လက်ရှိအစိုးရ အနေအထားဟာမှာ ဒုသမ္မတက ဦးမြင့်ဆွေ ဖြစ်လာစရာရှိလို့ သမ္မတ
ဦးသိန်းစိန်က အစိုးရအဖွဲ့တွင်းမှာ အပြောင်းအလဲ အနည်းငယ် လုပ်ရပါတယ်။
ကြည့်ရတာ အရေးကြီးလို့ သူ့လက်စွဲတော် ဦးအောင်ကြည်နဲ့ ဦးအောင်မင်းကို
အနားမှာ ခေါ်ထားချင်ပုံ ရတယ်။ သမ္မတ ဦးသိန်းစိန် အနေနဲ့ ဒါတွေကို
လုပ်သင့်လုပ်ထိုက်ပါတယ်။
တပ်မတော်မီဒီယာများကို လေ့လာကြည့်ယင် လက်ရှိတပ်မတော်ဟာ ပြည်သူများကို ရန်သူသဖွယ် သဘောထားနေဆဲ ဖြစ်ကြောင်း တွေ့ရမှာ ဖြစ်တယ်။ တပ်မတော်လို့ ဆိုတယ့်နေရာမှာ သာမန်အကြပ်တပ်သားများကို ဆိုလိုတာ မဟုတ်ဘဲ အရာရှိကြီးမျာကိုပဲ ပြောလိုရင်း ဖြစ်တယ်။ သူတို့ဟာ ပြည်သူတို့နဲ့ ရင်းရင်းနှီးနှီး နေယင် ခန့်ညားမှု အားနည်းမှာကို စိုးကြောက်နေပုံလည်း ရတယ်။ သူတို့ကို မချစ်သော် နေပါစေ၊ ကြောက်နေမှ တော်ကာကျမယ်လို့ သဘောထားပုံ ရပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်များကိုတော့ ပြည်တွင်းရန်သူများလို့ သူတို့ သဘောထားပါတယ်။ သူတို့လူတွေကလည်း အဲဒီလိုပဲ ရည်ညွှန်းကြပါတယ်။ ပြည်တွင်းရန်သူများကို အရင်ရှင်းရမယ်လို့ ဆိုပါတယ်။ ဒီရပ်တည်ချက်ဟာ ဒီကနေ့အထိ မပြောင်းလဲသေးပါ။ တိုင်းရင်းသားများကို ကိုယ်ပိုင်ပြဌာန်းခွင့် ပေးဖို့ အင်မတန် ဝန်လေးကြပါတယ်။ တိုင်းရင်းသားများကို တန်းတူသဘောမထားနိုင်ကြပါ။ လူမျိုးစွဲ ပါတီစွဲ ပုဂ္ဂိုလ်စွဲ မထားပါနဲ့လို့ ပြောယင်လည်း လူမျိုးနောက်ခံ၊ ပါတီနောက်ခံ၊ အဖွဲ့နောက်ခံ၊ ပုဂ္ဂိုလ်ရေးနောက်ခံ မရှိဘဲ ဗမာပြည်မှာ ဘာမှ လှုပ်လို့ မရသေးပါဘူး။
အမြဲတမ်း ပြောနေကျတခုကတော့ တပ်က ဥပဒေကနေ သီးခြားရပ်တည်နိုင်စွမ်း ရှိတာကိုပါ။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို ဥပဒေဘောင်အတွင်း ဝင်ရောက်ကြဖို့ ဦးသိန်းစိန်တို့ ဆော်သြနေကြတယ့်အချိန်မှာ ဗမာတပ်မတော်ကို ဥပဒေပြင်ပမှာ ရပ်တည်ခွင့် ပေးထားပါတယ်။ ဒါတွေဟာ ခြောက်ပြောတာ မဟုတ်ပါ။ အခြေခံဥပဒေအရ လွှတ်တော်တိုင်းမှာ (၂၅) ရာခိုင်နှုန်း ရထားတယ်၊ အစိုးရအဖွဲ့မှာ နယ်စပ်၊ ကာကွယ်ရေး၊ ပြည်ထဲရေးကို ကိုင်ထားခွင့် ရထားတယ်၊ ဒုသမ္မတတဦး ရှယ်ယာ ရထားတယ်။ ဒါက နည်းနည်းနောနောမှ မဟုတ်တာပဲ။
