၁၉၉၈ခုနှစ် (နွေဦး/ဆောင်းဦး?)တရက်သာယာဝတီထောင်ရဲ့တိုက် ၃၊ အခန်းနံပါတ်
၅မှာ ဟောဒီမေတ္တာဇာတ်လမ်းလေးစခဲ့ပါတယ်။ အဲဒီအချိန်က ကျနော့်အခန်းမှာ
ကျနော်ရယ်၊ဟန်ဝင်းအောင်ရယ် (နောက်တခါအဖမ်းခံရပြီး အခုချိန်ထိ ထောင်ထဲမှာ
ရှိနေသူ) ၊ ၀တုတ် (ခ) ခင်မောင်ဦးရယ် ၃ ယောက်နေထိုင်ကြပါတယ်။ တနေ့မှာ
ဟန်ဝင်းအောင်ကအပျံသင်ခါစခိုလေးတစ်ကောင် မပျံနိုင်ဘဲပြုတ်ကျလာလို့ ကောက်
လာတယ်။ အဲဒီ ခိုလေးမှာ ၀ဲတွေ ပေါက်နေတယ်။ တစ်ကိုယ်လုံးအဖုလေးတွေနဲ့ပေါ့။
ဟန်ဝင်းအောင်က ခိုလေးကိုအခန်းထဲမှာမွေးဖို့
အတူနေကျနော်တို့ကိုညှိတယ်။ အတောင်မဖြတ်ရဖူး။
ပျံနိုင်တဲ့အချိန်ကျရင်ပျံခွင့်ပေးရမယ်ဆိုတဲ့ ကျနော့်ညှိနှိုင်းချက်
ကိုသူလည်းသဘောတူတာနဲ့ ကျနော်တို့ခိုကလေးကိုမွေးဖြစ်သွားကြတယ်။ အဲဒီ
အချိန်တုန်းက ခိုလေးကို အထီးလား၊ အမလား ကျနော်တို့ မခွဲခြားနိုင်ကြပါဘူး။
ဒါပေမဲ့ နာမည်ရှိဖို့တော့လိုတယ်ဆိုပြီး နာမည်စဉ်းစားကြတယ်။
နောက်ဆုံးကျနော် အဆိုပြုတဲ့ booster ဆိုတဲ့ နာမည်လေးကို သဘောတူလိုက်ကြတယ်။
ကျနော်က အဲဒီနာမည်လေးကိုထောင်မကျခင်ကအိမ်တွေမှာအမြဲသုံးနေတဲ့
လျှပ်စစ်မီးအားတိုး
မြှင့်တဲ့စက်ကလေးကိုအစွဲပြုပြီးပေးလိုက်တာပါ။တဖက်ကအဓိပ္ပါယ်ကလည်း ကျနော်
တို့ အထီးကျန်နေတဲ့အချိန်မှာ ကျနော်တို့ကို ကြည်နူးမူလေးတချို့
ပေးစွမ်းနိုင်တယ် ဆိုတဲ့ အဓိပ္ပါယ်လေးပေါ့။
ဒီလိုနဲ့ခိုလေးရောက်လာပြီးအစပိုင်းရက်တွေမှာ ကျနော်တို့လည်းသူ့ကိုအရိပ်
တကြည့်ကြည့်နဲ့ပေါ့။ အစာလေးတွေ ခွံ့ကျွေးကြ၊ ရေတိုက်ကြ။ အနာတွေကို
ဆေးလိမ်းပေးကြနဲ့ အရမ်းကို ကြည်နူးနေကြပါတယ်။ ခိုလေးကို တရိစ္ဆန်လို့တောင်
သဘောမထားပါဘူး။ ကိုယ့်သားသမီးလိုကို ချစ်နေကြတာပါ။
ရက်အနည်းငယ်ကြာပြီးနောက်ပိုင်းမှာတော့ ခိုကလေးလည်းနေတော်တော်
ကောင်းလာပြီပေါ့။ ကျနော်တို့ရဲ့ကြည်နူးမှုတွေမှာလည်း အပျော်တွေထပ်တိုးလာ
