Saturday, December 8, 2012

အနာဂတ်ကုမ္ပဏီလီမိတက် (ပထမပိုင်း) by မင်းလူ၏ ၀တ္တုတိုများ on Wednesday, October 3, 2012 at 5:13am


 ·


တစ်နှစ်တာအတွင်း အအောင်မြင်ဆုံး ကုမ္ပဏီဆုကို သုံးနှစ်ဆက်တိုက် ရရှိခဲ့ပြီဖြစ်သည်။ နောက်နှစ်တွေမှာလည်း ဆက်ပြီးရဖို့ အလားအလာကောင်းနေသည်။ အစုရှယ်ယာဈေးတွေကလည်း တရိပ်ရိပ်တက်နေသည်။ အမြတ်ရာခိုင်နှုန်းကလည်း တစ်နှစ်ပြီးတစ်နှစ်ပို၍ မြင့်မားလာသည်။ နိုင်ငံခြားတိုင်းပြည်များမှာပါ ကုမ္ပဏီခွဲတွေဖွင့်ဖို့ အစီအစဉ်တွေ စတင်ရေးဆွဲနေရပြီ။ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် အကောင်းဆုံး၊ အသင့်တော်ဆုံး ကုမ္ပဏီဖြစ်ကြောင်း စီးပွားရေး ပညာရှင်များအဖွဲ့ကပင် ထောက်ခံမှုပေးထားသည်။
    ထိုကုမ္ပဏီကား ' အနာဂတ် ကုမ္ပဏီလီမိတက် 'ပင်ဖြစ်ပေသည်။
    ဥက္ကဌအပါအဝင် ထိပ်တန်းဒါရိုက်တာအဖွဲ့ဝင် ငါးဦးတို့သည် ထိုကုမ္ပဏီကို စတင်တည်ထောင်သူများဖြစ်ကြ၏။ သူတို့သည် မူလက သာမန် မထင်မရှား ဗေဒင်လက္ခဏာဆရာများသာဖြစ်ကြ၏၊ ဘုရားစောင်းတန်းတစ်ခုမှာ ခုံကလေးတွေချပြီး ဟောခဲ့ကြရသည်။ သိပ်အလုပ်မဖြစ်ကြ။
    နောက်တော့ သူတို့ငါးယောက်ပေါင်းပြီး အတော်အသင့်လူစည်ကားသော မြို့နယ်တစ်ခုမှာ အခန်းကလေးတစ်ခန်းငှားပြီး အလုပ်ခန်းဖွင့်ကြည့်သည်။ အဆင်မပြေလှ။ တချို့လတွေကျလျှင် အလုပ်ခန်းလခအတွက်တောင် ပြည့်အောင်မရသဖြင့် အိတ်ထဲက စိုက်ထုတ်ကြရသည်။ ကိုယ့်လုပ်ငန်းအတွက်တောင် အောင်မြင်အောင် ယတြာမချေနိုင်တဲ့လူတွေက ဟောစာတမ်းတွေထုတ်နေလို့ ဘာအသုံးကျတော့မှာလဲ။


    သူတို့သည် ကိုယ့်ပညာကိုတောင်ပြန်၍မယုံကြည်နိုင်သလိုဖြစ်လာ၏။ သို့ရာတွင် သူတို့၏ ကံကြမ္မာကတော့ သူတို့လို ဝေဒပညာရှင်တွေ ကိုယ်တိုင်ပင်မသိလိုက်ဘဲ လူးလွန့်နိုးထလာခဲ့လေသည်။
    ထိုနေ့အဖို့ဗေဒင်လက္ခဏာမေးမယ့်လူ တစ်ယောက်မှရောက်မလာသေး။ ခပ်ပျင်းပျင်းရှိသဖြင့် အားကစားဂျာနယ်တွေဖတ်ရင်း မကြာခင်ကျင်းပတော့မည့် ယူရို ၂၀၀၄ ဘောလုံးပွဲမှာ ဗိုလ်စွဲနိုင်ခြေရှိသော အသင်းများကို ခန့်မှန်းနေကြသည်။
    အကြမ်းဖျင်း တွက်ချက်မှုအရ တနင်္လာနံနှင့်စသော အသင်းတစ်သင်း ဗိုလ်စွဲနိုင်မည်ဟု အဖြေထွက်သည်။ ဂျာမနီ (သို့မဟုတ်) ချက်အသင်း ဖြစ်နိုင်သည်ဟု ယူဆကြသည်။
    ထိုစဉ်တွင် ရုံးခန်းထဲသို့ ဧည့်သည်တစ်ယောက်ဝင်လာသည်။ သီလရှင် ဆရာလေးတစ်ပါးပင်ဖြစ်သည်။ အသက်သုံးဆယ်ဝန်းကျင်ခန့်ရှိမည်။ ဦးခေါင်းမှဆံပင်များကို ပြောင်နေအောင်ရိတ်ထားသည့်တိုင် ကြည်လင်ချောမောသော မျက်နှာက ပေါ်လွင်နေသည်။
    " ကြွပါဆရာလေး၊ ကြွပါ "
    တစ်ယောက်က လေးလေးစားစား ဖိတ်ခေါ်လိုက်သည်။ ဆရာလေးသည် စားပွဲရှေ့မှာရပ်သည်။
    " ထိုင်ပါ၊ ဘာအကူအညီ ပေးရပါမလဲ "
    ဟု နောက်တစ်ယောက်က မေးသည်။ ဆရာလေးသည် မတ်တပ်ရပ်လျက်ကပင်
    " ဝတ္ထုငွေနည်းနည်းလောက် အလှူခံချင်လို့ပါ "
    " ရပါတယ် ဆရာလေး၊ ဘယ်လောက် အလိုရှိပါသလဲ "
    ဆရာလေးသည် စားပွဲပေါ်မျ အားကစားဂျာနယ်များကို တစ်ချက်ကြည့်လိုက်ပြီးမှ
    " ရှစ်ဆယ့်ခုနှစ်ကျပ်ပါ "
    ခုချိန်မှာ တစ်ကျပ်တန်ကို ရှာဖို့လည်းမလွယ်တော့။ ထို့ကြောင့် တစ်ရာတန်တစ်ရွက် ကပ်လှူလိုက်ပြီး
    " တစ်ရာတန်ပဲ လက်ခံလိုက်ပါ ဆရာလေး  "
