Wednesday, October 17, 2012

ရခိုင်လူမျိုး နောက်ခံ သမိုင်းကြောင်းနှင့် ပေါ်ပေါက်လာပုံ/by ဦးဦး မှော်ဆရာ


သေချာတဲ့ သမိုင်းအထောက်အထားများဖြင့် ကျနော့် အမြင်မှားယွင်းကြောင်း ၀င်ရောက်ဆွေးနွေးခြင်းဖြင့် ကိုယ့်ကိုယ်ကို အရည်အချင်းရှိကြောင်း ပြပါ

ဦးဦး မှော်ဆရာ

မေးလ်တစ်စောင်မှာ ပြောထားတဲ့အချက်တစ်ချက်ကို ပုံပြင်ပါလို့ ကျနော် ငြင်းလိုက်တာကို မကျေနပ်တဲ့ မည်သူမဆို
အထောက်အထားဖြင့် ၀င်ရောက်ဆွေးနွေးနိုင်သည် ။ ၂၁ ရာစု ပညာခေတ်ကြီးမှာ ဒီလိုပြောတာမကျေနပ်ဘူးကွ လို့
အရူးတစ်ယောက်လိုအော်ဟစ်နေမဲ့အစား သေချာတဲ့ သမိုင်းအထောက်အထားများဖြင့် ကျနော့် အမြင်မှားယွင်းကြောင်း
ဝင်ရောက်ဆွေးနွေးခြင်းဖြင့် ကိုယ့်ကိုယ်ကို အရည်အချင်းရှိကြောင်း ပြပါ ။

မူရင်းပို့စ်

ရခိုင်လူမျိုး နောက်ခံ သမိုင်းကြောင်းနှင့် ပေါ်ပေါက်လာပုံ
======
ရခိုင်ဆိုသော စကားသည် ပါဠိ စကားမှ ဆင်းသက်လာသည်။ ရက္ခိတ (အမျိုးကို
စောင့်ရှောက်သူ) ဟု အဓိပ္ပါယ်ရသည်။

ပျူ နှင့်အနွယ်တူ ကမ်းယံ လူမျိုးများ မြန်မာနိုင်ငံဧရာဝတီမြစ်ဝှမ်း
ဒေသဘက် သို့ဝင်ရောက်သည့် အချိန်ကာလ လောက်မှာပင် အနောက်တိဗက်အနွယ်ဝင်
အခြား လူမျိုးစုများသည်လည်း ရခိုင်ကမ်းရိုးတန်း ဒေသများသို့
့အိန္ဒိယနိုင်ငံ အရှေ့ပိုင်းဒေသ များဘက်မှ ၀င်ရောက်လာကြသည်။
ရခိုင်ကမ်းရိုးတန်းဒေသနှင့် သက်ဆိုင်သည့် သမိုင်းများကို လေ့လာသည့် အခါ
ရှေးအကျဆုံး မင်းဆက်များနှင့် တိုင်းပြည် နယ်ပယ်များသည်
စစ်တွေပတ်ဝန်းကျင် ဒေသတ၀ိုက်လောက်တွင် အခြေခံသည်ကို
အများဆုံးတွေ့ရှိရသည်။

ရခိုင်ကမ်းရိုးတန်းတောင်ပိုင်း ဒေသများ သို့ဝင်ရောက် ခြေချသည့်
လူ့အဖွဲ့အစည်းများမှာ ပျူနှင့် အနွယ်တူကမ်းယံ လူမျိုးများ သည်
ဧရာဝတီမြစ်ဝှမ်း အရပ်ဒေသများမှတဆင့် ၀င်ရောက် လာဖွယ်ရာရှိသည်။
ရခိုင်ရာဇ၀င်ဟောင်းများ၌ ရေးသား ဖေါ်ပြထားသည်မှာ ဗုဒ္ဓပွင့်တော် မမူမှီ
လွန်ခဲ့သည့်နှစ် ပေါင်း ၅၀၀၀ ကျော်လောက်မှ စ၍ဓည၀တီ ကို တည်ထောင်သည့်
မာရယု မင်းဆက် ၅၄ ဆက်မျှ စိုးစံခဲ့ကြောင်း ဒုတိယအကြိမ်
ဓည၀တီကိုတည်ထောင်သည့်ကံရာဇာကြီး မင်းဆက် ၂၉ ဆက်မြောက် စန္ဒသူရိယမင်းသည်
ဗုဒ္ဓနှင့် ခေတ်ပြိုင်ဖြစ်ပြီး မဟာမုနိရုပ်ပွားတော်ကို
သွန်းလုပ်ခဲ့ကြောင်း ရေးသား ဖေါ်ပြကြသည်။

