တန်ဆောင်တိုင်
အခါသမယ သူများတွေ ဆူကြပူကြအချိန်အခါမှာ ကျွန်တော်ပါ (၃)ယောက်
လက်ဖက်ရည်ဆိုင်ထိုင်ပြီး နိုင်ငံရေး ဆိုလား ဘာဆိုလား . . . . ဆိုလား
ကိစ္စတွေ ပြောနေမိကြတယ် . . . . ကိုကြီး ၊ ကိုလတ် ၊ မောင်ငယ် လို့ပဲ
ဆိုကြပါစို့ . . . .
ကိုကြီး - မြန်မာနိုင်ငံက တိုးတက်ဖို့ မလွယ်ပါဘူး။ တော်လှန်လို့လည်း မအောင်မြင်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အရင်တုန်းက (စစ်တပ်အကြီးအကဲ)တွေကို ထိုင်ခုံက ဖယ်မပေးချင်တာတို့ စကားလုံးကြီးတွေနဲ့ နှပ်ခဲ့တဲ့သူတွေက အခု သူတို့တွေကိုလည်း နေရာလေးတွေ ပေးထားတော့ မပြောကြတော့ဘူးလေ။
ကိုလတ် - ဒါပေါ့ ကျွန်တော်တို့ လမ်းထဲက ဥတ္တမပြောတာ မကြားမိဘူးလား။ အောက်ခြေမှာတုန်းက သွေးရဲရဲနီတယ် ။ နဲနဲလေး နေရာရသွားရင် သွေးက ပန်းရောင်သန်းသွားရော ။ ဘာမှမလုပ်တော့ဘူးတဲ့။
ကိုကြီး - အဲဒါပဲလေ။ ၈၈ တုန်းက လူထုအောင်ပွဲခံဖို့ အချိန်ရောက်တော့မယ်။ အဲဒီအချိန်မှာ ဗိုလ်ခင်ညွှန့်က အလုပ်မဆင်းဘဲ ဆန္ဒပြတဲ့သူတွေကို နောက်နေ့အလုပ်မဆင်းရင် အကုန်ဖြုတ်မယ်လဲ ဆိုရော အားလုံး အလုပ်ပြန်ဆင်းကြတယ်။ သူတို့ကို အသိအမှတ်ပြုလိုက်သလိုဖြစ်သွားတော့ ရှုံးပြန်တာပေါ့။
ကိုလတ် - ကျွန်တော်ကျန်တဲ့သူကို မပြောလိုဘူး အဲဒီလူကိုတော့ နုတ်နုတ်ဆင်းချင်လောက်ကို မုန်းတာ။ တခြားတိရစ္ဆာန်တစ်ကောင်ကို သတ်ပါဆိုရင် သတ်ရဲချင်မှ သတ်ရဲမယ်။ သူ့ဆိုရင်တော့ တကယ်လုပ်မိမှာ။
မောင်ငယ် - ကိုကြီးတို့ ဗိုလ်ချုပ်ဝေလွင်က ရှင်းသွားတယ်။ ဦးပိုင်ကုမ္ပဏီက ရတဲ့အကျိုးအမြတ်ကို တပ်မတော် သားတွေကို မျှဝေပေးတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား။
ကိုလတ် - ဟာကွာ ။ ဦးပိုင်က အမြတ်ရတာ နည်းမှတ်လို့။ ဖက်ဆက်လုပ်တဲ့ကိစ္စတွေမှာ ဘာမှ စိုက်ရတာ မဟုတ်ဘူး။ မြေပဲစိုက်ရတာ။ ရှုံးစရာလည်း ဘာမှ မရှိဘူး။ မြေက အများပိုင်လေကွာ။ အဲဒါနဲ့ရင်းပြီးလုပ်တာ။ အမြတ်ခွဲပေးလား မပေးလား စဉ်းစားကြည့်ပေါ့။ ၀ယ်ချင်ချင် မ၀ယ်ချင်ချင် အတင်းစာအုပ်တွေ လိုက်ရောင်းနေတဲ့ တပ်မတော်သားတွေက သူတောင်းစားတွေကြနေတာပဲ။ သူတို့ဗိုလ်ကြီးအဆင့်ရှိသူတွေ လောက်ပဲရမှာပေါ့။ တပ်မတော်သားတွေ အဲသလိုသာ အထောက်အပံ့တွေရရင် သူတောင်းစားတောင်း ဘယ်လိုက်တောင်းပါ့မလဲ။
မောင်ငယ် - အေးဗျာ . . . ကျွန်တော်လဲ အဲဒါကို ပြောချင်တာ။ ကျွန်တော် ကရင်ပြည်နယ်က ပြန်လာတော့ ကားခေါင်မိုးပေါ်က ထိုင်စီးပြီး တောင်ငူကို လိုက်လာတဲ့အချိန်မှာ စစ်သားတစ်ယောက် ခေါင်မိုးပေါ်မှာ ပါလာတယ်။ လမ်းတစ်ဝက်လောက်ရောက်တော့ သူဆေးခန်းသွားမှာ ပိုက်ဆံမပါလို့ပါဆိုပြီး ပါလာတဲ့ ဓာတ်မီလေးက ၁၅၀၀ နဲ့ဝယ်ထားတာ ၁၀၀၀ ပဲပေးပါဆိုပြီး ရောင်းတယ်။ သူ့ဘ၀အကြောင်းကိုလည်း ပြောပြတယ်။ ငယ်ငယ်ကတည်းက စစ်ထဲဝင်ပြီး တစ်ခါထွက်ပြေးတယ်။ ထောင်ကျပြီး အပြင်မှာ အလုပ်လုပ်နေရင်းက ကားတိုက်မှုဖြစ်ပြီး စစ်ထဲတစ်ခါပြန်ဝင်သွားတယ်။ သူကလည်း ကျွန်တော်တို့ အရိပ်အကဲကိုကြည့်ပြီးမှ သူလိုအပ်တာကိုပြောတာဆိုတော့ ကျွန်တော်တို့ ၂ ယောက်ပေါင်းပြီး တစ်ထောင်ပဲ ပေးခဲ့နိုင်တယ်။