တယ်။သူဗိုက်ဆာရင် ကျနော်တို့ကိုပွတ်သီးပွတ်သတ်လေးလုပ်။ ကျနော်တို့ကလက်
ဖ၀ါးပေါ်ကိုကုလားပဲစေ့လေးတင်ထား၊သူကလက်ပေါ်ကိုခုန်တက်ပြီးအစာစား။
“သိပ်ပျော်စရာကောင်းတဲ့အချိန်လေးတွေပါ။ အဲဒီအချိန်မှာတော့ကျနော်တို့လည်း
သူ့ကို သမီးလေးမှန်း ခွဲနိုင်ခဲ့ပါပြီ။
ဒီလိုနဲ့
သမီးလေးအရွယ်ရောက်လာတဲ့အခါမှာတော့ ကျနော်တို့လည်း မိဘ၀တ္တရားကျေပါ့မလား။
ထမင်းဟင်းကျွေးထားရုံနဲ့ လုံလောက်ပါ့မလားဆိုတာမျိုး
ပူရပင်ရတာတွေရှိလာပါပြီ။ သူ့ကိုယ်သူရပ်တည်နိုင်အောင် ဘယ်လိုပြုစုပျိုးထောင်
မလဲ။ သူ့အမျိုးအဆွေတွေကိုသိအောင်ဘယ်လိုလုပ်ပေးရမလဲ။ အကယ်၍များ ငါတို့
ထောင်ပြောင်းကြရရင်ဘယ်လိုလုပ်ရပါ့မလဲ၊ စသည်ဖြင့်ကျနော်တို့၃ယောက်သား
ခေါင်းချင်း ရိုက်တိုင်ပင်မိကြပါတယ်။
သူ့ကိုသဘာဝအကြောင်းသိအောင်သင်ပေးရမယ်။ သူ့ဆွေမျိုးတွေနဲ့ သူ့အ
သိုင်းအ၀ိုင်းကို သူသိအောင်လုပ်ပေးရမယ်။ သူ့အသိုင်းအ၀ိုင်းကသူ့ကို
ပြန်လက်ခံ အောင်ကြိုးစားရမယ်။ သူဖာသာသူအစာရှာစားတတ်အောင် လေ့ကျင့်ပေးရမယ်။
အဲဒါမှသူ့ကိုချစ်ရာရောက်မယ်။ ငါတို့လူသားတွေကိုသူ့ရဲ့ဆွေမျိုးရယ်လို့
ထင်ယောင် နေတဲ့အမြင်မှားကို
ချေဖျက်ပေးရမယ်လို့ကျနော်တို့ဆွေးနွေးဖြစ်ခဲ့ကြတယ်။
‘သမီးရေ--- သမီးဟာငှက်လေးတစ်ကောင်ဖြစ်တယ်။ခိုမျိုးနွယ်စုလေးပေါ့။
ငှက်ဆိုတာဟိုးလွတ်လပ်တဲ့ကောင်းကင်ပြင်ကြီးမှာလွတ်လွတ်လပ်လပ် ပျံသန်းခွင့်
ရှိတယ်။ ပျံသန်းနိုင်တဲ့စွမ်းရည်လည်းရှိကြတယ်သမီးရဲ့။
ဒါကြောင့်ပျံနိုင်အောင် ကြိုးစားပါသမီးရေ။ သမီး ပျံသန်းနိုင်အောင် အဖေတို့
ဝိုင်းကြိုးစားပေးကြမယ်။
သူနားလည်မှာမဟုတ်မှန်းသိပေမယ့်ကျနော်က အဲဒီလိုတတွတ်တွတ်ဆက် ကာ ၊ဆက်ကာပြောနေမိခဲ့ပါတယ်။
‘ဖေဖေ့ဆီမှာ လည်း အဖေနဲ့ အမေ ဆိုတာရှိတယ် သမီးရဲ့။ ဖေဖေရဲ့
