Saturday, December 8, 2012

ရွှေအမြုရဲ့ ငွေရတု (အပိုင်း -၁) by မင်းလူ၏ ၀တ္တုတိုများ on Friday, November 9, 2012 at 3:00am ·



    ဆရာ၊ဆရာမ ခင်ဗျား.....
            ရွှေအမြုတေ စာပေဆုနှင်းသဘင်၊
            နှစ်ဆယ့်ငါးကြိမ်မြောက် ငွေရတုအခမ်းအနားကို
            အောက်ပါ အစီအစဉ်အတိုင်း
            ကျင်းပမည်ဖြစ်သဖြင့်
            မပျက်မကွက်
            ကြွရောက် ချီးမြှင့်ပါရန်
            လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
                          ရွှေအဖွဲ့သားများ
    အထက်ပါစာသားများပါသော ဖောင်းကြွ အီးမေးလ်ဖိတ်စာများသည် စာပေလောကသားများထံသို့ တစ်ပြိုင်နက် ရောက်ရှိလာသည်။ ဖောင်းကြွ အီးမေးလ်ဖိတ်စာဆိုသည်မှာ အီးမေးလ်ရောက်လာလို့ ဖွင့်ကြည့်လိုက်လျှင် စာသားတွေက မော်နီတာပေါ်မှာ ဖောင်းကြွပြီး ပေါ်လာသည်။ စခရင်ကို လက်နှင့်စမ်းကြည့်လျှင် စာလုံးတွေ ဖုနေတာတွေ့ရ၏။ အီးမေးလ်အတု မလုပ်နိုင်အောင် တီထွင်ထားခြင်းဖြစ်၏။ ပို့ခကတော့ ဈေးကြီးသည်။
    ဆရာကြီး ဦးစိန်မျိုးမြင့်သည် ရုပ်မြင်သံကြားမှပြသနေသော သရီးဒီဘောလုံးပွဲကို စိတ်ပါဝင်စားစွာကြည့်နေသည်။ သူသည် ဘောလုံးကလပ်အသင်းတစ်သင်း၏ အကြံပေးအရာရှိချုပ်ဖြစ်၏။ သူ့အသက်အရွယ်နှင့်ကျန်းမာရေးအရ ကွင်းထဲအထိ သွားမကြည့်နိုင်တော့သဖြင့် အိမ်ကနေပဲ သရီးဒီတီဗွီနှင့်ကြည့်ရင်း တိုက်ရိုက်ညွှန်ကြားနေရခြင်းဖြစ်၏။
    သူက ခလုတ်နှိပ်၍ ကွင်းထဲကနည်းပြနှင့်ဆက်သွယ်လိုက်ပြီး-
    " ဖော်မေးရှင်းကို သရီးဖိုက်တူးပြောင်း၊ ကွင်းလယ်ကိုစီးပြီး အတက်ကင်ကို မြှင့်တော့ "
    ဟုအမိန့်ပေးလိုက်သည်။ ထိုစဉ်တွင် သူ့တပည့်လေးဘေးမှာ လာရပ်သည်။
    " အီးမေးလ်ဖိတ်စာ ဝင်လာတယ်အဘ "
    ဦးစိန်မျိုးမြင့်က လှည့်မကြည့်ဘဲ
    " သေချာစစ်ပြီးပြီလား၊ စပမ်းမေးလ်လည်းဖြစ်နေဦးမယ် "
    " စစ်ပြီးပါပြီ၊ အမှန်အကန်ပါပဲ "
    " ဘယ်ကဖိတ်တာလဲ "
    " ရွှေအမြုတေ ဆုပေးပွဲတဲ့ "
    ဘောလုံးပွဲထဲ အာရုံရောက်နေသဖြင့် နားစွန်နားဖျား ကြားပြီး-
    " ဘာ၊ ရွှေမျိုးတွေဆုပေးပွဲ ဟုတ်လား၊ အဲဒါ ငါနဲ့ဘာဆိုင်လဲ "
    " ရွှေမျိုးတွေ မဟုတ်ပါဘူး၊ ရွှေအမြုတေ စာပေဆုပေးပွဲပါ "
    " ဟေ... ရွှေအမြုတေပွဲဆိုရင်တော့ သွားကိုသွားရမယ်၊ ဝီစကီကောင်းကောင်းမသောက်ရတာ ကြာပြီ "
    ဟု ပြောလိုက်၏။


    ၂၀၃၀ ပြည့်နှစ်၊ မေလ ၂၈ ရက်
    ညနေ ခြောက်နာရီ
    တိုက်ဂါးစင်တာ အဆောက်အအုံကြီး၏ ဆင်ဝင်အောက်သို့ စာပေသမား ဧည့်သည်တော်များ၏ မော်တော်ယာဉ်များ တစ်စီးပြီး တစ်စီးဝင်ရောက်လာကြသည်။
    တိုက်ဂါးစင်တာ အဆောက်အအုံကြီးမှာ နှစ်ဆယ့်ငါးထပ်ရှိသည်။ လက်ဝှေ့ကျော် ဆရာကြီးကျားဘညိမ်း နောက်ဆုံးခေါင်းချသွားရာ ရန်ကုန်မြို့၊ ပုဇွန်တောင် ညောင်တန်းဆိပ်ကမ်းနယ်မြေ အတွင်း၌ တည်ရှိသည်။ တိုက်ဂါးမျိုးဆက်များက ပိုင်ဆိုင်သည်။
    အဆောက်အအုံ၏ ထိပ်နဖူးစည်းတွင် ကျားရုပ်ကြီးတစ်ခုတပ်ဆင်ထားသည်။ မော်ဒန် ပန်းပုဆရာကြီး ဦးဆန်နီညိမ်း၏ လက်ရာဖြစ်၏။ ကျားရုပ်ဆိုသော်လည်း အပြင်က တကယ့်ကျားနှင့်မတူ၊ စတီးချောင်းများ၊ ကြေးပြားများ၊ သံကွင်းများနှင့် သင်္ကေတပြုထားခြင်းသာဖြစ်၏။ ကျား၏ ကိုယ်ပေါ်က အစင်းကျားတွေကလည်း ဒေါင်လိုက်မဟုတ်ဘဲ ကန့်လန့်စင်းများဖြစ်နေ၏။ သူက ' အဲဒါကျားပဲ 'ဟုဆိုသဖြင့် ကျားရုပ်ဟု သတ်မှတ်လိုက်ရခြင်းဖြစ်၏။
