆုံး၊ အကောင်းဆုံး ဆိုတဲ့ အယူအဆ အခြေခံနဲ့ ဘာသာ၊ လူမျိုး မတူသူတွေအပေါ် အမုန်းပွား၊ ခွဲခြားဆက်ဆံလိုတဲ့ တလွဲဆံပင်ကောင်း စိတ်ဓာတ်၊ အတွေးအခေါ်တွေကို ဖျောက်ပြီး ဗုဒ္ဓမြတ်စွာဘုရားအလိုလည်းဖြစ်တဲ့ ရုပ်နဲ့နာမ် နဲ့ ဖွဲ့စည်းထားတဲ့ လူသားအားလုံး (အဖြူ/အမည်း/အမျိုး/ဘာသာ မခွဲ) အပေါ် တပြေးညီ မေတ္တာတရားထားကာ မခွဲခြားဘဲ သိက္ခာ ရှိရှိ ဆက်ဆံသလို မိမိ တဦးချင်း အနေနဲ့လည်း လူသားအားလုံး နဲ့ တန်းတူ ဂုဏ်သိက္ခာ ရှိ ပြန်လည် ဆက်ဆံခံရနိုင်ဖို့အတွက် လူအချင်းချင်း အောက်ကျို့ချင်တဲ့ ကျွန်စိတ်အမူအကျင့်တွေကို ဖျောက်နိုင်ဖို့ လိုပါတယ်။ သူတပါး အပေါ် ကျွန်လို မဆက်ဆံ သလို၊ ကိုယ့်အပေါ်မှာလည်း ကျွန်လိုမဆက်ဆံ စေရပါဘူး။

ဒါဟာ တနည်းအားဖြင့် ဒို့ဗမာအစည်းအရုံး ရဲ့ “ကိုယ့်မင်းကိုယ့်ချင်းတည်ထောင်မှု စာစဉ်၊ အမှတ်(၁) ၊ ၁၉၃၆” မှာ အတိအလင်း ပြဋ္ဌာန်းထားတဲ့ “ဒို့ဗမာဋီကာ” ပါ “ကမ္ဘာဦးလူတို့သည် ကိုယ်စီကိုယ်ငှ အရှင်သခင်များဖြစ်ကြ၏။ လူခပ်သိမ်းတို့မှာ အာဏာရှင်သာဖြစ်သောကြောင့် လောကကြီးတခုလုံးသည် လောကနိဗ္ဗာန်ကြီးပင် ချုပ်ချယ်ခြင်းမရှိ…။” ဆိုတဲ့ လူသားအားလုံး စတင်ပေါ်ထွန်းစကတည်းက၊ ကနဦး မူလအခွင့်အရေး.. လူသားတန်ဖိုးဖြစ်တဲ့.. လူအချင်းချင်းကြားမှာ ဖိနှိပ်ချုပ်ခြယ်၊ ခွဲခြားဆက်ဆံ ကျွန်ပြုမယ့် အာဏာရှင်ဆိုတာမရှိ၊ အုပ်စိုးသူ အခွင့်ထူးခံ လူတန်းစားဆိုတာ မရှိ၊ ဖိနှိပ်ချုပ်ခြယ်၊ ခွဲခြားဆက်ဆံ၊ ဗိုလ်ကျခံ၊ အုပ်စိုးခံ ရမယ့် အစေအပါး၊ ကျွန်သဘောက် ဆိုတာ မရှိရဘူး ဆိုတဲ့ ပြဋ္ဌာန်းချက်အတိုင်း ကျင့်ကြံအားထုတ်ခြင်းလည်း ဖြစ်ပါတယ်။

ဒီလို လူသားအားလုံးတန်းတူ၊ လူ့အခွင့်အရေး နဲ့ သိက္ခာရှိရှိ၊ အပြန်အလှန် လေးစားအသိအမှတ်ပြု ဆက်ဆံတဲ့ သခင်-သခင်ချင်း ဆက်ဆံရေး၊ တနည်းအားဖြင့် ဘယ်လူမျိုး (သို့) ဘယ်လူတဦး အပေါ်မှာမှ ကျွန်ပြု မဆက်ဆံချင်၊ ကျွန်လိုလည်း အောက်မကျို့တဲ့ ဆက်ဆံရေးမျိုးကို ဗမာနိုင်ငံမှာ လူအမျာစု မြန်မာ(ဗမာ) တွေ၊ တိုင်းရင်းသားတွေ နဲ့ တနိုင်ငံတည်းသား လူနည်းစု ဘာသာ၊ လူမျိုးကွဲတွေအချင်းချင်းကြား ဆက်ဆံရာမှာ ထားရှိအသုံးပြုသလို နိုင်ငံတကာ နဲ့ ဆက်ဆံရာမှာလည်း အလားတူ ဂုဏ်သိက္ခာရှိရှိ တန်းတူ ဆက်ဆံရေးမျိုး ကျင့်သုံးနိုင်မှသာ နောင် အနာဂတ် ကမ္ဘာ့အလယ်မှာ လူတဦးချင်းရဲ့ လူမျိုး၊ ဇာတိ၊ ကျောထောက်နောက်ခံကို မကြည့်ဘဲ အားလုံး လူသားဆိုတဲ့ ပကတိ သဘောတရားအတိုင်း အခြေပြု တပြေးညီ ဆက်ဆံတတ်တဲ့ နိုင်ငံကြီး တနိုင်ငံအဖြစ် သိက္ခာရှိရှိ ရပ်တည်လာနိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် အထက်မှာ တင်ပြခဲ့သလို ဗမာ့ဓလေ့လည်း မဟုတ်တဲ့ ပဒေသရာဇ် နဲ့ အာဏာရှင် အမွေခံ လူအချင်းချင်း လက်အုပ်ချီ နှုတ်ခွန်းဆက်သတဲ့ အကျင့် နဲ့ သူ့ရဲ့ နောက်ဆက်တွဲ သဘော၊ သဘာဝအကြောင်းကို ခု အိုဘားမားခရီးစဉ်နဲ့အတူ လူအများ စဉ်းစား ဆင်ခြင်စေချင်ပါတယ်။

ဒုတိယ အနေနဲ့ အိုဘားမားခရီးစဉ်မှာ စာရေးသူ တို့ လူ့အဖွဲ့အစည်း အနေနဲ့ ဆင်ခြင်သတိပြု အတုယူစရာက အိုဘားမား ရဲ့ ပထမအချက်မှာ ဆွေးနွေးခဲ့တဲ့ နှုတ်ခွန်းဆက်စကား နဲ့ အပြုအမူကို သူက ပြန်လည် အသုံးချမှုရဲ့ သဘော အကြောင်းပါ။ ဗမာပြည် အာဏာရှင်ခေတ်မှာ လုံးလုံး.. လူဖြစ်လာပြီး အာဏာရှင် ပုံသွင်းသမျှ ခံရရှာတဲ့ မျိုးဆက်သစ် နဲ့ လူကြီးတချို့တောင် အထက်မှာ ဆွေးနွေးခဲ့တဲ့ နှုတ်ခွန်းဆက် အမူအရာ နဲ့ စကားကို ဗမာ့နေ့စဉ်သုံး ဓလေ့ထုံးတမ်း အဖြစ် ထင်ယောင်ထင်မှား ဖြစ်နေကြသေးတာ ကမ္ဘာ့တဘက်ခြမ်းကလာတဲ့ အိုဘားမား တယောက်လည်း ဒီလို ပြုမူပြောဆိုတာဟာ ဗမာ့ဓလေ့ပဲဆိုပြီး (ထင်ကာ) သူက သူရောက်ရှိလာတဲ့ ဒေသ၊ သူ့အိမ်ရှင်ရဲ့ ဓလေ့ထုံးစံ ယဉ်ကျေးမှု ကို လေးစားအသိအမှတ်ပြုကြောင်း ပြသတဲ့ အနေနဲ့ ပြုမူပြောဆိုပြ သွားခဲ့ပါတယ်။

