Friday, November 9, 2012

ငြိမ်းချမ်းရေးပြဿနာရဲ့ သမိုင်းကြောင်း တစေ့တစောင်း by ဂါ မဏိ on Friday, November 9, 2012 at 10:21am ·



                         တဖက်အဖွဲ့အစည်းများ လိုက်နာရန် . . .
(၂ဝဝ၄ ခု မေလထုတ် မိုးကြိုးစာစောင် အမှတ် ၅၁ မှာဖော်ပြခဲ့တဲ့ ဆောင်းပါးဖြစ်ပါတယ်။)

           ၁၉၈၉ ခုဧပြီ ၁၇ ရက်မှာ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ လက်နက်ကိုင်အင်အားစုဖြစ်တဲ့ ‘ပြည်သူ့တပ်မတော်’ ထဲက ပင်မမဏ္ဍိုင် ဝလူမျိုးစုတပ်သားတွေဟာ ပုန်ကန်ထကြွပြီး တရုတ်-ဗမာနယ်စပ်မှာရှိတဲ့ ဗကပ ဗဟိုဌာနချုပ် ပန်ဆန်းမှာ အာဏာသိမ်းပွဲတခုကို အောင်အောင်မြင်မြင်နဲ့ အလွယ်တကူ ဆင်နွှဲနိုင်ခဲ့ပါတယ်။ လအနည်းငယ်အတွင်း တိုက်ရည်ခိုက်ရည်ပြည့်ဝလှတဲ့ ဗကပတပ် အားလုံးနီးပါး ဗကပထဲက ခွဲထွက်ကုန်ကြပါတယ်။
           ဗမာအစိုးရကို ပုန်ကန်တိုက်ခိုက်နေတဲ့ အမျိုးမျိုးအဖုံဖုံသော လက်နက်ကိုင်သူပုန်များထဲမှာ ကွန်မြူနစ်တွေဟာ စစ်အင်အားအရဘဲကြည့်ကြည့်၊ နိုင်ငံရေးအရှိန်အဝါ ဂုဏ်သိက္ခာအရဘဲပြောပြော အင်အားအကြီးဆုံး သြဇာအရှိဆုံး ဖြစ်လို့ ဗမာပြည် ပြည်တွင်းစစ်ရဲ့ ရုပ်ပုံလွှာဟာ ဘယ်လိုမှ မလွှဲမရှောင်သာဘဲ ထူးခြားကြီးမားစွာ ပြောင်းလဲသွားပါ တော့တယ်။ ဒီလိုနဲ့ ၁၉၈၉ ခု သင်္ကြန်ချိန်ခါ မြန်မာ့နှစ်ဆန်းက ဗမာပြည်ရဲ့ ရာစုနှစ်တဝက်ကြာပြည်တွင်းစစ် တစတစနဲ့ နိဂုံးချုပ်တဲ့ ခေတ်တခေတ်ကို မွေးဖွားပေးလိုက်ပြီး နှစ်ဟောင်းကနေ နှစ်သစ်အကူးမှာ ဘဝခရီးသစ်ကို စခဲ့ပါတယ်။ ဒါပေမဲ့ ပြည်တွင်းစစ်ပြီးဆုံးခြင်း ဆိုတဲ့ ရှည်လျားလှတဲ့ ဒီဖြစ်စဉ်ဟာ ဗကပထဲက ဝ တွေ ခွဲထွက်ပုန်ကန်မှု တခုထဲကြောင့် ပေါ်ပေါက်လာရတာတော့ မဟုတ်ပါ။
           ဝ အာဏာသိမ်းမှုမဖြစ်မီ ရှစ်လအလိုမှာ၊ ကျောင်းသားတွေက ရှေးဦးပထမ ဆင်နွှဲခေါင်းဆောင်ခဲ့ပြီး နောက်ပိုင်း လှည်းနေလှေအောင်း မြင်းစောင်းမကျန် တတိုင်းတပြည်လုံး ပါဝင်ဆင်နွှဲကြတဲ့ ဒီမိုကရေစီ တောင်းဆိုဆန္ဒပြအုံကြွမှုတွေ အကြီးအကျယ်ပေါက်ကွဲ ပေါ်ထွက်ခဲ့တဲ့အခါ လပိုင်းအတွင်း သမတ သုံးယောက် ပြုတ်ကျသွားခဲ့ပါတယ်။ အဲဒီ ၈ လေးလုံး အုံကြွမှုကြီး ဖြစ်ပြီးနောက်မှာတော့ ဗမာပြည်ဟာ အရင်နဲ့ ဘယ်လိုမှမတူတော့ပါ။ ပြည်သူလူထုတရပ်လုံးဟာ ဒီမိုကရေစီ တည်ထောင်ရေး၊ အများဆန္ဒနဲ့ ရွေးကောက်တဲ့အစိုးရ ပေါ်ထွန်းရေး လမ်းကြောင်းပေါ် နောက်ပြန်မလှည့်စတမ်း ခိုင်ခိုင်မာမာ တက်လှမ်းသွားကြပြီ ဖြစ်ပါတယ်။ ဒါကို ၁၉၉ဝ ရွေးကောက်ပွဲက ဥပဒေကြောင်းအရ တရားဝင်အောင်နဲ့ ဘယ်လိုမှငြင်းမရအောင် အတည်ပြုပေးလိုက်ပါတယ်။



