Sunday, October 7, 2012

ပင်လုံသို့  တကျော့ပြန် ခရီး (၂) – Back to Panglong, back to basics (2)

Kho Lian




ပင်လုံ နိုင်ငံ က စစ်သူကြီး ဗိုလ်ချုပ်အောင်ဆန်း။
ဗိုလ်ချုပ်အောင်ဆန်း က ဦးဆောင်ပြီး တိုင်းရင်းသားခေါင်း တွေနဲ့ အတူတကွ ချုပ်ဆို လက်မှတ်ရေးထိုး ခဲ့ ကြတဲ့ သမိုင်းဝင်ပင်လုံစာချုပ် ဟာ ပေါ်ထွန်းလာတော့မယ့် ပြည်ထောင်စုမြန်မာနိုင်ငံ အတွင်း မှီတင်း နေထိုင် ကြ မယ့် ပြည်ထောင်စုသား တွေ အချင်းချင်း ကြား မှာ ရန်လိုမုန်းထားမှု တွေ ကင်းရှင်းရေး၊ သံသယစိတ် တွေ ထာဝရ ပြေပျောက် ပြီး၊ လူမျိုး တမျိုး နဲ့ တမျိုး အကြား စစ်မက် နဲ့လူမျိုး ရေး ပဋိပက္ခ တွေ မရှိတဲ့ ထာဝစဉ်ငြိမ်းချမ်း သာယာ တဲ့ ပြည်ထောင်စုကြီးတခု ထူထောင် ရေး အစရှိတဲ့ ကောင်းမွန်တဲ့ အချက်အလက်တွေ နဲ့ ပြည့်စုံ လုံလောက်တဲ့ အခြေခံအုတ်မြစ်တွေပါရှိပါတယ်။
တနည်းအားဖြင့် ပင်လုံကိုအခြေခံပြီး တည်ဆောက်တော့မယ့် ပြည်ထောင်စု ကြီးထဲမှာ လူမျိုးတမျိုး နဲ့ တမျိုး ချစ်ချစ်ခင်ခင် ပေါင်း သင်း နေထိုင်တဲ့၊ အပြန်အလှန်လေးစားမှု တွေ ရှင်သန်တဲ့ ညီညွတ်ရေး အုတ်မြစ် တွေ ငြိမ်းချမ်းရေး အုတ်မြစ် တွေ ကို ပင်လုံမှာ အခိုင်အမာ ချမှတ်ခဲ့ ကြတာဖြစ်ပါ တယ်။
အဲဒီလို သေနတ်တချက်မဖေါက်၊ သွေးမြေ တစက်မကျပဲ ငြိမ်းချမ်းတဲ့ နည်းအားဖြင့် ပြည်ထောင်စု နိုင်ငံကြီးကို တည်ဆောက် နိုင် ခဲ့ ကြတဲ့ အတွက် ကျနော် တို့ ရဲ့ ပြည်ထောင်စု နိုင်ငံသစ် ထူထောင်ရေး သမိုင်း အစမှာ တာအထွက်ကောင်းခဲ့ပါတယ်။ သမိုင်း အစမှာ အဲဒီလိုသာ တာအထွက် မကောင်းခဲ့ပဲ ကွဲကြပြဲကြ၊ သတ်ကြဖြတ်ကြ၊ သေကြ၊ ကြေကြ၊ ပျက်စီး ခဲ့ကြရင်တော့ အဲဒီသမိုင်း အစ ဖြစ်တဲ့ ပင်လုံဆီ ကို ဘယ်သူမှ ပြန်လည် တမ်းတ ကြမှာ လည်း မဟုတ်ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းကို လည်း တမ်းတသတိရကြ တော့ မှာ မဟုတ်ပါဘူး။