ဒီအချက်ဟာ စာရေးသူတို့ လူ့အဖွဲ့အစည်းအတွက် အတုယူစရာ ဖြစ်ပါတယ်။ ဒီလို သူတပါး ယဉ်ကျေးမှု နဲ့ ဓလေ့ထုံးတမ်းတွေကို သိတတ်နားလည်ပေးခြင်းဟာ မတူကွဲပြားတဲ့ နောက်ခံ ယဉ်ကျေးမှုဓလေ့ ရှိကြတဲ့ လူအချင်းချင်း၊ လူမျိုးအချင်းချင်း၊ နိုင်ငံအချင်းချင်း နဲ့ ဘာသာ အယူဝါဒ ကွဲပြားသူချင်း အကြား ဆက်ဆံရေး ချောမွေ့ အဆင်ပြေ၊ ပြဿနာနည်း၊ ပဋိပက္ခ ကင်း စေဖို့ရာမှာ အင်မတန် အရေးကြီးပါတယ်။

လူ့ရဲ့ သဘော၊ သဘောဝက မိမိ ဘာသာစကား၊ ဓလေ့ထုံးတမ်းဟန် တခုခုကို နိုင်ငံခြားသား (သို့) မတူညီကွဲပြားတဲ့ ဘာသာစကား၊ ဓလေ့ထုံးစံ ရှိတဲ့ တခြား လူတဦးဦးက အရေးတယူနဲ့ ကြိုးစား ပြောဆို၊ လုပ်ဆောင်ပြရင် ကျေနပ်နှစ်သက်သဘောကျ သွားလေ့ရှိပြီး အဆိုပါ ပုဂ္ဂိုလ်အပေါ် ချစ်ခင်ရင်းစွဲစိတ်ဖြစ်ပေါ်သွားလေ့ရှိပါတယ်။ ဒီလို ချစ်ကြည်မှုကို အရင်းတည်ပြီးတဲ့နောက်မှာလည်း ရေရှည် ဆက်ဆံရေးဟာ အဆင်ပြေ ချောမွေ့ သွားပါတော့တယ်။ စာရေးသူ ကိုယ်တွေ့တခုဆိုရရင် အမိမြေနဲ့ မိုင်ထောင်ချီဝေးတဲ့ အနောက်တိုင်းယဉ်ကျေးမှု ထွန်းကားရာ လူ့အဖွဲ့အစည်းက တက္ကသိုလ်မှာ ကျောင်းစဝင်တဲ့နေ့ ကျောင်းသားရေးရာဌာနက ဒေသခံလူမျိုး ဝန်ထမ်းရဲ့ မြန်မာလို “မင်္ဂလာပါ” လို့ နှုတ်ဆက်ခြင်းခံရတော့ ဝမ်းသာကြည်နူးပီတိ ဖြစ်ခဲ့ရဖူးပါတယ်။ အဆိုပါဝန်ထမ်းကပဲ ကျွမ်းကျင်လိမ္မာပါးနပ်စွာနဲ့ တခြား နိုင်ငံတကာကျောင်းသားတွေကိုလည်း သက်ဆိုင်ရာ ဘာသာစကားအသီးသီးနဲ့ နှုတ်ဆက်တာကို မြင်ရတော့ သူတို့ လူမျိုးတွေရဲ့ သူတပါး ဓလေ့ထုံးစံကို လေးစားတတ်ပုံ၊ အမြင်ကျယ်၊ လူမှုရေး ကျွမ်းကျင်မှု (Professional ဆန်မှု/ပီသမှုကြောင့်လည်း ပါတယ်) ကို အံ့သြချီးကျူးဖြစ်ရပါတယ်။

အပြန်အလှန်သဘောအနေနဲ့ မိမိအပေါ် (သို့) မိမိလူမျိုး နဲ့တိုင်းပြည်အပေါ် သူတပါး လူမျိုးခြား၊ နိုင်ငံခြားက ချစ်ခင်လေးစားစိတ်ဖြစ်ပေါ်စေဖို့ နဲ့ ဆက်ဆံရေး ပြေပြစ်စေဖို့ရာမှာလည်း သူတပါးရဲ့ မတူညီကွဲပြားတဲ့ ဘာသာစကား နဲ့ ယဉ်ကျေးမှုဓလေ့ ကို လေးစားအသိအမှတ်ပြုကြောင်း ဖော်ပြတတ်ဖို့လိုပါတယ်။  ဒီနည်းဟာ ခု အိုဘားမား အပါအဝင် နိုင်ငံတကာက ထင်ရှားတဲ့ ခေါင်းဆောင်တွေ ပြုမူကျင့်ကြံလေ့ရှိတဲ့ လူမှုဆက်ဆံရေးနည်းလမ်းကောင်း တမျိုးလည်းဖြစ်ပါတယ်။

ဗမာပြည်က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဆိုလည်း ဒီလို သူတပါး ယဉ်ကျေးမှု ကို အသိအမှတ်ပြု လေးစားကြောင်း ပြသတဲ့နည်းနဲ့ပဲ နိုင်ငံတကာ လူမျိုးစုံ၊ နိုင်ငံစုံ က ခေါင်းဆောင်တွေ ပြည်သူတွေ နဲ့ ပြောဆို ဆက်ဆံရာမှာ အောင်မြင်မှုရပြီး လူကြိုက်များ၊ ထင်ရှား၊ လူချစ်၊ လူခင် ပေါ်နေရတာ ဖြစ်ပါတယ်။ သူ့ငယ်ဘဝ အိန္ဒိယ မှာ ကျောင်းနေစဉ် မိတ်ဆွေသူငယ်ချင်းတွေနဲ့ လိုက်လျောညီထွေ တခါတရံ အိန္ဒိယရိုးရာဝတ်စုံ ဆာရီ ဝတ်တာ၊ ခုနောက်ဆုံး အိန္ဒိယ ခရီးစဉ်မှာ နဖူးအနီစက်တို့ လက်အုပ်ချီ “namasté” ပြောနှုတ်ဆက်တာတွေဟာ ဒီလို တခြားလူမျိုးနဲ့ဓလေ့ထုံးစံကို လေးစားအသိအမှတ်ပြုကြောင်းပြပြီး စည်းရုံးရေး အောင်မြင်အောင်လုပ်၊ နှစ်နိုင်ငံ နဲ့ လူမျိုးအချင်းချင်းကြား ချစ်ကြည်ရင်းနှီးမှု တိုးပွားအောင် လုပ်ခြင်းသာဖြစ်ပါတယ်။ ခု နောက်ဆုံး အိန္ဒိယ ခရီးစဉ် ဓာတ်ပုံတွေကိုကြည့်ပြီး ဗမာ့လူအဖွဲ့အစည်းက အာဏာရှင်စိတ်ရှိသူတွေ၊ အာဏာရှင် အတွေးအခေါ်မှိုင်းမိနေသူတွေ၊ ခေတ်နောက်ပြန်ဆွဲတွေ၊ အမြင်ကျဉ်းမြောင်းသူတွေက (သူတို့ အခေါ် ကုလားအကြိုက် လုပ်လို့ဆိုပြီး) ဒေါ်အောင်ဆန်းစုကြည် အပေါ် ဝေဖန်ပြစ်တင်မှုတွေလုပ်တာလည်း သတိထားမိပါတယ်။

