Friday, October 19, 2012

အသွားမှာ ညစ်ပတ် အပြန်ကျ နံဆော် by တကျော့ ပြန်ဟစ် တလာ on Friday, October 19, 2012 at 10:23am ·





By မင်းစိုးစံ
October 19, 2012

ညစ်နေတာအမှန်ပဲ။ စိတ်။
ညစ်တယ်ဆိုတာ မသန့်ရှင်းလို့ပေါ့နော်။ မသန့်ရှင်းဘူးဆိုတော့ ညစ်ပတ်တာပေါ့။
အခုတလော ကျုပ် စိတ်တွေညစ်ပတ်နေတာအမှန်ပဲ။
ဘယ်လိုတွေဖြစ်လို့ ဘာတွေညစ်ပတ်နေသလဲဆိုတာ ကျုပ်မသိဘူး။ မသိတာကို က ပိုညစ်ပတ်နေတာ။ သိနေတယ်ဆိုလျင် ညစ်ပတ်တယ်လို့ မပြောဘူး။
သေခြာတာတခုကတော့ ကျုပ် လမ်းလျှောက်နေရတာကို မကြိုက်ဘူး။

သစ်ရွက်တွေ ကားလမ်းဘေးနဲ့ လူသွားလမ်းပေါ်မှာ ပိုးစိုးပက်စက် ကြွေနေတာကြောင့်လား။ အရွက်တွေမရှိတော့တဲ့ သစ်ပင်တွေကို မကြေမနပ်ဖြစ်နေတာလား။
အေးစိမ့်စိမ့်ဖြစ်နေတဲ့ ခပ်ပြင်းပြင်းတိုက်လာကြတဲ့ လေကိုလား။
လေအဝှေ့မှာ လမ်းတလျှောက် ရှပ်တိုက်ပြေးနေတဲ့ သစ်ရွက်တွေရဲ့ အသံကိုလား။
ဒါမှမဟုတ် အားနည်းနေတဲ့ ခြေအစုံကို အကူပေးနေတဲ့ တုတ်ကောက်ကိုလား။
ကိုက်ခဲနေတဲ့ တုတ်ကောက်ကိုင်ထားတဲ့ လက်ကိုလား။
တုတ်ကောက်နဲ့ လူသွားလမ်း ဖိတိုက်လို့ ထွက်လာတဲ့ အသံကိုလား။
အဲဒါတွေကြောင့်ဆိုလျင် ကျုပ် လမ်းဆက်မလျှောက်ပဲ အိမ်မှာ ပြန် နားလို့ရသားပဲ။
ကျုပ်ခြေလှမ်းတွေ လှမ်းနေတာ မတားဖြစ်ဘူး။ တခုခုကို လုပ်ချင်နေသလိုပဲ။

ရိုက်ချင်တယ်။
ဟုတ်ပါတယ်၊ ကျုပ်ရိုက်ချင်တာအမှန်ပဲ။
တုတ်ကောက်နဲ့တော့ ဟုတ်မယ်မထင်ဘူး။
တုတ်ကောက် က အင်မတန်ပေါ့ပါးတဲ့အတွက် ကျုပ်ရိုက်ချင်တာ လူတစ်ယောက်ယောက် မဟုတ်သလို၊ မှန်ပြူတင်းတစ်ချပ်လည်းမဖြစ်နိုင်ဘူး။
တိရိစ္ဆာန်လားဆိုတော့ ခွေးလည်း ခွေးနေရာနဲ့ခွေး။ ကြောင်လည်း ကြောင်အခွင့်အရေးနဲ့ ကြောင်။
ဒီနိုင်ငံက လူမပြောနဲ့ တိရိစ္ဆာန် တွေတောင် သူ့အခွင့်အရေးနဲ့ သူ့ဥပဒေနဲ့။