           ၈ လေးလုံးအုံကြွမှုနဲ့ ၁၉၈၉ ခု ဗကပတွင်းပုန်ကန်ခွဲထွက်မှု ဆိုတဲ့ အရေးအခင်းနှစ်ခုဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအတွင်းက လက်နက်ကိုင်တိုင်းရင်းသားလူမျိုးစုအဖွဲ့များရဲ့ အခန်းကဏ္ဍကို လက်တွေ့အားဖြင့် အရေးမပါ ဘေးရောက်သွားစေခဲ့ပါတယ်။ ဒါကြောင့် စစ်အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ နှစ်ဘက်စလုံးအနေနဲ့ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်တွေ ပြုလုပ်နိုင်ဖို့ အခြေအနေပေးလာ၊ ဒါမှမဟုတ် တွန်းပို့လာခဲ့ပါတယ်။ ဒါကို ထိုင်း-မြန်မာနယ်စပ်တလျှောက်က အတိုက်အခံတွေနဲ့ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းတွေကြား ခေတ်ထလာ နေတဲ့ သဘောတရားသစ်တခုကပါ ဝင်ပြီးထောက်ကူအားပေးခဲ့ပါတယ်။ ‘အကြမ်းမဖက်ရေး’ ဆိုတာဟာ လက်နက်ကိုင်သည်ဖြစ်စေ၊ မကိုင်သည်ဖြစ်စေ အတိုက်အခံတွေကြား ဖက်ရှင်ဝေါဟာရ ဖြစ်လာပါတော့တယ်။
           ၁၉၈၈ ကစပြီး တဟုန်ထိုးကြီးမားလာခဲ့တဲ့ ဗမာပြည် ပြည်သူလူထုရဲ့ စစ်အာဏာရှင်စံနစ် ထာဝရနိဂုံးချုပ်ရေး စိတ်ဆန္ဒအင်အားကို အာဏာရနအဖစစ်တပ်ဟာ ရင်ဆိုင်တွန်းလှန်ရတော့တယ်။ ဒီလုပ်ငန်းတာဝန်ကြီးဟာ အာဏာကို ဇွတ်အတင်းဆုပ်ကိုင်ထားတဲ့ ဗိုလ်ချုပ်ကြီးများအတွက် တခြားခြိမ်းခြောက်မှုတွေထက် ပိုအန္တရာယ်ကြီး ပိုအလေးထားရတဲ့ လုပ်ငန်းကြီးဖြစ်လာပါတယ်။ စစ်အာဏာရှင်တွေအတွက် အရင်တုံးက ဒါနဲ့ယှဉ်လို့ရလောက်ခဲ့တဲ့ တခုတည်းသော ကြီးကြီးမားမားခြိမ်းခြောက်မှုကတော့ ၆ဝ ခုနှစ်များနှောင်းပိုင်းနဲ့ ၇ဝ ခုနှစ်များအတွင်း ဗမာပြည်အရှေ့မြောက်ပိုင်းကို လက်နက်အင်အားတောင့်တင်းလှတဲ့ ကွန်မြူနစ်သူပုန်တွေ အကြီးအကျယ် ထိုးဝင်သိမ်းပိုက်လိုက်တုံးကဖြစ်ပါတယ်။ အဲဒီ တုံးက ဗမာစစ်အုပ်စုဟာ ဗမာပြည်အလယ်ပိုင်းလွင်ပြင်တွေကိုသာ ကွန်မြူနစ်တွေ ဝင်စီးနင်းခဲ့သည်ရှိသော် လို့ တွက်ချက် စဉ်းစားပြီး ဧရာဝတီမြစ်အနောက်ဖက်ကမ်းမှာ နောက်ဆုံးခံစစ်စည်း ပြင်ဆင်တည်ဆောက်ခဲ့တယ်။ စစ်တပ်ရဲ့ အသက် သွေးကြော ကပစ (ကာကွယ်ရေးပစ္စည်းစက်ရုံ) အများစုကို ဧရာဝတီ အနောက်ကမ်းသို့ ရွှေ့ပြောင်းရတဲ့အထိဖြစ်ခဲ့တယ်။ ဧရာဝတီမြစ် အနောက်ဘက်ကမ်းဖွံ့ဖြိုးရေး ဆိုပြီး ကုလသမဂ္ဂဆီကတောင် ငွေထုတ်စားခဲ့သေးတယ်။ ဒါပေမဲ့ နေဝင်း အတွက် ကံကောင်းထောက်မစွာဘဲ ကွန်မြူနစ်ထိုးစစ်ဟာ သူ့အတွင်းပိုင်းပြဿနာတွေကြောင့် အရှိန်တန့်လျှောချသွားလို့ စစ်အစိုးရ သက်ဆိုးရှည်သွားခဲ့ပါတယ်။
           ဒါပေမဲ့ အခုချိန်မှာတော့ စစ်အစိုးရရဲ့ရပ်တည်ရေးကို အဓိကခြိမ်းခြောက်မှုဟာ တောတွေတောင်တွေထဲက မလာတော့ဘဲ မြို့ပြလမ်းမတွေပေါ်က ထွက်လာပါတယ်။ ပထမပိုင်းမှာ ကျောင်းသားများဟာ စစ်အစိုးရရဲ့ အရေးကြီး ဆုံးရန်သူအဖြစ် ကွန်မြူနစ်တွေနေရာကိုယူလိုက်တယ်။ နောက်ပိုင်းမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ကျောင်း သားတွေနေရာကို အစားထိုး၊ ဒါမှမဟုတ် ကျောင်းသားတွေနဲ့ ပူးတွဲပေါင်းစည်းပြီး စစ်တပ်ရဲ့ တရားဝင် ‘ဦးတည်ရန်သူ’ ဖြစ်လာတယ်။ ၁၉၈၉ ဗကပ ပြိုကွဲမှုဟာ တောထဲကခြိမ်းခြောက်မှုကို ဖယ်ရှားပေးလိုက်ပြီး၊ စစ်အစိုးရအနေနဲ့ အင်အား ကြီးသထက်ကြီးလာနေတဲ့ အတိုက်အခံဒီမိုကရေစီအဖွဲ့ကြီးကိုသာ တည့်တည့်ရင်ဆိုင်ကိုင်တွယ်နိုင်ဖို့ လွတ်လပ်သွားစေခဲ့ ပါတော့တယ်။
           တဖက်မှာလည်း စစ်ပန်းနေတဲ့ ယခင်ကွန်မြူနစ်တပ်တွေဟာ ဗကပ ဘဝကတည်းက လိုက်စားစွဲလမ်းခဲ့တဲ့ မူးယစ်ဆေးဝါးလုပ်ငန်းကို နိုင်ငံရေးတွေ၊ တော်လှန်ရေးတွေ ကင်းကင်းရှင်းရှင်းနဲ့ လွတ်လွတ်လပ်လပ် အားရပါးရလုပ်ချင် နေကြတဲ့အတွက် နှစ်ဖက်စလုံးဟာ မိမိတို့ကိုယ်ကျိုးစီးပွားတွေပေါ် အခြေခံတဲ့ အဆီတဝင်းဝင်း သဘောတူညီချက် တခုလုပ်ဖို့ အခြေအနေ ရင့်မှည့်နေခဲ့ကြပါတယ်။ ဒီလိုနဲ့ တနှစ်မပြည့်ခင် ယခင် ‘ပြည်သူ့တပ်မတော်’ရဲ့ အခြေခံအင် အားစုလေးခုစလုံး တဖွဲ့ပြီးတဖွဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေ ယူသွားခဲ့ကြတယ်။ သူတို့အပြင် အရေးပါ တဲ့၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တခုဖြစ်တဲ့ (မူလလက်ဟောင်း) အက်စ်အက်စ်အေ ပါ ပါသွားလိုက်သေးတယ်။ စစ်အေးတိုက်ပွဲအားပျော့လာချိန်မှာ တရုတ်ပြည်က အမျိုးသားဈေးကွက်စီးပွားရေးကိုသာ ဇောင်းပေးလာတဲ့အတွက် နယ်စပ်ကအဖွဲ့အစည်းတွေပေါ် ထောက်ပို့လမ်းကြောင်းတွေ လုံးဝဖြတ်တောက်ပစ်လိုက်ခြင်းကလည်း အပစ်အခတ် ရပ်စဲရေးဖြစ်စဉ်ကို ချောဆီထည့်ပေးလိုက်တယ်။
ဒီ ပထမဆုံးအပစ်အခတ်ရပ်စဲရေးတွေကို လူသိရှင်ကြားမလုပ်ဘဲ တိုးတိုးတိတ်တိတ်သာ လုပ်ခဲ့ပါတယ်။ အစိုးရ တရားဝင်မီဒီယာမှာ သဘောတူညီချက်အကြောင်း ဘာသတင်းမှ မထည့်ခဲ့ပါ။ နောက်ပိုင်း အပစ်အခတ်ရပ်စဲရေးတွေမှာလို ‘တရားဥပဒေဘောင်အတွင်းသို့ ဝင်ရောက်ခြင်း’ အခမ်းအနား အများသိ ကျင်းပတာလည်း မရှိခဲ့ပါ။ စစ်အစိုးရဟာ သူလှမ်းလိုက်တဲ့ခြေလှမ်းနဲ့ ပတ်သက်ပြီး စိတ်မချသေးတဲ့ပုံပါဘဲ။ ရန်သူဟောင်းတွေကို လုံးလုံးလျားလျားမယုံနိုင်သေးဘဲ ဘယ်အချိန် သေနတ်သံပြန်ပေါက်မလဲဆိုတာ စိတ်တထင့်ထင့် ဖြစ်နေသေးပုံလည်းရှိတယ်။ (တပ်မ ၇၇၊ ၈၈၊ ၉၉ တို့ကို နောက်ထပ် နှစ်နှစ်လောက် အဲဒီဘက်ဆက်ထားခဲ့သေးတယ်။) ဒါ့အပြင် အပစ်အခတ်ရပ်စဲရေးကြောင့် ဗိုလ်ချုပ်ကြီးများ အတွက် ဘယ်လောက်အထိ အကျိုးကျေးဇူးတွေ ရှိလာနိုင်တယ်ဆိုတာကိုလည်း ကောင်းကောင်းမမြင်ရသေးလို့ ဖြစ်နိုင်ပါ တယ်။ တချို့စစ်အုပ်စုဝင်တွေက ဒီလိုလုပ်တာကို သဘောမကျဘဲ အတိအလင်း စစ်တိုက်နှိမ်နင်းရေးကိုသာ ပိုအားသန် နေတဲ့အတွက်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီအတောအတွင်းမှာတော့ အခုလိုအခြေအနေအရပ်ရပ်ကို ဘာမှ မရိပ်မိရှာတဲ့ စေတနာရှင်တွေဟာ ထိုင်း-မြန်မာနယ်စပ်အခြေစိုက် အတိုက်အခံတွေ၊ အဝေးရောက်တွေကြား ‘အကြမ်းမဲ့ နိုင်ငံရေးအံတုမှု’ အတွေးအခေါ်ကို ဆက်လက်ဖြန့်ဖြူးနေခဲ့ကြတယ်။ ဒီနယ်စပ်အခြေစိုက် အင်အားစုထဲမှာ ဗမာပြည်ရဲ့ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေကလည်း အများစုဖြစ်ပါတယ်။


