Wednesday, October 24, 2012

သဘာဝအရင်းအမြစ် ကျိန်စာ by Aung Moe Win on Thursday, October 18, 2012 at 6:13pm ·




 ဒီမိုကရေစီလမ်းကြောင်းရဲ့ အနိမ့်အမြင့်၊ အကျယ်အပြန့်ကို အဓိကသက်ရောက်စေတဲ့ အချက် (၁၃) ချက် ရှိတယ် လို့ဆိုကြတယ်။
သဘာဝအရင်းအမြစ် ပြည့်စုံကြွယ်ဝမှုကြောင့် ကျိန်စာသင့်တဲ့ အဖြစ်အပျက်တွေကရော ဘယ်နှစ်ခုရှိနိုင်မလဲ။
လွတ်လပ်တဲ့အာရှအသံရဲ့ အောက်တိုဘာ (၁၈) ရက်နေ့၊ ကြာသာပတေးနေ့ညပိုင်းမှာ တင်ဆက်ခဲ့တဲ့ဆောင်းပါးလေးပါ။


၁၇ ရာစုမှာ ဖြစ်ပွားခဲ့တဲ့ အင်္ဂလိပ်ပြည်တွင်းစစ်ပွဲဟာ ဘုရင် နဲ့ အခွင့်ထူးခံ လူတန်းစားတွေကြားက တိုက်ပွဲဖြစ်ပါတယ်။ ဒါပေမဲ့ အဲ့ဒီစစ်ပွဲအပြီးမှာတော့ ပါလီမန်စံနစ်တခုပေါ်ပေါက်လာခဲ့ပါတယ်။ ၁၈၆၁ မှာ ဖြစ်ပွားခဲ့တဲ့ အမေရိကန်ပြည်တွင်းစစ်ထဲမှာပဲ ကျွန်စံနစ် ကို ဖျက်သိမ်းပစ်မဲ့အတွေးအခေါ်တွေ
စတင်လာခဲ့သလို၊ အဲ့ဒီအတွေးအခေါ်တွေဟာ ၁၉၆၀ စစ်အေးတိုက်ပွဲအရှိန်ရလာချိန်ကျမှ အာဖရိကန်လူမည်းတွေအတွက် လူထုအခွင့်အရေးတွေ အပြည့်အဝရရှိဖို့အကြောင်းအရာတွေစုဆုံရောက်ရှိလာပါတယ်။ ပြည်သစ် အင်ပါယာ မှ သမ္မတနိုင်ငံတော်အဖြစ်ပြောင်းလဲလာခဲ့ပုံတွေ၊ ၁၉ ရာစု ဂျပန်နိုင်ငံရဲ့ မီဂျီပြုပြင်ပြောင်းလဲရေးကာလတွေဟာ စိတ်ဝင်စားစရာကောင်းသလို၊ နိုင်ငံတွေပြောင်းလဲဖို့အတွက် ပြည်တွင်းပြည်ပမှ ဖိအားပေးနေတဲ့ ဇာတ်ကောင်တွေရဲ့ အနေအထားတွေကရော ဘယ်လောက်အရေးပါသလဲ ဆိုတဲ့ အချက်ကလည်း စဉ်းစားကြရမှာ အသေအချာပါ။
Freedom House အဖွဲ့ရဲ့လေ့လာသုံးသပ်ချက်အရဆိုရင်- ၁၉၇၂ ခုနှစ်ကတည်းကစပြီး အာဏာရှင်နိုင်ငံပေါင်း ၆၇ နိုင်ငံ ကျဆုံးခဲ့ပြီး ဒီမိုကရက်တစ် အသွင်ကူးပြောင်းရေးကို လုပ်ခဲ့ကြရတယ် လို့ ဆိုပါတယ်။ ပြုပြင်ပြောင်းလဲရေးလုပ်ခဲ့ရတဲ့ဖြစ်စဉ်တွေရဲ့ ၇၀ ရာခိုင်နှုန်းကို ကြည့်လိုက်မယ် ဆိုရင်၊ အကြမ်းမဖက်တဲ့
လူထုလှုပ်ရှားမှုတွေကြောင့် ဖြစ်တယ်။ နိုင်ငံရပ်ခြားတိုင်းပြည်တွေက ဝင်ရောက်စွက်ဖက်မှု၊ လက်နက်ကိုင်တော်လှန်ရေး နဲ့ အခွင့်ထူးခံလူတန်းစားတွေကြားက အပေးအယူလုပ်မှုကြောင့် ဖြစ်ပျက်ခဲ့တဲ့ ပြုပြင်ပြောင်းလဲရေးတွေဟာ အခြေခိုင်မာမှုမရှိသလို၊ အောင်မြင်မှုနည်းပါးခဲ့တယ် လို့ ဆိုပါတယ်။