ကမ္ဘာ့ စူပါ ပါဝါ နိုင်ငံကြီး မှ (သူတို့ အထင်ကြီးတဲ့) မျက်နှာကြီးက ကိုယ့်ဘာသာစကား မပီတပီပြောနှုတ်ဆက်၊ ကျေးဇူးတင်တာကို သဘောကျကျေနပ်နေပြီး မိမိခေါင်းဆောင်က တခြား လူမျိုးရဲ့ ယဉ်ကျေးမှု နဲ့ ဓလေ့ကို လေးစားကြောင်းပြသတာကိုတော့ အဆိုးမြင်ချင်တာဟာ အင်မတန် သဘောထားသေးသိမ်ရာ ရောက်ပါတယ်။ ဒီလို အတွေးအခေါ်နိမ့် နဲ့ အမြင်တိမ်တွေကို မိမိ လူ့အဖွဲ့အစည်း တခုလုံးမှ လူတဦးချင်း ရှောင်ကြဉ်ပြီး မတူကွဲပြားတဲ့ ယဉ်ကျေးမှုတွေကို ခံစားနားလည်၊ ဝေမျှ စားသုံးခြင်းရဲ့ ကောင်းမွန်အကျိုးများမှုတွေကို ဆင်ခြင်သုံးသပ်လက်ခံကာ ဓလေ့ထုံးစံ မတူညီတဲ့ လူ့အဖွဲ့အစည်းများအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးပွားလာအောင် ဖော်ဆောင်ရမှာဖြစ်ပါတယ်။ ဒီလိုနဲ့ တပါတည်း မိမိလူ့အဖွဲ့အစည်းအတွင်းမှာလည်း မတူကွဲပြားခြားနားတဲ့ ယဉ်ကျေးမှုတွေကို ပိုမိုနားလည်ပျော်မွေ့တတ်လာပြီး ပန်းပေါင်းစုံပွင့်၊ အတွေးအခေါ်ပေါင်းစုံ ထွန်းကားတဲ့ သာယာငြိမ်းချမ်း ဖွံ့ဖြိုးတိုးတက်တဲ့ လူ့အဖွဲ့အစည်းကို ဖန်တီးလာနိုင်မှာ ဖြစ်ပါတယ်။

စာရေးသူ ရဲ့ အတွေ့အကြုံ အရ ပြောရရင်လည်း ဒီလို လူမှုဆက်ဆံရေးနည်းပညာကောင်းတွေ ကို အသုံးပြုပြီး ကာလံ၊ ဒေသံ အလိုက် လိုက်လျောညီထွေ ပြုမူတတ်ခြင်းရဲ့ လူမှုရေးအောင်မြင်ခြင်း သဘောတွေကို ငယ်စဉ်ဘဝ သခင်နုဘာသာပြန် “လူပေါ်လူဇော်လုပ်နည်း၊ ၁၉၃၈ (How to Win Friends and Influence People by Dale Carnegie, 1936)” ကို မြည်းစမ်းဖူးချိန်ကစလို့ သိခဲ့ရပြီး နောင် လက်တွေ့ လူ့ဘဝ ကျင်လည်ကျက်စားလာရတော့မှ တကယ်လည်းအကျိုးများပုံကို ပိုနားလည်သဘောပေါက် ခဲ့ရပါတယ်။ သခင်နုက သူရဲ့ “လူပေါ်လူဇော်လုပ်နည်း” စာအုပ် ကို နောင်ထပ်မံ ပုံနှိပ်ထုတ်ဝေရာမှာ မူလ နာမည်က တင်စီးလွန်းတယ်လို့ ယူဆပြီး “မိတ္တဗလဋီကာ” လို့ပြောင်းခဲ့တယ်။  တကယ်က “လူပေါ်လူဇော်လုပ်နည်း” ဆိုတဲ့ နာမည်က စာအုပ်ရဲ့ သဘောနဲ့ အလိုက်ဖက်ဆုံးဖြစ်ပြီး ဒီလို မိတ်ဆွေ၊ အပေါင်းအသင်းတိုးပွားစေတဲ့ လူမှုရေးနဲ့ စိတ်ပညာ နည်းနာနိဿယတွေဟာ သူများ မျက်ခုံးမွှေးပေါ် စင်္ကြန်လျှောက် ဖျံကျတဲ့ သဘောမဟုတ်ဘဲ လူများအကြား ထင်ပေါ် ကျော်ကြား၊ လူကြိုက်များ၊ လူကြည်ညိုစေပြီး အပေါင်းအသင်း ဝင်ဆံ့ မိမိ စကား အရာရောက် အောင်မြင်စေလို့ “လူပေါ်လူဇော်” ဖြစ်စေတယ်ဆိုတာ အမှန်ပဲ ဖြစ်ပါတယ်။

အခြေအနေ၊ အချိန်အခါ အလျောက် ပြောင်းလဲ ပြုမူကျင့်ကြံ၊ ကျင့်သုံးရပုံကို ဒေးကာနက်ဂျီ  စကား “ငါးမျှားလျှင် သင်ကြိုက်သော စတော်ဘယ်ရီသီးနှင့် မမျှားဘဲ ငါးကြိုက်သော တီကောင်နှင့် မျှားပါ။” ဆိုတာနဲ့ပဲ ဥပမာ ပေးရပါမယ်။ စာရေးသူ ကိုယ်တိုင်လည်း လက်တွေ့ဘဝမှာ အများကြိုက်ဖို့ (လူကြိုက်များဖို့) အတွက် မယုံကြည်တာ၊ မမှန်တာ မရေးဖို့၊ မပြောဖို့ အစဉ်ကြိုးစားမိတာကလွဲလို့ သွားလာနေထိုင် ကျက်စားရာ နေရာ၊ ဒေသ၊ ပထဝီ၊ ပတ်ဝန်းကျင် နဲ့ တွေ့ဆုံပေါင်းသင်းရတဲ့ မိတ်ဆွေ၊ အပေါင်းအသင်းအပေါ်မူတည်ပြီး လျောညီတဲ့ အပြုအမူ၊ အပြောအဆို၊ ဓလေ့ထုံးစံတွေကို ကျင့်သုံးရင်း လူမှုရေးကောင်းဖို့၊ ယဉ်ကျေးတဲ့ ကမ္ဘာ့လူသား တဦးအနေနဲ့ ယဉ်ကျေးမှုပေါင်းစုံ၊ အတွေးအခေါ်ပေါင်းစုံကို ပွေ့ဖက်၊ ကျင့်သားရ၊ ပျော်ဝင်နိုင်ဖို့ ကြိုးစားလေ့ရှိပါတယ်။

ဒီလိုသဘောမှာ စာရေးသူဟာ “May God Bless You!” ဆိုတာပြောဖို့..၊ “Namasté” လုပ်ဖို့..၊ “Salaam” ဆို နှုတ်ခွန်းဆက်သဖို့..၊ အကြောင်းတိုက်ဆိုင်လာရင် ဘယ်တော့မှ မနှောင့်နှေး တတ်သလို “Bonne journée” နဲ့ “Merci” ပြောဖို့..၊ “Gracias” ပြောဖို့..၊ “Sawasdee” နဲ့ နှုတ်ခွန်းဆက်ဖို့လည်း ဘယ်တော့မှ ဝန်မလေးတတ်ပါဘူး..။ ဒီလို မတူညီကွဲပြားခြားနားတဲ့ ဘာသာ၊ ဓလေ့၊ လူမျိုးပေါင်းစုံ ရဲ့ ယဉ်ကျေးမှု ကို နားလည်သဘောပေါက်ဖို့ကြိုးစားရင်း၊ အထူးသဖြင့် လေးစားကြောင်း ပြသရင်းနဲ့ပဲ နိုင်ငံတကာက သူငယ်ချင်း၊ အပေါင်းအသင်းတွေနဲ့ ပိုမိုရင်းနှီးချစ်ကြည်၊ ဗဟုသုတတိုးပွားပြီး လူမှုရေးအောင်မြင်လာတာ လက်တွေ့ သိခဲ့ရပါတယ်။