    ရွှေအမြုတေစာပေဆုပေးပွဲ နှစ်ဆယ့်ငါးကြိမ်မြောက် ငွေရတု အခမ်းအနားကို အပေါ်ဆုံးထပ် လဟာပြင်ခန်းမတွင် ကျင်းပမည်ဖြစ်၏။ ခန်းမကြီးကို ဖိုတိုဂရေးမှန်ကြီးဖြင့် မိုးထားသည်။ ထို့ကြောင့် နေပူလျှင် ညှို့မှိုင်းသွားပြီး ညဘက်ကျတော့ လုံးဝကြည်လင်နေသည်။ ကြယ်တွေလတွေကို ပကတိအတိုင်းမြင်နိုင်၏။
    ဗျူးပွိုင့်အဖြစ်ပြုလုပ်ထားသော မျှော်စင်ပေါ်မှကြည့်လျှင် ရန်ုကုန်တစ်ဝိုက်ကို အပေါ်စီးမှမြင်နေရသည်။ ငမိုးရိပ်/ ပုဇွန်တောင်ချောင်း၊ ပဲခူးမြစ်နှင့် ရန်ကုန်မြစ်တို့ဆုံရာ ရေပြင်ကျယ်ကြီးမှ တစ်ဆင့် ပင်လယ်ဝထိ လှမ်းတွေ့နိုင်သည်။
    အနောက်မြောက်ဘက်ကို မျှော်ကြည့်လျှင် ဖန်ခွက်ထဲမှ ဖိတ်ကျထားသော ရေတစ်စက်တစ်ကွက်နှင့်တူသော ကန်တော်ကြီးနှင့် ရွှေတိဂုံစေတီတော်မြတ်ကြီးကို ဖူးမြင်နိုင်သည်။ အနောက်ဘက်ယွန်းယွန်းမှာ ဒလနှင့် ရန်ကုန်ကို ဆက်သွယ်ထားသော မိုးပျံနှစ်ထပ် တံတားသစ်ကြီး။ အရှေ့ဘက်မှာတော့ သန်လျင်မြို့ရှိသည်။ အရှေ့ပိုင်းတက္ကသိုလ်မှာ အဆောက်အအုံပုံစံငယ်လေးလိုဖြစ်နေ၏။ သီလဝါစက်မှုဇုန်မှာ တလူလူလွှင့်တက်နေသော မီးခိုးလုံးကြီးများမှလွဲလျှင် ရှုခင်းသည် အလွန်သာယာလှပနေ၏။ နေကဝင်လုဆဲဆဲ။
    ဓာတ်လှေကားနှစ်စင်းသည် ဆင်းချည်တက်ချည်ပြုရင်း ဧည့်သည်များကို ပို့ဆောင်ပေးနေသည်။ ခန်းမအဝင်ဝတွင် ရွှေအမြုတေ မဂ္ဂဇင်းအယ်ဒီတာချုပ် ဦးလင်းနိုင်ဦးနှင့် တာဝန်ခံအယ်ဒီတာဂျူနိုက်တို့က ဆီးကြိုနှုတ်ဆက်နေကြ၏။ အလင်းတန်းဂျာနယ် အယ်ဒီတာချုပ် ဒေါ်ခင်လေးမြင့်၊ တာဝန်ခံအယ်ဒီတာ ဒေါ်နေလွင်၊ သတင်းထောက်ချုပ် ဒေါ်သင်းပပတို့က ဧည့်သည်များကို စားပွဲဝိုင်းတွေဆီလိုက်ပို့ပြီး နေရာချပေးနေ၏။
    အုပ်ချုပ်ရေးမှူး ဒေါ်အေးမြတ်မြတ်ချိုနှင့် အခမ်းအနားပြင်ဆင်ရေး တာဝန်ခံဒေါ်တင်ဇာထွန်းတို့မှာ ဟိုပြေးသည်လွှား အလုပ်များနေကြသည်။ သူတို့ခမျာ လွန်ခဲ့သော ဆယ်ရက်လောက် ကတည်းက ပင်ပင်ပန်းပန်း ကြိုတင်ပြင်ဆင်ခဲ့ကြရသဖြင့် ကိုယ်အလေးချိန်ငါးပေါင်စီလောက်ကျသွားသည်ဟု သိရ၏။
    ဆရာကြီးဦးဝင်းငြိမ်းသည်  အသက်ရှစ်ဆယ့်ငါးနှစ်ပြည့်ခဲ့ပြီ။ သို့တိုင်အောင် ကျန်းမာရေးကတော့ ကောင်းတုန်းဖြစ်၏။ မကောင်းဘဲ ဘယ်နေမလဲ။ သူ့ကိုယ်သူ သိပ်ဂရုစိုက်တာ၊ ဝမ်းချုပ်တာတောင် နိုင်ငံခြားသွားကုတာကိုး။
    ဦးဝင်းငြိမ်းသည် အသက်အရွယ်ထောက်လာပြီဖြစ်သောကြောင့် မဂ္ဂဇင်း၊ ဂျာနယ်အလုပ်မှ အနားယူပြီး အိမ်မှာပင်ဘာသာပြန်စာပေများ ရေးသားလျက်ရှိသည်။ ဘင်လာဒင်၏ လျှို့ဝှက်ချစ်သူအကြောင်းကို ရေးသားထားသော ' အိုစမာနှင့် ပျိုကညာ 'ဆိုသောစာအုပ်မှာ အလွန်အောင်မြင်သည်။ စောင်ရေ သန်းနှင့်ချီရိုက်ရသည်။ ကမ္ဘာ့ဘာသာပေါင်းများစွာသို့ပြန်ဆိုခြင်းခံရသည်။ ထိုစာအုပ်မှရရှိသော စာမူခငွေများကို မတည်ပြီး တိုက်ဂါးစင်တာကြီးကို တည်ဆောက်နိုင်ခဲ့ခြင်းဖြစ်၏။
    တိုက်ဂါးမီဒီယာဂရု၏ မန်နေဂျင်းဒါရိုက်တာ ဦးမျိုးမြင့်ညိမ်းကတော့ ခုချိန်ထိ ဒေါင်ဒေါင်မြည်အောင် ကျန်းမာကြံ့ခိုင်နေတုန်းဖြစ်၏။ စားပွဲတစ်ခုမှတစ်ခုသို့ သွက်လက်ဖျတ်လတ်စွာ လှည့်လည် ဧည့်ခံစကားပြောနေသည်။ သူနုပျိုလန်းဆန်းနေပုံကိုကြည့်ရတာ လိပ်ပြာလေးလို ပျံဝဲပြီး ပျားပိတုန်းလို တုပ်တတ်သော ကမ္ဘာ့လက်ဝှေ့ကျော် မိုဟာမက်အလီကို ပြန်လည်သတိရစေသည်။