ပြီးခဲ့တဲ့အပတ်တုံးက ရင့်မှဲ့ပြည့်စုံတဲ့ ဒီမိုကရက်တစ်နိုင်ငံတော်တခုဖြစ်ဖို့အတွက် လိုအပ်တဲ့ အခြေအနေတွေ၊ ဇာတ်ကောင်တွေကို တင်ပြခဲ့ပါတယ်။
ဒီ တပတ်မှာတော့ ဒီမိုကရေစီလမ်းကြောင်းရဲ့ အနိမ့်အမြင့်၊ အကျယ်အပြန့်အပေါ်မှာ အဓိက သက်ရောက်စေမဲ့ အကြောင်းအရာတွေကို ဆွေးနွေးကြည့်ချင်ပါတယ်။
နိုင်ငံတခုကိုလေ့လာတဲ့အခါတိုင်း အဲ့ဒီနိုင်ငံရဲ့ စီးပွားရေး၊ ယဉ်ကျေးမှု နဲ့ သမိုင်းဆိုင်ရာ နောက်ခံကားချပ်တွေဆိုတာ မရှိမဖြစ်စဉ်းစားကြည့်ရမဲ့ အကြောင်းအရာတွေပဲဖြစ်ပါတယ်။
ဒီမိုကရေစီရေးလမ်းကြောင်းကို အဓိက သက်ရောက်ပြောင်းလဲစေတဲ့ အချက် (၁၃) ချက်ကို လေ့လာကြည့်ကြရအောင်ပါ။


ပထမ တခုကတော့ သဘာဝအရင်းအမြစ် ကျိန်စာ ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။ အိုးပက်အဖွဲ့ကို စတင်တည်ထောင်သူအနက် တဦးဖြစ်တဲ့ ဂျူယန်း အယ်လ်ဖွန်ဇို ကတော့ နောက်ဆယ်နှစ်ကြာတဲ့အခါ၊ နောက်ထပ် အနှစ်နှစ်ဆယ် ကြာတဲ့အခါ ကမ္ဘာကြီးကို ကြည့်လိုက်ပါ။ ရေနံ ဆိုတဲ့အရာဟာ ငါတို့အားလုံးကို ပျက်စီးသွားအောင် လုပ်လိမ့်မယ်။ ရေနံဆိုတာ မကောင်းဆိုးဝါးတယောက်က စေလွှတ်လိုက်တဲ့အရာပဲဖြစ်တယ် လို့ဆိုခဲ့ဘူးပါတယ်။