တကယ်လို့ တိုင်းရင်းသားများကို ကိုယ်ပိုင်ပြဌာန်းခွင့် မပေးနိုင်ဘူးဆိုပါတော့၊ တိုင်းရင်းသား အဖွဲ့အစည်းတွေမှာ နိုင်ငံရေးဦးစီးနဲ့ စစ်ရေးဦးစီးနှစ်ခု ခွဲခြားထားလေ့ ရှိတယ်။ နိုင်ငံရေးဦးစီးအဖွဲ့ကို နိုင်ငံရေးပါတီ ဖွဲ့ခိုင်းယင် စစ်ရေးဦးစီးကို ပြည်နယ်လွှတ်တော်တွေမှာ ရွေးကောက်ပွဲ ဝင်စရာမလိုဘဲ (၂၅) ရာခိုင်နှုန်း ရနိုင်ပါသလား။ ပြည်နယ်ရဲတပ်ဖွဲ့ကို တိုင်းရင်းသားတွေ လက်ထဲ ထည့်ပေးနိုင်ပါသလား။ ဒါတွေတောင် စိတ်ကူးယဉ်လို့ မရလောက်ပါ။
ပြည်နယ်တခုရဲ့ လုံခြုံရေး၊ ပြည်တွင်းရေး၊ နယ်စပ်ရေးရာ (ကာကွယ်ရေးကို မဆို) မှာ ဗမာ့တပ်မတော်ကပဲ ကိုင်ထားယင် ရိုဟင်ဂျာလို ပြဿနာမျိုးမှာ ပြည်နယ်ရှိ တိုင်းရင်းသားလူမျိုးများက ဘာမှ စွပ်ဖက်လို့ မရကြပါဘူး။ လက်ပိုက်ကြည့်နေရတာက ကိစ္စမရှိပေမယ့် ဗဟိုအစိုးရ ဆုံးဖြတ်ချက်က ဒေသခံကို ဘယ်လောက်ပဲ ထိခိုက်နေပစေ ပြောပိုင်ခွင့်မရှိပါဘူး။ အဆိုပါ ဗဟိုအစိုးရက ဗမာလူမျိုးများကို ကိုယ်စားမပြုကြောင်း ဗမာလူမျိုးများက ငြင်းကြပေမယ့် သူတို့ငြင်းချက်က အဓိက မဟုတ်ပါ။ အဆိုပါအစိုးရကို တိုင်းရင်းသားတွေက ဘယ်လိုသဘောထားလဲ အပေါ်မှာပဲ မူတည်ပြီး သံသယအကြီးအငယ်ကို ခန့်မှန်းရပါလိမ့်မယ်။
ပြည်ထောင်စုစိတ်ဓာတ်သည်သာ စစ်မှန်သော မျိုးချစ်စိတ်ဓာတ် ဖြစ်သည် ဆိုပြီး အစိုးရက ဝါဒဖြန့်လေ့ ရှိပါတယ်။ ပြည်ထောင်စုစိတ်ဓာတ်ကို ကွဲကွဲပြားပြား အဓိပ္ပါယ် ဖွင့်ဆိုထားခြင်း မရှိပါဘူး။ ဗမာမှုပြုခြင်းကို ပြည်ထောင်စုစိတ်ဓာတ်လို့ အများစုက ယူဆကြပါတယ်။ ဒါက ပွင့်ပွင့်လင်းလင်း ပြောတာပါ။ ဗမာစကားကို ပြောမယ်၊ ဗမာစာကို သုံးမယ်၊ ဗမာ့ယဉ်ကျေးမှုကို မြတ်နိုးမယ်၊ ဗမာ့အာ ဗမာ့လျှာကို အတုခိုးမယ်၊ ဗမာတွေနဲ့ ညားမယ်၊ ဗမာတွေ ပြောသလို နေမယ် ဒီလိုစိတ်ဓာတ်မျိုးကို ပြည်ထောင်စုစိတ်ဓာတ်လို့ ထင်နေကြမှာပါ။ အထူးသဖြင့် တပ်မတော်သားတွေရဲ့ စိတ်ထဲမှာ ဒီလိုပဲ မှတ်ယူထားကြပါတယ်။