    ကံ့ကော်ဝတ်ရည်စာပေတိုက်ပိုင်ရှင် ကိုပြည့်စုံရောက်ရှိလာသည်။ သူနှင့်အတူ မိခင်ဖြစ်သူ ဒေါ်ဝိုင်းဝိုင်းလည်း လိုက်ပါလာသည်။ ဒေါ်ဝိုင်းဝိုင်း၏ ညာဘက်လက်ချောင်းကလေးများမှာ ဆေးပတ်တီးစည်းထားပြီး လက်ဖျံကို ပခုံးကြိုးဖြင့် သိုင်းထားရ၏။
    " ဟင်... ဒေါ်ဝိုင်းလက်က ဘာဖြစ်တာလဲ "
    ဟု ဦးလင်းနိုင်ဦးက နှုတ်ဆက်ရင်းမေးသည်။
    " အို... ဘာမှမဟုတ်ပါဘူး၊ တံခါးညပ်လို့ပါ "
    ကိုပြည့်စုံက ပြုံးရင်း သူ့အမေကို အဓိပ္ပါယ်ပါပါ ကြည့်လိုက်သည်။ ဒေါ်ဝိုင်းက မသိမသာမျက်စောင်းထိုး၏။
    အဖြစ်မှန်က ဤသို့ဖြစ်သည်။ ဒေါ်ဝိုင်းဝိုင်းသည် စာအုပ်တိုက်မှ ဝင်ငွေများကို ဘဏ်မှာအပ်ထားရတာ စိတ်မချဘူးဆိုပြီး အိမ်ကအခန်းတစ်ခုထဲမှာ ထည့်ထားသည်။ သော့ကိုလည်း ခါးကြားက မချဘဲ သိမ်းထားသည်။ ဘယ်သူ့ကိုမှလည်း မယုံကြည်။ သူ့ယောက်ျား ဦးဘုန်းတင့်ကျော်ကိုလည်း အလစ်မှာ နှိုက်တတ်သည်ဟု သံသယဖြစ်နေသည်။
    ထို့ကြောင့် ငွေတွေကို တစ်ပတ်တစ်ခါလောက်ရေတွက်စစ်ဆေးတတ်သည်။ ငွေကများတော့ တစ်ခါရေတွက်လျှင် နှစ်ရက်လောက်အချိန်ုယူရသည်။ ကြာတော့ လက်ဆစ်တွေက မခံနိုင်တော့ဘဲ ရောင်ကိုင်းလာသဖြင့် သမားတော်ဒေါက်တာအောင်ကြီးက ဆေးပတ်တီး စည်းပေးထားရခြင်းဖြစ်၏။
    ထိုအချိန်တွင် ဓာတ်လှေကားအတွင်းမှ ဆရာမကြီးကလျာ (ဝိဇ္ဇာသပံ္ပ) ထွက်လာသည်။ ဟိုအရင်ကဆိုလျှင် ဆရာမကြီးမှာ ခြေထောက်တွေသိပ်မကောင်းလှ။ လမ်းလျှောက်လျှင် ဘက်ထရီကုန်ခါနီး ရိုဘော့စက်ရုပ်လို တုန်ချည့်တုန်ချည့် ဖြစ်နေတတ်သည်။ ခုကျတော့ ဒီလိုမဟုတ်တော့ပြီ။
    ဆရာမကြီး ဒေါက်တာခင်မေစု၏ နိုင်ငံခြားပြန်လက်ဆောင် ဖြစ်သော လမ်းလျှောက်အထောက်အကူပြုဖိနပ်ကို စီးထားသည်။ လူကအားစိုက်ထုတ်စရာမလိုတော့။ ဖိနပ်က အလိုအလျောက်လျှောက်နိုင်အောင်အထူးစီမံထားခြင်းဖြစ်၏။ ခြေထောက်သိပ်မကောင်းတုန်းကတောင် ကိုးကျင်းကိုးကျင်း လျှောက်သွားနေခဲ့တာ။ ခုကျတော့ ဘာပြောကောင်းမတုံး။
    ဆရာမကြီးသည် လာရောက်နှုတ်ဆက်သူတွေကို ဂရုမစိုက်နိုင်အားဘဲ တစ်စုံတစ်ယောက်ကို ရှာသလို ဟိုမျှော်ကြည့်သည်မျှော်ကြည့် လုပ်နေသဖြင့် ဒေါ်ဝိုင်းဝိုင်းက
    " အန်တီဝင်း၊ ဘယ်သူ့ရှာတာလဲ "
    " ကိုမင်းလူလေ၊ ကိုမင်းလူ၊ စာမူတောင်းမလို့ "
    " အော်... အန်တီဝင်းနှယ်၊ ခုချိန်ထိ စာမူကိုစိတ်စွဲနေတုန်းပဲကိုး၊ အဲဒီကိုမင်းလူက မရှိတော့ဘူးလေ "
    " ဘာ...ဆုံးရှာပြီလား၊ ကြည့်စမ်း၊ နင်တို့က ငါ့ကိုအသိမပေးဘဲ ဖုံးဖိထားကြတာပေါ့လေ "
    ကိုပြည့်စုံကရယ်လိုက်ပြီး
    " မရှိတော့ဘူးဆိုတာ ဆုံးသွားပြီလို့ပြောတာ မဟုတ်ပါဘူး ဘွားဝင်းရဲ့၊ ဦးမင်းလူက အခုအပြည်ပြည်ဆိုင်ရာ ဟာသစာရေးဆရာများအသင်းရဲ့ ဥက္ကဌဖြစ်သွားလို့ ဖင်လန်နိုင်ငံ၊ ဟယ်ဆင်ကီမြို့မှာ ရောက်နေတယ်လို့ပြောတာပါ "
    " ဩော်...ဒီလိုလား၊ အဆက်အသွယ်ရရင်ပြောလိုက်စမ်းပါ၊ ကလျာမဂ္ဂဇင်းအတွက် စာမူမပေးတာ ဆယ်နှစ်တောင်ကျော်သွားပြီလို့ "
    ဆရာမကြီးက အဆင်ပြေနေသော်လည်း လမ်းလျှောက်ဖို့ဟန်မကျသူနှစ်ယောက်ကတော့
    " တိုးရဲ့ ခြေထောက်၊ နုရဲ့ခြေထောက် "
    " တိုးရဲ့ ခြေထောက်၊ နုရဲ့ခြေထောက် "