ဒါကြောင့် ခု အိုဘားမား ခရီးစဉ်နဲ့အတူ သူတပါး ယဉ်ကျေးမှု၊ ဓလေ့၊ ထုံးတမ်းကို လေ့လာ၊ နားလည်၊ မျှဝေ စားသုံးခြင်းရဲ့ အကျိုးကျေးဇူးကြီးပုံကို ဗမာ့လူ့အဖွဲ့အစည်းမှ လူအများ သဘောပေါက်၊ ဆင်ခြင်၊ ကျင့်ကြံ၊ အတုယူစေချင်ပါတယ်။

ဒီခရီးစဉ်မှာ အိုဘားမား ပြုမူပုံကို ထောက်စရာ တချက်အနေနဲ့ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို အနောက်တိုင်းဓလေ့အရ ဖက်ပွေ့နမ်းခဲ့တဲ့ အချက်ဖြစ်ပါတယ်။ ဒါကို ထောက်ပြချင်သူတချို့ကို သိနားလည်စေချင်တာက သူ့ယဉ်ကျေးမှု၊ ဓလေ့ နဲ့ မိမိ ဓလေ့ထုံးစံ ကွဲပြားချက်ကြောင့် ဖြစ်တယ်ဆိုတာအပြင် အိုဘားမား အနေနဲ့ သူအမြဲ လေးစားအားကျခဲ့ရတဲ့ ပုဂ္ဂိုလ်တယောက်ကို လူချင်း ဆုံတွေ့ရခိုက် ဝမ်းသာကြည်နူးစိတ်နဲ့ ပြုမူမိတဲ့ အပြုအမူတခုသာ ဖြစ်ကြောင်းဆိုတာပါ။

တခါက ဒဿဂီရိ နဲ့ နာမည်ချင်း ခပ်ဆင်ဆင် ဟောလီဝုဒ် အကျော်အမော် “Richard Gere” တယောက် အိန္ဒိယ မှာ AIDS ပညာပေး လူမှုရေးအကျိုးပြုလုပ်ငန်းတွေ လုပ်ဆောင်စဉ် လုပ်ဖော်ကိုင်ဖက် ဘောလီဝုဒ် နာမည်ကြီး ရုပ်ရှင်မင်းသမီးချော  “Shilpa Shetty” ကို ခင်မင်မှုသဘော လူမြင်ကွင်းမှာ နမ်းမိရာ အိန္ဒိယ ရှေးရိုးစွဲတချို့ ရဲ့ ခြိမ်းခြောက်ခြင်း၊ တရားစွဲဆိုခြင်း ခံရလို့ “Richard Gere”  အိန္ဒိယက သူ့ရဲ့ လူမှုရေးလုပ်ငန်းတွေကို ပစ်ပြီး ထွက်ပြေးခဲ့ရဖူးပါတယ်။ သူ့ကို တရားစွဲဆိုတဲ့အမှုကို အိန္ဒိယဗဟိုတရားရုံးချုပ် က တရားသူကြီးချုပ်ကိုယ်တိုင် ဆင်းစစ်ပြီး ရှေးရိုးစွဲ လူတစုရဲ့ ရူးကြောင်ကြောင်နိုင်တဲ့ လုပ်ရပ် အဖြစ် ဆုံးဖြတ်ကာ အမှုကို ပလပ် လိုက်ခဲ့တယ်။ တပါတည်း ဒီအဖြစ်အပျက်ဟာ အိန္ဒိယ ရဲ့ ယဉ်ကျေးမှု၊ ဓလေ့ပေါင်းစုံ ထွန်းကားစည်ပင်၊ သမမျှတ တည်ရှိနေနိုင်မှုကို ထိခိုက်ပြီး နိုင်ငံ့နာမည်နဲ့ ဂုဏ်သိက္ခာ ကို အကြီးအကျယ် ကျဆင်းစေတယ်ဆိုတဲ့ အကြောင်း သတိပေးစကားလည်း ထုတ်ပြန်ခဲ့ရတယ်။ “Richard Gere” ကိုလည်း အိန္ဒိယ ကို လွတ်လပ်စွာ ဝင်လာလည် နေထိုင်၊ လူမှုရေးလုပ်ငန်းတွေလုပ်ဖို့ ပြန်ဖိတ်ခေါ်ခဲ့ရတယ်။

ဒီလို သူ့ဓလေ့၊ ကိုယ့်ဓလေ့ ကို အသိအမှတ်မပြု သည်းမခံနိုင်ဘဲ ဆတ်ဆတ်ထိမခံဖြစ်ရတဲ့ လက်တွေ့ သုံးစားမရ၊ အကျိုးမဲ့တဲ့ အမြင် နဲ့ အတွေးအခေါ်အဟောင်းတွေကို ဗမာ့လူအဖွဲ့အစည်းက လုံးလုံး ရှောင်ကြဉ်နိုင်မှသာ (၂၁) ရာစု အနာဂတ် ကမ္ဘာထဲ လိုက်လျောညီထွေ ဝင်ဆံ့ရင်း နိုင်ငံတာက မှာ လူတလုံးသူတလုံးဖြစ် ခေါင်းမော့၊ ရင်ကော့ နိုင်မှာဖြစ်တယ်ဆိုတာကို ခေတ်နောက်ပြန်ဆွဲလို သူအားလုံးကို အသိကပ် စေချင်ပါတယ်။

အိုဘားမား ခရီးစဉ်နဲ့ဆက်စပ်တဲ့ အကြောင်းအရာထဲက ဒီဆောင်းပါးမှာ တတိယအချက်အနေနဲ့ ဆွေးနွေးတင်ပြချင်တာက ဗမာ့လူ့အဖွဲ့အစည်း ရဲ့ လူ့စွမ်းအားအရင်းအမြစ် တိုးတက်ဖို့လိုတဲ့ အကြောင်း ဖြစ်ပါတယ်။

စစ်အာဏာရှင် စနစ်ဆိုးဒဏ်ကို ဆယ်စုနှစ် (၅) စု ကြာ ကျောကော့အောင် နင်းခံထားရတဲ့ ဗမာ့လူ့အဖွဲ့အစည်း ရဲ့ ပညာရေး ကျဆင်းမှုနဲ့အတူ လူသားအရင်းမြစ်တခုလုံး အရည်အသွေးနည်း၊ အရည်အချင်း ကျဆင်းနေတဲ့အကြောင်းကို လေ့လာသူ၊ ပညာရှင် အပေါင်းလည်း ကာလရှည်ကြာ ထောက်ပြပြောဆိုခဲ့ကြလို့ အားလုံးနားလည် သဘောပေါက်ထားပြီး ဖြစ်ပါတယ်။ ခု အိုဘားမား ခရီးစဉ် သူရဲ့ ရန်ကုန်တက္ကသိုလ်မိန့်ခွန်းကို ပြည်တွင်းက ထိပ်တန်း စာနယ်ဇင်းမီဒီယာကြီးတခု ရဲ့ မြန်မာလို ဘာသာပြန်ချက် အလွဲတခုကို သတိထားမိလိုက်လို့ အဓိက တာဝန်ရှိတဲ့ အစိုးရ နဲ့ ပြည်သူ့ ကိုယ်စားလှယ် ဆိုသူများအပါအဝင်  လူအများ ပိုမိုအလေးအနက်ထား သတိပြုမိစေဖို့ ဒီအကြောင်းအရာ ထည့်ရေးရခြင်း ဖြစ်ပါတယ်။