အမျိုးသား ပြန်လည် ရင်ကြား စေ့ရေး ဆိုတာလည် ဖြစ်နိုင်တော့မှာ မဟုတ်ပါဘူး။ ပင်လုံ ဆီကိုပြန်သွားဖို့ အစကနေပြန်စဖို့ ပြောကြ၊ ဆိုကြ၊ ဆွေးနွေး နေကြမှာ လည်း မဟုတ် တော့ပါဘူး။ အချိန်တွေ အလဟဿ တော့ အကုန်ခံပြီး ပင်လုံအကြောင်းတွေ ပြန်ပြန်ပြီးဖေါ်ထုတ်တာတွေ၊ ရေးသားတာတွေ လည်း လုပ်နေ ကြမှာ လည်း မဟုတ်ပါဘူး။ “ပြည်ထောင်စု သမိုင်း အစ ပင်လုံ က” မို့လို့ သာ အစကနေ ပြန်စ ကြဖို့ ပြောနေ ကြရ တာဖြစ်ပါတယ်။ အဲဒီလို ပင်လုံ ဆိုတဲ့ ပြည်ထောင်စုရဲ့ အစ၊ အတိတ် သမိုင်း ကို နက်နက်ရှိုင်းရှိုင်း ပြန်လှည့် ကြည့်ရင် ဗမာအပါအ၀င် တိုင်းရင်းသား လူမျိုးပေါင်းစုံ ပြည်သူတွေအတွက် လှပတဲ့ အနာဂတ်ကို ရှင်းရှင်းလင်းလင်း ကြီးကို မြင်နေ ရလို့ လည်း ဖြစ်ပါတယ်။ ပင်လုံမှာ အဲဒီလို ပြည်သူတရပ်လုံးရဲ့ လှပသာယာတဲ့ အနာဂတ် ကိုဆောင်ကျဉ်း ပေးမယ့် လမ်းတွေကို နိုင်ငံ့ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက ခင်းပေးခဲ့သည့်တိုင်အောင် သူ့ကို အသေသတ် သူကသတ် ခဲ့ကြတယ်….. သူတည်ထောင်ခဲ့တဲ့ ပင်လုံ ပြည်ထောင်စုကနေ ခွဲထွက် ပြီး သူ့ကိုပါသစ္စာဖေါက်သူကဖေါက်ခဲ့ကြတယ်။ သူခင်းပေးတဲ့ ပင်လုံလမ်းအတိုင်း အားလုံးအတူတကွလက်တွဲပြီး တည့်တည့် မတ်မတ် ပြန်လည် လျောက်လှမ်း ကြဖို့ ဆွေးနွေးလေတိုင်း ဒီကိစ္စတွေကို ဦးဆောင်ဆွေးနွေးဖို့ တာဝန်အရှိဆုံး ပုဂ္ဂိုလ်တွေကပဲ မသိသလိုလို နားမလည်သလိုလို၊ ကိုယ်နဲ့ဘာမှမဆိုင်သလိုလို ဝေ့လည်ကြောင်ပတ် လုပ်တဲ့သူ ကလုပ် ခဲ့ကြလို့ ဒီနေ့ အထိ တိုင်းပြည် ဟာ အမှား သံသယာထဲကနေရုန်းမထွက်နိုင်အောင်ဖြစ်နေခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ ပင်လုံလမ်းကနေ ဝေးသထက်ဝေး အောင် တသက်လုံး ဝေ့လည်ကြောင်ပတ်သာ လုပ်နေခဲ့တဲ့ ဗမာစစ်အာဏာရှင်တွေရဲ့ စစ်ဖိနပ်အေက်မှာ ကျွန်ဇာတ်ခင်းပြီး စစ်ကျွန်ဘ၀ သက် တန်း ရှည်ခဲ့ ကြရပါတယ်။

ဗမာ စစ်ဝါဒီ တစု ဟာ ဒီနေ့ အထိ နှစ်ပေါင်း (၆၀) ကျော် တခြား တိုင်းရင်းသားတွေ အပေါ် လူမျိုးတုန်းစစ်ပွဲတွေဆင်နွှဲခဲ့ တယ်၊ တိုင်းရင်းသား ဗမာ အများစု ပါဝင်တဲ့ အလုပ်သမား၊ လယ်သမား၊ ကျောင်းသား နဲ့ ရဟန်းရှင်လူ ပြည်သူလူထု ကိုလည်း ရာထောင်ချီပြီး သတ် ဖြတ်ခဲ့ တဲ့အတွက် ခိုင်မာ တောင့်တင်းတဲ့ တိုင်းရင်းသား အားလုံး စည်းလုံးညီညွတ်ရေး ကို မဆိုထား နဲ့ဗမာချင်း စည်းလုံးညီညွတ်ရေး ကိုတောင် မတည်ဆောက်နိုင်ခဲ့ကြပါ ဘူး။ သာယာ တဲ့ ပြည်ထောင်စု ကြီးမတည်ဆောက် နိုင်ခဲ့ ကြပါဘူး၊၊