နိုင်ငံရေးလုပ်စား အဲလေ လှုပ်ရှားသူတွေပြောသလိုပြောမယ်ဆိုလျင် တရား ဥပဒေ စိုးမိုးမှု ရှိတယ်ဆိုတာ ဒါပဲဖြစ်
မယ်။ ကျုပ်ရိုက်ချင်တာ နိုင်ငံရေးလှုပ်ရှားသူကိုလား။ မသေခြာဘူး။
နိုင်ငံရေး လှုပ်ရှားသူတွေဆိုတာ အင်မတန် ပါးရည်နပ်ရည်ရှိတာ။
ပြီးတော့ ကျုပ်လက်ထဲမှာရှိတဲ့တုတ်က လူရိုက်တဲ့ တုတ်မဟုတ်ဘူး။ ရိုက်စရာလူလည်း ကျုပ်မှာမရှိဘူး။ ရိုက်ချင်စရာကောင်းတဲ့ လူတွေတော့ ကျုပ်စိတ်ထဲမှာ ရှိကောင်းရှိနေမလား ဆိုတာကိုတော့ ကျုပ်လည်းမသိဘူး။ ကျုပ်လည်း လူလေဗျာ။ တဦးချင်းအရ ဖြစ်ဖြစ် အုပ်စုလိုက်ဖြစ်ဖြစ် မတရားလုပ်တာ ခံရဖန်များလာတော့ မကြေနပ်
မှု ခံပြင်းမှု နာကျည်းမှု မချင့်မရဲဖြစ်မှု ဆိုတာတွေကို စုထားတာများလာတဲ့နောက် ပေါက်ကွဲချင်တာပေါ့ဗျာ။

ပေါက်ကွဲချင်နေတာကို မဖေါက်နဲ့ မဖေါက်နဲ့လို့ တားလို့မရသလို၊ ပေါက်ကွဲချင်တိုင်း ပေါက်ကွဲလို့ မဖြစ်တာတွေက အများကြီး။

ဒါကြောင့် ဗမာစစ်အစိုးရ ပြောပြောနေတဲ့စကားတခွန်းရှိတယ် ဘာတဲ့ စည်းကမ်းရှိ ဒီမိုကရေစီ ဆိုလား။
ဒီဗမာစစ်အစိုးရကတော့ ကောင်းရောင်းကောင်းဝယ် လုပ်စားဘို့သာ မတတ်ရှာတာ။ လျှာအရိုးမရှိတိုင်း ပြောဘို့များကျတော့ ကြံကြံဖန်ဖန်ကို ပြောတတ်တယ်။
ရှိပါသေးတယ်။
မိုးလုံးပြည့် မုသားဝါဒ ဆိုတာ။ မီဒီယာကို မီဒီယာနဲ့ ပြန်တိုက်မယ် ဆိုတာတို့။
တော်တော်တတ်နိုင်တယ်။

အခုလည်း လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကသုံးခဲ့ဘူးတဲ့ စကားတခွန်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို အမြုတေပါတီမှ ပြည်သူ့ပါ
တီဖြစ်အောင်လုပ်မယ်ဆိုလား ဘာလား။
အဲဒါ မဆလ လို့ ခေါ်တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ကိုအကောင်အထည်ဖေါ်ခဲ့တုန်းက အမြုတေပါတီ မှ ပြည်
သူ့ပါတီသို့ ဆိုပြီးလုပ်ခဲ့တာ။
မြန်မာ့အသံကတောင် သီချင်းတွေလွှင့်လိုက်သေး မြန်မာ့နည်းမြန်မာ့ဟန် လမ်းစဉ်အောင်ရမည် ဆိုတာ။
အောင်သလားမမေးနဲ့ ဗမာအောင်ပြီ တို့ဗမာအောင်ပြီ ဆိုတဲ့သီချင်းတောင် ဆိုလိုက်သေး။
အခုတော့ တရုတ်အားကိုး ခေါက်ရိုးမကျိုး ဖြစ်ကုန်ပါရောလား။
နိုင်ငံတကာကိုတော့ မရိုးမသားတဲ့မျက်ခွက်နဲ့ နောက်ပြန်မဆုတ်ပါဘူး။ နောက်ပြန်မလှည့်ဘူးတဲ့။
လျှော့ပေးတာလည်း ခံရရော အကြွေးတွေ ပြန်ဆပ်ဘို့မလိုတော့ဘူး ဆိုတာနဲ့ မျက်နှာဖုံးက ကွာကျလာပြီ။
ခွေးမြီးကောက် ကျည်ထောက်စွပ်.....။ မနှိုင်းတော့ပါဘူး။ ခွေးကို အားနာလို့။


