ကျွန်တော်ကျောင်းဆရာဖြစ်စက ငါဘွဲ့ရတစ်ယောက်ပဲ မူလတန်းလောက်တော့ သင်နိုင်မည်ဟု ထင်မှတ်ခဲ့ပါသည်။ ထို့ကြောင့် မူလတန်းဆရာအဖြစ် တာဝန်ကျရာရွာသို့ စတင်ရောက်စဉ်က ကျောင်းအုပ်ဆရာကြီးက သူငယ်တန်းကို ဝင်သင်ခိုင်းခြင်းကို စိတ်ဆိုးခဲ့မိသည်။ သို့သော် ကျောင်းအုပ်ဆရာကြီးကို ဘွဲ့မရ၊ ဟယ်ရီတန် ၇ တန်းနှင့် ကျောင်းအုပ်ဖြစ်လာတာပဲဟု အထင်သေးပြီး သူငယ်တန်းသို့ စာဝင်သင်ပါသည်။ ကျောင်းအုပ်ဆရာ ကြီးက ရုံးခန်းထဲ ဝင်သွားသည်။
ကျွန်တော်တာဝန်ကျရာ မူလတန်းကျောင်းလေးသည် ပေ ၆၀ x ၁၅ ပေ ကျောင်းတစ်ကျောင်းဖြစ်ပါသည်။ စာသင်ခန်း အခန်းခွဲထားခြင်းမရှိ။ ခမ်းမကြီးထဲတွင် သူငယ်တန်းမှ စတုတ္ထတန်းအထိ အတန်း ၅ တန်းခွဲကာ ခုံစီ ထားခြင်းသာဖြစ်သည်။ ထို့ကြောင့် တစ်တန်းမှ စာသင် စာအော်နေလျှင်၊ နောက်တစ်တန်းက စာသင်လို့မရ၊ စာဖတ်ခိုင်း၊ သင်္ချာတွက်ခိုင်းလောက်ရုံသာရသည်။ ဒါကလည်း ဆရာအချင်းချင်း နားလည်မှုနှင့် ထိန်းသိမ်းကာ သင်ကြားရသည့် စနစ်တစ်ခုဖြစ်သည်။
ဆရာပေါက်စ အမှန်တကယ် ချောက်ကျခဲ့ရသည်။ သူငယ်တန်းကလေးတွေက ကျွန်တော့်ကို မျက်လုံလေးတွေ အပြူးသားနှင့် ကြည့်နေကြသည်။ ကျွန်တော်က အလွယ်ဆုံးဖြစ်သည့် မြန်မာစာကိုသင်ရန် ဖြေဖြူကို ကောက်ကိုင်ပြီး ကျောက်သင်ပုန်းပေါ်တွင် ရေးလိုက်သည်။ မြေဖြူချောင်းက ထောက်ခနဲ ကျိုးသွားသည်။ မြေဖြူကို ဖောင်တိန်လိုကိုင်ပြီးဘောပေါ်သို့ရေးလိုက်သဖြင့် ကျိုးသွားခြင်းဖြစ်သည်။ ဖြေဖြူကိုင်တာကအစ ဆရာလောကတွင် စနစ်ရှိပါသည်။
ကျွန်တော်က စိတ်ကူးဖြင့် ကကြီး ခခွေးစသင်မည်ဟုမှန်းက ကျောက်သင်ပုန်းကြီးပေါ်တွင် ကကြီးမှ စရေး သည်။ ကျွန်တော်ချွေးပြန်သည့် နေရာသို့ရောက်လာသည်။ ဋ သံလျင်းချိတ် ရေးရမည့်အချိန်တွင် ပြဿနာ တက်တော့သည်။ ဘယ်ဘက်လှည့်ရမည်မှန်းမသိ။ ချွေးပြန်နေသော ကျွန်တော့်ကို ရုံးခန်းအတွင်းမှ လှမ်းကြည့် နေသော ဆရာကြီးက ပြုံးပြီး ပြဿနာကို ဖြေရှင်းပေးလိုက်သည်။ သူ့စားပွဲရှေ့ရှိ ခေါင်းလောင်းကိုထိုးပြီး မုန့်စား ဆင်းပေးလိုက်ခြင်းဖြစ်သည်။
ကျွန်တော်က ဆရာကြီးရှေ့တွင် အပြစ်ရှိသူတစ်ယောက်ပမာ သွားရပ်လိုက်သောအခါ ဆရာကြီးက