ကမ္ဘာ့ နိုင်ငံ အသီးသီး ဟာ အိမ်နီးချင်း နဲ့ရော နိုင်ငံတကာ နဲ့ပါ ကောင်းမွန်တဲ့ ဆက်ဆံရေး တွေတည်ဆောက်ကြရတာ ဘာမှ အထူး အဆန်း မဟုတ်ပါဘူး။ ဒါပေမဲ့ ကျနော်တို့ နိုင်ငံမှာ ဖြစ်ပျက်နေတာတွေက ဗမာ အာဏာရှင် တွေအတွက် ပြည်တွင်းမှာ အားကိုး စိတ်ချရမယ့် အင်အား မရှိလေတော့ သူတို့အာဏာ တည်မြဲရေးအတွက် တရုတ်၊ ကုလား၊ အနောက်တိုင်း အစရှိတဲ့ ပြည်ပ အင်အား ကိုသာ အားကိုးပြီး၊ တိုင်းပြည်ရဲ့ မြေပေါ်မြေအောက်သယံဇာတ၊ သစ်တော၊ စွမ်းအင်အားလုံးကို ရောင်းစားနေကြတော့ ဗိုလ်ချုပ် အောင်ဆန်း ဟောကိန်းထုတ်ခဲ့သလို “ဟိုလူ့မျက်နှာချိုသွေးရ၊ ဒီလူ့မျက်နှာချိုသွေးရ” ဆိုတဲ့ ဘ၀မျိုး ကိုဆိုက်ရောက်လာရတာဖြစ်ပါတယ်။ ခိုင်မာတဲ့ ပြည်ထောင်စု တခုကို မတည် ဆောက်နိုင်ခဲ့ရုံမက၊ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာ ကိုပါအထိပါး ခံရတဲ့ အထိဖြစ် နေရပြီမို့ သူတို့ လေလုံးထွား ၀ါဒ ဖြန့် ထားတဲ့ “ဒို့တာဝန်အရေးသုံးပါး” စလုံး၊ တပါးမှ အကောင်အထည် မဖေါ်ဆောင်နိုင်ခဲ့ကြပါဘူး။ အမှန်တော့ ခိုင်မာတဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ကိုတည်ဆောက်ဖို့၊ ပြည်ထောင်စုကြီးတည်တန့်ခိုင်မြဲဖို့၊ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာ တည်မြဲဖို့ အစရှိတဲ့ အရေး အကြီး ဆုံးလိုအပ်တဲ့ အခြေခံ တရားတွေကို ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် က ပင်လုံမှာ အခိုင်အမာ စိုက်ထူခဲ့ ပြီးသားဖြစ်ပါတယ်။ ဗမာ စစ် အာဏာရှင် တွေက အပိုသက်သက်လေလုံးထွားနေတာကြသာဖြစ်တယ်။ ဒီ အရေး သုံးပါး ကိုခိုင်မာအောင်တည်ဆောက်ဖို့နေနေသာသာ ပင်လုံကို ဆန့်ကျင်ပြီး ဒီအရေး သုံးပါးစလုံး ပျက်ပြားအောင် အားနည်း အောင်သာ တစိုက်မတ်မတ် လုပ်ဆောင်ခဲ့ကြတာ သာဖြစ်ပါတယ်။ သွေးချောင်းတွေ သွင်သွင်စီး ပြီး စစ်မက်တွေ အတောမသတ်ဖြစ်ပွားနေတဲ့ ပြည်ထောင်စု