မှားတာကတော့ ဘာသာပြန်ရာမှာ နိုင်ငံခြားဘာသာစကား မကျွမ်းကျင်၊ မိခင်ဘာသာစကားလည်း မကြွယ်ရင် ဖြစ်လေ့ဖြစ်ထရှိတဲ့ စကားလုံးတွေကို လုံးကောက် တိုက်ရိုက်ပြန်လို့ မှားတဲ့ အမှားဖြစ်ပါတယ်။

“It’s not enough to trade a prison of powerlessness for the pain of an empty stomach.” လို့ အိုဘားမား က သူ့မိန့်ခွန်းမှာ ပြောသွားတာကို ပြည်တွင်း မီဒီယာကြီးရဲ့ ဘာသာပြန်သူက “ဟောင်းလောင်းဖြစ်နေတဲ့ အစာအိမ်တွေအတွက် အာဏာမဲ့ဖြစ်မှုဆိုတဲ့ အကျဉ်းထောင်နဲ့ အစားထိုးရုံနဲ့ မလုံလောက်ပါဘူး..။” လို့ “prison” အင်္ဂလိပ်စာလုံးရဲ့ မူကွဲ အဓိပ္ပာယ် ကို သတိမမူ မိတဲ့ အပြင့်  နောက်ဆက်တွဲ စာကြောင်းအဓိပ္ပာယ်နဲ့ ဆီလျော်မှု ရှိမရှိ မစဉ်းစားဘဲ သာမန်ပြန်ရိုးပြန်စဉ် ပြန်ချလိုက်တော့ အိုဘားမား တကယ် အင်္ဂလိပ်လို ပြောချင်တာနဲ့ လုံးလုံးလွဲသွားခဲ့ပါတယ်။

“prison”  ဆိုတာ ဒီစာကြောင်းမှာ လုံးကောက်  အဓိပ္ပာယ် “အကျဉ်းထောင်” ကို ဆိုလိုတာမဟုတ်ဘဲ စကားတန်ဆာဆင် ပြောတဲ့ “a situation which is difficult to escape” ဆိုတဲ့ သဘော “ရုန်းထွက်လွတ်မြောက်ရန် ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေ အကျပ်အတည်း တခု” ကို ဆိုလိုခြင်းသာ ဖြစ်ပါတယ်။ ဒီလို အခြေအနေတခု၊ “a situation” ဆိုတဲ့ သဘောပါအောင် ထည့်ပြန်ရာမှာလည်း ရိုးရိုးသာမန် ဖြစ်ရိုးဖြစ်စဉ် အနေနဲ့ “အခြေအနေ” လို့ ပြန်ရုံနဲ့ မလုံလောက်ဘဲ ခက်ခဲတဲ့ သဘောပါအောင် “အခြေအနေ အကျပ်အတည်း” လို့ ပြန်ရပါမယ်။ ဥပမာ -

မသာယာတဲ့ အိမ်ထောင်ရေး တခုအကြောင်းကို ပုံဖော်ချင်တဲ့ “He felt that his marriage had become a prison.” ဆိုတဲ့ အင်္ဂလိပ်စာကြောင်းကို ပြန်ရင် “အိမ်ထောင်မှု ဘဝဟာ လွတ်မြောက်ရန် ခက်ခဲတဲ့ အခြေအနေ အကျပ်အတည်းကြီး ဖြစ်လာခဲ့ပြီ လို့ သူခံစားခဲ့ရတယ်” ဆိုတဲ့ သဘောမျိုး ပြန်ရပါမယ်။

 ဒီစာကြောင်းမှာပါတဲ့ “trade… for” “trade something for something” က စကားလုံးတွဲ အသုံးဖြစ်ပါတယ်။ တခုခု ကို တခုခုနဲ့ ဖလှယ်တယ်၊ အစားထိုးတယ်၊ တခုခုကို သုံးစွဲတာ၊ ပြုလုပ်တာ ရပ်ပြီး အခြား တခုကို ပြောင်းသုံး၊ ပြောင်းလုပ်တယ် လို့ ပြောချင်တဲ့နေရာမျိုးတွေမှာသုံးပါတယ်။ ဥပမာ -

I’ll trade you some of my chocolate for some of your ice cream. (မင်းရဲ့ ရေခဲမုန့် နဲ့ ငါ့ရဲ့ ချောကလက် လဲစားကြမယ်လေ)

(စကားချပ် - ဒီနေရာမှာလည်း “trade… for” ဆိုတာ “exchange” “ဖလှယ်တာ” ပဲ ဆိုပြီး “ဖလှယ်စားကြမယ်လေ” လို့ ပြန်လို့ မရပါဘူး။ ဗမာ စကားမှာ “မင်းနဲ့ငါ မုန့်ဖလှယ်စားကြမယ်” လို့ ဘယ်သူမှ မပြောတဲ့အတွက် “လဲစားကြမယ်လေ” လို့သာ ပြန်ရပါမယ်။

I couldn’t trade you for the world. (မင်းကို ကိုယ် ကမ္ဘာကြီးတခုလုံးနဲ့တောင် မလဲနိုင်ပါဘူး) (မင်းကလွဲရင် ကျန်တာ ဖွဲ၊ ဆန်ကွဲ သဘော).

“empty stomach” ကို ဘာသာပြန်ရင်လည်း ဒီနေရာမှာ လုံးကောက် အဓိပ္ပာယ် “ဟောင်းလောင်းဖြစ်နေတဲ့ အစာအိမ်” ဆိုတာထက်စာရင် မူကွဲ နဲ့ စာကားတန်ဆာဆင် “စားရ၊ သောက်ရမဲ့ ဖြစ်နေတဲ့ ဘဝတွေ၊ ဗိုက်ဟောင်းလောင်းနဲ့ မျှော်လင့်ချက်မဲ့ ငုတ်တုတ်ထိုင် ငတ်နေကြရတဲ့ ဘဝတွေ” ဆိုတဲ့ သဘောမျိုးပါအောင် ပြန်မှ ပိုဆီလျော်ပါတယ်။ “powerlessness” ဆိုတာကိုလည်း အလားတူသဘောမျိုး “အာဏာရှင်က ဖိနှိပ်ရက်စက် ထင်တိုင်းလုပ်ခြင်းခံနေရတဲ့ အားကိုးရာမဲ့၊ အာဏာမဲ့ နင်းပြားပြည်သူတွေရဲ့ ဘဝတွေ”ဆိုတဲ့ သဘောမျိုး ပုံပေါ်အောင် ပြန်ဆိုနိုင်ရပါမယ်။

ဆိုတော့ ရှင်းပြခဲ့တဲ့ သဘောမျိုးအားလုံးခြုံငုံပါအောင် အိုဘားမား မိန့်ခွန်းပါ စကား “It’s not enough to trade a prison of powerlessness for the pain of an empty stomach.” ကို