    ဆရာလေးက တစ်ရာတန်ကို နှီးဗန်းလေးဖြင့် ခံယူလိုက်သည်။ ဗန်းထဲမှာ အဆင်သင့်ရှိနေသော စာအိတ်ကလေးတစ်အိတ်ကို ပြန်ကမ်းပေးသည်။
    " ကိုယ်ရောစိတ်ပါ ရွှင်လန်းဖြာ ကျန်းမာကြပါစေ "
    ဟု ဆုတောင်းပေးပြီးနောက် ဣနြေ္ဒရစွာ ပြန်ထွက်သွားသည်။ စာအိတ်ကိုဖွင့်ကြည့်လိုက်တော့ ပြန်အမ်းငွေ တစ်ဆယ့်သုံးကျပ်ကိုတွေ့ကြရသည်။ အသစ်စက်စက် တစ်ဆယ်တန်တစ်ရွက်နှင့် တစ်ကျပ်တန်သုံးရွက်။
    ဆရာလေးသည် ငွေရှစ်ဆယ့် ခုနှစ်ကျပ်တိတိကိုသာ အလှူခံသွားခြင်းမှာအကြောင်းမဲ့သက်သက် မဖြစ်နိုင်။ အဓိပ္ပာယ်တစ်ခုခုတော့ ရှိရမည်ဟု ဝေဒသမားတို့၏ ပင်ကိုယ်စိတ်ဖြင့် အလိုလိုသိလိုက်၏။
    သူတို့သည်ဘာအဓိပ္ပာယ်လဲဟု အမျိုးမျိုးစဉ်းစားကြည့်ကြသည်။ အဖြေကိုမရ။ တစ်ယောက်က အားကစားဂျာနယ် အဖြူသားလွတ်နေရာပေါ်မှ ရှစ်ဆယ့်ခုနစ်ကျပ်ဆိုသော စာသားကို ရေးပြီစေ့စေ့စပ်စပ်ကြည့်သည်။ တွေးလို့မရ။ ဂဏန်းဖြင့် ရေးကြည့်ပြန်သည်။ ၈၇ိ/- ။
    " တစ်ခုခု ထူးခြားနေသလိုပဲ၊ ဟုတ်ပြီ "
    ၈၇ိ/-ဟု ဂဏန်းနှင့်ရေးထားတာကို ရှစ်ဆယ့်ခုနစ်ကျပ်ဟုဖတ်ရမည် ဖြစ်သည်။ သို့ရာတွင် ဂဏန်းတွေကို အက္ခရာစာလုံးတွေအဖြစ် သဘောထားပြီး ဖတ်ကြည့်မယ်ဆိုလျှင်တော့ အသံထွက်ပုံက
    " ဂရိ "
    သူတို့သည် အားကစားဂျာနယ်များကို လှန်ပြီးရှာဖွေကြည့်ကြသည်။ ယူရို ၂၀၀၄ ဘောလုံးပွဲဝင်နွှဲမည့် အသင်းတွေထဲမှာ ဂရိနိုင်ငံလည်း ပါဝင်နေကြောင်းတွေ့ရ၏။
    သို့ရာတွင် ဂရိအသင်းသည် နာမည်ကြီးမဟုတ်။ ခြေစွမ်းက သာမန်မျှသာရှိ၏။ အုပ်စုအနေအထားအရလည်း အိမ်ဖြည့်သဘောလောက်သာဖြစ်သည်။ ဗိုလ်စွဲဖို့နေနေသာသာ အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ဖို့ အခြေအနေမှာတောင်မရှိ။ တစ်ခုသာပြောစရာရှိသည်။ သူတို့အကြမ်းဖျင်း တွက်ချက်ခဲ့စဉ်က တနင်္လာနံနှင့်စသော အသင်းဗိုလ်စွဲမည်ဟု အဖြေထွက်ခဲ့သည်။ ဒီတစ်ချက်တော့ ကိုက်ညီမှုရှိနေ၏။
    ဘာပဲဖြစ်ဖြစ် အသေးစိတ်တွက်ချက်ရမည်။ ဂရိနိုင်ငံ၏ လတ္တီတွဒ်၊ လောင်ဂျီတွဒ် တည်နေရာကိုရှာသည်။ ဘောလုံးပွဲကျင်းပချိန်တွင် ဖြစ်ပေါ်နေမည့် ဂြိုဟ်နက္ခတ်တို့၏ အနေအထားနှင့် တိုက်ကြည့်သည်။ ခရစ်ရှနားမူတီး ဟောကိန်းနှင့် ညှိသည်။ ဂဏန်းဗေဒင်နှင့်တွက်သည်။ တဲရော့ကတ်ကိုလည်း သုံးသည်။ အယူတော် မင်္ဂလာ အတိတ်နိမိတ်ပါမကျန် ဘက်စုံထောင့်စုံက စစ်ဆေး တွက်ချက်ကြည့်သောအခါ အံ့ဩဖွယ်အဖြေတစ်ခု ထွက်လာသည်။
    ယူရိုမှာ ဂရိနိုင်ငံအသင်း ဗိုလ်စွဲရမည်။
    သူတို့သည် ကြီးမားသော စွန့်စားမှုတစ်ခုကို ပြုလုပ်ဖို့ ဆုံးဖြတ်လိုက်ကြသည်။ အားကစားဂျာနယ်များအပါအဝင် နာမည်ကြီးဂျာနယ်တွေထဲမှာ သူတို့၏ လုပ်ငန်းကြော်ငြာကို ထည့်သွင်းလိုက်သည်။ ကြော်ငြာစာသားထဲမှာ ဂရိဗိုလ်စွဲရမည်ဆိုသော ဟောကိန်းကိုပါ စာလုံးမည်းကြီးနှင့် ထည့်သွင်းဖော်ပြလိုက်၏။
    တချို့က ရဲရင့်သော ဟောကိန်းဟုဆို၏။ အများစုကတော့ ခပ်ကြောင်ကြောင် ဗေဒင်ဆရာတွေပဲဟု ရယ်သွမ်းသွေးကြသည်။ ဂျာနယ်တစ်စောင်ကဆိုလျှင်
    " ခင်ဗျားတို့ ဟောကိန်းကြောင့် ကျွန်တော်တို့ ဂျာနယ်ပါ ထိခိုက်နေပါဦးမယ် "
    ဟုဆိုပြီး ကြော်ငြာကိုတောင် လက်မခံပဲ ငြင်းပယ်လိုက်၏။