တခု ကို တိုင်းရင်းသားတွေ စည်းစည်းလုံးလုံး ရှိတဲ့ ခိုင်မာတဲ့ ပြည်ထောင်စု ကြီးလို့ပြောလို့ မရ သလို၊ ရာစုနှစ် ထက်ဝက်ကျော်မက စစ်တလင်းဖြစ်နေ ခဲ့ရတဲ့ နိုင်ငံရဲ့ အချုပ်အခြာအာဏာ ဆိုတာ အိမ်နီးချင်း အင်အားကြီးနိုင်ငံတွေက တိုက်ရိုက်တမျိုး၊ သွယ်သိုက် တဖုံ၊ ထိပါး စော်ကားလေ့ရှိတတ်တာ ဓမ္မတာပဲဖြစ်ပါတယ်။
စစ်သူကြီး စွန်ဇု မိန့်မှာ ဘူးတာကတော့ စစ်ပွဲပေါင်း ၁၀၀ ကို တိုက်ခိုက် အောင်နိုင်တာဟာ စစ်သူကြီးတဦးရဲ့ အမြင့် မား ဆုံး အရည်အသွေး မဟုတ်ပါဘူး။ စစ်ကို အချိန်ဆွဲ ပြီး တိုက်သူဟာ စစ်ရေး သနင်္ဂဗျူဟာ မှာ အညံ့ဖျင်းဆုံးဖြစ်တယ်၊ စစ် ကို အချိန် တိုတို နဲ့ ပြီးဆုံးအောင်တိုက် နိုင်သူဟာ တော်တယ်။ စစ်ကိုမတိုက်ပဲ အောင်ပွဲ ခံနိုင်ခြင်းသာလျင် စစ်သူကြီးကောင်း တို့ရဲ့ အမြင့် မားဆုံး သော အရည်အသွေး ဖြစ်တယ် တဲ့။ ဒီနေ့ ဗမာ စစ်ဝါဒီ တစု ဟာ ကိုယ့် တိုင်းရင်းသားညီအစ်ကို အချင်းချင်း အပေါ် အနှစ် (၆၀) ကျော် ကြာအောင် စစ်ခင်းပြီး၊ စစ်ပွဲပေါင်း တရာ၊ တထောင်၊ တသောင်းမက တိုက်ခိုက်ခဲ့ကြပေမဲ့ အောင်ပွဲ နဲ့ ဝေးပြီးရင်းသာဝေးနေကြရတယ်။ တိုင်းပြည်သာ ဖွတ်ဖွတ်ကြေ ပြီး၊ အိမ်နီးချင်းနိုင်ငံ အားလုံးရဲ့ အထင်သေး အ မြင်သေးခံရတဲ့ အဆင့် အထိရောက် လို့၊ ကမ္ဘာ့ အဆင်းရဲဆုံး နိုင်ငံအဆင့် အထိ ထိုးဆင်း နိမ့် ကျသွားတာတောင် အာသာပြေ တယ်လို့မရှိသေးဘူး စစ်သွေးဆာနေဆဲ၊ စစ်သွေးကြွနေဆဲဖြစ်တယ်။ ကမ္ဘာ့ ပြည်သူတွေကရော၊ ဗမာ အပါအ၀င်လူမျိုးပေါင်းစုံပြည်သူ တရပ်လုံးက ပါ စစ်ပွဲတွေရပ်ဆိုင်းဖို့ တဖွဖွတောင်းဆို နေတာ တောင် ဂရုမစိုက်အားဘူး၊ သွေးညှီနံ့၊ သွေးပုပ်နံ့ တွေကိုရှူရ၊ ရှိုက် ရမှ ပျော်ပိုက်တဲ့ အစွယ် ပြူးပြူးနဲ့ စစ်ဘီလူးကြီးကတော့ သွေးသန်ရဲရဲ နဲ့ သတ်နေဆဲ၊ ဖြတ်နေဆဲ တိုက်လို့ခိုက်လို့ကောင်းနေဆဲပါပဲ။ တိုင်းပြည်ရဲ့ ဘဏ္ဍာတော်ငွေတွေ ကို ပြည်တွင်းစစ် မှာ ရေလိုသုံးဖြုန်းပြီး၊ ပြည်သူ့သားကောင်းရတနာလေးတွေရဲ့ အသက်တွေကိုလည်း သူတို့ရဲ့ အာဏာယဇ်ပလ္လင်မှာ ပူဇော်လို့ ကောင်းတုံး စတေး လို့ကောင်းတုံး ပါပဲ။