ရခိုင်ကမ်း ရိုးတန်းဒေသတ၀ိုက်တွင် တွေ့ရှိရသည့်
သမိုင်းဝင်ထောက်အထားများအရ ပုဂံပြည် မတိုင်မှီ ရာစု နှစ်များစွာကပင်
တိုင်းပြည် မင်းဆက်များ ထူထောင်ပြီးစီးကြောင်း တွေ့ရှိရသည်။ အထူးသဖြင့်
ဓည၀တီ၊ ဝေသာလီနှင့် လောင်းကြက် ပြည်များသည် သူ့ခေတ်နှင့် သူ့အခါ
ထင်ရှားကြီးကျယ် သည့် တိုင်းပြည် များဖြစ်ခဲ့ကြသည်။

မြောက်ဦးခေတ် ရောက်သောအခါ ရခိုင်ဘုရင်များသည် ရခိုင်ကမ်းရိုးတန်းဒေသတ
ခုလုံးကိုစည်းလုံး သိမ်းသွင်းနိုင်ခဲ့ရုံမျှမက၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊
စစ်တကောင်းဒေနှင့် အိန္ဒိယနိုင်ငံ တြိပူရ ဒေသများကိုပါ နှစ်ပေါင်း
ရာနှင့်ချီ၍ သိမ်းပိုက်ထားနိုင်ခဲ့ကြသည်။

မြန်မာတနိုင်ငံလုံး ကို စတင်စည်းရုံးခဲ့သည့်
ပုဂံမင်းဆက်ဘုရင်များသည်လည်းကောင်း၊ ဒုတိယ မြန်မာနိုင်ငံကို ထူထောင်သည့်
ဘုရင့်နောင်သည်လည်းကောင်း၊ တတိယမြန်မာနိုင်ငံကို စည်းလုံးတည်ထောင်သည့်
အလောင်းဘုရားသည် လည်းကောင်း ရခိုင်ပြည်ကို မြန်မာနိုင်ငံ၏ နယ်ပယ် တစ်ခု
အဖြစ်သို့ မသိမ်းသွင်းနိုင်ခဲ့ကြချေ။ီရခိုင်သည် ၁၈၇၄ ရောက်မှသာ
ဘိုးတော်ဗဒုံမင်းလက်အောက်သို့ ကျရောက်ခဲ့ပြီး၊ မြန်မာနိုင်ငံတွင်
ပါဝင်လာခဲ့သည်။

ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံ

ရခိုင်လူမျိုးတို့ သည် ရခိုင်ဘာသာစကားနှင့် မြန်မာဘာသာစကားကို အများဆုံး
အသုံးပြုကြသည်။

ရခိုင်ဘာသာစကားနှင့် မြန်မာ ဘာသာစကားသည် အတော်များများတူပြီး ရ-သံ /r/
နှင့် ယ-သံ /j/ ထွက်ကွာသည်။ ရခိုင်စာပေ အရေးအသားနှင့် မြန်မာစာပေး အရေး
အသားသည် ဆင်တူသည်။

ရခိုင်လူမျိုးတို့သည် များသောအားဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ ကို ကိုးကွယ်ကြသည်။

သူတို့သည် အရှေ့တောင်အာရှ၏ ပထမဦးဆုံးသော ထေရဝါဒ ဗုဒ္ဓဘာသာ ကိုးကွယ်သူများ ဖြစ်ကြသည်။

ရခိုင်ယဉ်ကျေးမှုသည် ထေရဝါဒ ဗုဒ္ဓဘာသာ အခြေခံထား၍ပေါ်ပေါက်လာခဲ့သည်။

ရခိုင်လူမျိုးတို့၏ စာပေ၊ ဂီတ နှင့် အနုသုခုမပညာရပ်တို့သည် ဘာသာရေးကို
အခြေခံပြီး တိုးတက်လာခဲ့သည်။ ရခိုင်လူမျိုးတို့၏ ကျင် အားကစားနှင့်
ရခိုင်ဆီမီးခွက်အကတို့သည်ထင်ရှားသည်။