    ထိုကြော်ငြာပါပြီးနောက် သူတို့အလုပ်ခန်းကို ဗေဒင်လက္ခဏာမေးမည့်သူ တစ်ယောက်မှရောက်မလာတော့။ သူတို့အနေဖြင့် အဖြေကိုထိုင်စောင့်နေရုံသာ ရှိတော့သည်။ ဟောကိန်းမမှန်လို့ကတော့ ဒီအလုပ် လုပ်စားလို့ရမှာ မဟုတ်တော့။
    သို့ရာတွင် ဂရိအသင်းသည် တစ်ဆင့်ပြီးတစ်ဆင့် အောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့သည်။ ထိပ်သီးတွေကို တစ်သင်းပြီးတစ်သင်းဖြုတ်ချခဲ့ပြီး ဗိုလ်လုပွဲမှာလည်း အိမ်ရှင်ပေါ်တူဂီကိုအနိုင်ရပြီး ဥရောပချန်ပီယံဖလားကြီး ဆွတ်ခူးသွားသည်။
    ထိုအခါမှစ၍ သူတို့၏ လုပ်ငန်းမှာလည်း တစ်ရှိန်ထိုး နာမည်ကြီးသွားလေတော့သည်။ သူတို့ဆီမှာ ဗေဒင်လက္ခဏာမေးချင်သူများသည် တစ်ပတ်ခန့် ကြိုတင်ပြီး တိုကင်ယူရသည့် အခြေအနေမျိုးရောက်လာသည်။
    ဒါတွင်မကသေး၊ သူတို့လုပ်ငန်းအောင်မြင်မှုကို အထွတ်အထိပ်ရောက်အောင် တွန်းပို့ပေးမည့် အခွင့်အရေးတစ်ခုသည်လည်း ထပ်မံပေါ်ပေါက်လာခဲ့ပြန်သည်။
    ၂၀၀၄-၂၀၀၅ ဥရောပချန်ပီယံလိဂ် ဘောလုံးဗိုလ်လုပွဲပင် ဖြစ်လေ၏။ အီတလီမှ အေစီမီလန်နှင့် အင်္ဂလန်မှ လစ်ဗာပူးတို့ ယှဉ်ပြိုင်ကြရမည်။
    ဝါအရရော၊ သမ္ဘာအရရော၊ ပညာအရရော၊ ဘောလုံးသမားလူစားရင်းအရပါ အေစီမီလန်က အဘက်ဘက်မှသာနေသည်။ သို့ရာတွင် သူတို့၏ တွက်ချက်မှုအရ လစ်ဗာပူး ဗိုလ်စွဲမည်ဟု ဟောကိန်းထုတ်လိုက်သည်။
    တကယ်တန်းကြတော့ အေစီမီလန်က တစ်ဂိုးစသွင်းသည်။ ဒီလောက်က ကိစ္စမရှိ။ အချိန်မရွေးပြန်ချေနိုင်သည်။ မီလန်က တစ်ဂိုးထပ်သွင်းပြန်သည်။ နည်းနည်းတော့ ကိစ္စရှိလာပြီ။ ပထမပိုင်းမပြီးခင်မှာပင် နောက်တစ်ဂိုး ထပ်သွင်းပြန်သည်။ သုံးဂိုး ဂိုးမရှိ။
    အခြေအနေက တော်တော်ဆိုးသွားပြီ။ မီလန်လိုအသင်းမျိုးကို သုံးဂိုးပြန်ချေဖို့ဆိုတာ မျှော်လင့်ချက်မရှိသလောက်ပင်ဖြစ်၏။ ကစားကွက်အရလည်း မီလန်က တစ်ချိန်လုံး အပေါ်စီးက စိတ်ကြိုက်မွှေနှောက် ကစားနေသည်။
    ဒီတော့ သူတို့ဟောကိန်းကိုယုံပြီး လစ်ဗာပူးဘက်က ပုံအောသူတွေ ဖုန်းတတီတီဆက်ပြီး အပြစ်တင် ကြိမ်းမောင်းကြသည်။ မီလန်ဘက်တော်သားတွေကလည်း လှမ်းရိကြသေးသည်။ အီးမေးလ်တွေလည်း အဆင်မပြတ်ဝင်လာသည်။
    တစ်ခုခုတော့ လွဲချော်နေပြီ။ ထို့ကြောင့် ကွန်ပျူတာထဲက မီလန်-လစ်ဗာပူးပွဲ တွက်ချက်မှုဖိုင်ကို ချက်ချင်းပြန်ဖွင့်သည်။ အချက်တစ်ချက်ရှာတွေ့၏။
    လစ်ဗာပူးအသင်းကို အထောက်အကူပြုနေသည့် ဂြိုဟ်တစ်လုံးသည် ' ရီထရို '  အခြေအနေမှာ ရောက်နေခြင်းပင်ဖြစ်သည်။
    ထိုသက်ရောက်မှုကြောင့် အခက်အခဲ အကျပ်အတည်းနှင့် ကြုံနေရခြင်းသာဖြစ်သည်။ သို့ရာတွင် ထိုအခြေအနေမှ လွတ်မြောက်ဖို့မှာ လောင်ဂျီတွဒ်အားဖြင့် ငါးဒီဂရီသာ လိုတော့သည်။ မိနစ်နှစ်ဆယ်။
     ' ရီထရို ' မှလွတ်မြောက်ခါစတွင် ထူးခြားအံ့ဩဖွယ် အပြောင်းအလဲများဖြစ်တတ်သည်။ ထို့ကြောင့် ဒုတိယပိုင်းတွင် လစ်ဗာပူးသည် အထက်စီးကို ပြန်ရောက်ရပေလိမ့်မည်။
    နောက်တစ်ချက်ကတော့ အေစီမီလန်အသင်းကို ဦးဆောင်ကစားနေသော မာလ်ဒီနီ၏ ကံဇာတာနှင့် ပက်သက်သည်။ လက်ရှိအချိန်မှာ ဖြစ်ပေါ်နေသော သူ၏ ကံကြမ္မာသည် ယူရို၂၀၀၀ပွဲတုန်းက ဗိုလ်လုပွဲမှာ သူက  အီတလီအသင်းခေါင်းဆောင်။ ပြင်သစ်နှင့် ကန်ရသည်။ ပွဲပြီးခါနီးထိ အီတလီက တစ်ဂိုးအသာနှင့် နိုင်နေသည်။ မိနစ်ပိုင်းလေး အလိုကျမှ ပြင်သစ်က ချေပဂိုးသွင်းသည်။ အချိန်ပိုမှာ တစ်ဂိုးထပ်သွင်းပြီ ပြင်သစ်နိုင်သွားသည်။ အီတလီရှုံးသည်။