"အဲဒါ ခင်ဗျားတစ်ယောက်တည်း မဟုတ်ဘူး။ ကျောင်းဆရာဖြစ်စလူတိုင်း ရင်ဆိုင်ရတဲ့ ပြဿနာပဲ” ဟု ရယ် မောရင်းပြောပြသည်။ သူလည်း တစ်ချိန်က ဤအဖြစ်မျိုး ကြုံဖူးသည်။ အလားတူထို ပြဿနာနှင့် ရင်ဆိုင်ရ သော ဆရာတွေ၏အမည်ကို တစ်သီကြီးရွတ်ပြသွားသဖြင့် ကျွန်တော် စိတ်တင်းကြပ်နေမှုများ ပြေလျှော့သွား တော့သည်။
မုန့်စားဆင်းချိန်ပြန်တက်သောအခါ ဆရာကြီးက ကျွန်တော့်ကို လေးတန်းသို့ သွားပြီး အင်္ဂလိပ်စာသင်ခိုင်း သည်။ သူကတော့ သူငယ်တန်းသို့ဝင်ပြီး ကကြီး ခခွေးသွားသင်သည်။
သူကကြီး ခခွေးသင်ပုံကို ကျွန်တော် ပြောပြချင်ပါသည်။ အတန်းရှေ့တွင် ဆရာဆိုပြီး မတ်တပ်ရင် သင်သည် မဟုတ်။ ကျောင်းသား ၂၀ ခန့်ကို သူ့ပတ်လည်တွင် ဝိုင်းထိုင်စေလိုက်သည်။ စာသင်ခုံနိမ့်လေးတွေကိုလည်းသူ ကပတ်လည်ဝိုင်းလိုက်ပြီး စည်းရိုးတစ်ခုလို ကာလိုက်သည်။ ပြီးတော့မှ ဘောကိုလည်းမကြည့် ကလေးတွေကို ကြည့်ပြီး
"ကကြီးကို ဘယ်လိုရေးတယ်၊ သိကြသလားကွယ်" ဟုတိုင်လိုက်သည်။
ကလေးတွေကလည်း
"သိတယ်…သိတယ်.. ကကြီးဆိုတာ ဟောဒီလိုရေးရတယ်၊ အဲဒါကကြီးကွယ်" ဟုအော်လည်းအော် လက်ညှိုး လေးတွေနှင့် လေထဲတွင် ကကြီးကို ဝေ့ဝဲရေးကြသည်။
သူတို့ဆရာတပည့်တွေ အတိုင်အဖောက်နှင့် လေပေါ်ဝဲ ရေးလိုက်၊ အော်လိုက်၊ ရယ်လိုက်ကြသည်မှာ ဇာတ်ကနေသလား ထင်မှားမိသည်။
အမှန်တော့ ၇ တန်းအောင်ဆရာကြီးက၊ ဘွဲ့ရကျွန်တော့်ကို ပညာပေးနေခြင်းဖြစ်သည်။ သူတို့ ကျောက်တံ မကိုင်၊ ကျောက်သင်ပုန်းမကိုင်ဘဲ စာရေးနေကြခြင်းဖြစ်သည်။ လေထဲမှာ စာရေးနည်းတဲ့။ ထူးဆန်းလှစွာ ယခုမှကြုံရသည်။ ဆရာအတတ်သင်တန်းများ တက်လာသည့်ကာလတစ်လျှောက်လုံးလည်း ထိုနည်းကို မကြုံ တွေ့ခဲ့ဖူးပါ။
ပြီးတော့ အားလုံးကိုယ့်နေရာ ကိုယ်ပြန်ထိုင်ကြသည်။
"ကျောက်သင်ပုန်းထုတ်"
ဆရာကြီး၏ အမိန့်ဖြစ်သည်။ သူ့တပည့်တွေက လွယ်အိတ်ထဲမှ ကျောက်သင်ပုန်းတွေ ထုတ်လိုက်ကြသည်။ ကျောက်တံထုတ်။ လိုက်ထုတ်ကြသည်။ သူ့တိုင်မင်နှင့်သူဖြစ်သည်။ အားလုံးအသင့်။
"ကကြီးကို ဘယ်လိုရေးမယ်"
ယခုတစ်ကြိမ်တွင် ဘာသံမျှမထွက်။ ကလေးတွေက ကျောက်သင်ပုန်းပေါ်တွင် လေထဲဝေ့ရေးခဲ့သည့် အတိုင်း ရေးနေကြမည်မှာ သေချာသည်။ ပြီးလောက်သည့် အချိန်တွင်မှ ဆရာကြီးက
"ခ ခွေးကို ဘယ်လိုရေးမယ်"
"ဂ ငယ်ကို ဘယ်လိုရေးမယ်"
ကျွန်တော် ရပ်ထားခဲ့သည့် "ည" အက္ခရာအထိ ဆရာကြီးက အတိုင်အဖောက်နှင့် သင်သွားသည်။ ပြီးတော့မှ
"ပြီးတဲ့လူလာခဲ့" ဟုအော်လိုက်သည်။