ရခိုင်ပြည်နယ်ရှိမြို့များ

ပြည်နယ်မြို့တော် စစ်တွေ

အကျယ်အ၀န်း ၁၄၂၀၀ စတုရန်းမိုင်ခန့်

လူဦးရေ ၃.၈၃၆ သန်းခန့် (၂၀၁၀ ပြည့်နှစ် စာရင်း)

ခရိုင် ၅ ခရိုင်

မြို့နယ် ၁၇ မြို့နယ်

ကျောက်တော်မြို့

ကျောက်ဖြူမြို့

ဂွမြို့

စစ်တွေမြို့

တောင်ကုတ်မြို့

ပုဏ္ဏားကျွန်းမြို့

ပေါက်တောမြို့

ဘူးသီးတောင်မြို့

မာန်အောင်မြို့

မောင်တောမြို့

မင်းပြားမြို့

မြေပုံမြို့

မြောက်ဦးမြို့

ရသေ့တောင်မြို့

ရမ်းဗြဲမြို့

သံတွဲမြို့

အမ်းမြို့

ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသားလူမျိုးများ

၁၉၈၂ မြန်မာနိုင်ငံသား အက်ဥပဒေအရ၊ တရားဝင် အသိအမှတ်ပြုထားသော၊
မြန်မာနိုင်ငံ၏ တိုင်းရင်းသား (၁၃၅) မျိုးတွင် ပါဝင်သည့် ရခိုင်ပြည်နယ်မှ
လူမျိုး နှင့် မျိုးနွယ်စု (၇) မျိုးမှာ အောက်ပါ အတိုင်း ဖြစ်သည်။

ရခိုင်လူမျိုး
ကမန် မျိုးနွယ်စု
ခမွီး မျိုးနွယ်စု
ဒိုင်းနက် မျိုးနွယ်စု
မရမာကြီး မျိုးနွယ်စု
မြို မျိုးနွယ်စု
သက် မျိုးနွယ်စု

ရည်ညွှန်းကိုးကား

ရခိုင်ရာဇ၀င် ။ အောင်သာဦး

စန္ဒမာလာလင်္ကာရ။ ရခိုင်ရာဇ၀င်သစ် ရခိုင်သမိုင်း ၊ ၁၅ ၊ ၁၈ ရာစု

အရှေ့တောင်အာရှရာဇ၀င်၊ ဟော-၁၉၅၅

မြန်မာရာဇ၀င် (ဟာဗေး ၁၉၂၅)

မိတ်ဆိနာ-ခေတ်ဦး ဖုနန်-ဖန်-ပျူ နှင့် ရခိုင် ယိုးဒယားသင်း ဂျာနယ်။

ရခိုင်ဂီတ ဒေါ့ကွန် [1]

Post By ရွှေအိမ်စည်

***********************************************************************

Reply By : ဦးဦး မှော်ဆရာ

*** တစ်ုခုခုလွဲနေတယ်လို့ မထင်ကြဘူးလားခင်ဗျ ။
((( ဗုဒ္ဓပွင့်တော် မမူမှီလွန်ခဲ့သည့်နှစ် ပေါင်း ၅၀၀၀ ကျော်လောက်မှစ၍ဓည၀တီ ကို တည်ထောင်သည့် မာရယု
မင်းဆက် ၅၄ ဆက်မျှ စိုးစံခဲ့ကြောင်း ... )))
လွန်ခဲ့တဲ့နှစ်ပေါင်း ၇၀၀၀ ( 5000 BC ) ကိုမဆိုထားနဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း၄၀၀၀ (2000 BC) လောက်မှာတောင်
The Far East လို့ခေါ်တဲ့ မြန်မာအပါအ၀င် ကမ္ဘာ့အရှေ့ပိုင်း ဒေသတွေမှာတော့ ကျောက်ခေတ်နှောင်း
ယဉ်ကျေးမှုမှာပဲ ရှိပါသေးတယ် ။ အဲဒီအချိန်မှာ The Near East လို့ ခေါ်တဲ့ အာရှအနောက်ပိုင်းနဲ့
နိုင်းမြစ်ဝှမ်းဒေသတွေမှာ အလွန်တိုးတက်ပြီး ယဉ်ကျေးလာကြပါပြီ။

ယဉ်ကျေးမှုတိုးတက်နေပြီဖြစ်တဲ့ အာရိယန်လူမျိုးတွေဟာ 2000 - 1500 BC လောက်ကမှ ရုရှားတောင်ပိုင်နဲ့
အာရှအလယ်ပိုင်းကနေ အိန္ဒိယတိုက်ကို တစ တစ ၀င်ရောက်လာခဲ့တာပါ ။ ပထမဆုံး ပန်ဂျပ်နယ်မှာ အခြေချပြီး
တဖြေးဖြေးနဲ့ ဂင်္ဂါမြစ်ဝှမ်းတလျောက် ပြန့်နှံ့သွားတယ် ။ မူလရှိနှင့်ပြီးသော အိန္ဒိယတိုင်းရင်းသား တွေနဲ့
ခုဝင်ရောက်လာတဲ့ အာရိယန်တွေ သွေးနှောသွားတဲ့အတွက် အိန္ဒိယတိုက်သား များကို အင်ဒိုအာရိယန်
လူမျိုးလို့ ခေါ်ကြပါတယ် ။

သက္ကတကျောက်စာတွေရဲ့အထောက်အထားအရ သမိုင်းသုတေသီများ လက်ခံထားတဲ့အချက်က
ရှေးဦးရခိုင်လူမျိုးတွေဟာ အိန္ဒိယတိုက်ငယ်မှဝင်ရောက်လာတဲ့ အင်ဒိုအာရိယန် လူမျိုးများဖြစ်တယ်တယ်လို့
ဆိုပါတယ်။
ဒီဆောင်းပါးကို ရည်ညွန်းကိုးကားတယ်ဆိုတဲ့ ဦးအောင်သာဦးရေးထားတဲ့ Arakanese Script its Origin and
evolution စာအုပ်မှာ ဒီလိုဖေါ်ပြထားပါတယ်။
"The ancient Arakanese were decendents of the Indo Aryans."
( ရှေးဦးရခိုင်လူမျိုးများက အင်ဒိုအာရိယန်လူမျိုးများကနေ ဆင်းသက်လာတယ်)

ဓည၀တီခေတ် စာပေအရေးအသားနဲ့ပက်သက်ပြီးလည်း ဒီလိုဖေါ်ပြထားပါတယ် ။
" The Brahmi Script used during the Danyawaddy Age is exactly similar of the
original Brahmi Script of northern India ."

ရခိုင်ရာဇ၀င်ကျမ်းတွေအရ ကျနော်တို့သိရတာက ဓည၀တီခေတ်က အိန္ဒိယမင်းအနွယ်ဟိန္ဒူမင်းဆက်တွေ
အုပ်စိုးခဲ့ပြီး စာပေအရေးအသားကလည်း ဗြဟ္မီစာပေကိုသုံးစွဲခဲ့ပါတယ် ။ ဘာာသာရေးကတော့ မဟာယန
ဗုဒ္ဒဘာသာနဲ့ ဟိန္ဒူအယူဝါဒတွေသာ လွမ်းမိုးခဲ့ပါတယ် ။

အကောင်းဆုံး သမိုင်းအထောက်အထားတစ်ခုဖြစ်တဲ့ အေဒီ ၇၂၉ ခုနှစ်မှာ ရေးထိုးခဲ့တဲ့ အာနန္ဒာချန်ဒရာ
ကျောက်စာမှာ ဖေါ်ပြချက်အရ ပထမဓည၀တီမင်းဆက်က 518 BC မှာ စတင်တယ်လို့ သိရတယ် ။

ဒီအချက်တွေကို ထောက်ဆပြီး 5000 BC ကတည်းက ဓည၀တီတိုင်းပြည်ကြီးနဲ့ ခန့်ညားထည်ဝါစွာ
ရပ်တည်ခဲ့တယ်ဆိုတာ ပုံပြင်လို့ပဲပြောရမှာပါ။

သတိပြုရန် - ဒီစာမှာ လွန်ခဲ့သော နှစ်ပေါင်း ၇၅၀၀ ကျော် (ဗုဒ္ဓပွင့်တော် မမူမှီ လွန်ခဲ့သည့်နှစ် ပေါင်း ၅၀၀၀ ကျော်) ဆိုတဲ့ အချက်တစ်ချက်
တည်းကိုသာ ကျနော် အထောက်အထားဖြင့် ငြင်းဆိုထားပါတယ်။ ပုံပြင်သာဖြစ်တယ် ဆိုတဲ့စကားက ဒီအချက်ကိုသာ
ရည်ညွန်းကြောင်း ပုံမှန်ဦးနှောက်ရှိသူ ပညာတတ်ပုဂ္ဂိုလ်တိုင်း သိနိုင်ပါတယ် ။

No comments:

Post a Comment

mr.kyaingtun@gmail.com