    အေစီမီလန်သည်လည်း အီတလီအခြေစိုက် အသင်းဖြစ်၏။ လစ်ဗာပူးမှာ အင်္ဂလန်မှဖြစ်သော်လည်း ပြင်သစ်နှင့် အင်္ဂလိပ်ရေလက်ကြားတစ်ခုသာ ခြားသော အိမ်နီးချင်းများဖြစ်၏။ လောင်ဂျီတွဒ်အားဖြင့် သိပ်မကွာလှ။
    ထိုအချက်ကြောင့်လည်း လစ်ဗာပူးက မထင်မှတ်ဘဲ ပြန်နိုင်သွားလိမ့်မည်ဟု ကောက်ချက်ချနိုင်သည်။
    နောက်ထူးခြားတိုက်ဆိုင်မှုတစ်ခုကတော့ နှစ်ဖက်ဂိုးသမားတို့၏ အမည်များပင်ဖြစ်သည်။ အေစီမီလန်ဂိုးသမား ' ဒီဒါ' ။ လစ်ဗာပူးဂိုးသမား  ' ဒူးဒက် '။ စနေနံဖြစ်သော ' ဒ 'နှစ်လုံးထပ်တွေချည်း ဖြစ်၏။
    အေစီမီလန်အသင်းကို မီလန်ဟု ခေါ်ကြတာများသည်။ ကြာသပတေးနံဖြစ်၏။ စနေနှင့် ကြာသပတေး ' ဓမ္မာ ' ဓာတ်ကျနေသည်။ ရန်ဘက်ဖြစ်၏။ အသင်းခေါင်းဆောင် မာလ်ဒီနီသည်လည်း ကြာသပတေး၊ စနေ ' ဓမ္မာ ' ဖြစ်နေပြန်၏။
    လစ်ဗာပူးက ဗုဒ္ဓဟူးနံ။ စနေနှင့် မိတ်ဖက်။ ' ဒန်းလှ ' ဓာတ်ဖြစ်၏။ ပြီးတော့ ဒူးဒက်ကလည်း တစ်ခါတစ်ခါရူးကြောင်ကြောင်လုပ်တတ်တယ်မဟုတ်လား။ ဒီတော့ ဒူးဒက်သည် အနိုင်အရှုံးကို အဆုံးအဖြတ်ပေးလိမ့်မည်။
    သူတို့သည် ဘောလုံးပွဲကို မျက်ခြေမပြတ် စောင့်ကြည့်နေကြသော အားကစားဂျာနယ်တိုက်များဆီသို့ ချက်ချင်း ဖုန်းဆက်ပြီးလစ်ဗာပူးနိုင်ကိုနိုင်ရမည် ဟု အကြောင်းကြားလိုက်သည်။ ကမ္ဘာအရပ်ရပ်ရှိ သတင်းဌာနများဆီသို့ သူတို့၏ ဟောကိန်းကိုအီးမေးလ်နှင့် အမြန်ပို့လိုက်သည်။ လစ်ဗာပူး မန်နေဂျာ ဘင်နီတက်စ်ထံသို့ တိုက်ရိုက်ဖုန်းဆက်သေးသည်။ ဖုန်းမကိုင်ဘဲ မက်ဆေ့ခ်ျပေးထားပါဆိုသဖြင့် အားမလျှော့ဖို့နှင့် နိုင်မှာ ကျိန်းသေကြောင်း အားပေးစကားပြောထားလိုက်သည်။
    ဒုတိယပိုင်းပြန်စပြီးမကြာခင်မှာပင် လစ်ဗာပူးအသင်းက မိနစ်အနည်းငယ်အတွင်း သုံးဂိုးဆက်တိုက် ပြန်သွင်းလိုက်သည်။
    သရေဖြစ်နေသဖြင့် အချိန်ပိုကန်ရသည်။ တစ်ဖက်ဖက်က ဂိုးထပ်မသွင်းနိုင်သဖြင့် ပင်နယ်တီငါးလုံးစီ ကန်ကြရသည်။
    နောက်ဆုံး အဆုံးအဖြတ်ပေးမည့် ပင်နယ်တီကို ကန်မည့်သူမှာ မီလန်မှ ရှက်ဗ်ချင်ကို။ ဗုဒ္ဓဟူးနံ ဖြစ်နေပြန်၏။ ဖမ်းမယ့် ဂိုးသမားက ဒူးဒက်။ စနေနှင့် ဗုဒ္ဓဟူး မိတ်ဖက်ဖြစ်သဖြင့် ဘောလုံးသည် ဒူးဒက်ဆီ တည့်တည့်ရောက်သွားပြီး ကာကွယ်လိုက်နိုင်လေသည်။
    သူတို့ဟောကိန်း ထုတ်ထားတဲ့အတိုင်း ကွက်တိပဲ။ လစ်ဗာပူးအသင်းဗိုလ်စွဲပြီ။
    သူတို့ကို ချီးကျူးဂုဏ်ပြုသော တယ်လီဖုန်းတွေ၊ အီးမေးလ်တွေ အဆက်မပြတ်ဝင်ရောက်လာသည်။ လစ်ဗာပူးအသင်းမန်နေဂျာ ဘင်နီတက်စ်ဦးဆောင်ပြီး အသင်းသားတွေအားလုံး စုပေါင်းလက်မှတ်ထိုးထားသော ကျေးဇူးတင်ကြောင်း သဝဏ်လွှာလည်းရောက်ရှိလာသည်။ ကမ္ဘာကျော် သတင်းစာကြီးများ ဖြစ်ကြသော နယူးယောက်တိုင်း၊ အင်တာနေရှင်နယ် ဟာရယ်ထရီဗြွန်း၊ လေမွန့်၊ အဆာဟိရှင်ဘွန်း၊ ဘန်ကောက်ပို့စ်၊ စထရိတ်တိုင်းစသည်တို့ကလည်း သူတို့၏ ဟောကိန်းအကြောင်းကို တခမ်းတနားရေးရသည်။ တိုင်း မဂ္ဂဇင်းကြီးကတောင်မှ အထူးသတင်းထောက်တစ်ယောက် စေလွှတ်ပြီး အင်တာဗျူးလုပ်ခဲ့ရလေ၏။
