အိမ်ထောင်ရေး စပါယ်ရှယ်လစ် ဆရာကြီးတစ်ယောက်ရှေ့တွင် အမျိုးသမီးကြီးတစ်ဦး ထိုင်နေသည်။ အသက်ငါးဆယ် ဝန်းကျင်ခန့်ရှိလိမ့်မည်။ ပူပန်သောက၊ ဒေါသနှင့် မခံချိမခံသာဖြစ်မှုများရောထွေးနေသော ဟန်ပန်အမူအရာက သိသာထင်ရှားနေသည်။ တစ်နည်းအားဖြင့် ' စန်းပျက် 'နေသည်။ အတွေ့အကြုံအရ ဒါမျိုးတွေ့ဖူးပေါင်းများပြီးဖြစ်သဖြင့်
" ကဲ...ဆိုစမ်းပါဦး၊ အိမ်ကလူ ဘာပြဿနာရှာလို့လဲ "
အမျိုးသမီးမှာအံ့သြသွားပြီး
" ဟင်...ဆရာက ကြိုတောင်သိနေပြီကိုး၊ ဒါကြောင့်လည်း အားကိုးတကြီးလာခဲ့တာပါ "
" ဘာဖြစ်တာလဲ၊ အိမ်ပြန်မလာလို့လား "
" ရှင်၊ ဟုတ်လိုက်လေ ဆရာရယ်၊ သူအိမ်ကထွက်သွားတာ ငါးရက်ရှိပြီ "
" ကတောက်ကဆဖြစ်ပြီးတော့ပေါ့ ဟုတ်လား "
" သူကသာ တစ်ဖက်သတ် အပြစ်ရှာနေတာပါ "
" သူဘယ်မှာရှိနေတယ်ဆိုတာ အစ်မကြီးသိနေတယ်ထင်တယ် "
" ဘယ်မှာရှိရမလဲ၊ ဟိုကောင်မ အိမ်မှာပဲပေါ့၊ ကန်တော့ဆရာ ကန်တော့၊ ကျွန်မ မခံချင်လွန်းလို့ စကားပြောရိုင်းသွားတာပါ "
" ရပါတယ်၊ အစ်မကြီခံစားနေရတာကို ကျွန်တော်ကိုယ်ချင်းစာနိုင်ပါတယ် "
" အဲဒါ သူအိမ်ကို ပြန်လာအောင် ကူညီဆောင်ရွက်ပေးပါဆရာရယ်၊ ကျေးဇူးမမေ့ပါဘူး၊ ဟောဒီမှာ သူ့ရဲ့ဇာတာလည်းပါလာပါတယ် "
ဆရာက ဇာတာကိုကြည့်ပြီး ခေါင်းတညိတ်ညိတ်လုပ်ရင်းက
" အင်း...စွံတော့ အတော်စွံတဲ့ပုဂ္ဂိုလ်ပဲ။ ဗီးနပ်စ်ရဲ့အထောက်အပံ့ကလည်း အားကောင်းပေသကိုး "
ထို့နောက် ကွန်ပျူတာကိုနှိပ်ပြီး အသေးစိတ်စစ်ဆေးကြည့်ပြန်သည်။ အမျိုးသမီးကြီးမှာ စိတ်စောနေလျက် စောင့်ဆိုင်းနေ၏။ ဆရာကခေါင်းတစ်ချက်ဆတ်ပြီး
" ဟုတ်ပြီ ဘာမှမပူနဲ့၊ တစ်ပတ်အတွင်း အိမ်ပြန်ရောက်စေရမယ်။ ကျွန်တော် ဓာတ်ရိုက်ဓာတ်ဆင် လုပ်ပေးလိုက်မယ် "
မုရားကြီးရွက်ပေါ်မှာ ' က၊ ဃ၊ ဏ၊ ဠ ' အက္ခရာများဖြင့်အင်းကွက်ဆင်ပေးလိုက်ခြင်းဖြစ်၏။ ထိုအရွက်ကို ယောက်ျားဖြစ်သူ၏ခေါင်းအုံးအောက်မှာ ထားရမည်။
မုရားကြီးရွက်ကို ' မယားကြီးရွက် 'လို့ အသံထွက်ခေါ်ကြတယ်မဟုတ်လား။