           ၁၉၉၁ ခု နှစ်ဦးပိုင်းမှာ ကေအိုင်အေ (ကချင်) တပ်မဟာ ၄ နဲ့ ပီအင်အို (ပအို့အဖြူ) အဖွဲ့တို့ အပစ်အခတ် ရပ်စဲရေးတွေ လုပ်ကြတဲ့အခါကျမှသာ စစ်အစိုးရဟာ အပစ်အခတ်ရပ်စဲရေးတွေရဲ့ ‘ကောင်းကျိုး’ တွေကို ကောင်းကောင်း သဘောပေါက်သိမြင်လာပြီး အစိုးရဝါဒဖြန့်ချီရေးထဲ စထည့်သွင်း ကြော်ငြာလာပါတော့တယ်။ ဒီနှစ်ဖွဲ့ဟာ ရှေ့ပိုင်းက အပစ်အခတ်ရပ်စဲရေးအဖွဲ့တွေနဲ့မတူဘဲ ‘တောင်ပိုင်း’ (ဝါ) ထိုင်း-မြန်မာနယ်စပ်အခြေစိုက် အဆက်အသွယ်တွေ ရှိတာဟာ ဗိုလ်ချုပ်ကြီးများကို ပိုစိတ်အားတက်စေပြီး ကျန်တဲ့ ‘တောင်ပိုင်း’ တိုင်းရင်းသားအဖွဲ့တွေကိုပါ အပစ်အခတ် ရပ်စဲရေးကုန်စည် အစွံထုတ်ရောင်းချဖို့ အားပေးခဲ့တယ်။ ဒီသဘောတူညီချက်နှစ်ခုကစလို့ “လက်နက်ကိုင်လမ်းစဉ် စွန့်လွတ်၍ ဥပဒေဘောင်အတွင်း ဝင်ရောက်ခြင်း” အခမ်းအနားတွေ ကျယ်ကျယ်လောင်လောင်နဲ့ ပွဲခင်းတာ မလုပ်မနေရ စလုပ်လာပြီး မီဒီယာဝါဒဖြန့်စစ်ဆင်ရေး တောက်လျှောက်လုပ်ပါတော့တယ်။ တချိန်ကကွန်မြူနစ်ခြေကုတ်ဒေသတွေမှာ ‘ငြိမ်းချမ်းရေးရောင်ခြည် စတွေ့ရ’တဲ့နေ့လို့ အခုအခါ လေလုံးထွားနေတဲ့ ရက်စွဲတွေဟာ အဲဒီရက်ပိုင်းတွေတုံးက မီဒီယာထဲမှာရော၊ ဂဒီးဂဒီးလုပ်နေတဲ့ သတင်းစာရှင်းလင်းပွဲတွေမှာပါ ဘာတခွန်းမှထည့်မပြောခဲ့တဲ့၊ ဘာမှထူးထူးခြားခြား မလုပ်ခဲ့တဲ့ ရက်စွဲတွေဖြစ်ပါတယ်။
           အခုနောက်ပိုင်း ဝါဒဖြန့်လှုပ်ရှားမှုတွေမှာတော့ နဂိုကသုံးနေတဲ့ “လက်နက်ကိုင်လမ်းစဉ် စွန့်လွှတ်၍ ဥပဒေဘောင်အတွင်း ဝင်ရောက်ခြင်း” ဆိုတဲ့စကားအသုံးအနှုံးကို “လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်ခြင်း” ဆိုတဲ့ စကားရပ်အသစ်နဲ့ အစားထိုးလာပြီး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေနဲ့ ခြွင်းချက်မရှိလက်နက်ချမှုတွေကို လုံးထွေးပစ်လိုက်တယ်။ ဒီလိုနဲ့ ပီအင်အို (ပအို့ဖြူ)၊ ကေအင်ဂျီ (ကယန်းခွဲထွက်) ရခိုင်ဗကပ စတဲ့အဖွဲ့တွေအပြင်၊ သူ့ကိုယ်သူ ခွန်ဆာလို့ နာမယ်ပေးထားတဲ့ တရုတ်လူမျိုး ချန်ချီဖူး (ခေါ်) အိုက်ဆာ ခေါင်းဆောင်တဲ့ အမ်တီအေ ဘိန်းအဖွဲ့ကိုပါ နအဖ က တရားဝင်ထုတ်ပြန်တဲ့ ‘ငြိမ်းချမ်းရေးအဖွဲ့’ ၁၇ ဖွဲ့စာရင်းထဲ ခပ်တည်တည်ထည့်ထားလိုက်ပါ တယ်။ ဒီ ၁၇ ဖွဲ့ထဲမှာ တချို့အဖွဲ့တွေဟာ အနည်းဆုံးတော့ မူအားဖြင့် ကကကြည်းရဲ့ အမိန့်ပေးညွှန်ကြားမှုကို လုံးလုံးလျားလျားခံယူထားကြပြီး ဒုကာကွယ်ရေးဦးစီးချုပ် (ကြည်း) ရဲ့အမိန့်အတိုင်း လှုပ်ရှားရ၊ စစ်တိုက်ရပါတယ်။ အဲဒီ အဖွဲ့တွေကတော့ ကိုးကန့်အဖွဲ့၊ ကေအိုင်အေ တပ်မဟာ ၄ (မထုနော်) ဒီကေဘီအေ (ကရင်ခွဲထွက်)၊ ပီအင်အို (ပအို့ဖြူ) နဲ့ ကေအင်ဂျီ (ကယန်းခွဲထွက်) အစရှိတဲ့အဖွဲ့တွေဖြစ်ကြတယ်။
အပစ်အခတ်ရပ်စဲရေးရခါစ ကာလတွေတုံးက ကိုးကန့်အဖွဲ့ဟာ ကေအိုင်အေကိုတိုက်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ အခြားတိုင်းရင်းသားအဖွဲ့တွေနဲ့ လက်နက်ကိုင်တိုက်ခိုက်မှုတွေ ကို ရှောင်ခဲ့ပါတယ်။ ပီအင်အိုကတော့ ရလလဖ (ပအို့အနီ) အပစ်အခတ်ရပ်စဲရေးမလုပ်ခင်နဲ့ အမ်တီအေ လက်နက်မချခင် ကာလတွေတုံးက အဲဒီအဖွဲ့တွေကိုတိုက်ခဲ့ပြီး အခုထိလည်း ကကကြည်းညွှန်ကြားချက်အတိုင်း နေရင်းနယ်မြေနဲ့ အဝေးကြီးကိုသွားပြီး နောက်တိုး အက်စ်အက်စ်အေ (တောင်ပိုင်း) ကိုတိုက်နေရသေးတယ်။ ဒီကေဘီအေဟာ ကေအင်ယူ နဲ့တိုက်နေဆဲဖြစ်သလို ကလလတ ကလည်း ကေအင်ပီပီ ကိုစစ်ဆင်နေဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့ တဖက်ကပြောရရင်တော့ ပီအင်အိုနဲ့ရလလဖ၊ ကလလတနဲ့ကေအင်ပီပီ၊ ကေအင်ဂျီနဲ့ ကေအင်အယ်လ်ပီ (ကယန်းပြည်သစ်)၊ ဒီကေဘီအေ နဲ့ ကေအင်ယူတို့ကြား ပဋိပက္ခတွေဟာ ဆယ်စုနှစ်နဲ့ ချီတာမဟုတ်တောင် မနည်းမနောနှစ်တွေနဲ့ချီတဲ့ နောက်ခံအကြောင်းတရားတွေလည်း ရှိနေကြပါတယ်။