    သူတို့၏လုပ်ငန်းမှာလည်း တစ်ရှိန်ထိုး အောင်မြင်လာသည်။ သူတို့ဆီမှာ ဗေဒင်လက္ခဏာမေးဖို့ လပေါင်းများစွာကြာအောင် ကြိုတင်စာရင်းပေး စောင့်ဆိုင်းရတာမျိုး ဖြစ်လာ၏။ နိုင်ငံခြားက လှမ်းမေးတာမျိုးတွေတောင်ရှိလာသည်။ ထို့ကြောင့် လုပ်ငန်းကိုတိုးချဲ့ရသည်။ ဝန်ထမ်းတွေ ထပ်ခန့်ရသည်။ လုပ်ငန်းသည် တဖြည်းဖြည်း ပို၍ပို၍ကြီးကျယ်လာသောအခါ အစုရှယ်ယာတွေခေါ်ပြီး ကုမ္ပဏီလီမိတက်တစ်ခု ဖွဲ့စည်းတည်ထောင်ရလေတော့သည်။
    သူတို့ကုမ္ပဏီ  အဆောက်အအုံသည် ဆယ်ထပ်ရှိသည်။ ဂရနိုက်ကျောက်များဖြင့် တည်ဆောက်ထားသည်။ နဖူးစည်းတွင် ရွှေရောင် ' စဓဗဝ ' စာလုံးကြီးများ တပ်ဆင်ထားသည်။
    အဆောက်အအုံကြီး၏ ရှေ့တွင် ပန်းခြံရှိသည်။ ဘေးဘက်နှင့် နောက်ဘက်မှာတော့ ဓာတ်ရိုက်ဓာတ်ဆင်၊ အဆောင်ယတြာများပြုလုပ်ရာတွင် အဆင်သင့်ရှိနိုင်အောင် နေ့သင့်နံသင့် အပင်မျိုးစုံကို စိုက်ပျိုးထားသည်။ တချို့အပင်ငယ်များကို မှန်လုံအိမ်များထဲတွင် လိုအပ်သောအလင်းရောင်၊ အပူချိန်၊ ရေတို့ကို ပေးပြီးစိုက်ပျိုးထားသည်။ စိုက်ပျိုးဖို့မလွယ်သော ရှားပါးအပင်တွေကိုတော့ လတ်လတ်ဆတ်ဆတ်ရအောင် ပဉ္စငါးပါးစလုံးကို ဖရီဇာရေခဲခန်းထဲတွင် သိမ်းဆည်းထားသည်။ ထိပ်ဆုံး ခေါင်မိုးမျက်နှာပြင်ကွက်လပ်တွင် နက္ခတ်တာရာကြည့် မှန်ပြောင်းကြီးများရှိသည်။
    အဆောက်အအုံကြီး၏ အောက်ဆုံးထပ်တွင် ဧည့်ကြိုဌာန၊ စုံစမ်းရေးဌာန၊ ကြိုတင်ချိန်းဆိုမှုဌာနများရှိ၏။ တစ်ဖက်ခြမ်းရှိ ခန်းမကျယ်ကြီးထဲမှာတော့ အီးဗေဒင်၊ အီးလက္ခဏာဟောပေးသော စက်များရှိလေသည်။ ဘဏ်တွေမှာထားသော အေတီအမ်ခေါ် အလိုအလျောက် ငွေထုတ်စက်လိုပုံစံမျိုးဖြစ်၏။
    ကောင်တာမှ ဝယ်ယူခဲ့သော ကတ်ပြားကို စက်ထဲထိုးထည့်ပြီးကိုယ့်ရဲ့ မွေးနှစ်၊ မွေးလ၊ မွေးရက်၊ မွေးနေ့နှင့် အချိန်တို့ကိုပါ မော်နီတာစကရင်မှာ ပေါ်နေသော ပုံစံကွက်လပ်ထဲ ရိုက်ထည့်ပေးရသည်။ ထို့နောက် ' ပရင့် ' ခလုတ်ကို နှိပ်လိုက်လျှင် စက်ထဲမှ တစ်လစာဟောစာတမ်းစာရွက်ကလေး ထွက်လာသည်။ ဒါက အီးဗေဒင်။
    အီးလက္ခဏာကတော့ စက်မျက်နှာပြင်ပေါ်မှာ အရာပေးထားတဲ့အတိုင်း လက်ဖဝါးနှစ်ဖက်ကို တင်ရသည်။ စက်က စကင်နာဖြင့် ဖတ်ယူလိုက်သည်။ လက္ခဏာဆော့ဖ်ဝဲက အရေးအကြောင်းများကို တိုက်ဆိုင်တွက်ချက်သည်။ ထို့နောက် ဟောကိန်းများကိုလက်ဝါးပြင် ပုံစံနှင့်အတူ စာရွက်ပေါ်ရိုက်နှိပ်ပြီး ထုတ်ပေးလိုက်သည်။ လက်ဖဝါးပုံစံပေါ်ရှိ ထူးခြားသော အမှတ်အသားများကို အမှတ်စဉ်ထိုး၍ ညွှန်ပြထားသည်။ ဘယ်အမှတ်အသားကြောင့် ဘာဖြစ်ကြောင်းရှင်းပြထားသည်။
    ထိုဟောကိန်းများမှာ ယေဘုယျသဘောသာဖြစ်၏။ ဆရာကိုယ်တိုင်ဟောတာလောက်တော့ ပြည့်စုံမှန်ကန်မှုမရှိ။ သို့ရာတွင် ဈေးနှုန်းအလွန်သက်သာသည်။ အချိန်ကုန်ခံပြီး စောင့်နေစရာမလိုဘဲ ချက်ချင်းသိနိုင်သည်။ ထို့ကြောင့် လူကြိုက်များသည်။ ငွေကြေး သိပ်မတတ်နိုင်သူများ အသုံးပြုကြသည်။ တချို့ကလည်း  အပျော်သဘောမေးကြသည်။ ထိုစက်ကလေးများသည် လူစည်ကားရာ နေရာတိုင်းမှာ ထားပေးရသည်။ စက်ထဲထည့်သွင်းရသော ကတ်ပြားလေးများကို တယ်လီဖုန်းကတ်လိုပင် နေရာတကာမှာ အလွယ်တကူ ဝယ်လို့ရနိုင်သည်။
    လူတစ်ယောက်သည် လက္ခဏာဖတ်စက်ရှေ့တွင် ရပ်နေသည်။ လက်ဖဝါးများကို ပုံစံပေါ်တင်ထားသည်။ ထို့နောက် ခလုတ်ကိုနှိပ်လိုက်ပြီး စိတ်စောနေဟန်ဖြင့် စောင့်ကြည့်နေသည်။