ကုမ္ပဏီလုပ်ငန်းခွဲတစ်ခုကတော့ နက္ခတ်၊ ဗေဒင်၊ လက္ခဏာသင်တန်းများ ဖွင့်လှစ်ခြင်းဖြစ်၏။ ထိုသင်တန်းများသည် အမြဲလိုလို လူပြည့်နေလေ့ရှိ၏။ အပတ်စဉ် နှစ်ခုသုံးခုလောက်ကြိုပြီး စာရင်းသွင်းထားကြရသည်။ ကွန်ပျူတာများ၊ ဆလိုက်များ၊ ပရိုဂျက်တာများဖြင့် အဆင့်မြင့်မြင့် သင်ကြားပေးသည်။ ထူးချွန်သူများကို ကုမ္ပဏီမှာ အလုပ်ပြန်ခန့်သည်။ တချို့လည်း သင်တန်းနည်းပြများ ဖြစ်လာကြ၏။
သင်တန်းခန်းမထဲတွင် လူတွေပြည့်နေသည်။ ဒီနေ့ပို့ချမည့်သင်ခန်းစာက ' ဓာတ်တူနံတူ 'နှင့်' ကက္ကင်းဓာတ် ' အကြောင်းဖြစ်၏။
" ဓာတ်တူနံတူဆိုတာက နာမည်တစ်ခု၊ ဝေါဟာရတစ်ခုမှာပါတဲ့ စကားလုံးတစ်လုံးချင်းရဲ့ နေ့နံနဲ့ ထပ်ထူထပ်မျှတူတဲ့အရာကို ဆိုလိုတာပဲ။ ဥပမာ- ရုပ်ရှင်မင်းသားလွင်မိုးဆိုပါတော့။ အက္ခရာအားဖြင့် လ၊ မ ။ နေ့နံအားဖြင့် ဗုဒ္ဓဟူး၊ ကြာသပတေး၊ ဒီတော့ သူနဲ့ဓာတ်တူ နံတူပစ္စည်းဘာရှိမလဲ၊ စဉ်းစားကြစမ်း "
ခဏလောက်တိတ်တိတ်နေပြီးမှ အသံတသံထွက်လာသည်။
" လင်းမြွေ "
" အင်း... ဟုတ်တော့ဟုတ်ပါတယ်၊ ဒါပေမယ့် သက်စေ့ယတြာမျိုးလုပ်ရမယ်ဆိုရင် လင်းမြွေတွေအများကြီ ဘယ်ကသွားရှာမလဲ။ ရှာလို့အဆင်ပြေတဲ့ ပစ္စည်းဆိုရင်ပိုကောင်းတာပေါ့။ ဘာရှိသလဲ။ လိမ္မော်ဟုတ်လား။ ဒါကြောင့် လွင်မိုးရဲ့ဓာတ်တူနံတူပစ္စည်းဟာ လိမ္မော်သီးပဲ "
ဆရာကသင်တန်းသားများကို တစ်ချက်အကဲခတ်လိုက်ပြီးမှ
" ကဲ... နောက်တစ်ခု စဉ်းစားကြည့်ရအောင်၊ စာရေးဆရာမင်းလူဆိုပါတော့။ ဓာတ်တူနံတူက ဘာဖြစ်မလဲ "
သင်တန်းသား သင်တန်းသူများသည် တစ်ယောက်နှင့်တစ်ယောက် တီးတိုးတိုင်ပင်ကြည့်နေကြသည်။
" ကြာသပတေးနဲ့ ဗုဒ္ဓဟူးနံလေကွယ် "
ခဏကြာမှ တစ်ယောက်ကဖြေသည်။
" ဘီယာ "
နောက်တစ်ယောက်ပြောပြန်သည်။
" ပုလင်း "
ရယ်သံများထွက်ပေါ်လာသည်။ ဆရာတောင်မှပြုံးစေ့စေ့ဖြစ်သွားပြီး
" အင်းပေါ့လေ၊ စာရေးဆရာဆိုတော့လည်း ဒါတွေနဲ့ ဘယ်ကင်းပါ့မလဲ "
ထို့နောက် ဓာတ်တူ နံတူနည်းနှင့် ယတြာချေပုံ၊ ကျိန်းကျေအောင်ပြုလုပ်ပုံ၊ ဓာတ်ရိုက်ဓာတ်ဆင်ပုံတို့ကို အသေးစိတ်ရှင်းပြသည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ကောလင်းပါဝဲမှာ သူ၏ဓာတ်တူနံတူဖြစ်သော ကိုလံဘီယာလွန်းပျံယာဉ် ပျက်ကျသွားသောကြောင့် ကျိန်းကျေခဲ့ရဖူးကြောင်းကိုလည်း စိတ်ဝင်စားဖွယ်ပြောပြသည်။