           အကြွင်းမဲ့လက်နက်ချနှစ်ဖွဲ့ကို စာရင်းထဲထည့်ထားပေမဲ့ အင်အားအတော်အတန်ရှိတဲ့ တခြား ‘ငြိမ်းချမ်းရေး’ အဖွဲ့နှစ်ဖွဲ့ဖြစ်တဲ့ ဒီကေဘီအေ နဲ့ အက်စ်အက်စ်အဲန်အေ (အမ်တီအေ ခွဲထွက်) တို့ကိုတော့ တရားဝင် ၁၇ ဖွဲ့စာရင်းထဲ မထည့်တာ၊ ဒါမှမဟုတ် ၁၉ ဖွဲ့ အဖြစ်စာရင်းမပြတာ ထူးဆန်းနေသလိုပါဘဲ။ ဒီအဖွဲ့တွေဟာ မိခင်အဖွဲ့ကြီးတွေက ခွဲထွက်တဲ့ ဂိုဏ်းခွဲတွေဖြစ်လို့ မထည့်တာဖြစ်မယ်လို့ တချို့ လေ့လာသူတွေ တွက်ဆကြတယ်။ ဒါပေမဲ့ ကယန်းပြည်သစ် ကခွဲထွက်တဲ့ ကေအင်ဂျီ၊ ကေအိုင်အေ ကခွဲထွက်တဲ့ ကေဒီအေ တို့ကိုတော့ စာရင်းထဲထည့်ပြထားပြန်တယ်။ တရားဝင်စာရင်းထဲထည့်မပြပေမဲ့လည်း တခြားဝါဒဖြန့်လှုပ်ရှားမှုတွေမှာကျ ထည့်ပြနေပြန်တယ်။ အပစ်အခတ်ရပ်စဲရေးကို ခွဲထွက်ခါစ အခြေအနေရှုပ်ထွေးနေဆဲမှာ ကမန်းကတန်း လုပ်ရတာဖြစ်လို့ တရားဝင်အခမ်းအနားတွေ ဘာတွေ မလုပ်လိုက်ရတာလည်း တကြောင်းဖြစ်မယ် ထင်ပါတယ်။ အခြေခံကတော့ တခြားလျှို့ဝှက်အကြောင်းတရား တခုခု ကြောင့်ထက် ထုံးစံအတိုင်း မြန်မာစစ်တပ်ရဲ့ လဘော်ကျမှုသာ ဖြစ်ဖို့များပါတယ်။
           နိုင်ငံရေးအရ ပိုတက်ကြွတဲ့ အပစ်အခတ်ရပ်စဲရေး ‘ညီနောင် ၇ ဖော်’(အဖွဲ့ ၈ ဖွဲ့)က ထုတ်ပြန်တဲ့ ၁၇ ဖွဲ့စာရင်းမှာတော့ အမ်တီအေနဲ့ ရခိုင်ဗကပကိုဖယ်ထားပြီး ဒီကေဘီအေ နဲ့အက်စ်အက်စ်အင်အေ ကိုထည့်ထားပါတယ်။ ဒါ့အပြင် ဒီ ၁၇ ဖွဲ့ကို အတန်းအစားနှစ်ခု ခွဲထားပါတယ်။ ပထမအမျိုးအစားကို ‘အပစ်အခတ်ရပ်စဲရေး’ အဖွဲ့များလို့ သတ်မှတ်ပြီး ကေအိုင်အေ၊ ပီအက်စ်အယ်လ်အေ (ပလောင်)၊ မူလလက်ဟောင်းအက်စ်အက်စ်အေ၊ အက်စ်အက်စ်အင်အေ၊ ရလလဖ၊ ကယန်းပြည်သစ်၊ ကလလတ နဲ့ မွန်ပြည်သစ် တို့ပါဝင်ကြတယ်။ (ရှမ်းနှစ်ဖွဲ့ဟာ ရှမ်းပြည်ငြိမ်းချမ်းရေးကောင်စီ အက်စ်အက်စ်ပီစီ အဖြစ် ပူးပေါင်းဖွဲ့စည်းထားလို့ ‘ညီနောင် ၇ ဖော်’ အဖွဲ့ ၈ ဖွဲ့ဖြစ်နေ တာပါ။) သူတို့က ကျန်တဲ့အဖွဲ့အားလုံးကိုတော့ ‘ငြိမ်းချမ်းရေး’အဖွဲ့တွေလို့ သတ်မှတ်ထားပါတယ်။ ပထမအမျိုးအစား အဖွဲ့တွေဟာ အပစ်ရပ်သဘောတူချက်တွေကို ပြီးပြည့်စုံတဲ့ နောက်ဆုံး အထွေထွေအဖြေရှာမှုကြီးဆီသွားဖို့ ရှေ့ပြေးအနေ နဲ့သာ မြင်ကြတယ်။ ဒုတိယအမျိုးအစားဝင် အဖွဲ့တွေကတော့ ပြီးပြည့်စုံတဲ့ နိုင်ငံရေးအရဖြေရှင်းမှုကို စိတ်မဝင်စားကြဘဲ ကိုယ့်စီးပွားရေးကိုသာ လုံးဝအဓိကထားကြသူတွေဖြစ်တယ်။ ပထမ ၈ ဖွဲ့ထဲမှာလည်း တချို့ခေါင်းဆောင်များနဲ့ ကေဒါကြီး များဟာ ဒုတိယအမျိုးစားအနေအထားဘက် အတော့်ကိုတိမ်းညွတ်နေတာတွေလည်းရှိကြတယ်။ ဒုတိယအမျိုးအစား ‘ငြိမ်းချမ်းရေး’အဖွဲ့တွေနဲ့ စစ်အစိုးရကြား သဘောတူညီချက်တွေကို နှစ်ဖက်စလုံးက နောက်ထပ်ဆွေးနွေးစရာ သိတ်မလို တော့တဲ့ အပြီးအပြတ်သဘောမျိုး ယူဆကြတယ်။ ဒီနှစ်မျိုးထဲ မဝင်တဲ့၊ ၁၇ ဖွဲ့စာရင်းပါ ခြွင်းချက်ကတော့ ၁၉၉၅ ခု အတွင်း အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရပြီး သုံးလအကြာမှာ အစိုးရနဲ့ စစ်ပြန်ဖြစ်ခဲ့တဲ့ ကေအင်ပီပီ (ကရင်နီ) ဖြစ်ပြီး ၂ဝဝ၅ ခုနှစ်မှာတော့ အက်စ်အက်စ်အင်အေ ကလည်း အစိုးရနဲ့ စစ်ပြန်တိုက်ခဲ့ပါတယ်။ နောက်ခြွင်းချက်တမျိုး ကတော့ ၂ဝဝ၅ ခုနှစ်မှာဘဲ အကြွင်းမဲ့လက်နက်ချ၊ မိမိအဖွဲ့အစည်းလည်း လုံးဝဖျက်သိမ်းပစ်လိုက်တဲ့ ပလောင်အဖွဲ့ ဖြစ်ပါတယ်။ ဒါပေမဲ့ စစ်အစိုးရကတော့ ၁၇ ဖွဲ့စလုံးနဲ့ တကယ့်လက်တွေ့အားဖြင့် အပြီးသတ်ငြိမ်းချမ်းရေး သဘောတူညီ ချက် ရထားတဲ့ပုံဖမ်းနေပါတယ်။