    ထိုသူ၏ ရုပ်ရည်ဟန်ပန်နှင့် ဝတ်စားပုံကိုကြည့်လျှင် လက်လုပ်လက်စား တစ်ယောက်ဖြစ်ကြောင်း သိသာ၏။
    စက်ထဲမှ သာယာသော ဂီတသံခပ်တိုးတိုးထွက်လာသည်။ နှစ်မိနစ်ခန့်ကြာသောအခါ စာရွက်တစ်ရွက် ထွက်လာသည်။ ထိုသူသည်စာရွက်ကို ဆွဲယူပြီး စိတ်ဝင်စားစွာ ဖတ်ကြည့်သည်။
၁။     ခုရက်အတွင်း၌ သင့်အဖို့ အမြင့်သို့တက်လှမ်းနေသော ကာလဖြစ်၏။
        (မှန်လိုက်လေ။  ။ သူသည် ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုမှာ အလုပ်လုပ်နေခြင်းဖြစ်၏။ မနေ့ကပင် ဆောက်လက်စတိုက်၏ ခေါင်မိုးပေါ်တက်ပြီး လုပ်ခဲ့ရသေးသည်။)
၂။     ယာဘက် လက်ဝါးပြင်ပေါ်တွင် သန်လျက်ပုံ ပါသောကြောင့်အကြီးအမှူးခေါင်းဆောင်ဖြစ်နိုင်သည်။
    သူအလွန်ဝမ်းသာသွားသည်။ ထိုဟောကိန်းကလည်း မှန်ဖို့တော်တော်နီးစပ်သည်။ ဆိုက်ထဲက တာဝန်ခံအင်ဂျင်နီယာက သူ့ကို တော်တော်သဘောကျနေသည်။ သူကလည်း မျှော်လင့်ထားသည်။ ဒီအတိုင်းဆို မကြာခင်မှာ အဆင်ပြေတော့မည်။ လက္ခဏာပေါ်မှာ သန်လျက်ပုံပါတယ်ဆိုကတည်းက ပန်းရန်အဖွဲ့ခေါင်းဆောင်ဖြစ်ဖို့ အလားအလာကောင်းနေပြီမဟုတ်လား။
    တချို့ကိစ္စတွေက ရက်ချိန်းယူပြီး အကြာကြီးစောင့်ဆိုင်းနေလို့ရတာမဟုတ်။ ရုတ်တရက်ဖြစ်ပေါ်လာသော ပြဿနာတွေ ရှိတတ်၏။ ကျန်းမာရေး ဆိုးရွားလာတာ၊ ဆေးရုံတက်ပြီး ခွဲစိတ်ကုသခံရတာ၊ လင်ပျောက်၊ သားပျောက်ကိစ္စ၊ အမှုအခင်းဖြစ်လို့ အချုပ်အနှောင်ခံရသောကိစ္စ၊ ဒါတွေအတွက် ချက်ချင်းအရေးယူ ဆောင်ရွက်ပေးနိုင်အောင် အရေးပေါ်ဌာနကို ဖွင့်လှစ်ပေးထားသည်။ အမြန်ကြေးတော့ ပေးရသည်။
    လူတစ်ယောက်သည် အရေးပေါ်ဌာန တာဝန်မှူး၏ စားပွဲရှေ့မှာထိုင်နေသည်။ ထိုသူသည် အဝတ်အစားကို တတ်နိုင်သမျှ သပ်ရပ်အောင် ဝတ်ဆင်ထားရသော်လည်း နေလောင်ပြီး ညိုမည်းကြမ်းတမ်းသော အသားအရေကြောင့် အလုပ်ကြမ်းသမား တစ်ယောက်ဖြစ်ကြောင်းထင်ရှားနေသည်။
    " ဘာအကူအညီပေးရမလဲ ခင်ဗျာ "
    တာဝန်မှူးက မေးသည်။
    " ကျွန်တော်... ကျွန်တော် ယတြာချေချင်လို့၊ အဲ မဟုတ်ဘူး၊ ယတြာကို ယတြာပြန်ချေချင်လို့ "
    ထိုသူက ကပေါက်ကချာပြောသည်။
    " သိပ် မရှင်းဘူးခင်ဗျ၊ သေသေချာချာ ပြောပြပါဦး "
    " ဟိုဒင်းလေ၊ ယတြာချေထားတာကို ပြန်ဖျက်ချင်လို့ "  
    " ဗျာ... ဘယ်လို "
    တာဝန်မှူးက ဒါမျိုး တစ်ခါမှ မကြုံဖူးသဖြင့် ကြောင်တောင်တောင်ဖြစ်သွားပြီးမှ
    " ယတြာက အဆင်မပြေလို့လားခင်ဗျ "
    " မဟုတ်ဘူးဆရာရဲ့၊ အဆင်ပြေလွန်းအားကြီးနေလို့ "
    " ဒါနဲ့များ "
    " ဒီလိုပါဆရာ၊ လွန်ခဲ့တဲ့ တစ်လလောက်က ဆရာတို့ဆီကို ကျွန့်တော့်မိန်းမလာပြီး ယတြာချေသွားတယ်လေ "
    " ကျွန်တော်တို့ဆီမှာ ကပ်စတန်မာတွေက များတော့ မှတ်မိဖို့မလွယ်ဘူး၊ နာမည် ပြောပြရင်တော့... "
    " ကျွန်တော့်မိန်းမနာမည်က မနော်တဲ့၊ ကြောင်နှစ်ကောင်ဆေးလိပ်ခုံမှာ အလုပ်လုပ်ပါတယ် "
    " ဩော်... ဟုတ်ပြီ ပြီးရင် ကွန်ပျူတာမှတ်တမ်းထဲမှာ ပြန်ရှာပြီးစစ်ဆေးပေးမယ်။ ခုတော့ ကိစ္စကိုဆက်ပြောပါဦး "
    " ကျွန်တော့်အလုပ်အကိုင်က သိပ်အဆင်မပြေလို့ ယတြာလာတောင်းခဲ့တာပါ။ ယတြာလည်းချေပြီးရော အလုပ်က အရမ်းကောင်းလာတယ်၊ ဒါပေမယ့် ဆရာပဲစဉ်းစားကြည့်ပါဦး။ ကျွန်တော်က ဆိုက်ကားနင်းတာလေ၊ အလုပ်အဆင်ပြေလေ ပိုနင်းရလေပေါ့ "