နောက်သင်ခန်းစာ တစ်ခုကတော့ " ကက္ကင်းဓာတ် "အကြောင်းပင်ဖြစ်သည်။ ကက္ကင်းကတော့ ပြောင်းပြန်ယူရသည်။ ဗုဒ္ဓဟူးနှင့်စနေဆိုလျှင် စနေနှင့် ဗုဒ္ဓဟူး ပြန်ယူရခြင်းဖြစ်၏။
ဥပမာ- မော်တော်ကားဆိုလျှင် ကြာသပတေး + စနေ + တနင်္လာဖြစ်၏။ ထို့ကြောင့် တနင်္လာ၊ စနေ၊ ကြာသပတေးယူရမည်။ မော်တော်ကား၏ကက္ကင်းသည် ' ဂန္ဓမာ 'ဖြစ်၏။ မိမိ၏မော်တော်ကား အန္တရာယ်ကင်းရန်၊ တက္ကစီဆိုလျှင်လည်း ဆွဲကောင်းရန် ဂန္ဓမာပန်းကို ကားမှာချည်ထားရသည်။
လူနာမည်ဆိုလျှင်လည်း ထိုအတိုင်းပင်ဖြစ်၏။ ဥပမာ- သန်းမြင့်အောင်၏ ကက္ကင်းသည် အမဲသားဖြစ်၏။ နုနုရည်ဆိုလျှင် ရှမ်းနံနံ၊ ခင်ပန်နှင်းကျတော့ နှမ်းဖတ်ချဉ်၊ ခင်မြဇင်အတွက် ကက္ကင်းအဆောင်ကတော့ ဆိတ်မျက်ချေးဖြစ်လေ၏။
" ကက္ကင်းဓာတ်က တကယ်မိပြီဆိုရင် သိပ်အစွမ်းထက်တယ်။ တော်ရုံတန်ရုံနဲ့ချေဖျက်ဖို့မလွယ်ဘူး။ ဥပမာပြောရရင် ဟိုတစ်ချိန်က အာဖဂန်နစ္စတန်မှာ အုပ်စိုးခဲ့တဲ့ တာလီဘန်တွေကိုကြည့်၊ သူတို့ရဲ့မဟာမိတ်က ဘယ်သူလဲ၊ ဘင်လာဒင် မဟုတ်လာ တာလီဘန်နဲ့ ဘင်လာဒင်က ကက္ကင်းဓာတ်ပဲ။ ဒါကြောင့်လည်း အင်အားကြီးလှပါတယ်ဆိုတဲ့ အမေရိကန်တွေကိုတောင် ကောင်းကောင်း ဒုက္ခပေးနိုင်တာပေါ့ "
ခုလိုရှာရှာဖွေဖွေ အချက်အလက်များနှင့် သင်ကြားပေးနိုင်သောကြောင့်လည်း ထိုသင်တန်းများ နာမည်ကြီးရခြင်းဖြစ်သည်။
အဆောက်အအုံ၏ လေးထပ်တွင်ရှိသော လက္ခဏာဌာနခွဲ၏ အခန်းတစ်ခန်းထဲတွင် ဆရာသည် လူတစ်ယောက်၏ လက်ဝါးပြင်ကို ဂရုတစိုက်လေ့လာကြည့်ရှုနေသည်။ ဟိုရှေးခေတ်ကလို ဆရာရှေ့မှာ လက်ဝါးဖြန့်ပြ၊ ဆရာက မှန်ဘီလူးဖြင့်ကြည့်တာမျိုးမဟုတ်တော့။ လက္ခဏာကြည့်မည့်သူက လက်ဖဝါးနှစ်ဖက်ကို စားပွဲပေါ်ရှိစကင်နာမှန်ပြားပေါ် တင်ထားရုံပင်ဖြစ်၏။ စက်ကဖတ်ယူပြီး မော်နီတာပေါ်မှာ ပုံကြီးချဲ့ပေးလိုက်သည်။ လက္ခဏာအရေးအကြောင်းများသည် အသေးစိတ် ထင်ရှားပေါ်လွင်သော အရောင်များ ခြယ်ပေးထားသည်။