အဖေနဲ့ အမေတို့ကအဖေ့ကိုသိပ်ချစ်ကြတာပေါ့။ ဒါပေမဲ့မတရားတဲ့အာဏာရှင်တွေကအဖေ
သိပ်ချစ်တဲ့မိဘတွေရဲ့ရင်ခွင်ထဲကနေအဖေ့ကိုအတင်းလုယူလာကြပြီး ဒီလှောင်အိမ်
ထဲမှာထားထားကြတယ်။ ဒါပေမဲ့သမီးရယ်အဖေကတော့သမီးကို ဒီလှောင်အိမ်ထဲမှာ
မထားနိုင်ဘူး။သမီးကိုအဖေတို့နားမှာအမြဲရှိနေစေချင်ပါတယ်၊ဒါပေမဲ့
သမီးအဖေတို့နဲ့ မနေရဖူး။ ဟိုးလွတ်လပ်တဲ့ကောင်းကင်ကြီးထဲမှာ
သမီးမြူးတူးခုန်ပေါက်ပြီး ကခုန်နေ တာကိုဘဲ အဖေမြင်ချင်တယ်။
“ခင်ဗျားကသာဒီလိုပြောနေတာသူ့ကိုလောကကြီးအကြောင်းသိအောင်ဘယ်
လိုသင်ပေးမှာလဲ“ –
ဝတုတ်က ကျနော်ပြောနေတာတွေကို နားထောင်ရင်း ထမေးပါတယ်။
ဒါကလွယ်တော့မလွယ်ဘူး။ ဒါပေမဲ့ကြိုးစားလို့ရပါတယ်။အရင်းအနှီးလိုတယ်။ အချိန်
လိုတယ်။ လုပ်ပိုင်ခွင့်လိုတယ်လို့ ကျနော်ပြန်ဖြေလိုက်တယ်။ နောက်တနေ့မှာ
ကျနော်ကစပြီး အဆိုပြုတယ်။
“ဟန်ဝင်းအောင်ရေ..ငါတို့ဆီမှာ ရှိနေတဲ့
ကုလားပဲ လက်နှစ်ဆုတ်စာကို ရှေ့က ကွက်လပ်ထဲမှာ ကြဲထားလိုက်။ မင်းအဲဒါကို
နေ့တိုင်းလုပ်ပေးပါ။ ပြီးတော့ သမီးကို လက်ထဲမှာ အစာမကျွေးနဲ့တော့။ အောက်မှာ
ချကျွေးချေတော့။“
‘မစားရင် ဘယ်လိုလုပ်မလဲလို့’ --၀တုတ်က မေးပြန်ပါတယ်။
“မလိုပါဘူး။ သူဆာရင် စားလိမ့်မယ်။”
ဒီလိုနဲ့ရက်အနည်းငယ်အတွင်းမှာဘဲ သူဟာအစာကိုအောက်ကနေကောက်စားကျင့် ရသွားပါတယ်။ အဲဒီကမှနောက်တဆင့်ပ်တက်ရပါတယ်။
“သူ့ကို အခန်းထဲမှာ အစာမကျွေးနဲ့တော့ဗျာ၊ ကျနော်တို့ အခန်းရှေ့မှာ ချကျွေးမယ်။“
ကျနော်တို့ကကုလားပဲစေ့တွေကို ကျနော်တို့ရှေ့
စိုက်ခင်းထဲကိုကျဲချထားလိုက်တော့ အခြားခိုတွေလာပြီး
ကျနော်တို့ကြဲထားတဲ့ကုလားပဲတွေကို လာပြီးစားသောက်နေကြ တာပေါ့။
“သမီးရေ
--- ဟိုမှာတွေ့လား။ အဲဒါ သမီးရဲ့ ခိုမျိုးနွယ်စုတွေပေါ့။ အဲဒီထဲမှာ သမီးရဲ့
အဖေ၊အမေ၊မောင်နှမတွေရှိကြတယ်။သွားပြီးမိတ်ဆက်ချည်။ ဆွေမျိုးတွေကိုရှာချည်