    " အဲဒီတော့ ဝင်ငွေပိုရတာပဲမဟုတ်လား "
    " ဒါပေမယ့် တစ်ချိန်လုံးနင်းနေရတော့ သေရောပေါ့၊ တစ်နေကုန်လုံးဝမနားရဘူး။ ကြွက်တက်တာလည်း ခဏခဏပဲ၊ ညဘက်အိမ်ပြန်ရောက်ရင် တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေပြီ၊ ဒါတောင်ညကြီးအချိန်မတော် လာနှိုးပြီး မွေးခါနီးဗိုက်ကြီးသည် ဆေးရုံလိုက်ပို့ခိုင်းတာမျိုးက ရှိသေးတယ်။ ကြာရင် လူလည်းပင်ပန်းတာနဲ့ သေလိမ့်မယ်၊ ဒါကြောင့် ကျွန်တော့်မိန်းမလုပ်သွားတဲ့ ယတြာကို ပျက်သွားအောင်ပြန်လုပ်ပေးပါဆရာရယ်။ ကျသလောက်ပေးပါ့မယ် "
    တာဝန်မှူးမှာခေါင်းကုတ်နေလေ၏။
    သူတို့ကုမ္ပဏီတွင် နှစ်စဉ်ကြေးပေးပြီးအသင်းဝင်ထားလို့ရသည်။ အသင်းဝင်များအနေဖြင့် တစ်နှစ်တစ်ကြိမ် အထွေထွေဟောစာတမ်းများ အခမဲ့ရရှိကြသည်။ လာမေးလျှင်လည်း နှစ်ဆယ်ရာခိုင်နှုန်း ဒစ်စကောင့်ရသည်။ ကုမ္ပဏီမှဖွင့်သော သင်တန်းများကိုလည်း တက်ရောက်ခွင့်ရှိသည်။
    သူတို့ကုမ္ပဏီက အစီအစဉ်သစ်တစ်ခုကိုလည်း တီထွင်ထားသေးသည်။ လူတွေအတွက်သာမက အိမ်မွေးတိရစ္ဆာန်လေးများအတွက်ပါ ဟောစာတမ်းများ၊ ယတြာများ ပြုလုပ်ပေးခြင်းဖြစ်၏။ မွေးနေ့ မွေးရက်မသိနိုင်သော တိရစ္ဆာန်လေးများဆိုလျှင်လည်း အမွေးအတောင်၊ အသွေးအရောင်ကိုကြည့်ပြီး အင်္ဂဝိဇ္ဇာနည်း၊ ကြန်အင်လက္ခဏာကြည့်နည်းများဖြင့် ဟောပြောပေးသည်။ ကြောင်ကလေးများအတွက် ရောင်စုံလည်ပတ်ဖဲပြားများ၊ ခွေးများအတွက် ငွေခြူကလေးများ၊ ကြက်တူရွေးများအတွက် ခြေမန်းကွင်းကလေးများ စသည်ဖြင့် ယတြာချေပေးသော ပစ္စည်းများလည်းရှိ၏။
    ထိုအစီအစဉ်မှာ အလွန်အောင်မြင်ပြီး ကုမ္ပဏီအတွက် ဝင်ငွေအမြောက်အမြား တိုးတက်လာစေခဲ့သည်။
    တချို့ကိစ္စတွေကတော့ ဆရာများအနေဖြင့် လူကိုယ်တိုင်သွားရောက် ဆောင်ရွက်ပေးရတာမျိုးရှိသည်။ တိုက်ဆောက်မည့်နေရာတွင် မြေသန့်မင်္ဂလာ ပြုလုပ်ပေးရခြင်း၊ လမ်းဦးတိုက်ဖြစ်နေသောအိမ်များ၊ နို့ညှပ်ကျနေသောအိမ်များကိစ္စ ဖြေရှင်းပေးရခြင်း၊ ညောင်ပင်စသော အပင်ကြီးများခုတ်လှဲရာမှာ အစီအရင်များ လုပ်ပေးရခြင်းတို့ဖြစ်သည်။ ဒီလိုအခါမျိုးမှာတော့ ဒိုးတူဒိုးစံနစ်ဖြင့် ဝန်ဆောင်မှုပေးရလေသည်။ ဝန်ဆောင်ခကိုလည်း နင့်နေအောင် ပေးရတတ်သည်။
    အလုပ်အများဆုံး လူအစည်ကားဆုံးကတော့ ယတြာဌာနပင်ဖြစ်၏။ လိုအပ်သမျှ အားလုံးပြည့်စုံအောင် အဆင်သင့်စုဆောင်းပြင်ဆင်ထားရသည်။ ယတြာပစ္စည်းဆိုတာကလည်း အမျိုးအစားပေါင်းစုံလင်လှသည်။
    အပင်မျိုးစုံတို့၏ အသီး၊ အရွက်၊ အခေါက်၊ အပွင့်၊ အမြစ်များ၊ ဆင်းတုတော်၊ ရှင်သီဝလိရုပ်တု၊ သူရဿတီစသည်တို့ ထုလုပ်ရန်အတွက် နံ့သာဖြူ၊ ကရမက်၊ သစ်ကနက်၊ ရှားနှစ်၊ ကျွန်း၊ ပိတောက် စသော သစ်သားများ၊ ဒက္ခိဏသာခါ သစ်ကိုင်းများ၊ ရွှေ၊ ငွေ၊ ကြေး၊ ခဲစသော သတ္တုများ၊ ဆင်စွယ်၊ ဝက်စွယ်၊ ကျားရိုး၊ ဖြူဆူး၊ လိပ်ခွံစသော တိရစ္ဆာန်ထွက်ပစ္စည်းများ၊ ဥဿဖယား၊ အညံ့ပန်း၊ ပယင်း၊ ကြောင်၊ ဂေါ်မုတ်စသော တွင်းထွက်များ၊ ခြမြေ၊ နကျယ်အိမ်၊ ပင့်ကူခြောက်စသော ရှာရခက်သည့် ပစ္စည်းများ။
    အင်းချပ်များ ပြုလုပ်သော အလုပ်ရုံလည်းရှိ၏။ အင်းချပ်များမှာ အမျိုးအစား ထောင်နှင့်ချီရှိသဖြင့် ကွန်ပျူတာထိန်းချုပ်သော စက်များနှင့် ရေးထွင်းရသည်။