ဆရာက လက္ခဏာပေါ်ရှိ အမှတ်အသားတစ်ခုကို လေဆာပွိုင့်တာနှင့် ထိုးလိုက်သည်။ ဇီးကွက်နှုတ်သီး သဏ္ဌာန်ရှိသော အရေးအကြောင်းကလေးသည် လင်းချည်မှိတ်ချည်ဖြစ်နေ၏။
" တွေ့လား၊ အဲဒါလာဘ်ခေါ်ကောင်းတဲ့ သင်္ကေတပဲ။ ဝယ်သူတစ်ယောက်မှမရှိဘဲ ခြောက်ကပ်နေတဲ့ဆိုင်ထဲကို ခင်ဗျားဝင်သွားပြီဆိုမှ နောက်ထပ်ဝယ်မယ့်လူတွေ ပြုံပြီးလိုက်ဝင်လာတာမျိုးလေ "
လက္ခဏာမေးမည့်သူက အလျင်အမြန် ခေါင်းညိတ်ပြီး
" ဟုတ်ပါတယ်ဆရာ၊ ခဏခဏကြုံဖူးတယ် "
" အဲဒါဟောဒီအမှတ်လက္ခဏာကြောင့်ပဲပေါ့၊ ဇီးကွက်ဆိုတာ လာဘ်ကောင်မဟုတ်လားဗျ။ ခင်ဗျာဟာ ထူးထူးခြားခြားကို လာဘ်ခေါ်ကောင်းတဲ့ပုဂ္ဂိုလ်ပဲ။ ဈေးရောင်းမယ်ဆိုရင်တော့ ခင်ဗျားဆိုင်မှာ ဝယ်သူတွေအုံခဲနေမှာပဲ။ ဘာအလုပ်ပဲလုပ်လုပ်ပါလေ။ဖောက်သည်တွေဟာ ဝင်လာမစဲ တသဲသဲ ဆိုတာမျိုးပေါ့ဗျ၊ အထူးသဖြင့် ဇီးကွက်နှုတ်သီးပုံပါတဲ့အတွက် ညဘက်လုပ်ရင်ပိုပြီးအောင်မြင်မယ် "
" သိပ်မှန်တာပဲဆရာရယ်၊ ဒါကြောင့်လည်း ခက်နေတာပေါ့ "
" ဘာကြောင့်လဲဗျ "
" ကျွန်တော်က ဆေးရုံကအရေးပေါ်ဌာနမှာ လုပ်တာဆရာရဲ့။ အထူးသဖြင့် ကျွန်တော် ညဂျူတီကျတဲ့အခါဆိုရင် ဆေးရုံတစ်ရုံလုံး မအိပ်ရ၊ မနားရတာ့ဘူး။ သူများတွေကလည်း ပြောနေ ညည်းနေကြပြီ။ အဲဒါ ဘာလုပ်ရမလဲဆရာ "
ဆရာသည် တွေသွား၏။ မျက်မှောင်ကုတ်၍ စဉ်းစားနေသည်။ ခဏအကြာမှာ အကြံကောင်းရဟန်ဖြင့်
" ဒါကလွယ်ပါတယ်၊ ခင်ဗျားအနေနဲ့ ဆေးဝါးနဲ့အလှူငွေလက်ခံဌာနကိုပြောင်းရွှေ့အမှုထမ်းဖို့ လျှောက်လွှာတင်လိုက်ပေါ့ဗျာ "
လက္ခဏာမေးသူသည် ခုမှဝမ်းမြောက်ဝမ်းသာဖြစ်ပြီး ရွှင်လန်းတက်ကြွလာသည်။
ခုလို အကျိုးပြု ဟောကိန်းများကြောင့်လည်း အနာဂတ်ကုမ္ပဏီလီမိတက်သည် ဆထက်ထမ်းပိုး တိုးတက်အောင်မြင်နေခြင်းဖြစ်ပေသည်။
(ဤဝတ္ထုတွင်ပါဝင်သော အကြောင်းအရာများသည် စနစ်တကျတွက်ချက်ထားခြင်းမျိုးမဟုတ်ပါ။ မတောက်တခေါက်ကြားဖူး၊ ဖတ်ဖူး၊ မှတ်ဖူးတာလေးတွေနှင့် ပေါင်းစပ်ဖန်တီးထားသော စိတ်ကူးယဉ် ဟာသဇာတ်လမ်းတစ်ပုဒ်ဟူ၍သာ မှတ်ယူကြပါရန်)
အိုင်ဒီယာ မဂ္ဂဇင်း၊ ၂၀၀၅၊ နိုဝင်ဘာ
No comments:
Post a Comment
mr.kyaingtun@gmail.com