           ရှေ့ပိုင်းအပစ်အခတ်ရပ်စဲရေးအဖွဲ့တွေကို ‘အထူးရဲ ’လို့ သတ်မှတ်ပေးခဲ့ပြီး ရာထူးလစာတွေ၊ ရာရှင်ရိက္ခာတွေ အကန့်အသတ်နဲ့ ထုတ်ပေးခဲ့ပါတယ်။ အဖွဲ့အစည်းခေါင်းဆောင်တွေကိုလည်း ‘အထူးရဲမှူးကြီး’ တွေအဖြစ် နဝတ က သတ်မှတ်ခန့်အပ်ခဲ့တယ်။ သို့ပေမဲ့ ကေအိုင်အေကစပြီး နောက်ပိုင်း အပစ်ရပ်အဖွဲ့တွေကတော့ ဒီကမ်းလှမ်းချက်ကို လက်မခံကြဘဲ လွတ်လပ်တဲ့ နိုင်ငံရေးအနေအထားကိုသာ ရပ်ခံကြပါတယ်။ ဒီလိုအနေအထားနဲ့ ရပ်တည်ရေးဟာလည်း အချိန်ကြာလာတာနဲ့အမျှ ထိန်းထားနိုင်ဖို့ ပို၍ပို၍ ခက်ခဲလာနေတယ်။ သူတို့ရဲ့နိုင်ငံရေးလှုပ်ရှားမှုတွေကို စစ်အစိုးရက ရှေးရိုးဆုပေးဒါဏ်ပေးစနစ်သုံးပြီး အကြိမ်ကြိမ်အထပ်ထပ် နှိမ်နင်းပစ်ခဲ့ပါတယ်။ ဆု ဆိုတာကတော့ မြက်မြက်ကလေးစားရ တဲ့ လိုင်စင်တွေ ပါမစ်တွေ ဒုစရိုက်စီးပွားရေးလုပ်ခွင့်တွေဖြစ်ပြီး ဒါဏ် ကတော့ စစ်အင်အားနဲ့ ပြောင်ပြောင်တင်းတင်း ခြိမ်းချောက်တာဖြစ်ပါတယ်။
၁၉၉၈ ခုမှာ အပစ်ရပ်အဖွဲ့ ၄ ဖွဲ့ရဲ့ စီအာပီပီ ထောက်ခံရေးလှုပ်ရှားမှုပေါ်လာတော့ စစ်ဗိုလ်ချုပ်ကြီးများဟာ ဒေါသတကြီးနဲ့ စီးပွားရေးအခွင့်အရေးတွေ ရုပ်သိမ်းပစ်လိုက်ပြီး စစ်စတိုက်ဖို့ပြင်ခဲ့တယ်။ ထိန်းချုပ်ရေး containment ၊ ကန့်သတ်ရေး restriction နဲ့ ချေမှုန်းရေး annihilation ဆိုတဲ့ စစ်အာဏာရှင်တွေရဲU စီမံကိန်းထဲက နောက်ဆုံး အဆင့်ကို အကောင်အထည်ဖော်ဖို့ ခြေလှမ်းစခဲ့တယ်။ ရလလဖနဲ့ ကယန်းပြည်သစ်က အရာရှိတချို့ကို နအဖ က ဓားစာ ခံအဖြစ် အလစ်အငိုက်ယူဖမ်း၊ နယ်မြေအစိတ်အပိုင်းတချို့ထဲက အပစ်ရပ်တပ်တွေ အတင်းအဓမ္မ မောင်းထုတ်ပစ်လိုက်ပြီး နောက် ဒီနိုင်ငံရေးအားသန်တဲ့အဖွဲ့တွေဟာ အညံ့ခံလိုက်ကြပြီး ‘ငြိမ်းချမ်းရေးကိုထိန်းသိမ်းလိုက်’ပါတယ်။ ‘နိုင်ငံရေး တက်ကြွတဲ့’ အဖွဲ့တွေဟာလည်း တကယ်တော့ ပြန်တိုက်နိုင်လောက်တဲ့ စိတ်ဓာတ်အင်အား၊ ရင်းမြစ်အင်အားတွေ မရှိ ကြတော့ဘဲ ပျက်ပြားနေကြပြီဖြစ်ပြီး မိမိနယ်မြေလူထုနဲ့ သာသနာဘက်ဆိုင်ရာတွေကပါ သေနတ်သံပြန်မပေါက်ရေးကို အကြီးအကျယ် ဖိအားပေးတာလည်း အရေးပါတဲ့ အကြောင်းတရပ်ဖြစ်ပါတယ်။ အဖွဲ့အစည်းတွေရဲ့ အရည်အချင်းကို သိထားလို့ ပြန်တိုက်လည်း မထူးတာကို အကြောင်းသိနေတဲ့လူထုက ပြည်တွင်းစစ်ဒုက္ခ ထပ်မခံချင်တော့တာ၊ အဖွဲ့ အစည်းတွေ တော်လှန်ရေးတွေထက် ဒေါ်အောင်ဆန်းစုကြည်နဲ့ မင်းကိုနိုင်တို့လိုကျောင်းသားတွေကိုသာ အားကိုးတော့ တာ သဘာဝကျပါတယ်။
           ဗမာစစ်တပ်ဟာ အပစ်ရပ်အဖွဲ့အားလုံး၊ သို့မဟုတ် အနိမ့်ဆုံးအားဖြင့် သူတို့နဲ့ပြေပြေလည်လည်နေတဲ့အဖွဲ့တွေ ကို ဗမာ့‘တပ်မတော်’ထဲ ‘နယ်ခြားတပ်များ’ ဆိုတဲ့ တပ်အမျိုးအစားသစ်တခုအဖြစ် သွတ်သွင်းပြောင်းလဲပစ်ဖို့ ရေရှည်စီမံချက်ရှိပါတယ်။ ၁၉၈၈ ခုမတိုင်မီက ရှိခဲ့တဲ့ ‘ပြည်သူ့စစ်နှင့် ပြည်သူ့ဆက်ဆံရေးညွှန်ကြားရေးမှူးရုံး’ ကို နဝတ-နအဖခေတ်မှာ ‘ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး’နဲ့ ‘ပြည်သူ့စစ်နှင့် နယ်ခြားတပ်များ ညွှန်ကြားရေးမှူးရုံး’ ဆိုပြီး နှစ်ခြမ်းခွဲ ပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။ စစ်ဗိုလ်ချုပ်များဟာ အပစ်ရပ်အဖွဲ့တွေကို ပြည်သူ့စစ်နှင့် နယ်ခြားတပ်များ ညွှန်ကြားရေးမှူးရုံးရဲ့ ချုပ်ကိုင်ကွပ်ကဲမှုအောက် လုံးလုံးလျားလျား သွတ်သွင်းပြီး ပြည်သူ့စစ်အဆင့် ထက် နဲနဲသာတဲ့၊ ဗမာ့တပ်မတော်ထက် အများကြီးနိမ့်ကျတဲ့ အနေအထားမှာထားဖို့ ရည်ရွယ်ထားတယ်။ ဟိုးတုံးက ယူအမ်ပီ၊ လဲဗီးတပ်တွေ ဗမာ့တပ်မတော်ထဲ သွင်းခဲ့တဲ့ပုံစံလောက်တောင် အဆင့်အတန်းမပေးဖို့ စီမံထားတယ်။ ဒါပေမဲ့ လည်း အခုထိတော့ ဒီစီမံကိန်းကို အကောင်အထည် မဖော်နိုင်သေးတာကတော့ နောက်ထပ်ဆွဲဆောင်သိမ်းသွင်းစရာ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေ ကျန်နေသေးတာကတကြောင်း၊ ဒါ့အပြင် ညီနောင် ၇ ဖော်လို အပစ်ရပ်အဖွဲ့တချို့က ညစ်ကပ်ကပ်လုပ်နေတာလည်းတကြောင်း ကြောင့်ဖြစ်ပါတယ်။ ညီနောင် ၇ ဖော်ကို သူရဲကောင်း ၇ ယောက် မဖြစ်အောင် နှိပ်ကွပ်နေရပါသေးတယ်။
           ကရင်နီနဲ့ အပစ်ရပ်သဘောတူညီချက်ဟာ လုံးဝပျက်ပြားနေပြီဖြစ်ပေမဲ့ စစ်အစိုးရဟာ သူ့ကို အခုထက်ထိ တရားဝင်စာရင်းထဲ ထည့်ပြနေတုံးပါဘဲ။ ဒါကိုကြည့်ခြင်းအားဖြင့် ဗိုလ်ချုပ်ကြီးများဟာ အပစ်ရပ်သဘောတူညီချက်တွေရဲ့ ဝါဒဖြန့်စွမ်းအားကို ဘယ်လောက်တောင်တန်ဖိုးထားတယ် ဆိုတာသိနိုင်ပါတယ်။ ၁၉၉၄ ခုတုံးက ကေအင်ဂျီအဖွဲ့ဟာ အချင်းချင်းအသေအကြေ တိုက်ကြခိုက်ကြရာက ခေါင်းဆောင်ပိုင်းတွေအားလုံးနီးနီး ပြုတ်ထွက်၊ အင်အားတွေ အဆမတန် လျော့နည်းသွားလို့ ကျန်သမျှရဲဘော်လေးတွေက ကိုယ့်အဖွဲ့ကိုယ်ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့ကြပေမဲ့ စစ်အစိုးရက ဖျက်သိမ်း ခွင့်မပေးခဲ့ဘဲ အတင်းဆက်လုပ်ခိုင်းပြီး ၁၇ ဖွဲ့စာရင်းထဲ ဆက်ပြပါတယ်။ မူလလက်ဟောင်း အက်စ်အက်စ်အေ နဲ့ အက်စ်အက်စ်အင်အေ ရှမ်းအပစ်ရပ်နှစ်ဖွဲ့က တဖွဲ့တည်းအဖြစ် ပေါင်းစည်းဖို့ စီစဉ်တာကိုလည်း ခွင့်မပြုခဲ့ပါဘူး။
           အများသိကြတဲ့အတိုင်း ဗမာပြည်ရဲ့ အပစ်ရပ်သဘောတူညီချက်တွေဟာ ‘လူကြီးလူကောင်းသဘောတူညီ ချက်’လို့ (နအဖ က) ဆိုတဲ့ဟာမျိုးတွေဖြစ်ပါတယ်။ ဆိုလိုတာက ဘာစာချုပ်စာတမ်းမှ လက်မှတ်ထိုးတာမရှိပါဘူး၊ ဘယ်အဖွဲ့နဲ့မှမရှိပါဘူး။ အစည်းအဝေးမှတ်တမ်း လက်မှတ်ထိုးတာနဲ့ အလွန်ဆုံးအားဖြင့် ‘ဥပဒေဘောင်အတွင်း ဝင်ရောက်သည့်အခမ်းအနား’ လောက်ဘဲလုပ်တာရှိပါတယ်။ ၁၉၈၉ ခုတုံးက ပထမဆုံးအပစ်အခတ်ရပ်စဲရေးတွေဆို အဲသလိုအခမ်းအနားမျိုးတောင် မလုပ်ခဲ့ရရှာပါ။ ဘယ်လိုဘဲ အခမ်းအနားတွေလုပ်လုပ်၊ ဘယ်လိုဘဲ အသုံးအနှုံးတွေ သုံးသုံး ၁၇ ဖွဲ့စလုံးဟာ တင်းပြည့်ကျပ်ပြည့် ဥပဒေတွင်းမရောက်ဘဲ အူကြောင်ကျား ဥပဒေတပိုင်းအနေအထား ကိုသာရထားကြပါတယ်။
           အပစ်ရပ်အဖွဲ့တွေကို ထိန်းချုပ်ရာမှာ စစ်ဗိုလ်ချုပ်ကြီးများရဲ့ အဓိကလမ်းညွှန်မူကတော့ “တဖက်အဖွဲ့အစည်း များ လိုက်နာရန် စည်းကမ်းချက်များ” လို့ခေါင်းစည်းတပ်ထားတဲ့၊ အတော်လေးလျှို့လျှို့ဝှက်ဝှက်ထားတဲ့ စာတမ်းတခု ဖြစ်ပါတယ်။ “သဘောတူညီချက် ၁ဝ ချက်” လို့လည်းခေါ်တဲ့ ဒီစာတမ်းကို စစ်ထောက်လှမ်းရေးနဲ့တပ် ပူးပေါင်းရေးဆွဲ ထားပြီး ၎င်းတို့ဟာ အပစ်ရပ်အဖွဲ့တွေရဲ့ လှုပ်ရှားမှုအားလုံးကို ဒီ ၁ဝ ချက်အခြေခံပေါ်ကနေ ကြီးကြပ်ထိန်းချုပ်တာ ဖြစ်ပါတယ်။ ဒီ ၁ဝ ချက်ဟာ အပစ်အခတ်ရပ်စဲရေး ကနဦးစေ့စပ်ဆွေးနွေးပွဲတွေအတွင်း တိုင်းရင်းသားခေါင်းဆောင်တွေ ဘက်က သဘောတူလက်ခံထားခဲ့သလိုလို ပုံစံမျိုး စစ်ထောက်လှမ်းရေးက ညာဝါးဖြီးဖြန်းနေပေမဲ့ တကယ့်လက်တွေ့မှာ တော့ ဒီလိုသဘောတူညီထားတယ်လို့ ဘယ်တိုင်းရင်းသားခေါင်းဆောင်မှ မသိခဲ့ကြပါဘူး။ နောက်ပိုင်းကျမှသာ ‘သိရှိသဘောတူကြောင်း’ ဇွတ်အတင်းဖိအားပေး လက်မှတ်ထိုးခိုင်းခံခဲ့ကြရတယ်။ ‘လူကြီးလူကောင်းသဘောတူညီချက်’ ဆိုတာအဲသလိုပါ။
           စာတမ်းအပြည့်အစုံက အောက်ပါအတိုင်းဖြစ်ပါတယ်။