    ဆရာအောင်ကျော်တိုးနှင့် ဆရာမနုနုရည်အင်းဝတို့ ဇနီးမောင်နှံပင်ဖြစ်၏။ သူတို့နှစ်ဦးသည် ငါးထန်းရွက်များကဲ့သို့လည်းကောင်း၊ လွန်းကြင်ငှက်ကဲ့သို့လည်းကောင်း အမြဲတမ်းတပူးတွဲတွဲ နေတတ်ကြသူများဖြစ်၏။ ဧည့်ခံပွဲတွေဆိုလျှင် (စားရတာ တန်အောင်) နှစ်ယောက်အတူတက်လေ့ရှိသည်။
    ခုတစ်ခါတော့ နှစ်ယောက်မတွဲလို့ကို မဖြစ်တဲ့အခြေအနေပါပဲ။ ဆရာအောင်ကျော်တိုးသည် ' ဝီစကီဖရီးနီးယား 'ခေါ်ရောဂါဆန်းတစ်မျိုးကြောင့် ဘယ်ဘက်ခြေထောက် အကြောသေနေသလိုဖြစ်နေသည်။ ဆရာမနုနုရည်အင်းဝကလည်း ' ဟိုက်ပါဝါယော 'ကြောင့် ညာဘက်ခြေထောက်လှုပ်လို့မရ ဖြစ်နေ၏။
    ထို့ကြောင့် သူတို့နှစ်ယောက်မှာ နှစ်ခြမ်းပေါင်းမှ အလုပ်ဖြစ်သော မွေးညှပ်လိုဖြစ်နေ၏။ တစ်နေရာရာသွားမယ်ဆိုလျှင် တစ်ယောက်ခါးကိုတစ်ယောက် အပြန်အလှန် တင်းတင်းကျပ်ကျပ် ဖက်ပြီး တစ်ယောက်က ဘယ်ခြေကိုလှမ်း၊ တစ်ယောက်က ညာခြေကိုလှမ်းပြီး သွားကြရသည်။ ဟိုးအရင်က ကောက်ရိုးခြေထောက်၊ မြက်ခြေထောက်ဆိုတာလိုပါပဲ တစ်ဖက်နှင့် တစ်ဖက်ဟန်ချက်ညီအောင်
    ဆရာအောင်ကျော်တိုးက ' တိုးရဲ့ ခြေထောက် 'ဟုအော်ပြီး ညာခြေကိုလှမ်း၊ နုနုရည်က ' နုခြေထောက် 'ဟုအော်ပြီး ဘယ်ခြေကိုလှမ်း၊ ဒီလိုသွားမှ ရှေ့ကိုရွေ့သည်။ တစ်ချို့က သူတို့ကို လှမ်းနှုတ်ဆက်သည်။
    " ဆရာတိုးနေကောင်းတယ်နော် "
    " ကောင်းပါတယ်၊ တိုးရဲ့ခြေထောက် "
    " ဟော... ဒေါ်နုပါလား "
    " ဟုတ်ကဲ့၊ နုခြေထောက် "
    ဒီကြားထဲမှာ ဆရာအောင်ကျော်တိုးသည် စားပွဲတစ်လုံးပေါ်တင်ထားသော ပုလင်းဆီအာရုံရောက်သွားပြီး ' ဝီစကီခြေထောက် 'ဟုမှားအော်လိုက်သေးသည်။ နုနုရည်ကလည်း ဟိုဘက်စားပွဲပေါ်က ဘဲကင်ကြီးကိုမြင်ပြီး ' ဘဲခြေထောက် ' ဟု ပြန်အော်မိသဖြင့် အတော်ပဲဖြစ်သွားသည်။
    (သူတို့နှစ်ယောက်ကို ကြည့်ပြီး ဟိုးအရင်တစ်ချိန်တုန်းဆီက နှစ်ယောက်တွဲပြီး လမ်းလျှောက်ရသော ဆရာကြီးဦးတက်တိုးနှင့် ဆရာမကြီးဒေါ်နုယဉ်တို့ကို သတိရလွမ်းဆွတ်စရာဖြစ်ရသေးသည်။ တိုက်ဆိုင်တာကတော့ ဟိုဆရာကြီး၊ ဆရာမကြီးတွေကလည်း' တိုး ' နဲ့ ' နု ' ပဲ။ အခုဒီနှစ်ယောက်ကလည်း ' တိုး ' နဲ့ ' နု ' ပါပဲ။
    ရွှေအမြုတေစာပေဆုပေးပွဲတိုင်းကို သတိထားကြည့်လျှင် ခန်းမ၏ နောက်ဆုံးထောင့်ဆုံးစားပွဲမှာသာ ထိုင်လေ့ရှိသော အုပ်စုတစ်စုရှိ၏။ သူတို့ကားဝါရင့် ပုဂ္ဂိုလ်များဖြစ်၏။ စာပေမှာတော့ မပြောတတ်။ ယမကာကိစ္စမှာ ဝါရင့်နေတာတော့ အမှန်ပဲ။ သူတို့ထဲမှာ ပုလင်းနှင့် ကျန်းမာရေး လဲထားရသူတစ်ချို့လည်းပါသည်။
    ဆရာကြီးစိန်မျိုးမြင့်၊ ဆရာကြီးမောင်ဝံသ၊ ဆရာကြီးဖေမြင့်၊ ဆရာကြီးမောင်ဝဏ္ဏနှင့် စာပေလောက ဆရာကြီးဦးမျိုးညွန့်တို့ရောက်ရှိနေကြပြီ။ လူမစုံတတ်သေးသော်လည်း ဝိုင်းကတော့ စနေပြီ။ ဒီနှစ်မှာ ယမကာကုမ္ပဏီတစ်ခုက စတင်မိတ်ဆက်ထုတ်လုပ်သော ' ရမ်စကီ 'အမည်ရှိ အရက်တစ်မျိုးကို စပွန်ဆာပေးထားသည်။ တံဆိပ်သစ်ကို မြည်းစမ်းကြည့်ချင်သောကြောင့် ဝိုင်းကို စောစောစီးစီးပင်ဖွင့်လိုက်ခြင်းဖြစ်၏။
    တချို့သည် ရေရောသည်။ တချို့က ဆော်ဒါထည့်သည်။ တချို့ကတော့ ရေခဲတုံးချည်းပဲ ဖန်ခွက်ကို ကလောက်ကလောက် လှုပ်ပြီးနည်းနည်းချင်းငုံပြီး အရသာခံသည်။ စာပေလောက ဦးမျိုးညွန့်ကတော့ ဟပ်ပက်လောက်ထည့်လိုက် မော့ချလိုက်၊ နောက်ဟပ်ပက်၊ အလွန်သွက်နေသည်။ သူ့ပုံစံမှာ မုန့်ခိုးစားနေတဲ့ကလေးလိုပဲ၊ မလုံမလဲဖြစ်နေပုံလည်းရသည်။ ဟိုကြည့်ဒီကြည့် ဂဏှာမငြိမ် ဖြစ်နေ၏။