ပညာရှင်တွေရဲ့ အဆိုအရတော့ ရေနံ၊ သဘာဝဓါတ်ငွေ့-- စတဲ့ သဘာဝအရင်းအမြစ် ပြည့်စုံကြွယ်ဝလွန်းတဲ့ နိုင်ငံတွေဟာ ဒီမိုကရက်တစ်နိုင်ငံတော်တခုကို တည်ဆောက်ဖို့အတွက် ကျဆုံးလေ့ရှိတယ် လို့ဆိုပါတယ်။ ဒီအချက်ဟာ သဘာဝဓါတ်ငွေ့ နဲ့ ရေနံအကြီးအကျယ်ထုတ်လုပ်လေ့ရှိတဲ့  ဆော်ဒီအာရေးဗီးယား၊ အီရန်၊
ရုရှားပြည်ထောင်စု ၊ အန်ဂိုလာ၊ နိုက်ဂျီးရီးယား လို အာဖရိကနိုင်ငံတွေအပါအဝင် လက်တင်အမေရိကားနိုင်ငံတချို့က နိုင်ငံရေးဖြစ်စဉ်တွေကို ကြည့်လိုက်မယ်ဆိုရင် သွေးထွက်လောက်အောင်မှန်နေတာကို တွေ့ရပါတယ်။ ဆော်ဒီ ဘုရင်တွေဟာ သူ့နိုင်ငံရဲ့ သဘာဝအရင်းအမြစ်တွေကြောင့် ထိတ်ထိတ်ကြဲကြွယ်ဝချမ်းသာပြီး၊ ဇိမ်ခံနေကြပေမဲ့ ဆော်ဒီအာရေဗီးယားနိုင်ငံမှာ အမျိုးသမီးတွေ မဲပေးခွင့်မရ၊ ကားမောင်းခွင့်မရသည်အထိ၊ ဒီမိုကရေစီ အဆင့်အတန်းခေါင်းပါးနိမ့်ကျခဲ့ပါတယ်။ ပြည်သူလူထုအများစုဟာ ဆင်းရဲတွင်းနက်ခဲ့ကြပါတယ်။ ထို့အတူပဲ ရှရှားပြည်ထောင်စု ရဲ့ သမိုင်းကို ကြည့်လိုက်မယ် ဆိုရင်လည်း၊ သမိုင်းစဉ်တလျှောက်လုံးမှာ နယ်မြေလွှမ်းမိုးရေး၊ နိုင်ငံတည်ငြိမ်ရေးအတွက် နိုင်ငံမှာရှိတဲ့ သဘာဝအရင်းအမြစ်တွေကို မဟာဗျူဟာ ကျကျ အသုံးချရင်း၊ ပြင်းထန်လွန်းတဲ့အာဏာရှင်စံနစ်တွေကို ကျင့်သုံးခဲ့ရပါတယ်။
ဒီလိုအုပ်ချုပ်နေရတဲ့ အကြောင်းရင်းကတော့ အုပ်စိုးသူ လူတန်းစားဟာ သဘာဝအရင်းအမြစ်တွေဟာ သူတို့ရပ်တည်ရှင်သန်ရေးအတွက် အသက်သွေးကြောဖြစ်ပြီး၊ ပြည်သူတွေဆီကကောက်ခံရရှိမဲ့ အခွန်တွေအပေါ် မှီခိုချင်စိတ်ရှိမနေကြပါဘူး။ ဒါ့အပြင် ဒီလိုစီးပွားရေးလုပ်ငန်းတွေအပေါ် ရင်းနှီးမြှုပ်နှံထားတဲ့သူတွေကလည်း တော်လှန်ရေးတွေ၊ လူမှုမငြိမ်သက်မှုတွေကို မြင်တွေ့လိုချင်စိတ် မရှိပါဘူး။ ဒါကြောင့်လည်း ပါးနပ်လိမ်မာတဲ့ အစိုးရတချို့ဟာ သူတို့ရဲ့သဘာဝအရင်းအမြစ်တွေအပေါ် အန္တရာယ်တွေ၊ အနှောက်အရှက်တွေမကျရောက်ဖို့အတွက်၊ အတိုက်အခံနဲ့ပေါင်းပြီး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကို မဖြစ်မနေလုပ်ဖို့ ကြိုးစားလေ့ရှိကြပါတယ်။

ကုလသမဂ အထွေထွေအတွင်းရေးမှူး ဘန်ကီမွန်းရဲ့ အကြံပေးတဦးလည်းဖြစ်၊ ကိုလံဘီယာတက္ကသိုလ်ရဲ့ ပါမောက္ခတဦးလည်းဖြစ်ပြီး၊ သဘာဝအရင်းအမြစ်နဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ကြားက ဆယ်နွယ်မှုတွေကို အထူးပြုလေ့လာပြီး စာတမ်းတစောင်ရေးသားတင်ပြခဲ့တဲ့၊ ပါမောက္ခ ဂျက်ဖရီ ဆက်ခ်ျ ကတော့  ရေနံထုတ်လုပ်တဲ့ အိုဘက်အဖွဲ့အစည်း လို နိုင်ငံတွေမှာ ဖြစ်ပေါ်နေတဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းတွေကို ဆွေးနွေးတင်ပြခဲ့ပါတယ်။ ၁၉၆၅ -၁၉၉၈ အတွင်းမှာ သဘာဝအရင်းအမြစ် များများစားစားမရှိတဲ့နိုင်ငံတွေဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း၊ ၂.၂ ရာခိုင်နှုန်းရှိခဲ့ပေမဲ့ သဘာဝအရင်းအမြစ်တွေ ကြွယ်ဝချမ်းသာခဲ့တဲ့ အိုပက် နိုင်ငံတွေဟာ ၁.၃ ရာခိုင်နှုန်းလောက်အထိ ကျဆင်းခဲ့တယ် လို့ဆိုပါတယ်။ တချို့ကတော့ ငွေကြေးစီးဆင်းမှု နဲ့ နိုင်ငံရပ်ခြားအကူအညီတွေဟာလည်း သဘာဝအရင်းအမြစ်ကျိန်စာ ကို လှုံ့ဆော်စေတဲ့ အကြောင်းအရာတခုဖြစ်တယ် လို့ ပြန်လည်ငြင်းခုန်ကြပါတယ်။