တဖက်အဖွဲ့အစည်းများ လိုက်နာရန်စည်းကမ်းချက်များ

၁။ သတ်မှတ်နယ်မြေအတွင်း၌သာ တပ်ဖွဲ့များနေထိုင်ရမည်။
၂။ တပ်အင်အားတိုးချဲ့ခြင်း မပြုလုပ်ရ။ [တပ်သားသစ် မစုဆောင်းရ၊ စစ်သင်တန်းမပေးရ]
၃။ ပြည်သူလူထုထံမှ ဆက်ကြေးကောက်ခံခြင်း၊ နာမည်အမျိုးမျိုးဖြင့် အခွန်အကောက်များ ကောက်ခံခြင်းမပြုရ။
၎။ ပြည်သူလူထုထံမှ ရိက္ခာသီးနှံပစ္စည်းများ မကောက်ခံရ။
၅။ နိုင်ငံတော်အုပ်ချုပ်ရေးတွင် ဝင်ရောက်မစွက်ဖက်ရ။ [ဒေသအုပ်ချုပ်ရေး မချရ။ ဒေသရဲ၊ တရားရုံး၊ အကျဉ်းထောင် မထူထောင်ရ။ ပြည်သူ့စစ် မဖွဲ့ရ]
၆။ မြို့များရှိ နိုင်ငံရေးပါတီအဖွဲ့အစည်းများနှင့် မဆက်သွယ်ရ။
၇။ မတရားသင်းအဖွဲ့အစည်းများနှင့် မဆက်သွယ်ရ။
၈။ တပ်မတော်ထောက်လှမ်းရေး၏ ကြိုတင်ခွင့်ပြုချက်မရယူဘဲ အခြားငြိမ်းချမ်းရေးအဖွဲ့များနှင့် မဆက်သွယ်ရ။
၉။ မြို့များသို့ ဝင်ထွက်သွားလာရာ၌ လက်နက်ကိုင်ဆောင်ခြင်း၊ ဆက်သွယ်ရေးစက်ဆောင်ယူခြင်း မပြုရ။
၁ဝ။ မြို့များသို့ ဝင်ထွက်သွားလာရာ၌ စစ်ထောက်လှမ်းရေးအား ကြိုတင်အကြောင်းကြား ခွင့်ပြုချက်ရယူရမည်။

           ဒါဟာ ‘ဥပဒေတွင်းဝင်ရောက်ခြင်း’ကိုစစ်အစိုးရရဲ့ အရှင်းလင်းဆုံးအဓိပ္ပါယ်ဖွင့်ဆိုချက်ပါဘဲ။
           တန်ခိုးထွားလှတဲ့ ဗိုလ်ခင်ညွန့်နဲ့ ထောက်လှမ်းရေးတွေ အရာကျပြီးတဲ့ အခုနောက်ပိုင်းမှာတော့ ဒီ အချက် ၁ဝ ချက်ကို နည်းနည်းပါးပါး ပြန်ပြင်လိုက်ပြီး အချက် ၁၄ ချက်လုပ်လိုက်ပါတယ်။ အဓိကပြင်တာကတော့ ထောက်လှမ်းရေးကို ရည်ညွှန်းထားတဲ့စာသားတွေ ဖြုတ်ပစ်လိုက်တာဖြစ်ပါတယ်။ ခေါင်းစဉ်ကိုလည်း ပြင်လိုက်ပါတယ်။ ပြင်ထားပြီးတဲ့ ၁၄ ချက် ကတော့ ဒီလိုဖြစ်ပါတယ်။

နိုင်ငံတော်နှင့် ငြိမ်းချမ်းရေးအဖွဲ့များ ငြိမ်းချမ်းရေးရယူစဉ် သဘောထားတူညီချက် (၂ဝဝ၄)

၁။        အစိုးရဆန့်ကျင်သော အဖွဲ့အစည်းများနှင့် လုံးဝမဆက်သွယ်ရန်
၂။        လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို စွန့်လွှတ်ရန်
၃။        လက်ရှိတပ်အင်အားအပြင် ထပ်မံမတိုးချဲ့ရန်၊ လူသစ်မစုရန်
၎။        သင်တန်းဖွင့်လှစ်၍ စစ်ရေးလေ့ကျင့်မှုများ မပြုလုပ်ရန်
၅။        ထောက်ပံ့မှုပေးရာတွင် လွယ်ကူရေးအတွက် လူ၊ လက်နက်ခဲယမ်း၊ ဖွဲ့စည်းပုံစာရင်းအသေးစိတ်ပေးရန်
၆။        ဆက်ကြေးကောက်ခြင်း၊ ဘိန်းခွန်ကောက်ခြင်း မပြုလုပ်ရန်၊ ဓါးပြတိုက်ခြင်း၊ လုယက်ခြင်း၊ လူထုကိုအနိုင်ကျင့်ခြင်း မပြုလုပ်ရန်
၇။        အစိုးရကွပ်ကဲမှုနှင့် သွားလာလှုပ်ရှားရန်
၈။        သတ်မှတ်နယ်မြေအတွင်း သွားလာ၍ရသော်လည်း အခြားနေရာသို့ သွားလာပါက တပ်စခန်းများသို့ သတင်းပို့၍ လက်နက်မဲ့သွားလာရန်
၉။        နိုင်ငံရေးပါတီများနှင့် ကင်းရှင်းစွာနေထိုင်ရန်
၁ဝ။      အစိုးရ၏ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေးနှင့် တရားစီရင်ရေးအပိုင်းများတွင် ဝင်ရောက်စွက်ဖက်ခြင်းမပြုရန်
၁၁။      နယ်မြေဖြန့်ကျဲ၍ ကန့်သတ်ခြင်းမပြုဘဲ ဖွံ့ဖြိုးရေးလုပ်ကိုင်ဆောင်ရွက်လိုသည့် နေရာများအား သတ်မှတ်ပေးရန်
၁၂။      နေထိုင်စားသောက်ရေးအတွက် နိုင်ငံတော်မှ ကူညီပံ့ပိုးသွားရန်
၁၃။      နိုင်ငံတော်ဦးဆောင်မှုအောက်တွင် ဒေသရှိပြည်သူလူထု၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်သည့် လက်နက်ကိုင် အဖွဲ့အစည်းအဖြစ် ဖွဲ့စည်းသွားရန်
၁၄။      နိုင်ငံတော်၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို ထိရောက်စွာ အထောက်အကူပြုဆောင်ရွက်သွားရန်