ကမ္ဘာ့ ဂန္တ၀င်မြောက် တဲ့ The Art of War ဆိုတဲ့ စာအုပ်ကိုရေးသားခဲ့သူမို့ စစ်သူကြီး စွန်ဇု ကို စစ်ဝါဒီလို့တချို့ကထင်ကောင်းထင်ကြပါမယ်။ ဒါပေမဲ့ သူ ဟာ စစ်ဝါဒီ တယောက် မဟုတ်ခဲ့ ပါဘူး။ စစ်ကိုဖြစ်နိုင်ရင်မ တိုက် ကြ ဖို့၊ မလွဲမရှောင်သာလို့တိုက်ရရင်လဲ ရေရှည်ဆွဲ ပြီးတိုက်မှ အောင်နိုင်မယ် ဆိုရင် အဲဒီ စစ်မျိုးကို မတိုက်ပဲနေလိုက်ခြင်းကသာ သင့်လျော်လျောက်ပတ်တဲ့ ဆုံးဖြတ်ချက်ဖြစ်ကြောင်းမိန့်မှာခဲ့သူဖြစ်တယ်။ တနည်းအားဖြင့် သူ့ရဲ့ ကမ္ဘာကျော် စစ်ရေးကျမ်းဟာ မလွှဲသာလို့တိုက်ရတဲ့ စစ်ပွဲတွေကို တိုက်ရာမှာ ပြည်သူ့အိုးအိမ်စည်းစိမ်တွေ အပျက်အစီး အဆုံးအရှုံး များတဲ့ ရေရှည်စစ်ကို ရှောင်ရှားပြီး ရေတိုစစ်အားဖြင့် အောင်ပွဲ ခံနိုင်တဲ့နည်းတွေကိုမိန့်မှာထားတာဖြစ်ပါတယ်။ စွန်ဇုက ရေရှည်စစ်ကို ဘာလို့ ရှောင်ရှား ခိုင်းသလဲဆိုတော့ အောင်ပွဲရဖို့ဆိုတာ စစ်တိုက်ရခြင်းရဲ့ အဓိကအကြောင်းရင်းဖြစ်တယ်။ (ဆင်းရဲမွဲတေ၊ စုတ်ပြတ်၊ နိမ့်ကျ တဲ့ဘ၀ကိုရောက်ခြင်လို့ စစ်တိုက် တာ မဟုတ်ဘူး)။ အောင်ပွဲ ရဖို့ နှောင့်နှေး ကြန့်ကြာတာနဲ့ အမျှ စစ်သားတွေ စစ်ပန်းလာမယ်၊ စိတ်ဓာတ် ရေးရာ ကျဆင်းလာမယ်၊ တိုင်းပြည် ဘဏ္ဍာတော်ငွေခမ်းခြောက်လာမယ်၊ ပြည်သူတွေ စီးပွား ကပ်ဆိုက်မယ်၊ လက်နက် ပစ္စည်းတွေ ပျက်စီး၊ ချွတ်ယွင်းမယ်၊ အိမ်နီးချင်း နိုင်ငံတွေက ကိုယ့်အားနဲချက်တွေကို အခွင့်ကောင်းယူလာမယ်၊ ထက်မြက်တဲ့ အကြံပေး အရာရှိတွေရှိငြားလည်း ငွေမရှိရင် အနာဂတ်အတွက် ကောင်းမွန်တဲ့စီမံကိန်းတွေဘာတခုမှ ချပေးနိုင်တော့မှာမဟုတ်ဘူး၊ ရေရှည်ဆွဲတိုက်ရတဲ့ စစ်ကြောင့် အကျိုးခံစားရတဲ့ နိုင်ငံရယ်လို့မရှိဘူးကြောင်း၊ နောက်ဆုံး လက်အောက်ခံ ပြည်သူတွေ၊ နိုင်ငံတွေ ကပါ ကိုယ့်ကို ဆန့်ကျင် တော် လှန်လာမယ်၊ စသည်ဖြင့် မိန့်မှာခဲ့ပါတယ်။ (The Art of War Chapter II ကို မှီးထားပါသည်။)