ဗမာအချို့မှအပ အခြားဗမာများ၊ ဗမာမှအပ အခြားလူမျိုးများက ဗမာမှုပြုခြင်းကို ပြည်ထောင်စုစိတ်ဓာတ်လို့ မယူဆကြပါဘူး။ လူမျိုးတိုင်းရဲ့ စကား၊ စာ၊ ယဉ်ကျေးမှု အစရှိသည်တို့ဟာ ဗမာတွေလိုပဲ အဆင့်တူကြတယ်လို့ ယူဆကြပါတယ်။ လွတ်လပ်ရေး တိုက်ယူတုန်းက အတူတူ တိုက်ခဲ့ကြသလို လွတ်လပ်ရေး အသီးအပွင့်ကိုလည်း အတူတူ ခံစားလိုကြပါတယ်။ လွတ်လပ်ရေး ရပြီးနောက် ဗမာစကား၊ ဗမာစာ၊ ဗမာ့ယဉ်ကျေးမှု စည်ပင်ပြန့်ပွားလာသလို သူတို့စကား၊ စာ၊ ယဉ်ကျေးမှုတို့ကိုလည်း နည်းတူ ဖွံ့ဖြိုးတိုးတက်စေလိုကြပါတယ်။ အုပ်ချုပ်ရေးမှာ ဗမာများ နေရာရသလို သူတို့လည်း ပြည်ထောင်စုဝန်ကို ထမ်းလိုကြပါတယ်။ ဒါတွေကို ပြည်ထောင်စုစိတ်ဓာတ်လို့ သူတို့ မြင်ကြပါတယ်။
ပြည်ထောင်စုစိတ်ဓာတ် ထွန်းကားရေးအတွက် ဗမာလူမျိုးကို မုန်းတီးစရာ မလိုပါ။ ပင်လုံစာချုပ်ကို ဗမာ့ခေါင်းဆောင်များက ဦးစီးပြီး ချုပ်ဆိုခဲ့ကြခြင်း ဖြစ်ပါတယ်။ ပြည်ထောင်စုစိတ်ဓာတ် ရှိတယ့် ဗမာများကို အားပေးထောက်ခံဖို့ လိုပါတယ်။ လူများစု ဗမာလူမျိုးများ သဘောမတူဘဲနဲ့ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကို တည်ဆောက်လို့ မရပါ။ ဗမာမပါဘဲ ခွဲပြီး ထူထောင်လိုကြပါလိမ့်မယ်။ ခွဲပြီး ထူထောင်ခြင်းမှာ ဗမာတွေနဲ့ ညှိုပြီး ထူထောင်တာထက် ပိုခက်ပါတယ်။ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာခဲ့ယင် ဗမာများအတွက် အခွင့်အရေး တပြားသားမှ လျှော့ကျမသွားဘဲ အခြားလူမျိုးများလို အခွင့်အရေးအပြည့်အဝနဲ့ လွတ်လပ်ရေး အရသာကို ခံစားစံစားနိုင်ကြမှာ ဖြစ်တယ်။ ဒါကို ဗမာများ နားလည်ကြဖို့ လိုပါတယ်။