    ခဏအကြာတွင် စားပွဲဝိုင်းတွေကြားမှာ လူလိုက်ရှာနေပုံရသော လူရွယ်နှစ်ယောက်ကို ရိပ်ခနဲ မြင်လိုက်သည်။ ထိုအခါ စာပေလောက ဦးမျိုးညွန့်သည်
    " ဟာ...လိုက်လာကြပြီ၊ ကျုပ်ကိုမေးရင် မတွေ့ဘူးလို့ပြောလိုက် "
    ဆိုပြီး စားပွဲအောက်ထဲ ဝင်ပုန်းမည်ပြုသည်။ သို့ရာတွင် အပြာရောင်ဝတ်စုံဝတ်ထားသော လူရွယ်နှစ်ယောက်က မြင်သွားပြီး ခပ်သုတ်သုတ်ပြေးလာကြသည်။
    " အဘ ကျွန်တော်တို့ကို တော်တော်ဒုက္ခပေးတာပဲ "
    ဟုပြောပြီး ဦးမျိုးညွန့်၏ လက်မောင်းနှစ်ဖက်ကို ချုပ်ကိုင်လိုက်၏။
    " ဟာ..နေပါဦး၊ လက်ကျန်ကလေး ရှင်းသွားပါရစေဦး "
    တောင်းပန်သော်လည်း မရ။ ဘေးလူတွေကို အကူအညီတောင်းမလို့ လုပ်တော့လည်း မသိချင်ယောင်ဆောင်နေကြသည်။ ဒီလိုနဲ့ ဦးမျိုးညွန့်မှာ ရုန်းရင်းကန်ရင်းပါသွားရှာ၏။
    ဖြစ်ပုံက ဒီလို။
    ဦးမျိုးညွန့်သည် နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နေသောကြောင့် ဆရာဝန်က အရက်ဖြတ်ခိုင်းထားသည်။ သူကအလစ်မှာ ခိုးခိုးသောက်သဖြင့် နှလုံးသွေးကြောကျဉ်းရာကနေ သုံးလုံးသွေးကြောကျဉ်းတဲ့အဆင့်ကိုရောက်လာသည်။ မဖြစ်ချေဘူးဆိုပြီး သူ့မိသားစုက သက်ကြီးစောင့်ရှောက်ရေးဂေဟာကို ပို့ထားရခြင်းဖြစ်၏။
    ရွှေအမြုတေပွဲရှိတယ်ဆိုတော့ သူနေမထိ ထိုင်မသာဖြစ်လာပြီ။ ထို့ကြောင့် သူငယ်ချင်းဖြစ်သူ ဆရာကြီးဖေမြင့်ကို ဖုန်းဆက်ပြီးအကူအညီတောင်းသည်။ ဆရာဖေမြင့်ကလည်း ဓမ္မဘေရီဆရာတော်ဘုရားကြီး၏တရားပွဲ သွားမလို့ဟု အကြောင်းပြပြီး ခေါ်ထုတ်လာခဲ့၏။ ဆရာဖေမြင့်မှာ ဆရာဝန်လည်းဖြစ်၊နိုင်ငံကျော်စာရေးဆရာကြီးလည်းဖြစ်သောကြောင့် ဂေဟာမှ တာဝန်ရှိသူတွေက စိတ်ချလက်ချ ထည့်ပေးလိုက်တာပေါ့။
    ဖြစ်ချင်တော့ ဆရာကြီးဦးမြတ်ခိုင် ဦးစီးတဲ့ လျှပ်တစ်ပြက် မီဒီယာ၏လုပ်ငန်းခွဲဖြစ်သော မိုးကြိုးရုပ်မြင်သံကြားဌာနမှ ရွှေအမြုတေပွဲကို တိုက်ရိုက်ထုတ်လွှင့်ပြသပေးနေသည်။ တစ်ကွက်မှာတော့ ဖန်ခွက်ကိုင်ပြီး ပြုံးပြုံးကြီးဖြစ်နေသော ဦးမျိုးညွန့်ကိုအနီးကပ်ရိုက်ပြလိုက်သည်။ ဒီတော့ ဂေဟာကလူတွေ မျက်လုံးပြူးကုန်ပြီး အပြေးအလွှားလိုက်လာကြခြင်းဖြစ်၏။
    ဆရာဖေမြင့်သည် ခေါ်တုန်းကခေါ်ခဲ့ပြီး ခုကျမှသူနှင့်မဆိုင်သလို မျက်နှာလွဲရင်း စင်မြင့်ဘက်လှမ်းကြည့်ချင်ယောင်ဆောင်နေ၏။ ထို့ကြောင့် ဦးမျိုးညွန့်မှာမကျေမနပ်ဖြစ်ပြီး
    " ကိုဖေမြင့် ခင်ဗျားဟာ အဲဒီအတိုင်းပဲ၊ တွေ့မယ်၊ ခင်ဗျား စာအုပ်တွေကျုပ်တို့ဆိုင်ကို လာတင်ရင် ချောင်ထဲထိုးထည့်လိုက်မယ် "
    ဟု အော်ဟစ်ကြုံးဝါးရင်း ပါသွားရှာလေသည်။

    ဆရာမမသီတာ(စမ်းချောင်း)သည် ဟားဗတ်တက္ကသိုလ်မှာဧည့်ပါမောက္ခလုပ်နေရာမှ ရွှေပွဲအမီရောက်အောင်ပြန်လာခဲ့သည်။ ဟိုအရင်က သူပြုစုပျိုးထောင်ခဲ့သော ဖူးငုံမဂ္ဂဇင်း (teen) ကိုလူငယ်လူရွယ်များဖြစ်သော ဟန်ဇော်၊ စပယ်ဖြူနု၊ ယုယတို့ကို လက်လွှဲပေးထားခဲ့သည်။ သူကတော့ တိ (TY) ဆိုသော မဂ္ဂဇင်းအသစ်တစ်စောင်ထပ်ကိုင်ဖို့ စီစဉ်ထားသည်။ တိ (TY)ဆိုသော နာမည်အရ အသက်ကိုးဆယ်ကိုးနှစ်အထိ အကျုံးဝင်သဖြင့် သူ့ဘဝရှေ့ရေးအတွက် စိတ်အေးရပြီဖြစ်၏။