စာသားတွေပြင်ဆင်ပြီး အချက်တချို့ ခွဲထုတ်တာ ထပ်ဖြည့်တာလုပ်ထားပေမဲ့ အနှစ်သာရနဲ့ ရည်ရွယ်ချက် ကတော့ ထူးမခြားနားပါဘဲ။ အပစ်ရပ်အဖွဲ့တွေကို ကိုင်တွယ်ဆက်ဆံနိုင်ဖို့အတွက် နအဖတပ်တွေကို အတွင်းပိုင်းလမ်းညွှန် စာတမ်းသာဖြစ်ပါတယ်။ တနည်းအားဖြင့်ပြောရရင်တော့ စစ်အစိုးရပြော ပြောနေတဲ့ ‘ဥပဒေဘောင်အတွင်း ဝင်ရောက်မှု’ ကို သူတို့ကိုယ်တိုင် အဓိပ္ပာယ်ဖွင့်ဆိုပုံဖြစ်ပါတယ်။ ဒီ ၁ဝ ချက်တို့၊ ၁၄ ချက်တို့ဟာ စစ်အစိုးရရဲ့ ဥပဒေဘောင် ဆိုတာကို အရှင်းလင်းဆုံးဖော်ပြချက်ပါဘဲ။
အထက်မှာပြောခဲ့တဲ့ အပစ်ရပ်အဖွဲ့တွေအပြင် အစိုးရထံ ခြွင်းချက်မရှိလက်နက်ချထားတဲ့ သင်းကွဲအုပ်စုလေးတွေ လည်း အများအပြားရှိပါသေးတယ်။ စစ်အစိုးရရဲ့ တရားဝင် ၁၇ ဖွဲ့ စာရင်းထဲထည့်ထားတဲ့ လက်နက်ချနှစ်ဖွဲ့ (အမ်တီအေ နဲ့ ရခိုင်ဗကပ) ကိုရော၊ တခြားလက်နက်ချခွဲထွက် အပဲ့အရွဲ့တွေအားလုံးကိုပါ စစ်အစိုးရက ပြန်လည်စုစည်းဖွဲ့စည်း၊ တချို့ကို ‘အထူးဒေသ’ ဆိုတဲ့ အမြီးလေးတပ်ပေးပြီး လက်နက်တွေ ပြန်တပ်ဆင်ပေးခဲ့ပါတယ်။ လက်နက်အရေအတွက် တော့ လက်နက်မချခင်ထက် လျှော့ထားတာနဲ့ ကန့်သတ်တာတွေ လုပ်လိုက်သေးတယ်။ ဒီလိုနဲ့ အမ်တီအေ အဖွဲ့ဝင် ဟောင်းတွေရဲ့ အထူးဒေသ အနည်းဆုံး ၆ ခု၊ ဒီကေဘီအေမပါ ကေအင်ယူအဖွဲ့ဝင်ဟောင်းတွေရဲ့ အထူးဒေသ အနဲဆုံး ၄ ခု၊ ကရင်နီအဖွဲ့ဝင်ဟောင်းတွေရဲ့ အထူးဒေသ အနဲဆုံး ၃ ခုနဲ့ အထူးဒေသ အမြီးတပ်မထားတဲ့ အဖွဲ့ပေါင်းစုံပေါ်လာခဲ့ပြီး တရားဝင်ရော တရားမဝင်ရော စီးပွားရေးလုပ်ပိုင်ခွင့်တွေ၊ အာဏာသုံးခွင့်တွေ နဲ့ သောင်းကျန်းကြပါတော့တယ်။
           တရားဝင်အားဖြင့် ‘သောင်းကျန်းသူဆန့်ကျင်ရေးအဖွဲ့’ (သကဆဖ)လို့ ဗမာစစ်တပ်က သတ်မှတ်ပေးထားပြီး စစ်အစိုးရရဲ့ ငြိမ်းချမ်းရေးဝါဒဖြန့်လုပ်ငန်းထဲ အပစ်ရပ် ၁၇ ဖွဲ့နဲ့တတန်းတည်းထား ကြော်ငြာခံရတဲ့ ဒီအဖွဲ့တွေဟာ လက်နက်ခဲယမ်းတွေစုဆောင်း၊ ဆက်ကြေးကောက်၊ နယ်မြေအုပ်ချုပ်ရေးလုပ်၊ မူးယစ်ဆေးဝါးနဲ့လက်နက်ရောင်းဝယ်၊ တခြားမြေအောက်ဒုစရိုက်လုပ်ငန်းတွေအားလုံးကို ထောက်လှမ်းရေးနဲ့ နားလည်မူယူပြီးတော့ရော၊ မယူဘဲနဲ့ရော လုပ်နေကြပါတယ်။ သကဆဖဆိုတာ သဘောတရားအရ၊ စစ်တပ်ကပိုချုပ်ကိုင်မှုရှိတဲ့ ‘ပြည့်သူ့စစ်’ထက် ပိုလွတ်လပ်မှု ရှိတယ်၊ သို့မဟုတ် ပိုအဆင့်နိမ့်တယ်လို့ ဆိုပေမဲ့ တကယ့်လက်တွေ့မှာတော့ ကွဲပြားချက်ဟာ အတော့်ကို ဝေဝါး ရှုပ်ထွေးလာနေပါတယ်။ အခွင့်သာတဲ့ဒေသတွေက ပြည်သူ့စစ်တွေဟာလည်း ‘ငြိမ်းချမ်းရေး’အဖွဲ့တွေပုံစံအတိုင်း လုပ်ချင်ရာလုပ်နေကြပြီဖြစ်ပါတယ်။
           အဲဒါတွေကတော့ ‘အပစ်အခတ်ရပ်စဲရေး’ လို့ပြောပြော၊ ‘ငြိမ်းချမ်းရေး’ လို့ဆိုဆို၊ ထူးဆန်းရှုပ်ထွေးတဲ့ ရူးကြောင်ကြောင် ကစားပွဲကြီးထဲ တဖွဲ့ပေါ်တဖွဲ့ရော ပြည်သူလူထုအပေါ်ရော၊ ဖျံကျနေကြတဲ့ ဥပဒေတွင်းနဲ့ ဥပဒေတပိုင်း လက်နက်ကိုင်တပ် သဗ္ဗနံပေါင်းစုံတို့ ပျော်စံရာ အမိမြန်မာနိုင်ငံတော်ကြီး ပါဘဲ။ လက်နက်ကိုင်တိုက်နေဆဲ ဖြစ်သော်လည်း စစ်အစိုးရနဲ့ အပစ်ရပ်သဘောတူညီချက်ရဖို့ စိတ်အားထက်သန်နေကြတဲ့ ကေအင်ယူနဲ့တကွသော တခြားလက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေ မလွဲမသွေဝင်ရောက်ရမယ့် ကစားပွဲကြီးဖြစ်ပါတယ်။ ဒီကစားပွဲကြီးဟာ သုညကြွင်းကစားပွဲ ဖြစ် မလား၊ သုညမကြွင်းကစားပွဲ ဖြစ်မလား ဆိုတာကတော့ စောင့်ကြည့်ရအုံးမှာဖြစ်ပါတယ်။ ဒါပေမဲ့ စိတ်မကောင်းစွာနဲ့ ပြောရရင်တော့ အချက်အလက်တွေအားလုံးက (ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့သလို) အလုံးစုံပျက်သုဉ်းရေး ဆီကိုသာ ဦးတည်နေပါတယ်။

ဂါမဏိ

No comments:

Post a Comment

mr.kyaingtun@gmail.com