ကလေးတွေ သူ့အနားတွင် ဝိုင်းအုံပြီး အမှတ်တောင်းနေကြသည်။ ဆရာကြီးက ဖြေဖြူတစ်ချောင်းဖြင့် အမှတ် ပေးသည့် လုပ်ငန်းကို ပျော်ရွှင်စွာစတင်သည်။
ကျွန်တော်သည် ကျောင်းဆရာစဖြစ်ကာစက ကလေးအနံ့ကို နှာခေါင်းမယဉ်ကြောင်း ဝန်ခံလိုပါသည်။ ကျောင်း ပေါ်တက်လိုက်သည်နှင့် ကျွန်တော့်နှာခေါင်းထဲတွင် ချွေးနံ့လိုလို၊ သေးနံ့လိုလိုရနေသည်။ ဆရာကြီးကတော့ နှစ်ပေါင်းများစွာ ဤအနံ့များကြားတွင် ကျင်လည် ခဲ့ပြီးဖြစ်သဖြင့် နှာခေါင်းယဉ်နေပုံရသည်။
သူ့ပတ်လည်တွင် ဝိုင်းအုံနေသော ကလေးများကို သူ့မြေးလေးတွေလို ပွတ်လိုက်၊ ဖက်လိုက်နှင့် ကြည်နူးနေသည်။ ကလေးတွေ က အမှတ်ပေးလိုက်သော ကျောက်သင်ပုန်းလေးတွေကိုကြည့်ပြီး ပီတိဖြစ်နေသည်ကိုကြည့်ရင်း ကျွန်တော် စာသင်ရမည်ကိုပင် မေ့နေသည်။ ၇ တန်းအောင် ဆရာဖြစ်သင်တန်းဆင်း ဆရာကြီးက၊ ဘွဲ့ရ ဆရာအတတ် ပညာမရှိ။ အလုပ်မရှိသဖြင့် ဘွဲ့ရပြီး ရရာအလုပ်ကို ဝင်လုပ်လာသည့် ဆရာပေါက်စကို ကောင်းကောင်း ပညာပြလိုက်ခြင်း ဖြစ်သည်။
ကျွန်တော့်ဘဝတစ်လျှောက်လုံးတွင် လက်ဦးဆရာစဟုဆိုရမည့် မူလတန်းကျောင်းအုပ်ဆရာကြီးတစ်ယောက် က ပေးလိုက်သည့် သင်ခန်းစာကို ကျွန်တော် ဘယ်တော့မှမမေ့။
ဆရာကြီးက ကျွန်တော့်ကို
- မသင်မီလေ့လာ
- ကိုယ်သင်မှာကို ကြိုတင်ပြင်ဆင်
- ကလေးတွေနှင့် ရင်းနှီးကျွမ်းဝင်
- သူတို့ကိုချစ်ခင်မှ ကိုယ့်ကိုချစ်ခင်
- ဘဝင်မမြင့်နှင့်ဆိုသည့် သင်ခန်းစာများ ကောင်းကောင်းပေးသွားသည်။
ဆရာဖြစ်စကတည်းက အပြုံးလေးဖြင့် ဦးချိုးပေးလိုက်သော ဆရာကြီး၏ ပထမဆုံး ဆရာအတတ်သင်ခန်းစာ သည် ကျွန်တော့်ဆရာဘဝတစ်လျှောက်လုံးကို ပြုပြင်ပြောင်းလဲပစ်လိုက်သည်။ သူတို့တွင် ဘွဲ့ရတွေကို ပညာ ပေးနိုင်စွမ်းရှိကြသည်။ ဘဝနှင့်ယှဉ်သည့် အတွေ့အကြုံတွေက သူတို့ကို ဆရာအတတ်သင်မှ ကထိကတွေ လောက်ကိုးစားရအောင် ပြုလုပ်နိုင်စွမ်းရှိသည်။ မည်သို့ဆိုစေ သူတို့ကိုတော့ လွမ်းမိသည်။
မှတ်ချက်
ပဲခူးချောင်းဖျား၊ အဆိပ်တောင်ကျေးရွာမှ ကွယ်လွန်သွားပြီဖြစ်သော ဆရာကြီးဦးမြအောင်သို့ အမှတ်တရ
ဝတ္ထုတို
တင်ညွန့်
မောက္ခပညာရေးမဂ္ဂဇင်း
http://www.maukkha.org/index.php/book-store/short-stories/2323-2012-09-29-01-43-38
No comments:
Post a Comment
mr.kyaingtun@gmail.com