“ပြင်းထန်တဲ့ ဖိနှိပ်ရက်စက်မှုတွေကြောင့် အားကိုးရာမဲ့၊ အာဏာမဲ့ဖြစ်နေတဲ့ လွတ်မြောက်ရန်ခက်ခဲကြမ်းတန်းလှတဲ့ အခြေအနေ အကျပ်အတည်းကြီး တခုကို စားရမဲ့၊ သောက်ရမဲ့ ဗိုက်ဟောင်းလောင်းဖြစ်နေလို့ ခံစားနေရတဲ့ နာကျင်ခံစားမှု နဲ့ အစားထိုးဖလှယ်ရုံမျှနဲ့ မလုံလောက်သေးပါဘူး…” လို့ ပြန်မှသာ အိုဘားမား ဆိုလိုချင်တဲ့ သဘော “အာဏာရှင်အုပ်စိုးစဉ်က အဖိနှိပ်ခံ အာဏာမဲ့ ပြည်သူတွေ ဒီမိုကရေစီခေတ်ရောက်လို့ ပြည်သူ့အာဏာ ပြည်သူ့ဆီပြန်ရပြီ ဆိုတာနဲ့မပြီးဘူး..၊ စားစရာလည်း ရှိအုံးမှ..” ဆိုတာကို အနီးစပ်ဆုံး ပုံဖော်နိုင်ပါမယ်။ ဒီလို ဆီလျော်အောင် ပြန်မှသာ သူပြောလာခဲ့တဲ့ “freedom from want” ဆိုတာနဲ့လည်း ဆက်စပ်မယ်..၊ ဒီစာကြောင်းနောက် အိုဘားမား ဆက်ပြောတဲ့ စကားတွေဖြစ်တဲ့ “ပြည်သူ့အတွက် ပြည်သူက ရွေးချယ်တင်မြောက်တဲ့ ပြည်သူ့အစိုးရတွေကသာ ပြည်သူလူထု အများစု ရဲ့ စားဝတ်နေရေးဖူလုံ၊ ချမ်းသာကြွယ်ဝမှု ကို ပေးစွမ်းနိုင်တယ်ဆိုတာကို သမိုင်းက သက်သေပြုတယ်။ ဒီလို တကယ် ဖြစ်လာဖို့ (ပေးစွမ်းလာနိုင်ဖို့) အတွက်လည်း (အကူအညီပေးရအောင်) အခု ခင်ဗျားတို့ နဲ့ မိတ်ဆွေသဟာဖြစ်မှု ရှေးရှုပြီး ကျူပ်လာခဲ့တယ်..” ဆိုတဲ့ စကားနဲ့လည်း အကျိုးအကြောင်းညီ ပါမယ်။

နိုင်ငံခြား ဘာသာစကား ၊ စာ တခုခု ကို ဘာသာပြန်ရင် နိုင်ငံခြားဘာသာစကားကို ကျွမ်းကျင်ဖို့လိုသလို မိခင်ဘာသာ စကားကိုလည်း နှံ့စပ်ဖို့ အရေးကြီးပါတယ်။ မိခင်ဘာသာစကားသာတတ်သူအများ နားလည်၊ သဘောပေါက်လွယ်မယ့် စကားလုံး ရွေးချယ်မှုမျိုးလည်း ဖြစ်ရပါမယ်။ ဥပမာ - အာဂါသာခရစ်စတီ ရဲ့ စုံထောက် ဝတ္ထုတပုဒ်ထဲက တပိုဒ် ဖြစ်တဲ့

“They found a will of Mr. Inglethorp’s, dated before her marriage, leaving her fortune to Alfred Inglethorp…..” (said by Poirot)

“Did Mr. Inglethorp know of it?” (said by Captain Hasting)

“He says not.” (said by Poirot)

“One might take that with a grain of salt.” (said by Captain Hasting) မှာ “One might take that with a grain of salt.” ကို ဘာသာပြန်ရင် တိုက်ရိုက်လုံးကောက် “ဆား နည်းနည်းကို ယူမှပဲ” လို့ ပြန်ရင် မြန်မာဖတ်သူအနေနဲ့ ဘာဆိုချင်မှန်း ဘယ်လိုမှ နားလည် နိုင်မှာ မဟုတ်ပါ။ ဒါကြောင့် “ချီးစားပြောရင်တော့ ယုံရမှာပေါ့ ” လို့ ပြန်မှ “ချမ်းသာတဲ့ဇနီးဖြစ်သူကို အဆိပ်ခတ်သတ်ပြီး အမွေယူဖို့ကြံ တာလို့ ယောင်္ကျားဖြစ်သူအပေါ် သံသယ ဖြစ်နေတဲ့ ’ဟေစတင်း’ ရဲ့ သံသယစကား၊ အငေါ့တူးပြောတဲ့ သဘော” ကို မြန်မာစာဖတ်ပရိသတ် မြင်သာမှာ ဖြစ်ပါတယ်။

ဒီလို ခက်ခဲသိမ်မွေ့တဲ့ ဘာသာပြန် အတတ်ပညာ မျိုးကို ခု အသက်မွေးဝမ်းကြောင်း (professional) အနေနဲ့ ပြည်တွင်း နာမည်ရှိ စာနယ်ဇင်း မီဒီယာကြီးမှာ အလုပ်လုပ်နေတဲ့ အထက်ပါ အိုဘားမား မိန့်ခွန်း ဘာသာပြန်သူ၊ ဘာသာပြန်မှုကို တည်းဖြတ်တဲ့ အယ်ဒီတာ စာတည်းဖြတ်ဆရာများ အနေနဲ့ နားလည်သဘောပေါက်ပြီး အခုထက် ပိုမိုလေ့လာကြိုးစားဖို့ လိုပါတယ်။ ခုမှားခဲ့တဲ့ အမှားအတွက် အဆိုပါ ဘာသာပြန်သူ နဲ့ အယ်ဒီတာများကို အပြစ်တင် ဝေဖန်လိုစိတ်မရှိပါ။ စာရေးသူအပါအဝင် ဗမာပြည်က သူသူ၊ ကိုယ်ကိုယ် လူအများစုဟာ (မွေးကတည်းက ISY လို အမေရိကန် ကျောင်းနေတဲ့ လူမလိုင်လူတန်းစားကလွဲလို့) စစ်အာဏာရှင်ခေတ်အောက်မှာ ကျောင်းသားကို ဦးချိုး၊ ပညာမတတ်အောင် စနစ်တကျ လုပ်ခြင်းခံရတဲ့ ချို့တဲ့အဆင်မမီတဲ့ နို့ပိန်ပျင်းတွဲ ပညာရေး ကို သောက်စို့ရင်း ကြီးပြင်းလာခဲ့ရတဲ့ စနစ်ဆိုးရဲ့ သားကောင် ဘဝတူတွေချည်းပါပဲ။ “d..o..g” “ခွေး”၊ “b..o..o..k” “စာအုပ်” လို့ အော်ကျက်ရင်း ကြီးလာရှာရတဲ့ သူတွေချည်းပါပဲ။ ဒီလို အနေထား နဲ့ ပတ်ဝန်းကျင်မှာ “ခွေး” မဟုတ်တဲ့ “dog” တွေ၊ “စာအုပ်” မဟုတ်တဲ့ “book” တွေ တွေ့လာရတော့ အထက်မှာ ထောက်ပြခဲ့တဲ့ ဘာသာပြန်မှု အားနည်းချို့ယွင်းချက်ကလေးတွေ ဖြစ်လာရတာ စာနာနားလည် ခွင့်လွှတ်စရာပါ။

ဒါပေမယ့် စာနယ်ဇင်း ဆိုတာဟာ ပြည်သူလူထုကို ပညာ၊ အသိ ဖွင့်ပေးတဲ့ နား၊ မျက်စိ ဖြစ်လို့ တာဝန်ကြီးလှပါတယ်။ ဒါကြောင့် ယခုထက်ပိုမို အရည်အချင်းမီ၊ တတ်သိပညာရှင် ပီပီသသ၊ ကျင့်ဝတ်၊ သိက္ခာ ရှိရှိ ပြည်သူလူထု ကို တင်ဆက် အကျိုးပြုနိုင်ဖို့အတွက် ကြိုးစားဖို့ လိုတဲ့အကြောင်းတော့ မေတ္တာရပ်ခံ ထောက်ပြချင်ပါတယ်။