ဒါပေမယ့် လက်ရှိအစိုးရမှာ စစ်အစိုးရအမွေကို လက်ဆင့်ကမ်း ခံယူထားတယ့် အစိုးရ ဖြစ်တယ်။ အထူးသဖြင့် ၁၉၆၂ ခုကတည်းက ဗမာမှုဝါဒီအဆက်ဆက်တို့ရဲ့ အဆက်အနွယ်များ ဖြစ်ကြတယ်။ ဗိုလ်ချုပ်အောင်ဆန်းတို့လို တိုင်းရင်းသားတို့နဲ့ လက်ရေတပြင်တည်း စားနိုင်ကြသူများ မဟုတ်တော့ပါ။ ဒါကို နားလည်ထားကြရပါမယ်။ သူတို့ဟာ ဗမာမှုပြုခြင်းကို ပြည်ထောင်စုစိတ်ဓာတ်လို့ လက်ခံကြသလို ကိုယ်ပိုင်ပြဌာန်းခွင့်ကို ခွဲထွက်ခြင်းလို့ အဓိပ္ပါယ်တလွဲ ကောက်ကြသူများ ဖြစ်ကြပါတယ်။ ဒီပုဂ္ဂိုလ်များ ဦးစီးကျင်းပမယ့် ပင်လုံကဲ့သို့ ညီလာခံဟာ သံသယများစွာ ပြည့်နှက်နေတယ့် နောက်ထပ်လုပ်ကြံမှုတခု ဖြစ်နိုင်ပါတယ်။
တိုင်းရင်းသားတို့နဲ့ အပစ်ရပ်အောင် အများကြီး စွမ်းဆောင်နိုင်တယ့် ဦးအောင်မင်း သမ္မတရုံးကို ရောက်မယ်လို့ သတင်းထွက်တာကို ကြိုဆိုချင်ပါတယ်။ သမ္မတသိန်းစိန်ဟာ ကွက်ကျော်မြင်သူ ဆိုတာ သေချာသွားပါတယ်။ တိုင်းရင်းသားရေးရာကို ဖိဖိစီးစီး လုပ်ချင်ပုံ ရပါတယ်။ ကြည့်ရသလောက် ဆွေးနွေးချက်များကို တိုင်းရင်းသားများက မီဒီယာများကို ထုတ်ပြောတော့ ဦးအောင်မင်းက ကျွဲမြီးတိုခြင်း မရှိခဲ့ပါဘူး။ နောက်ပြီး ဦးအောင်ကြည်ကို ပြန်ကြားရေး ပို့တာလည်း ကောင်းတယ့် အလားအလာတခု ဖြစ်နိုင်ပါတယ်။ နိုင်ငံတော်နဲ့ ပြည်သူတို့ကို ရီပို့လုပ်တယ့်နေရာမှာ စာနယ်ဇင်းဟာ အင်မတန်မှ အရေးကြီးပါတယ်။ သူ့ဦးဆောင်မှုအောက်မှာ ပြန်ကြားရေးက များစွာ တိုးတက်လာမယ်လို့ မျှော်လင့်နိုင်ပါတယ်။ ဦးမြင့်ဆွေ၊ ဦးကျော်ဆန်း၊ ဦးတင်အောင်မြင့်ဦးတို့ (၃) ဦးဂိုဏ်း မီဒီယာလောကနဲ့ အလှမ်းဝေးသွားတာဟာ အင်မတန်ကောင်းတယ့်ကိစ္စ ဖြစ်ပါတယ်။ စာရေးသူ သုံးသပ်ချက်တွေဟာ မှားယင်လည်း မှားခဲ့မှာပါ။ ဒါပေမယ့် ဒီအပြောင်းအလဲကို နည်းနည်းသဘောကျပါတယ်။
ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် မပါဘဲ ပြည်တွင်းငြိမ်းချမ်းရေးကို အကောင်အထည် ဖော်နိုင်မှာ မဟုတ်ပါဘူး။ ဒါဟာလည်း ပုဂ္ဂိုလ်ရေး ကိုးကွယ်မှု မဟုတ်ပါဘူး။ အထင်ကရ ဒေါ်အောင်ဆန်းစုကြည်ကို ဒီလုပ်ငန်းစဉ်ကနေ ဖယ်ရှားထားခြင်းမှာ လျှော်ကန်သင့်မြတ်မှု လုံးဝမရှိပါဘူး။ လက်ရှိအနေအထားအရ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ဦးစီးနိုင်တယ့် အနေအထား