    သူနှင့် တစ်ဝိုင်းတည်းထိုင်နေကြသူများကတော့ ဒီဘက်မှာ မြူမြူရှိသည်။ မြူမြူသည်ဆရာကြီးမြသန်းတင့်၏ သမီးပီပီကြီးလေ မျက်စိမှုန်လေဖြစ်၏။ တကယ်တော့ ခုခေတ်မှာအဆင့်မြင့်မျက်ကပ်မှန်တွေလည်းပေါ်နေပြီ။ လေဆာနှင့် ခွဲစိတ်ပြုပြင်လို့လည်းရသည်။ သို့ရာတွင် သူကကပ်စေးနှဲသူဖြစ်သောကြောင့် အကုန်အကျသက်သာအောင် သူ့ဖခင်ဆီက အမွေရထားသော မျက်မှန်ထူထူကြီးကိုသာ တပ်ဆင်လာခဲ့လေသည်။
    စားပွဲဝိုင်းရဲ့တစ်ဘက်ခြမ်းမှာ သီလရှင်အိုကြီးနှစ်ပါးသည် ဣနြေ္ဒရရမျက်လွှာချပြီး ထိုင်နေကြသည်။ ဒေါ်ခေမာခေါ် ဆရာမကြီးမစန္ဒာနှင့် ဒေါ်ဉာဏဝတီခေါ်ဆရာမကြီးဒေါ်စမ်းစမ်းနွဲ့သာယာဝတီတို့ပင်ဖြစ်သည်။
    ဒီဘက်ဘေးမှာတော့ ယောဂီဝတ်စုံများ ဝတ်ထားသော ဦးနေဝင်းအောင် (ဂရပ်ဖစ်)နှင့် ဒေါ်နှင်းဝေငြိမ်းတို့ ဇနီးမောင်နှံရှိသည်။ သူတို့သည် ဆရာတော်ကြီးတွေကို ဆည်းကပ်ရင်း အကျွတ်တရားရပြီး တရားဘာဝနာနှင့် ပျော်မွေ့နေကြပြီဖြစ်၏။ လင်မယားဆိုသော်လည်း ဒုကုလနှင့်ပါရိကာကဲ့သို့သာ နေထိုင်ဆက်ဆံကြသည်ဟုဆို၏။
    ဆရာမကြီးဒေါ်ခင်ပန်နှင်းသည် ဤပွဲသို့မလာခင် ဗျူတီဆလွန်းကိုဝင်ပြီး မျက်နှာချေးချွတ်သန့်စင်ခြင်း၊ အသားဖြူဝင်းနူးညံ့အောင်တစ်ကိုယ်လုံး ပေါင်းတင်ခြင်းများ ပြုလုပ်ခဲ့သည်။ သူက သူများတကာထက် အချိန်နှစ်ဆပိုယူရသဖြင့် နောက်ကျသွားသည်။
    သုတ်သီးသုတ်ပျာရောက်ရှိလာခဲ့ပြီး ထိုင်စရာနေရာရှာသည်။ ဝိုင်းတစ်ဝိုင်းတွင် ထိုင်ခုံတစ်လုံးလွတ်နေတာမြင်ရသည်။ အနားကိုရောက်သွားတော့မှ လူရှိနေနှင့်ကြောင်း တွေ့ရသည်။ ခင်းထားသော ထိုင်ခုံတွေရဲ့ကျောမှီက မြင့်နေသောကြောင့် နောက်ကကြည့်တော့ လူမရှိဘူးထင်ရတာ။ ထိုထိုင်ခုံမှာ ထိုင်နေသူကား ဆရာမဂျူးပင်ဖြစ်လေ၏။

    ခန်းမ၏ထောင့်တစ်နေရာတွင် ဧည့်သည်တစ်ချို့သည်ပန်းပုရုပ်တစ်ရုပ်ကို ဝိုင်းအုံကြည့်ရှုနေကြသည်။ လူတစ်ယောက်တင်ပျဉ်ခွေထိုင်ပြီး ဒူးပေါ်လက်နှစ်ဖက်တင်လျက် ခေါင်းငိုက်စိုက်ချနေပုံ ထုလုပ်ထားခြင်းဖြစ်၏။
    " ကြည့်စမ်းပါဦး၊ ဦးဆန်နီညိမ်းတို့တော်လိုက်ပုံများ၊ မော်ဒန်တင်မကဘူး၊ ပုံတူပန်းပုကျတော့လည်းကြည့်စမ်း၊ မဒမ်တူးဆော့ပြတိုက်က လက်ရာတွေထက်တောင် သာသေးတယ် "
    " ဟုတ်ပါရဲ့၊ တကယ့် လူအစစ်ကျနေတာပဲ၊ လက်ရာမြောက်ချက်ကတော့ အသက်ရှူနေသလားတောင်ထင်ရတယ် "
    ဟု ဝိုင်းဝန်းချီးကျူးနေစဉ် ပန်းပုရုပ်ကြီးမှာ ဆတ်ခနဲခေါင်းထောင်လာပြီး
    " တူမှာပေါ့ဗျ၊ လူအစစ်ပဲဥစ္စာ၊ ဒါ ပါဖောမင့်လုပ်နေတာဗျ "
    ဟု ပြောလိုက်တော့မှ ပန်းပုရုပ်မဟုတ်ဘဲ စိတ်ကူးချိုချို ဦးစန်းဦးဖြစ်နေကြောင်းသိကြရလေသည်။

    ဧည့်သည်နှစ်ယောက် ရောက်ရှိလာသည်။ သူများတွေ အတွက်သာ အမြဲတမ်းအလုပ်ရှုပ်နေတတ်သူ နှစ်ယောက်ဖြစ်၏။ ဆရာမသန်းမြင့်အောင်နှင့် ဒေါ်ရွှေဇီးကွက်တို့ပင်ဖြစ်၏။ ' မသာတစ်ခေါက်ကျောင်းဆယ်ခေါက် 'ဆိုသောနှုန်းနှင့် တွက်လျှင်ကျောင်းအခေါက်ရေပေါင်း သန်းနှင့် ချီသောကုသိုလ်တွေရဲ့အကျိုးအားကြောင့်လားမသိ၊ သူတို့သည် အသက်အရွယ် ကြီးရင့်လာသည့်တိုင် နုပျိုလှပနေကြဆဲဖြစ်၏။
    " ဒီကိုထွက်လာနေတုန်း လမ်းတစ်ဝက်မှာ အသင်းရုံးချုပ်က ဖုန်းဆက်လို့ပြန်သွားရသေးတယ်။ ဒါကြောင့် နည်းနည်းနောက်ကျသွားတာ "
    ဟု ဒေါ်သန်းမြင့်အောင်ကပြောသည်။
    " ဦးမောင်မောင်ကော၊ မပါဘူးလား "
    မေးတော့
    " ဦးမောင်က အရေးပေါ်ကိစ္စတစ်ခုရှိလို့ ဟယ်လီကော်ပတာကို ကိုယ်တိုင်မောင်းပြီး ထွက်သွားလေရဲ့"
    ဟု ဒေါ်ရွှေဇီးကွက်က ဖြေသည်။