အတွေးတွေ ဟိုရောက်ဒီရောက်နဲ့ ကျုပ်ဘောင်းဘီအိတ်ထဲကို လက်နှိုက်လိုက်မိတယ်။
အရေးထဲ လမ်းလျှောက်တိုင်း ပါလာတတ်တဲ့ လက်စွဲတော်ကို တော်ရုံနဲ့ စမ်းလို့မရဘူး။ ဟိုလှည့်ဒီလှည့်လုပ်နေတုန်း ပြေးပြီ။ ရှိပါစေ ထင်းခွေမကြုံ ရေခပ်ကြုံမပေါ့ လို့ တေးထားလိုက်တယ်။ မဟုတ်သေးပါဘူး။
ဒီနိုင်ငံက သစ်ပင်တွေကို ထင်သလိုခုတ်လို့မရသလို၊ ရေခပ်လို့လည်း မရဘူးလေ။
လိုလည်းမလိုပါဘူး။
အသွားမှာမကြုံလျင် အပြန်မှာကြုံမယ်။ မှတ်ထား။

ကျုပ်ခါတိုင်းနေ့တွေထက် ဒီနေ့ကျမှ လမ်းပိုလျှောက်မိတယ်။ဘာကြောင့်ပါလိမ့်။
လမ်းလျှောက်ရတာ မကြိုက်တဲ့နေ့ကျမှ ဘယ်လိုကြောင့်အခုလို ဖြစ်နေရတာလဲ။
ဒါပေမယ့် တနေ့ ခြေလှမ်း ၁၀၀၀၀ ဆိုတာကို ရောက်ဘို့တော့ မလွယ်သေးဘူး။ လွန်ခဲ့တဲ့အပတ်တုန်းက ခြေလှမ်း ၄၈၂၀ လှမ်းလိုက်တာ ခြေဖမိုးကိုက်လို့ ၂ရက်တိတိ လမ်းမလျှောက်နိုင်ဘူး။

အဲဒီတုန်းက ကျုပ် နေတဲ့လမ်းကနေ University အထိလျှောက်ခဲ့တာဆိုတော့ ဓါတ်ပုံတချို့ရိုက်ဖြစ်ခဲ့သေးတယ်၊ ခုဆိုကျုပ်နေနေတဲ့မြို့မှာ မီးရထားလမ်းဖေါက်နေပြီဗျ။

ဒီပုံကတော့ University လမ်းမပေါ်က အတိုကောက် HUBBS ကျောင်းအဆောက်အဦးပါ

ကျုပ်တို့မြို့ကို Twin city လို့ခေါ်တဲ့အတွက် မြို့နှစ်မြို့ ဖြစ်တဲ့ Minneapolis နဲ့ Saint Paul ကို ရထားနဲ့ ကူးလူးသွား
လာမှာ။
ကျောက်မီးသွေးနဲ့တော့မဟုတ်ဘူး။ လျှပ်စစ်ဓါတ်အားနဲ့ မောင်းတယ်ဆိုလား။


Saint Paul နဲ့ Minneapolis ကို အသွားအပြန်လုပ်မယ့် ရထားလမ်းဖြစ်ပါတယ်။

ကျုပ်တို့တိုင်းပြည်မှာလို နှစ်ဘက်သံလမ်းတွေအောက်မှာ ဇလီဖါးတုံးတွေခုပြီး မူလီစုတ်ထားတာမျိုးမရှိဘူး။ ဘူတာရုံလေး တွေကိုလည်း ကျုပ်တို့လို မသန်မစွန်းတဲ့ ဒုက္ခိတတွေအတွက် အဆင်ပြေအောင် ကုန်းခပ်ပြေပြေ
လေးတွေလုပ်ပေးထားတဲ့ အတွက် ဘီးတပ်ကုလားထိုင်သုံးသူတွေပါ စိတ်ချမ်းသာရာရတာပေါ့။

အရင်တုန်းကတော့ ဒီလမ်းမကြီးပေါ်မှာ မီးရထားလမ်းမရှိသေးဘူး၊ ကားတွေကတော့ အခုလိုပဲ အသွားနှစ်လမ်း အပြန်နှစ်လမ်းရှိနေပြီးတော့ အခုလိုရထားနှစ်စီးအသွားအပြန်ခုတ်မောင်းနိုင်အောင် ထပ်လုပ်လိုက်လို့ လမ်းမကြီးနဲ့ နီးတဲ့အိမ်တွေ လမ်းမကြီးဘေးကအိမ်တွေ ရွှေ့ရတာ ပြောင်းရတာမျိုးမရှိအောင်လမ်းကို ကြိုတင်စီမံထားတာတဲ့ ပညာရှင်တွေရဲ့တွေးဆ တွက်ချက်ထားမှုကို မချီးကျူးပဲ မနေနိုင်တာအမှန်ပါ။