    လူတစ်ယောက်သည် ဟောပြောခန်းမှ ဆရာရေးပေးလိုက်သော စာရွက်ကလေးကိုကိုင်ပြီး ဝင်လာသည်။ ကောင်တာရှေ့မှာရပ်ပြီး စာရွက်ကိုကမ်းပေးလိုက်၏။ ဝန်ထမ်း အမျိုးသမီးလေးက ဖြတ်ပိုင်းပေါ်မှာ တစ်စုံတစ်ခုရေးပြီး ပြန်ပေးသည်။
    " ငွေသွားသွင်းလိုက်ပါရှင်၊ ပြီးရင် ဒီကိုပဲ ပြန်လာခဲ့ပါ "
    ထိုသူက ဖြတ်ပိုင်းကိုယူပြီး ငွေသွင်းကောင်တာဆီလျှောက်သွားသည်။ ဝန်ထမ်းအမျိုးသမီးလေးက လှမ်းပြီးအကဲခတ်သည်။ ထိုသူမှာ အသက်ငါးဆယ် ဝန်းကျင်ခန့်ရှိမည်။ ထိပ်ပြောင်စပြုပြီ။ တိုက်ပုံအင်္ကျီနှင့် ချည်ချော ပလေကပ်လုံချည်တို့ကို သပ်ရပ်စွာဝတ်ဆင်ထားသည်။ အရာရှိတစ်ယောက် ဖြစ်ပုံရသည်။
    သူ့အတွက် ပြုလုပ်ပေးရမည့် ယတြာကတော့ ' ဝါးရွက် ' ပေါ်မှာ အင်းချပေးရမည်ဖြစ်သည်။ အင်းကွက်ကို ပရင်တာနှင့် ရိုက်ထုတ်ပေးမည်ဖြစ်သောကြောင့် မိနစ်ပိုင်းလောက်သာ ကြာမည်။
    နောက်တစ်ယောက်ကတော့ စိန်ရွှေလက်ဝတ်ရတနာတွေ ပြိုးပြိုးပြက်ပြက် ဆင်မြန်းထားသော မိန်းမကြီးတစ်ယောက်ဖြစ်၏။ သူကလုပ်ငန်းကိစ္စအတွက် လူကြီးတစ်ယောက်နှင့် သွားတွေ့ရာတွင် အဆင်ပြေချောမွေ့စေရန် အစီအရင်များ လာလုပ်ခြင်းဖြစ်၏။
    သူ့အတွက် ယတြာကတော့ မင်းဂွတ်သီးဖြစ်လေသည်။  " မင်းဆိုသော မြန်မာစကားလုံးနှင့် အင်္ဂလိပ်စကားလုံး (good- ဂွဒ်)ဆိုသော ဓာတ်တို့ကို ပေါင်းစပ်ထားခြင်း " ဟုဆိုသည်။
    ကုမ္ပဏီသို့ ဗေဒင်လက္ခဏာလာမေးသူများထဲတွင် လူငယ်တွေလည်းပါသည်။ မိန်းကလေးအများစုက တကယ်ယုံကြည်လို့လာကြခြင်းဖြစ်၏။ ယောက်ျားလေးတွေထဲမှာတော့ ယုံလို့လာသူတွေရှိသလို အပျော်သဘောလည်းပါသည်။ တချို့ကတော့ သူတို့ကောင်မလေးတွေရဲ့ဆန္ဒကို မလွန်ဆန်နိုင်လို့ လိုက်ပို့ရခြင်းဖြစ်၏။
    ဘာပဲဖြစ်ဖြစ် လူငယ်တွေအတွက် ခေတ်မီသော အဆောင်ယတြာများလည်း စီစဉ်ပေးထားရသည်။
    " ချစ်သူနှင့် သွားတွေ့လျှင် ဂျင်းဘောင်းဘီအိတ်ထဲတွင် ဂျင်းတက်တစ်တက် ထည့်သွားပါ "
    " အဆင်မပြေမှုများပပျောက်သွားစေရန် ကွန်ပျူတာ ကီးဘုတ်မှ ' ဒလိ ' ခလုတ်ကို ငါးချက်အသက်အောင့်ပြီး နှိပ်လိုက်ပါ "
    " စနေနေ့နံနက် ခုနစ်နာရီတိတိမှာ နေဗီယာနှင့် မျက်နှာသစ်ပြီး ' ဟုတ်လည်းဟုတ်တယ်၊ မဟုတ်လည်းမဟုတ်ဘူး 'ဟု ခုနစ်ကြိမ်တိတိရွတ်ဆိုပါ "
    " ဓာတ်တူနံတူဖြစ်စေရန် အတွက် ဂျော်ဒန်းနိုး အဝတ်အစားများဝတ်ပြီး ဂျေဒိုးနတ်မှာ သွားထိုင်ပါ "
    စသည်ဖြင့် မော်ဒန်ဖြစ်အောင် ပြုလုပ်ပေးသည်။
    ဗေဒင်လက္ခဏာမေးရာမှာ အထွေထွေကိစ္စဆိုလျှင် အဆင်သင့်သလိုမေးနိုင်သည်။ တချို့ကတော့ ဆရာစွဲရှိသည်။ ဘယ်ဆရာနဲ့မှ မေးချင်ပါတယ်ဆိုလျှင် ကြိုတင်ရက်ချိန်းယူမှရသည်။
    ဆရာတွေထဲမှာလည်း ကျွမ်းကျင်ပိုင်နိုင်သော ကဏ္ဍတွေရှိ၏။ စီးပွားရေးစပါယ်ရှယ်လစ်၊ နာမည်မှည့် အခါတော်ပေး စပါယ်ရှယ်လစ်၊ ရာထူးရာခံကိစ္စ စပါယ်ရှယ်လစ်၊ ပစ္စည်းပျောက်လူပျောက် စပါယ်ရှယ်လစ် စသည်ဖြင့် သူ့လိုင်းနှင့်သူ နာမည်ကြီးကြသည်။ ထိုဆရာကြီးတွေထံမှာ အထူးမေးမြန်းလိုလျှင်တော့ ရက်အတော်ကြာအောင် စောင့်ဆိုင်းရပြီး ဟောပြောခလည်း အများအပြားပေးရသည်။ နိုင်ငံခြားသားတွေဆိုလျှင် ' အက်ဖ်အီးစီ ' ပေးရ၏။

=================
ဒုတိယပိုင်း ဇာတ်သိမ်း

No comments:

Post a Comment

mr.kyaingtun@gmail.com