ဒေါ်အောင်ဆန်းစုကြည်မှာ မရှိသေးပါ။ အမျိုးသား ပြန်လည်စည်းလုံးရေးကို အမှန်တကယ် ဦးစားပေးတယ်ဆိုယင် ဒါဟာ မဖြစ်သင့် မဖြစ်ထိုက်တယ့် ကိစ္စတရပ် ဖြစ်ပါတယ်။ ဒါကြောင့် ဒီလုပ်ငန်းစဉ်မှာ ပြည်ခိုင်ဖြိုးနဲ့ စစ်တပ် အရေးကြီးသလို ဒေါ်အောင်ဆန်းစုကြည်လည်း လူထုခေါင်းဆောင်ဖြစ်လို့ အဆင့်အတန်းရှိရှိ ပါဝင်နိုင်မှပဲ ပြီးပြည့်စုံနိုင်ပါ့မယ်။
အထူးသတိထားရမှာက တိုင်းရင်းသားတွေအနေနဲ့ ခေါင်းနဲ့ပန်း လှန်းတယ့်နေရာမှာ ခေါင်းကျယင်လည်း စားရဖို့ မသေချာပါ။ ပန်းကျယင်လည်း စာရဖို့ မသေချာပါဘူး။ ဒေါင်လိုက်ကျမှပဲ စားရကိန်း ကြုံတတ်ရာ ကံကြမ္မာကို ယုံစားလို့မရပါ။ ပြင်ဆင်စရာရှိတာလေးတွေကို ပြင်ဆင်ထားရပါ့မယ်။ စစ်တပ်က တိုင်းရင်းသားတွေကို ပြည်တွင်းရန်သူများလို့ သဘောထားခဲ့ယင် စစ်တပ်ကိုလည်း ရန်သူလို့ သဘောမထားပေမယ့် ရန်သူလိုပဲ ဆက်ဆံရပါလိမ့်မယ်။ မိမိကိုယ်ကို ကာကွယ်ဖို့ ပြင်ဆင်ထားရပါ့မယ်။ အဲဒီလိုပြင်ဆင်တယ့်နေရာမှာ တိုင်းရင်းသားများအားလုံး စုပေါင်းပြီး ပြည်ထောင်စု တပ်မတော်တခု ထူထောင်ခြင်းသာ အကောင်းဆုံး ဖြစ်ပါတယ်။
အဘယ်ကြောင့် ပြည်ထောင်စုတပ်မတော်တရပ် လိုအပ်ပါသလဲ။ လူသတ်ဖို့ မဟုတ်ပါဘူး။ တိုင်းရင်းသားတို့ရဲ့ အသက်အိုးအိမ်ကို ကာကွယ်ပေးဖို့ပါ။ ဖက်ဒရယ် ပြည်ထောင်စု ဥပဒေကို ကာကွယ်ဖို့ပါ။ ပြည်ထောင်စုတပ်ဟာ ဖက်ဒရယ် အုပ်ချုပ်ရေးမှာ မပါဘဲ ဖက်ဒရယ်အစိုးရ၊ ဖက်ဒရယ်ဥပဒေ၊ ဖက်ဒရယ်ပြည်ထောင်စုသားတို့ကို အကာအကွယ်ပေးတယ့် ကာကွယ်ရေး တာဝန်ကိုပဲ ထမ်းဆောင်ကြောင်း ဗမာ့တပ်မတော်ကို ပညာပေးပြီး လမ်းမှန်ကို ရောက်စေနိုင်မှာ ဖြစ်ပါတယ်။ အဖဂန်နစ္စတန်လို မြောက်ပိုင်းမဟာမိတ်များလိုပါ။ တောင်ပိုင်းဆူဒန်လို တပ်ပေါင်းစုတခုလိုပါ။ ဒါပေမယ့် ပြည်ထောင်စုစိတ်ဓာတ်ကို အတတ်နိုင်ဆုံး ထိန်းသိမ်းရမှာ ဖြစ်တယ်။ ဒါမှ ပြည်နယ်ပြည်မ အင်အားချိန်ခွင်လျှာ မျှပါလိမ့်မယ်။
ပြည်ထောင်စုတပ်မတော် ပေါ်ပေါက်ခြင်းကြောင့်...