    တောင်ကြီးမီးပုံးပျံလွှတ်ပွဲမှ ဖောင်းကားနေသော လူရုပ်ကြီးတစ်ရုပ်ရွေ့လာသလားထင်ရသည်။ အမျိုးသမီးကြီးတစ်ယောက်သည် အိပဲ့ အိပဲ့လျှောက်လာနေ၏။
    " ဟော...ဒေါ်ကြီးစိုး၊ အရမ်းဝနေပါလား၊ ဝိတ်ကလေးဘာလေးမလျှော့တော့ဘူးလား "
    ဟုဒေါ်ခင်လေးမြင့်က ဆီးကြိုနှုတ်ဆက်ရင်းမေးသည်။
    " တော်ပါပြီ၊ တစ်သက်လုံး အစားရှောင်နေရတာ ငြီးငွေ့လှပါပြီ၊ ဒီအရွယ်ရောက်မှတော့ အငတ်မခံနိုင်တော့ဘူး "
    ဟု အကယ်ဒမီငါးဆုရှင် မင်းသမီးကြီးစိုးမြတ်သူဇာကပြန်ပြောသည်။
    နောက်ထပ်ရောက်ရှိလာတာကတော့  အာဆီယံအကယ်ဒမီဆုကို လောလောလတ်လတ်ရရှိထားသော မင်းသမီးကြီး ဒေါ်မျိုးသန္တာထွန်းပင်ဖြစ်၏။
    " အန်တီမျိုးနောက်ကျတယ်နော် "
    ဟု ဒေါ်မေစပယ်ညွန့်က နှုတ်ဆက်သည်။ ဒေါ်မျိုးသန္တာထွန်းက-
    " ပြောပဲ မပြောချင်ပါဘူးကွယ်၊ အားလုံးပြင်ဆင်ခြယ်သပြီးတော့မှ သွားတုအံကပ်ပျောက်နေလို့ ရှာနေရတာနဲ့ နောက်ကျသွားတယ် "
    သူတို့ရုပ်ရှင်မင်းသမီးများထိုင်နေသော ဝိုင်းသို့လိုက်ပို့ပေးသည်။ ဘွားချိုပြုံးကား ကုလားထိုင်ပေါ်မှာ မှို့အိတ်ကြီးတင်ထားသလိုပုံ့ပုံ့ကြီးထိုင်ရင်း ဆီးကြိုနေသည်။
    မန္တလေးမှဆင်းလာသော ဆရာနေဝင်းမြင့်၊ ဆရာကိုရိုးကွန့်၊ ဆရာညိုထွန်းလူနှင့် ဆရာကိုငြိမ်း (မန္တလေး) တို့မှာ ထူးခြားတိုက်ဆိုင်စွာ တူညီနေသောအချက်တစ်ချက် ရှိသည်။ သူတို့အားလုံးမိန်းမကြောက်ရခြင်းပင်ဖြစ်သည်။ တစ်ဝိုင်းတည်းထိုင်နေသော ဆရာအော်ပီကျယ်က
    " ကျုပ်တော့ မကြောက်ပေါင် "
    ဟုပြောသည်။ သို့ရာတွင် သူ့လေသံမှာ ' သရဲမကြောက်ဘူး 'ဟုပြောရင်း ကြက်သီးထလာသော ပုံစံမျိုးဖြစ်၏။ နောက်ကိုလည်း မလုံမလဲကြည့်သေးသည်။ သူတို့ဝိုင်းထဲမှာ ဆရာဇော်မောင်တစ်ယောက်သာ ရဲရဲတင်းတင်းရှိနေသည်။ သူကတော့ လူပျိုကြီးကိုး။
    တစ်ဖက်မှာရှိသော ပန်းချီဆရာကြီးတွေရဲ့ဝိုင်းကတော့ စိုပြည်စပြုနေပြီ။ တကယ်ဆို သူတို့သည် အသက်ကြီးလှပြီဖြစ်သောကြောင့် ဝေဒနာကိုယ်စီရှိနေကြပြီ။
    ဆရာကြီးဦးညိုဝင်းက မျက်စိမှုန်နေပြီ။ ဆရာကြီးဦးမောင်မောင်သိုက်က ခါးနာသဖြင့် ကုန်းကုန်းကြီးထိုင်နေရသည်။ ဆရာကြီးဦးကျော်သောင်းမှာ သွားတွေမကောင်းလို့ အရည်ပဲသောက်နိုင်တယ်ဟုဆို၏။ ဆရာကြီးဖေညွန့်ဝေကတော့ ဒူးတွေကိုက်ကိုက်နေလို့တဲ့။
    ဒါက ဝိုင်းမစခင်အခြေအနေကိုပြောတာ။ နှစ်ခွက်သုံးခွက်လောက်လည်း ဝင်သွားပြီးကြရော...ဆရာကြီးဦးညိုဝင်း၏မျက်လုံးများမှာ အရောင်လက်လာပြီး ငါးကင်ထဲပါလာသော အရိုးကိုတောင်ထွင်ထုတ်လိုက်နိုင်သေးသည်။ ဆရာကြီးမောင်မောင်သိုက်က ခါးကိုဆန့်ပြီး ထိုင်နိုင်လာသည်။ ဆရကြီးဦးကျော်သောင်းက အသားလုံးကြော်တစ်ခုကို ကောက်ဝါးသည်။ ဆရာဖေညွန့်ဝေကတော့ ဒူးကလေးတနှံ့နှံ့ဖြစ်လာပြီ။
    ပန်းချီဆရာတွေထဲမှာ ဆရာကြီးမောင်ဒီကတော့ ဒီအသက်ဒီအရွယ်အထိ ကျန်းမာသန်စွမ်းတုန်းပင်ဖြစ်၏။ ခုလိုကြံ့ခိုင်နေတာကတော့ တိုင်းရင်းသမားတော်ကြီး ဆရာစည် အထူးဖော်စပ်ပေးသော ' ဖွဲတစ်ဆုပ်အားဆေးကြီး 'မှီဝဲနေသောကြောင့်ဖြစ်သည်ဟု လူပြောများနေသည်။ ဆရာကြီးမောင်ဒီကတော့ ဝန်မခံဘဲဆေးလိပ်ချိုးတက်နေသော သွားကြီးတွေကိုသာ ဖြဲလျက်တဟဲဟဲရယ်နေသည်။