တကယ်တော့ သဘာဝအရင်းအမြစ် ကျိန်စာ ကို ဖန်တီးလေ့ရှိတဲ့ဇာတ်ကောင်တွေထဲမှာ ကော်ပိုရေးရှင်းကြီးတွေရဲ့ အခန်းကဏ္ဍကလည်း ထင်ထင်ရှားရှားပါဝင်နေပါတယ်။ သဘာဝအရင်းအမြစ်တွေကို ရရှိဖို့အတွက် နိုင်ငံရပ်ခြားကုမ္မဏီကြီးတွေဟာ သက်ဆိုင်ရာအာဏာပိုင်တွေကို လဒ်ပေးလဒ်ယူလုပ်လေ့ရှိပါတယ်။ စီးပွားရေးမူဝါဒတွေအပေါ် သြဇာညောင်းဖို့အတွက် နိုင်ငံရေးသမားတွေကို သူတို့ရဲ့ ခါးပိုက်ထဲထည့်ဖို့ ကြိုးစားလာကြပါတယ်။ ပြဿာနာ တိုင်းပြည်တခုကို ပြည်သူလူထုရဲ့
အခွန်ငွေနဲ့ တည်ဆောက်လည်ပတ်တဲ့နိုင်ငံတွေ နဲ့ သဘာဝအရင်းအမြစ်ပေါ်မှီခိုနေတဲ့အစိုးရတွေကြားမှာ ကွာခြားချက်တခုက ကြီးကြီးမားမားရှိနေတယ်။

ပြည်သူလူထုရဲ့ အခွန်ငွေအပေါ်မှာ မှီခိုနေရတဲ့ နိုင်ငံရေးသမားတွေဟာ သူ့ရဲ့ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေအပါအဝင် တိုင်းပြည်မှာကြုံတွေ့နေရတဲ့အရာတွေကို ပြည်သူလူထုထံဆွေးနွေးတိုင်ပင်ရတယ်. လူထုနဲ့နိုင်ငံရေးသမားကြားက ဆက်ဆံရေးက ပိုပြီးနီးစပ်လာတယ်။ သဘာဝအရင်းအမြစ်အပေါ်မှီခိုနေတဲ့နိုင်ငံတွေကျတော့ အဲ့သလိုမျိုးမဟုတ်ဘူး။ အုပ်စိုးသူလူတန်းစားဟာ ပြည်သူလူုထုအပေါ်ဆွေးနွေးတိုင်ပင်စရာမလိုဘူး။ ငါတို့ရှင်သန်ဖို့အတွက် သဘာဝအရင်းအမြစ်တွေ ရှိနေတာပဲဆိုပြီး၊ မောက်မာမာန်တက်လေ့ရှိတယ်။ ဒါကြောင့်လည်း အဲ့ဒီနိုင်ငံတွေမှာ ပြဿနာတွေများတယ်။ ပြည်တွင်းစစ်ပွဲတွေ၊ ခွဲထွက်ရေးသူပုန်တွေ နဲ့ သဘာဝဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားမှုတွေများတယ်။

သောတရှင်များခင်ဗျား
သဘာဝအရင်းအမြစ်ကြွယ်ဝချမ်းသာတဲ့နိုင်ငံတော်တော်များများဟာ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးနဲ့ ပတ်သက်ပြီး ဂုဏ်သိက္ခာညိုးနွမ်းမှုတွေနဲ့ ကြုံတွေ့နေရတာကို တွေ့ရပါလိမ့်မယ်။ သဘာဝအရင်းအမြစ်ချမ်းသာကြွယ်ဝမှုနဲ့ လူမှုရေးမညီမျှမှု၊ ချမ်းသာတဲ့နိုင်ငံတွေမှာ အာဏာရှင်စံနစ်ဖြစ်ပေါ်နိုင်မှုအခြေအနေ၊ ပညာရေးနဲ့ စွမ်းအားမြင့်တင်မှု-- စတဲ့အချက် ၁၂ ချက်ကို နောက်တပတ်မှာ ဆက်ပြီး ဆွေးနွေးပါရစေ။ သေချာတာတခုကတော့ ဒုတိယလူဆိုတာ ပထမလူရဲ့ အမှားတွေကို သင်ယူပြီး အကောင်းဆုံးဖြစ်အောင်ကြိုးစားခွင့်ရကြတယ် ဆိုတဲ့စကားပုံတခုရှိနေပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးလုပ်နေတဲ့ အစိုးရသစ်လည်း သဘာဝအရင်းအမြစ်တွေကို ပြည်သူတွေရဲ့ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးလုပ်ငန်းတွေမှာ တန်ဘိုးရှိရှိ အသုံးချနိုင်ကြပါစေ။

No comments:

Post a Comment

mr.kyaingtun@gmail.com