၁။ တိုင်းရင်းသားနယ်မြေတွေမှာ ဗမာ့တပ်မတော်က စိတ်တိုင်းကျ လှုပ်ရှုားလို့ မရတော့ပါဘူး။
၂။ တိုင်းရင်းသားတို့ဟာ မိမိတို့ လူနေမှုဘဝ တိုးတက်ရေးအတွက် အနှောင့်အယှက်ကင်းစွာ ထူထောင်နိုင်ကြပါလိမ့်မယ်။
၃။ တိုင်းရင်းသားတို့ဟာ ပြည်ထောင်စုတပ်မတော်နဲ့ ပြည်ထောင်စု အုပ်ချုပ်ရေးမှာပဲ ဗမာစာ၊ ဗမာစကားကို သုံးစရာလိုပြီး မိမိတို့ဌာနေမှာ မိမိတို့ရဲ့ စာပေယဉ်ကျေးမှုကို လောင်းရိပ်ကင်းကင်းနဲ့ ရှင်သန်စေနိုင်မှာ ဖြစ်တယ်။
၎။ ဖက်ဒရယ် အုပ်ချုပ်ရေးစနစ်နဲ့ ပြည်ထောင်စု တပ်မတော်တခု ရှိပြီ ဖြစ်လို့ ဖက်ဒရယ်နိုင်ငံ ထူထောင်တယ့်အခါ ဒါတွေဟာ အကောင်းဆုံး အခြေခံအုတ်မြစ်များ ဖြစ်လာပါလိမ့်မယ်။
၅။ ပြည်ထောင်စု သယံဇာတ အရင်းအမြစ်များမှာ တိုင်းရင်းသားဒေသတွေမှာပဲ ရှိလို့ လုံခြုံရေး ပေးနိုင်ခဲ့ယင် ပြည်ပရင်းနှီးမြှုပ်နှုံလည်း ဝင်လာစရာ ရှိတယ်။
ဒါတွေအားလုံး ဖြစ်မြောက်ဖို့ ခက်ပါတယ်။ ဒါပေမယ့် ဒါတွေကို ဖြစ်အောင် မလုပ်နိုင်ယင် လက်ရှိ ၂၀၀၈ ဥပဒေအတိုင်း သွားယင်လည်း ဖက်ဒရယ် ပြည်ထောင်စုတခု ဖြစ်မြောက်ဖို့ လွယ်မယ်မထင်ပါ။ ဖက်ဒရယ် ပြည်ထောင်စုတခု ဖြစ်ပေါ်ဖို့ စောင့်မျှော်နေရုံနဲ့ မဖြစ်ပါ။ ဆွေးနွေးနေရုံနဲ့လည်း မပြီးပါ။ ပင်လုံ ရှိပြီသား ဖြစ်လို့ ဒုတိယပင်လုံ မလိုပါ။ ၂၀၀၈ ဥပဒေဘောင်ထဲ ဝင်ခြင်းမှာ ညှိုနှိုင်းခြင်း မဟုတ်ပါ။ အရှုံးပေးခြင်းသာ ဖြစ်တယ်။ ပေးသမျှ ယူခြင်းမှာ တော်လှန်ရေး မဟုတ်ပါ။ အပြောင်းအလဲ ဖြစ်မှသာ တော်လှန်ရေးလို့ ခေါ်ပါ့မယ်။
ထို့ကြောင့်မဖြစ်သေးမှန်းသိပေမယ့်တိုင်းရင်းသားတွေအတွက် ပြည်ထောင်စုတပ်မတော်တခုလိုအပ်နေဆဲပါလို့ပြောပါရစေ။
မူရင်းလင့်
http://www.kaowao.org/b/2012art-july-13.php

No comments:
Post a Comment
mr.kyaingtun@gmail.com