လူသားအရင်းမြစ်တခုလုံး အရည်အသွေး ကျဆင်းနေရခြင်းဟာ နေရာ ကဏ္ဍတိုင်းမှာလည်း အမြစ်တွဲ တည်ရှိနေတဲ့ တိုင်းပြည်ရဲ့ အဓိက ပြဿနာကြီး တခုလည်း ဖြစ်ပါတယ်။

အရင် NLD အဖိနှိပ်ခံဘဝတုန်းက NLD လုပ်တဲ့ ပွဲတိုင်း တက်ပြီး ကဗျာရွတ်လေ့ရှိတဲ့ ကိုလေး (အင်းဝဂုဏ်ရည်) ဆိုတဲ့ ကဗျာဆရာကြီး တခါတုန်းက ပြောဖူးတယ်..။ “ကျုပ်က ခု NLD ကို (ကဗျာပုံနှိပ်ဖော်ပြခွင့်တွေ အပိတ်ခံပြီး) ပံ့ပိုးနေတာ အကြောင်း ရှိတယ်..။ ကျူပ်ကတော့ ဘွင်းဘွင်းပဲ..။ နောင် ဒီမိုကရေစီ ရလို့ NLD အာဏာရရင် ကျူပ်က ရာထူးလိုချင်လို့ဗျာ..။ ဘာရာထူးလည်းဆိုတော့ ‘ဘွဲ့ရပညာမတတ်များ ပပျောက်ရေး ကော်မတီ’ မှာ ဥက္ကဌ လုပ်ချင်လို့ဗျာ..” တဲ့..။ ကဗျာဆရာရဲ့ နာကြည်းဝမ်းနည်း ဆိုလိုက်တဲ့ စကားဟာ တိုင်းပြည်မှာ ဖြစ်ပျက်နေတဲ့ အခြေအနေမှန်ကို အတိုင်းသား ဖော်ပြနေပါတယ်။ ဆိုတော့ ခု အစိုးရ နဲ့ ဥပဒေပြု လွှတ်တော် ကိုယ်စားလှယ် ဆိုသူများ၊ နိုင်ငံရေးပါတီများအနေနဲ့ တိုင်းပြည်ရဲ့ ‘ဘွဲ့ရပညာမတတ်များ ပပျောက်ရေး” ကို အမြန်ဆုံး အလေးထား ဖြေရှင်း၊ အဖြေရှာဖို့ တိုက်တွန်းလိုက်ပါတယ်။


အိုဘားမား ခရီးစဉ် နဲ့ ဆက်စပ်လို့ ဒီဆောင်းပါးမှာ နောက်ဆုံးအချက်အနေနဲ့ ဆွေးနွေးလိုတာက သူရဲ့ ရန်ကုန်တက္ကသိုလ်မိန့်ခွန်းမှာ ထည့်ပြောသွားခဲ့တဲ့ တိုင်းပြည်ရဲ့ အကြောင်းအရာတချို့ကို တုန့်ပြန်တဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တယောက်ရဲ့ စကား အကြောင်းပါ။

အိုဘားမား က သူ့မိန့်ခွန်း မှာ လက်ရှိ ဗမာပြည်ရဲ့ ပြဿနာ ထဲက တခုဖြစ်တဲ့ ရခိုင်ဒေသ ပဋိပက္ခ ကို ဖြေရှင်းရာမှာ လူသားအားလုံး မှာ တန်းတူ တည်ရှိတဲ့ လူ့ဂုဏ်သိက္ခာ ကို ထည့်သွင်းစဉ်းစားဖို့ လိုတဲ့သဘော၊ မတူကွဲပြားမှု တွေဟာ ပြဿနာမဟုတ်ဘဲ အင်အားသာဖြစ်တဲ့အကြောင်း၊ အမျိုးသားရင်ကြားစေ့ရေးဟာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး အတွက် မရှိမဖြစ်လိုတဲ့အကြောင်း၊ နိုင်ငံသားဖြစ်ခွင့် တွေမှာ နိုင်ငံတိုင်း ကိုယ်ပိုင် သတ်မှတ်ချက်တွေ ပြဋ္ဌာန်း ထားရစမြဲ ဖြစ်ပေမယ့် တချို့ မူဝါဒ တွေကတော့ နိုင်ငံတကာ စံနှုန်း၊ ကမ္ဘာလုံးဆိုင်ရာ မှန်ကန်နိုင်မှုသဘော လူမျိုး၊ဘာသာ၊နောက်ခံ၊ ရုပ်သွင်ပြင်လက္ခဏာ မကြည့်ဘဲ လူသားအနေနဲ့သာ တပြေးညီ ကျင့်သုံးရမှာ ဖြစ်တဲ့ အကြောင်းစတဲ့ ပဋိပက္ခ ကို သိက္ခာရှိရှိ၊ တရားမျှတ၊ ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းဖို့ ထည့်သွင်းပြောသွားခဲ့ပါတယ်။

ဒါကို ဒေသခံတိုင်းရင်းသားပါတီ ခေါင်းဆောင်၊ အမျိုးသားလွတ်တော်ကိုယ်စားလှယ် က “အိုဘားမားက မွတ်ဆလင်ပဲ..၊ နောက်မှ ခရစ်ယာန်ပြောင်းတယ်လို့ သိတာကိုး..” ဆိုပြီး အိုဘာမား က မွတ်ဆလင် ဖြစ်ခဲ့လို့ ဒီလို တဘက် (မွတ်ဆလင်တွေဖြစ်တဲ့ ရိုဟင်ဂျာဘက်) ကိုလည်း ထည့်သွင်းစဉ်းစား ဖြေရှင်းဖို့ ပြောသွားတာသာဖြစ်တဲ့ သဘော တုန့်ပြန်သွားတာ ဖတ်လိုက်ရပါတယ်။

ဒီလို တုန့်ပြန်ပုံ ကို ပထမ ဆုံး အချက်အလက် အမှား အနေနဲ့ ပြန်လည် ထောက်ပြရရင် အိုဘားမား ဟာ တသက်လုံး မွေးကတည်းက ဘယ်တုန်းကမှ မွတ်ဆလင် မဖြစ်ခဲ့ဖူးပါ။ မွတ်ဆလင် ဘာသာဝင် ဖခင် က မွေးဖွားခဲ့ပေမယ့် သူဟာ မွေးကတည်းက ခရစ်ယာန် ဘာသာဝင် မိခင် နဲ့ မိခင် ဘက်က ဘိုးဘွားတွေနဲ့သာ နေထိုင်ကြီးပြင်းခဲ့ရင်း အစကတည်းက ခရစ်ယာန် ဘာသာဝင် တယောက်ပဲ ဖြစ်ခဲ့တာပါ။ အိုဘားမား ကို ၄ရက် သြဂုတ် ၁၉၆၁ ဟိုနိုလူလူ (ဟာဝိုင်ရီ) မှာ မွေးခဲ့တယ်။ သူမွေးကင်စ ရက်ပိုင်း သြဂုတ် လကုန်ပိုင်းမှာပဲ အဖေ နဲ့ အမေ အိမ်ထောင်ကွဲလို့ မိခင် နဲ့ အတူ ဆီရယ်တဲလ် (ဝါရှင်တန်) ကို ပြောင်းနေခဲ့ပြီး အဖေနဲ့ ကွဲသွားခဲ့ရတယ်။ ဖခင် နဲ့ ဟာဝိုင်ရီ မှာ (၁၉၇၁) တခါ သာ ပြန်ဆုံဖူးခဲ့တယ်။ ဒါက အထက်ပါ တိုင်းရင်းသား ခေါင်းဆောင်၊ အမျိုးသားလွတ်တော်အမတ် ပြောတဲ့ အချက်အလက် အမှားတခု ပါ။