စွန်ဇု အမြင်အရ ဆိုရင် စံပြ စစ်သူကြီး ဆိုတာ သမာဓိဂုဏ် နဲ့ပြည့်စုံတဲ့ သူတော်ကောင်း သဖွယ်ဖြစ်ပါတယ်။ ဆိုလိုတာကတော့ စွန်ဇု ရဲ့ စစ်သေနင်္ဂဗျူဟာကျမ်း ဟာ စစ်သွေးကြွ၊ သွေးဆာ နေတဲ့ အာဏာရူးတွေ ပေါ်ထွက်လာဖို့ ထက် စစ်တွေ ငြိမ်း ပြီး သွေးထွက်သံယို ရေရှည် စစ်ပွဲတွေ ကို ရှောင်ရှားရေး ကိုသာ အဓိက ဦးစားပေး တဲ့ သဘောဖြစ်ပါတယ်။ ။ စွန်ဇု ဟာ သူ့ ရဲ့ ဂန္တာဝင်မြောက် စစ်ရေးကျမ်းကိုရေးရာမှာ၊ စစ်တွေ ပြေငြီမ်း သွားရင် စစ်အာဏာတွေ လျော့နဲ လာမှာ ကိုစိုးရိမ် ပြီး စစ်မီး တွေ ထပ်ထပ်မွှေး နေ ကြတဲ့ အာဏာရူး စစ်ဘီလူးတွေ အတွက် ရေးခဲ့ တာမဟုတ်ပါဘူး။ စွန်ဇု ရဲ့ စံ နဲ့ ကြည့်မယ်ဆို ရင် ဗိုလ်ချုပ်အောင်ဆန်း ဟာ စစ်မှန်တဲ့ စစ်သေနင်္ဂဗျူဟာ မှူးကြီးတဦး ဖြစ်သလို၊ သမာဓိဂုဏ်နဲ့ ပြည့်စုံ တဲ့ သူတော်စင် တဦးလို့ တင်စားရင် တောင် လွန်ရာမကျပါဘူး။
အမှန်တကယ်မှာတော့ ဗိုလ်ချုပ်အောင်ဆန်း က ပင်လုံမှာ စစ်မတိုက်ပဲ၊ သေနတ် တချက်မဖေါက်၊ သွေးမြေတစက်မကျ၊ ပြည်သူ့ပစ္စည်း အိုးအိမ်ချမ်းသာ အပျက်အစီးဆုံးရှုံးမှု အလျင်း မရှိပဲ လူမျိုးပေါင်းစုံ ပြည်သူတွေ ထာဝစဉ် ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်လို့ရတဲ့ ပြည်ထောင်စုကြီးကို အောင်မြင်စွာ ထူထောင် ပေးခဲ့ပြီးဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း က တိုင်းရင်းသား အားလုံးနဲ့ တစည်းတလုံး တည်း သဘောတူနိုင်ခဲ့ တာမို့ သူကျဆုံးသွားတဲ့နောက်မှာ တောင် ဗြိတိသျှ ကို လွတ်လပ်ရေး သွားတောင်းတော့ လူမျိုးပေါင်းစုံ ပြည်သူတွေ အတွက် သွေးမြေကျ တိုက်ပွဲတွေ မဆင်နွှဲရပဲ လွတ်လပ်ရေး ကြီးကိုပါ ငြိမ်းချမ်းသောနည်းနဲ့အရယူပေးနိုင်ခဲ့ပါသေးတယ်။
ပြည်ထောင်စုကြီးကို ထူထောင်ရာမှာရော၊ တိုင်းပြည်အတွက် လွတ်လပ်ရေးကို ရယူရာမှာ ရော ငြိမ်းချမ်းတဲ့နည်းတွေ၊ သံတမန်နည်းတွေနဲ့ ထူထောင်ခဲ့၊ ရယူနိုင်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ ကမ္ဘာမှာ စံထားလောက်တဲ့ ကမ္ဘာ့အဆင့်မှီ စစ်သူကြီးကောင်း တပါးပေပဲ။ ပင်လုံ နိုင်ငံက စစ်သူကြီးဗိုလ်ချုပ်အောင်ဆန်း လို ဗမာအပါအ၀င် လူမျိုးပေါင်းစုံပြည်သူတွေရဲ့ အရှည်သဖြင့်သော အကျိုး စီးပွားကို မြင်တတ်တဲ့ visionary leader ခေါ် ခေါင်းဆောင်မျိုးဟာ အနှစ် တထောင်မှာ တဦး လောက်သာ ပေါ်ထွန်း တတ် တဲ့ ရှားရှားပါးပါး ခေါင်းဆောင်မျိုးဖြစ်ပါတယ်။ လူဆိုတာသေမျိုးမို့ ဗိုလ်ချုပ် အောင်ဆန်း ဟာ ဒီနေ့ ကျနော်တို့နဲ့ အတူမရှိတော့ပါဘူး။ ဒါပေမဲ့ သူ့ရဲ့ ထက်မြက် စူးရှတဲ့ အမျှော်အမြင် ကိုပုံဖေါ် ပြီး၊ သူ့ရဲ့ ရိုးသားဖြူစင်တဲ့ နှလုံးသားနဲ့ရေးသားခဲ့ တဲ့အပြင် သူနှစ်နှစ်ကာကာ ချစ်ခဲ့တဲ့ ဗမာ အပါအ၀င် တိုင်းရင်းသားလူမျိုးအားလုံး အောက်တန်းမကျဖို၊ သူတို့ရဲ့ အနာဂတ် ဘ၀တွေလှပဖို့၊ ကမ္ဘာ့အလယ်မှာ ဂုဏ်ရောင်အမြဲတင့်တယ်ဖို့ အတွက် သူ့ကိုယ်တိုင်လက်နဲ့ သဘောတူလက်မှတ်ရေး ထိုးခဲ့တဲ့ ကတိ သစ္စာတရားတွေ ကိုတော့ နောင်မျိုးဆက် သစ် တွေ က ဆက်လက်ပြီး ခြေနဲ့ မဖျက်သင့်တော့ပါဘူး။
ဗိုလ်ချုပ်အောင်ဆန်း ဟာ ပြည်ထောင်စုသား တိုင်းရင်းသား လူမျိုးတွေ အတွက် လည်း သူတို့ အသီးသီး မျှော်မှန်းကြတဲ့ ခေတ်မှီ တိုးတက်တဲ့ ပြည်နယ် ဒေသတွေ အဖြစ်ကို ရောက်အောင် ကိုယ့် ကြမ္မာ ကိုယ် ဖန်တီး နိုင်မယ့် အာမခံချက် တွေ ကိုပေး ထားခြင်း အားဖြင့် ဗမာ အပါအ၀င် တိုင်းရင်းသား လူမျိုးပေါင်းစုံ ပြည်သူတွေ ဟာ ပြည်ထောင်စု ကြီး ကို ချစ်မြတ်နိုး တန်ဘိုးထားလာကြပြီး၊ ပြည်ထောင်စုကြီး ခိုင်မာ တိုးတက် ရေး ကိုသာ အာရုံ စိုက်နိုင်ကြမယ်၊ ကမ္ဘာ မှာ လည်း အလေးစား အကြည်ညို ခံ ရတဲ့ ပြည်ထောင်စုသား တွေ အဖြစ် ဂုဏ်သရေ ရှိရှိ ရင်ဘောင်တန်း နိုင် မယ်ဆို တာကို ယုံကြည်သူ တဦးဖြစ်ပါတယ်။ အထက်စီးကနေ လူမျိုးနဲ့တမျိုး နိုင့်ထက်စီးနင်းပြုကျင့်ပြီး ဗိုလ်ကျစိုးမိုးတဲ့ အာဏာရှင် စနစ်ကို အား မပေး ခဲပါဘူး။ ဒါကို သူပြောခဲ့တဲ့ မိန့်ခွန်းတွေ နဲ့ သက်သေထူ နိုင်ပါတယ်။ သူ့မိန့်ခွန်း တခု မှာ ပြောသွားတာက “တိုင်းပြည်မှာ ဖက်ဆစ်ဝါဒ လုံးဝမရှိအောင် လုပ်ရမယ်။ အာဏာရှင်ဝါဒ၊ လူမျိုးအချင်းချင်း မုန်းတီးရေးဝါဒ၊ စစ်တပ်ကသာ လွှမ်းမိုးရမယ်ဆိုတဲ့ စစ်အာဏာရှင်စနစ် အထက် ကသာ ဆုံးဖြတ်ပြီး တိုင်းသူပြည်သားဆန္ဒအတိုင်းမဟုတ်တဲ့ မင်းစိတ်ပေါက်တဲ့ အရာရှိတွေ ခြယ်လှယ်တဲ့စနစ်ဆိုးမျိုး ရှိနေရင် တိုင်းသူပြည်သား တွေဟာ လွတ်လပ်ရေးကို မရနိုင်တော့ဘူး။ ဒါကြောင့် ကျုပ်တို့ ဒီမိုကရေစီဝါဒကိုသာ ထောက်ခံရမယ်၊ ဒီဝါဒကို ကျင့်သုံးပြီး လွတ်လပ်တဲ့နိုင်ငံကို ထူထောင်နိုင်အောင် ကြိုးစားရမယ်၊ ဒီမိုကရေစီဝါဒကသာ ငြိမ်းချမ်းရေးကို အားပေးတယ်။” (၁၉၄၅ ခုနှစ် ဩဂုတ်လ၌ကျင်းပသော စတုတ္ထအကြိမ်မြောက် နိုင်ငံခေါင်းဆောင်များ အစည်းအဝေး၌ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့် ခွန်းမှ ကောက်နှတ်ချက်။)
ဒါပေမဲ့ ကုန်လွန်ခဲ့တဲ့ အနှစ် (၆၀) ကျော်လုံးလုံးမှာ ဗိုလ်ချုပ်အောင်ဆန်း ကို ကျောခိုင်း ပြီး၊ ပင်လုံ ပြည်ထောင်စုကနေ ခွဲထွက်ခဲ့ ပြီး သူအလိုမရှိဆုံး စစ်အာဏာရှင်စနစ် ကိုတည်ထောင်ခဲ့ကြတယ်။ ပင်လုံ ကို ဖျက်ဆီးခဲ့ကြပြီးပါပြီ။ ပင်လုံ ကိုတော့ ဆက်လက် အဖျက်ဆီးခံလို့မရတော့ပါဘူး၊ ပင်လုံ ကိုတော့ အသေခံလို့မဖြစ်ဘူး။ ပင်လုံသေရင် တတိုင်းတပြည်လုံး သေရတော့ မှာဖြစ်တယ်။ ဗမာအခြင်းခြင်းမတည့်ရင်၊ တိုင်းရင်းသားဗမာတွေနဲ့ တခြားတိုင်းရင်းသားတွေအားလုံး စည်းလုံးမှု မ တည် ဆောက် နိုင်ရင် ဘယ်သူတက်တက် တိုင်းပြည်ဟာ ဖာသယ် နိုင်ငံပဲဖြစ်မယ်လို့ပြောသွား ဟောထားခဲ့တဲ့ ဗိုလ်ချုပ် အောင်ဆန်း ရဲ့ စကား တွေကို နောင်မျိုး ဆက်သစ် တွေက အလေး အနက် ထား ပြီး ဗမာအပါအ၀င် တိုင်းရင်းသား လူမျိုး ပေါင်းစုံ ပြည်သူတွေ ကမ္ဘာမှာ ဂုဏ်ရောင်ပြောင်ပြီး ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံး နဲ့ ပြည်ထောင်စု မြန်မာ နိုင်ငံသစ်ကို ပြန်လည် ထူထောင် နိုင်ရေး အတွက် ပင်လုံတကျော့ပြန်ခရီးကိုမဖြစ်မနေ အဆုံး တိုင် လျောက်လှမ်း ကြရမှာဖြစ်တယ်။
(12 April 2012)
Other related lectures by Salai Kipp Kho Lian
ပင်လုံစာချုပ် အပေါ်ဆွေးနွေးသုံးသပ်ချက် CLICK
ပင်လုံတကျော့ပြန်ခရီး (၁) CLICK
ခွဲထွက်ပိုင်ခွင့်ကိစ္စ CLICK
ပြည်ထောင်စုသားကြီး ဗိုလ်ချုပ်အောင်ဆန်း CLICK
သွေးနဲ့ရေးသားခဲ့ရ သော ပြည်ထောင်စုသမိုင်း CLICK
တူညီ၍ရှင်းလင်းပြတ်သားသော အနာဂတ်ရည်မှန်းချက်
CLICK

No comments:

Post a Comment

mr.kyaingtun@gmail.com