ပါသမီးရယ်။ဒါမှသမီးဟာကိုယ့်ရဲ့မျိုးရိုးဗီဇကိုသိမှာပေါ့။
ကိုယ့်ရဲ့မိဘဆွေမျိုးကိုသိမှာ ပေါ့ကလေးရဲ့။“
ကျနော်ကတတွတ်တွတ်ရေရွတ်ပြောပြနေပေမယ့် သူမသွားပါ။ စူးစမ်းတဲ့ အကြည့်နဲ့
တော့ကြည့်နေလေရဲ့။ အဲဒီလိုဘဲသူ့ရဲ့ခိုမျိုးနွယ်စုကလည်း
သူ့ကိုစူးစမ်းတဲ့အကြည့်
တွေနဲ့ပြန်ကြည့်နေတာကိုကျနော်တို့သတိထားမိခဲ့ကြတယ်။ ခိုတွေကြားထဲမှာလည်း
သူတို့အချင်းချင်းမေးခွန်းတွေ မေးရင်းတွတ်ထိုးနေကြတာနေမှာပေါ့။
‘ဒီကောင်မ ခိုဖြစ်ပြီး လူတွေနဲ့ဘာလို့နေနေတာလဲမသိဘူး။ လူဆိုတာက
ငါတို့ရဲ့ အသားကိုစားဖို့ အမြဲကြိုးစားနေတာ။
ဒီလိုလူတွေနဲ့အတူတူနေနေတဲ့ခိုမကို ယုံလို့မရဘူး။
သူ့ကိုငါတို့ဆီအလာခံလို့မဖြစ်နိုင်ဘူး။’ အစရှိသဖြင့်ဆွေးနွေးဝေဖန်
နေကြမှာပေါ့။
သူတို့ထဲကအကောင်းမြင်တတ်တဲ့ခိုအချို့ကလည်း
“အရမ်းတော့သိမ်းကြုံး မပြောပါနဲ့လေ။ လူတွေထဲမှာလည်းကောင်းတဲ့လူတွေရှိသလို၊
ဆိုးတဲ့လူတွေလည်း ရှိတာပါဘဲ ၊ငါတို့ကိုပစ်ခတ်မစားသောက်ဘ
ဲငါတို့စားဖို့အစားကျွေးနေတဲ့လူတွေ လည်းရှိနေတာပါဘဲ။ ဒါကြောင့်လည်း
ငါတို့ဒီမှာအန္တရာယ်ကင်းကင်းနဲ့ နေထိုင်စား သောက်နေကြရတာ မဟုတ်လား“ လို့
ပြန်ပြောနေကြတယ်ထင်ပါရဲ့။
သူတို့အချင်းချင်းအမြင်ဖလှယ်နေကြစဉ်ကာလမှာ
ကျနော်တို့သမီးလေးကို သူတို့ အသိုင်းအ၀ိုင်းထဲ အ၀င်မခံသေးတာဘဲရှိပေမဲ့
ရန်မရှာကြပါဘူး။ ကျနော့်ရင်ထဲမှာ တော့ဒီအခြေအနေလေးကို
အတော်လေးကျေနပ်နေမိတယ်။ ငါတို့ အဆင့်တခု တော့ရောက်နေပြီ။ မကြာခင်
ငါတို့သမီးလေးသူ့ဆွေသူ့မျိုးတွေကြားထဲမှာ ပျော်ပျော်
ရွင်ရွင်နေနိုင်တော့မယ်။
ဒီလိုနဲ့ရက်အနည်းငယ်ကြာတော့
ကျနော်တို့သမီးလေးကြောင့် သူတို့မှာအန္တရာယ်မရှိ နိုင်ဘူးဆိုတဲ့အသိက
ခိုအသိုင်းအ၀ိုင်းကြားကိုရောက်ရှိသွားပါတော့တယ်။ယုံကြည်မူ တည်ဆောက်တဲ့
အဆင့်ပြီးသွားခဲ့ပြီပေါ့။
သမီးလေးကလည်း ခိုတွေနားကို တဖြည်းဖြည်းနဲ့