နောက်တခု က ထောက်ပြချင်တာက သူရဲ့ ပုံသေကားချပ်ဆွဲ၊ အစွဲ ကောက်ချက်ချ တုန့်ပြန်မှု ပုံစံ နဲ့ သဘောကို ပါ။ အုပ်စုဖွဲ့ အမျိုးအစားအလိုက် တသမတ်တည်း ပုံသေချ စဉ်းစားတဲ့ ပုံစံ (stereotyping) ဟာ လက်တွေ့ (reality) နဲ့ ကွာခြားနေလေ့ရှိတာ အဖြစ်အပျက်တွေ အများကြီး ရှိပါတယ်။ ဒုတိယကမ္ဘာစစ် မတိုင်မီ နဲ့ အတွင်း က နာဇီပါတီဝင်တိုင်း ဂျူးကို မမုန်းခဲ့သလို၊ ဂျူးလူမျိုးတိုင်းလည်း အတိုးအမြတ်အကြီးစား စီးပွားသောင်းကျန်းနေသူတွေ မဟုတ်ပါ။ ပါလက်စတိုင်း ဘက် ကို စာနာထောက်ထားတဲ့ ဂျူး လူမျိုးတွေ အများကြီး ရှိသလို မိမိ ယုံကြည်လေးစားနာယူရတဲ့ ဟီဘရူ ကျမ်း၊ ခရစ်ယာန် ဓမ္မသစ် ကျမ်း နဲ့ အစ္စလာမ် ကုရ်အာန်ကျမ်းများ ပါ တမန်တော် တမန်တော် အေဗြဟံ (Abraham / အီဗရာဟင်) ရဲ့ မြေးတော်၊ တမန်တော် ဧဇက် (Isaac/အီဆာ) ရဲ့ သားတော် ဖြစ်တဲ့ တမန်တော် ယအ်ကူဗ် (Jacob / ယာကွတ်) ရဲ့ မျိုးဆက် က္ကုသရေလ (အစ္စရေး/ဂျူး) လူမျိုးတွေ အပေါ် ညီအကိုရင်းသဘော ချစ်ခင်တဲ့ မွတ်ဆလင်ဘာသာဝင် ပါလက်စတိုင်း နဲ့ အာရပ်လူမျိုးတွေလည်း အများကြီး ရှိပါတယ်။

ဆိုလိုချင်တာက “ဒီလူမျိုးဖြစ်လို့၊ ဒီလူအုပ်စုဖြစ်လို့ ဒီလိုသဘောဖြစ်ရမယ်၊ ဒီလိုပဲ ပြောမယ်” ၊ တနည်းအားဖြင့် “ဒီလိုပြောလို့ ဒီလူဟာ ဒီလူမျိုး (သို့) ဒီအုပ်စုဝင် ဖြစ်ရမယ်” ဆိုတဲ့ ပုံသေကားချပ်ချ စဉ်းစားကောက်ချက်ဆွဲ မှတ်ချက်ပြုလို့ မရတာကိုပါ။ အထက်ပါ တိုင်းရင်းသား ခေါင်းဆောင်၊ အမျိုးသားလွတ်တော်အမတ် အနေနဲ့ ဌာနေတိုင်းရင်းသားတွေနဲ့ လူမျိုးကွဲ/ဘာသာခြားတွေ အိုဘားမား ပြောသလို ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်၊ ရင်ကြားစေ့လို့ မရဘူးဆိုတာကို တခြား သူ့ရဲ့ အယူအဆ၊ အမြင်၊ အတွေးအခေါ် ရေချိန်အတိုင်း အကြောင်းပြချက် မျိုးစုံ နဲ့ ပြန်လည် ချေပခွင့်ရှိ၊ ချေပနိုင်ပါတယ်။ ဒါပေမယ့် အခုသူ ပြောခဲ့တဲ့ အတိုင်း “အိုဘားမား က မွတ်ဆလင်ဖြစ်ခဲ့လို့ (သို့) မွတ်ဆလင်နဲ့ နီးစပ်ဟန် ရှိလို့ ဒီလို ရင်ကြားစေ့ရေး စကားတွေ ပြောတာပေါ့” လိုတော့ ကောက်ချက်ချ၊ ချေပလို့တော့ မရပါ။ ဒီလိုသဘော ပြောကြားမှု ရဲ့ မှားယွင်းပုံ နဲ့ ပထမထောက်ပြတဲ့ အိုဘားမားက အရင်ကလည်း မွတ်ဆလင်မဖြစ်ခဲ့ဘူးဆိုတဲ့ အချက်အလက် အမှား ပြောဆိုမှု ကို လွှတ်တော် အမတ်မင်းအနေနဲ့ နောင် ဆက်စပ်တဲ့ အကြောင်းအရာတွေ စဉ်းစား၊ ပြောဆို၊ လုပ်ကိုင်တဲ့နေရာမှာ သတိချပ်စေချင်ပါတယ်.။

ဗမာ့လူ့အဖွဲ့အစည်းတခုလုံးအနေနဲ့တော့ လက်ရှိ တိုင်းပြည်မှာ လူမျိုး/ဘာသာကွဲသူချင်းကြား ဖြစ်ပေါ်နေတဲ့ အမြင်မကြည်လင်မှုတွေ၊ အမုန်းတွေ လျော့ပါးစေဖို့ နဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရင်း တိုင်းပြည် ငြိမ်းချမ်းတိုးတက်စေဖို့ ဖော်ဆောင်ရာမှာ လက်တွေ့ ဘယ်လိုမှ သုံးစားလို့မရ၊ ဆိုးကျိုးကိုသာ ပိုဖြစ်စေတဲ့ တသမတ်တည်း ပုံသေချ စဉ်းစားတဲ့ စဉ်းစားမှုပုံစံတွေ၊ ကြိုတင် အစွဲနဲ့ ကောက်ချက်ချမှုတွေ လုံးဝ ပပျောက်ပြီး အမြင်ကျယ်၊ သဘောထားကြီး၊ စဉ်းစားတွေးခေါ်မှု မှန်ဖို့ မရှိမဖြစ် လိုတဲ့အကြောင်း စဉ်းစားဆင်ခြင်နိုင်ဖို့ တင်ပြလိုက်ပါတယ်။

အထက်မှာ ဆွေးနွေးတင်ပြခဲ့တာတွေက အိုဘားမား ရဲ့ ဗမာပြည်ခရီးစဉ်၊ မိန့်ခွန်း နဲ့ ဆက်စပ်တဲ့ အကြောင်းအရာတွေ ထဲက စာရေးသူ လတ်တလော တွေးမိတဲ့ ဗမာ့လူ့အဖွဲ့အစည်းအတွက် အတုယူစရာ၊ သတိပြု စရာ၊ ဆင်ခြင်၊ စဉ်းစား၊ တွေးခေါ် စရာ အကြောင်းအချက်တွေ နဲ့ စာရေးသူရဲ့ အမြင်တွေ ဖြစ်ပါတယ်။ မိုးမခ စာဖတ်သူ တွေရဲ့ အတွေး၊ အမြင်တွေကိုလည်း ပြန်လည် ကြားချင်ပါတယ်။

ကျင့်ဝတ်၊ သိက္ခာ၊ ပညာ ပြည့်ဝတဲ့ ဗမာ့လူဘောင်သစ် ကို မျှော်မှန်းလျက် ...။

No comments:

Post a Comment

mr.kyaingtun@gmail.com