ဆောက်လို့ မပြီးသေးတဲ့ မီးရထားဘူတာရုံ

ဗမာစစ်အစိုးရလက်ထက် ပညာတတ်သူခိုး.......။ တော်ပါပြီ မရေးတော့ပါဘူး။
ရထားဝန်ကြီးလား ငြိမ်းချမ်းရေးဝန်ကြီးဆိုလား ဦးအောင်မင်းပြောတာကို သတိရလို့ပါ။
ဘယ်လိုပြောသလဲဆိုတော့ သီးလေးသီးကတဲ့ အစိုးရမကောင်းတာတွေ ပုတ်ခတ် ပြီးပြောတာတွေကို တားဘို့ သမ္မတ ဦးသိန်းစိန်က ပြောပေမယ့် သူက သီးလေးသီးဘက်ကနေပြီးကာပြောပြောတဲ့အတွက် သူ့ကို အစိုးရအဖွဲ့က ဘယ်လိုပြောသလဲဆိုတော့ သီးလေးသီးမဟုတ်တော့ဘူး၊ သီးငါးသီးဖြစ်သွားပြီ အောင်မင်းပါ ပါတယ် ဆိုပဲ။

သူကပြောသေးတယ် သီးလေးသီးဇာတ် က တယ်ဆိုတာ အစိုးရကိုထိခိုက်ပြီးပြောမှ ခွေရောင်းကောင်းတာကိုး ဒီတော့ ခွေရောင်းကောင်းအောင် အစိုးရကိုထိခိုက်ပြောတာကို အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးအတွက် နား လည်ပေးရမယ် ဆိုလား ဘာလား။

ကျုပ်စာရေးတာ ပိုက်ဆံရလို့ မဟုတ်ပေမယ့် တော်ကြာ အဲဒီဝန်ကြီးဦးအောင်မင်း က အစိုးရကိုပုတ်ခတ်ရေးမှ ဒီလူ့ဘလော့ဂ် လူလာများမှာ ဆိုပြီးအပြောခံနေရဦးမယ်။
ညစ်နေတဲ့စိတ်တွေ နည်းနည်းသက်သာလာတယ်။
ဦးအောင်မင်းရဲ့ ရယ်(ရီ)စရာအပြောကို တွေးမိလို့ဖြစ်မယ်ထင်တာပဲ။

လမ်းလျှောက်နေတုန်း ရေအိမ်တက်ချင်လာတာနဲ့၊ ကတိုက်ကရိုက် အိမ်ကို ပြန်လျှောက်လာခဲ့တယ်၊ အဲဒီမှာ အ
သွားမှာတုန်းက မရိုက်ဖြစ်လိုက်တဲ့ အကောင်ကို ကျုပ်လက်စွဲတော်ကိုထုတ်ပြီးရိုက်ဘို့လုပ်တော့ တုတ်ကောက်က လက်ထဲကနေပြုတ်ကျ သွားပြီး လူလည်းယိုင်သွားတယ်။
ရေအိမ်တက်ချင်တဲ့ အရှိန်ကလည်းမသေးဘူး။

ကျုပ်ရိုက်နေချင်တာ ဒီငတိလေးပဲ

အသွားမကြုံလို့ အပြန်မှာကြုံမယ်ဆိုပြီး တေးထားတဲ့သတ္တ၀ါက ဒီတခါတော့မပြေးတော့ဘူး အမြည်းကလေးတောင်
နှံ့နေလိုက်သေး။
ရေအိမ်တက်ချင်တာကတဘက် တုတ်ကောက်ကို လိုက်စမ်းရတာကတဘက် ကင်မရာကို ချိန်နေတာကတဘက် တယောက်ထဲအလုပ်ရှုတ်နေတာ။
ဒီ ငတိလေး ပြေးများပြေးသွားလေမလားလို့ စိုးရိမ်နေတုန်း သူက ကျုပ်နဲ့ပိုနီးတဲ့နေရာကို ပြေးလာသဗျ။
ဒါနဲ့ ကျုပ်လည်း သူ့ပုံလေးကို ရိုက်လိုက်ပါတော့တယ်။
အွန်လိုင်းပေါ်မှာ လိုသလောက်ကူးယူလို့ရပေမယ့် ကိုယ်တိုင်ရိုက်လေးလိုချင်တော့ အိမ်အပြန်လမ်းမှာ စိတ်ညစ်ရ ရုံတင်မကတော့ပဲ လူတကိုယ်လုံး နံဆော်သွားပါတော့တယ်။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

No comments:

Post a Comment

mr.kyaingtun@gmail.com