ကပ်ရဲသွားတယ်။ ခိုတွေကလည်း သူ့ကိုနေရာပေးရဲလာတယ်။
ဘာသာစကားချင်းကလည်းတူလို့ထင်ပါရဲ့။ တသား တည်းဖြစ်သွားကြတယ်။
ဒါပေမဲ့အခြားခိုတွေအစာစားပြီးအခြားနေရာကိုထွက်သွား ရင်သမီးလေးက
လိုက်သွားလေ့မရှိဘဲ ကျနော်တို့အခန်းထဲကို ပြန်လာလေ့ရှိတယ်။
ညဆိုရင်လည်းကျနော်တို့နဲ့ဘဲအိပ်တယ်။ တကယ်တော့အဲဒါကိုကျနော် အလိုချင်ဆုံး
ပါဘဲ။
ဒါပေမဲ့သဘာဝတရားဆိုတာတားမရပါဘူး။
ဒီလိုနဲ့နေနေကြရင်းသမီးကလည်း အပျိုပေါက်ဖြစ်လာခဲ့ပြီပေါ့။
တနေ့တော့ခိုအုပ်လေးထဲမှာကျနော့်သမီးက ထူးထူးခြား
ခြားခိုထီးလေးတစ်ကောင်နဲ့တွဲနေတာကို ကျနော်သတိထားမိတယ်။
သူတို့တပူးတွဲတွဲရှိနေတာမြင်ရတာနဲ့တင် ကျနော်ကတော်တော်ဒေါသ ထွက်နေပြီ။
ဒါ့ကြောင့်ကျနော်က ၀တုတ်ကိုစိတ်ဆိုးမန်ဆိုးနဲ့ပြောလိုက်မိတော့တယ်။
“၀တုတ်..ဟိုမှာကြည့်စမ်း၊ ဟိုကောင်ငါတို့သမီးကိုရည်းစားစကားလိုက်ပြောနေတယ်
ထင်တယ်၊ ဟိုကောင်မကလည်းပြန်ကြိုက်နေပုံရတယ်ကွ။ အရွယ်က မရောက်သေး ဘူး။
ကိုယ့်ခြေထောက်ပေါ်တောင်ကိုယ်မရပ်နိုင်သေးဖူး။ လင်ကလိုချင်နေပြီ။ အခု
ခေတ်ကလေးတွေများတော်တော်ခက်တယ်ကွာ။ ပြန်လာရင်တော့တွေ့မယ်။ နောက်
နေ့ကျရင်အပြင်ကိုပေးမထွက်တော့ဘူး“ –
ဒီလိုနဲ့နောက်တနေ့မှာ ကျနော်ကသူ့ကိုအပြင်ပေးမထွက်တော့ဘဲ တံခါး
တွေကိုအသေပိတ်ထားလိုက်ပါတယ်။ ရုပ်ရှင်တွေထဲကခတ်နောက်ကျတဲ့ အဖေ
တွေရဲ့အမူအယာအတိုင်းသရုပ်ဆောင်ရင်း ဒီနေ့ကစပြီ သမီးအပြင်မထွက်ရဖူး၊
ဘယ်သူမှတံခါးဖွင့်မပေးရဆိုပြီတချက်လွတ်အမိန့်ထုတ်လိုက်ပါတယ်။ အစာနဲ့ရေကို
လည်းအခန်းထဲမှာဘဲကျွေးပါတယ်။ ဒါပေမဲ့ သမီးကအာဂခိုမပါ၊ အစာမစားဖူးဗျ။
ရေလည်းမသောက်ဖူး။ အစာငတ်ခံဆန္ဒပြတော့တာဘဲ။ ကျနော်လည်းဘာလုပ်ရမှန်း မသိကို
ဖြစ်သွားတော့တယ်။
ဒီကြားထဲသူ့ချစ်သူကလည်း အပြင်ကနေ
ဘာသာဘာဝဖိုသံလာပေး တာပေါ့။ သူကလည်းအပြင်ထွက်ဖို့အတင်းကြိုးစား၊