ကိုလတ် - အေး အဲဒါကြောင့်ပြောတာပေါ့ကွာ ။ ဦးပိုင်က တပ်မတော်အကျိုးစီးပွားအတွက် ထောင်ထားတဲ့ ကုမ္ပဏီတော့ မှန်တယ်။ တပ်မတော်သား အားလုံးအတွက် မဟုတ်တာတော့ သေချာတယ်။
ကိုကြီး - အဲသလိုဆို အဲဒီက ပိုက်ဆံတွေက ဘယ်ရောက်ကုန်တာလဲ။ ဦးပိုင်နဲ့ ပတ်သက်ပြီး နာမည်ထွက်လာ တဲ့သူ တစ်ယောက်မှ မရှိဘူး။ တချို့ကောင်တွေ နာမည်အကြီးအကျယ်ထွက်လာတယ်ကွာ။ ဦးပိုင်ကနေ ကြတော့ နာမည်ထွက်မလာပါလား။
ကိုလတ် - အဲဒါကြောင့်ပြောတာ။ နိုင်ငံတော်က ချမ်သာတယ်။ ပြည်သူတွေပဲ ဆင်းရဲတာ။ ဦးပိုင်က တက္ကစီ တွေ တစ်ခါသွင်းလိုက်သေးတယ်။ သူတို့ဝယ်ရတဲ့ဈေးက ဒီအရောက်မှ သိန်း ၅၀ ပဲ ရှိတယ်။ ပြန်ရောင်းတော့ သိန်း ၆၀၀ ၊ ၇၀၀ အဲဒီတော့ ၀ယ်ရတဲ့ Owner ကလည်း တစ်လကို ၂၅၀၀၀၀ ( နှစ်သိန်းခွဲ၊ သုံးသိန်း) တောင်းတယ်။ မောင်းရတဲ့ တက္ကစီသမားကလည်း များများတောင်းတယ်။ သူတို့တွေ အမြတ်ကြီးစားလိုက်တဲ့ ကိစ္စကို ပြည်သူတွေကပဲ နောက်က လိုက်ဆပ်ရတာပဲလေ။ အရင်တုန်းက ပြောတာပါ။ အခုမရတော့လို့ မလုပ်တော့တာ။
ကိုကြီး - ဟေ့ကောင် နိုင်ငံတော်က ချမ်းသာတယ်လို့ တော့ ပြောလို့မရဘူး။
မောင်ငယ် - နိုင်ငံတော်ကို လက်ဝါးကြီးအုပ်တဲ့ကောင်တွေ ချမ်းသာတယ်။ ပြည်သူတွေ ဆင်းရဲတယ် လို့ပဲ ပြောလို့ရမယ် ကိုလတ်။ အခု ၀မ်ပေါင်ကို လုပ်ပိုင်ခွင့်ပေးထားတဲ့ ကြေးနီစီမံကိန်းလည်း ဦးပိုင်ကတော့ ဟောဒီ လက်ပန်တောင်းတောင်ကို လက်ညှိုးထိုးပြလိုက်ရုံပဲ။ ဟိုကောင်တွေက လုပ်မယ်။ အမြတ်ကို ဦးပိုင်ကလည်း ရတယ်။
ကိုကြီး - အေး . . . ဟုတ်တယ် ။ အဲသလိုပြောမှ
( ဦးပိုင်ကုမ္ပဏီက ရတဲ့ အမြတ်ငွေတွေက ဘယ်ရောက်ကုန်လို့ တပ်မတော်သားတွေ သူတောင်းစားတောင်း လိုက်တောင်းနေရတာလဲ။ အလင်းဝင်တဲ့ကောင်ကို နေရာကောင်းကောင်းပေးတယ်။ ထောက်ပံ့တယ်။ ကုမ္ပဏီကြီးထောင်ဖို့ နှစ်ပဲတပြားလခထဲက ထည့်ဝင်ရပါတယ်ဆိုတဲ့ ဦးပိုင်ရဲ့ အစုရှယ်ယာဝင် တပ်မတော်သားတွေ (ဗိုလ်မှူး အဆင့်မှ စ၍ လိမ်စား ညာစားမှာပါဝင်) ဘာကြောင့် ဆင်းရဲတွင်းနက်နေရ တာလဲ။ ရှင်းကြပါဦး။ ခြေပြတ် လက်ပြတ်တွေ က မသထာရေစာ တောင်းစားပြီး ပညာရှိ ယောင်ယောင် အမောင်း အာဏာရူးများကတော့ ချမ်းသာပြီးရင်း ချမ်းသာ။ ဘယ်လို စီးပွားရေးတွေလုပ်လည်း ကျွန်တော်တို့လည်း မသိရ။ )
ကြုံကြိုက်ရင် ကြုံကြိုက်သလို ဆက်လက်ရေးသားပါဦးမည်။

No comments:
Post a Comment
mr.kyaingtun@gmail.com