    ထိုသတင်းမှာလုံးဝမှန်ကန်ပါသည်ဟု ဆရာမောင်မောင်စနေက အတည်ပြုချက်ပေးသည်။ ခုလို ရဲရဲကြီးပြောနိုင်တာကတော့ အဆိုပါ ' ဖွဲတစ်ဆုပ်အားဆေးကြီး 'မှာ ဆရာမောင်မောင်စနေကိုယ်တိုင်အသုံးပြုနေရာမှ ဆရာကြီးမောင်ဒီကိုတစ်ဝက်ခွဲပေးခဲ့သောကြောင့်ဖြစ်ကြောင်း ဆရာမြေလတ်မောင်မြင့်သူက ဖော်ကောင်လုပ်လေသည်။
    ဝါရင့်ပန်းချီဆရာကြီး ဦးမြင့်မောင်ကျော်သည် လူငယ်ပန်းချီဆရာလေးများကြားရပ်ရင်း အာဘောင်အာရင်းသန်သန်လက်ချာရိုက်နေသည်။ သူသည်တစ်လောတုန်းက လေဖြန်းသွားခဲ့သေးသည်။ ခုတော့ အတော်ပြန်ကောင်းနေပြီ။ ဘယ်ဘက်ပါးကလေးနည်းနည်းရွဲ့နေသေးသဖြင့် စကားပြောလျှင်တံတွေးတော့စဉ်တတ်သည်။ ထို့ကြောင့် လူငယ်များမှာ သူ၏ညာဘက်ခြမ်းတွင်သာ စုပြီးရပ်နေလေသည်

    ဓာတ်လှေခါးနှစ်စင်း၏တံခါးများ တစ်ပြိုင်တည်းပွင့်လာပြီး လျှပ်စစ်တွန်းလှည်းကုလားထိုင်(ဝှီးချဲ)နှစ်စင်းသည်လည်း တစ်ပြိုင်တည်းရှောခနဲထွက်လာသည်။ စင်္ကြံလမ်းထဲသို့အရင်ရောက်အောင်လုဝင်ကြရင်း လှည်းနှစ်စင်းတိုးမိကြသည်။
    ' လူတစ်ယောက်လုံးလာတာမမြင်ဘူးလာ 'ဟု အသက်ကိုးဆယ့်ရှစ်နှစ်အရွယ်ရှိ ဖြူဖြူဖိုင့်ဖိုင့် အဘွားအိုက စပြီးရန်တွေ့လိုက်သည်။ ကိုးဆယ့်ငါးနှစ်ရှိပြီဖြစ်သော ခပ်ပိန်ပိန်၊ အသားဖြူဖြူ၊ ဆံပင်ဖြူဖြူ၊ နှုတ်ခမ်းမွေးဖြူဖြူ အဘိုးအိုကလည်း
    " လှည်းတစ်စင်းလုံးလာတာ မမြင်ဘူးလား "
    ဟုတုံ့ပြန်သည်။
    " လေးဒီးစ်ဖတ်စ်ဆိုတာ မသိဘူးလား "
    " ကျုပ်ကလမ်းကြောင်းထဲ အရင်ဦးအောင်ရောက်တာ၊ ခင်ဗျားကဝင်တိုက်တာ "
    " ဘာပြောတယ် "
    အဘွားကြီးက အတောင်သတ္တိကောင်းပုံရသည်။ အပြတ်ချဲတော့မည့်ဟန်ပြင်လိုက်ပြီးမှ မျက်လုံးကိုမှေး၍ အားယူကြည့်လိုက်ပြီး
    " ဒီမျက်နှာမြင်ဖူးပါတယ် "
    အဘိုးကြီးကလည်း
    " ဒီအသံကြားဖူးသလိုလိုပါပဲ၊ ဒါနဲ့ခင်ဗျားကဘယ်သူလဲ "
    " မသိဘူးလား ခင်ဆွေဦးဆိုတာ ငါပဲ "
    " ဟင် မမဦး၊ ကျွန်တော် ဘကြီးမိုး၊ အဲ... မောင်မိုးသူရယ်လေ "
    " ဟယ်...ကိုမိုးသူ၊ ကြည့်စမ်း၊ မတွေ့တာကြာပါပကော "
    " မမဦးဘယ်နားထိသွားသေးသလဲ "
    " မထိပါဘူး၊ မမဦးလည်းဝှီးချဲလိုင်စင်ရထားတာမကြာသေးတော့ ကောင်းကောင်းမကျွမ်းကျင်ဘူး၊ ကိုမိုးသူလည်း ဘာဖြစ်သွားသေးသလဲ "
    " မဖြစ်ပါဘူး "
    ထို့နောက် စာပေမောင်နှမနှစ်ယောက်ဝမ်းသာအားရစကားတွေပြောကြသည်။ ခဏနေတော့ ဆရာမကြီးဒေါ်ခင်ဆွေဦးက
    " နောက်တောင်ကျနေပြီ၊ အစားအသောက်တွေကုန်သွားရင် ခက်မယ်၊ သန်းမြင့်အောင်တို့က သိပ်လက်မြန်တာ၊ ကဲ...သွားလိုက်ဦးမယ်နော်၊ ကိုအောင်သင်း "
    ဟုနှုတ်ဆက်ပြီး ဝှီးချဲကို ကွေ့ကွေ့ကောက်ကောက်မောင်းထွက်သွားသည်။ ဆရာကြီးမောင်မိုးသူမှာ ရုတ်တရက်ကြောင်စီစီဖြစ်သွားသည်။ ပြီးတော့မှ
    " ဟား ဟား... ငါ့ကိုများ ကိုအောင်သင်းတဲ့၊ အင်း..ဒေါ်ခင်နှင်းယုတစ်ယောက်တော့ အသက်ကြီးလာလို့ မေ့မေ့လျော့လျော့တွေဖြစ်ကုန်ပြီထင်တယ် "
    ဟုပြောပြီး ဟက်ဟက်ပက်ပက်ရယ်သည်။ ထို့နောက်အကူအညီလိုရင်ပေးရအောင် ဘေးမှာအဆင်သင့်စောင့်နေသော ဆရာဇော်ခိုင်ဦးကိုမော့ကြည့်ပြီး
    " ဟေ့ကောင်..လေးလွင်လတ်၊ ကိုဗဂျမ်းတို့ရှိတဲ့ဝိုင်းကိုလိုက်ပြပေးစမ်းကွာ "  ဟုပြောလိုက်သည်။

အပိုင်း (၂) ဆက်လက်တင်ဆက်ထားပါသည်။
------------------------------------------
(ရွှေအမြုတေမဂ္ဂဇင်း၊ အမှတ်-၂၄၀၊ နိုဝင်ဘာ ၂၀၀၉)     

No comments:

Post a Comment

mr.kyaingtun@gmail.com