ကျနော်ကလည်းဟန့်တားနဲ့ သုံးပွင့်ဆိုင်အချစ်ပြဇာတ်တစ်ပုဒ်
ကနေရသလိုဖြစ်နေခဲ့ပါတယ်။ သုံးပွင့်ဆိုင်ဆိုပေမဲ့
၅၂၈နဲ့၁၅၀၀ကြားကအားပြိုင်မှုဆိုတော့ အတော်စိတ်ဝင်စားစရာကောင်းနေတာပေါ့။
နောက်ဆုံးတော့မိဘကပဲအလျော့ပေးရတာဘဲ။ ကိုယ့်သမီးစိတ်ဆင်းရဲ၊ဒုက္ခ
ရောက်နေတာကိုမကြည့်ရက်ဘူးလေ။ ညနေစောင်းမှာတော့ကျနော်ကတံခါးဖွင့်ပေး
လိုက်တယ်။ တံခါးဖွင့်ပေးလိုက်တယ်ဆိုတာနဲ့ နောက်ကိုမကြည့်တော့ဘဲထွက်
သွားတော့တာဘဲ။ ဒါပေမယ့်တော်ပါသေးရဲ့။ ညကျတော့အိမ်ပြန်လာတယ်လေ။
နောက်နေ့တွေမှာတော့ပုံမှန်ပါဘဲ။ မနက်ဆိုထွက်သွား။ ညနေဆိုရင်ပြန်
လာ။တနေ့တော့ကျနော်တို့သမီးလေးဟာ အခြားခိုတွေနဲ့အတူတူကျနော်တို့ မျက်နှာ
ချင်းဆိုင်နှစ်ထပ်တိုက်ရဲ့ခေါင်မိုးပေါ်မှာ ပျော်ရွင်နေတာတွေ့ရတယ်။
အဲဒီအချိန်မှာ မိုးတွေအုံ့ပြီး သည်းကြီးမည်းကြီးရွာတော့မဲ့ပုံပေါ်နေတယ်။
ကျနော့်ရင်ထဲမှာတော့စိုး
ရိမ်နေလိုက်တာ။
မိုးရွာရင်သမီးလေးဘယ်လိုလုပ်မလဲ၊ မိုးလွတ်ရာခိုတတ်ပါ့မလား
စိုးရိမ်စိတ်တွေနဲ့ပူလောင်လို့။ သူကတော့ဒါတွေကိုတွေးနေမှာမဟုတ်ပါဘူး။
ကြိုတင် ပြင်ဆင်ရမယ်ဆိုတာကို သူသိမှသိပါ့မလား။ ဒါပေမဲ့သူ့ကောင်လေးကတော့
အတွေ့ အကြုံ ရှိတာဘဲလေ၊ မိုးလွတ်ရာကိုခေါ်သွားမှာပေါ့လို့
ဖြေတွေးတွေးနေတုံးမှာဘဲ
အခြားခိုလေးတွေကမိုးလွတ်ရာဖက်ကိုပျံထွက်သွားကြပါတော့တယ်။ သမီးလေးက
တော့မိုးးလွတ်ရာကိုသွားရမယ်ဆိုတာကိုနားမလည်ဘဲ ခေါင်မိုးပေါ်မှာရပ်မြဲဆက်ရပ်
နေပါ့တယ်။ မကြာခင်မှာ မိုးကသည်းကြီးမည်းကြီးကိုရွာပါတော့တယ်။ ကျနော်တို့က
လည်းအခန်းအပြင်ကိုမထွက်နိုင်တော့ အခန်းထဲကနေဘဲ ‘သမီးရေ….ပြန်လာခဲ့
…ပြန်လာခဲ့’ လို့ အော်ခေါ်နေပေမဲ့ သူကမကြားဘဲဆက်ရပ်နေပါတယ်။
မိုးတိတ်သွားပြီးတဲ့အခါကျတော့မှ သမီးလေးကခေါင်မိုးကနေ ပြန်ဆင်းလာပြီး
အခန်းထဲကို တလှမ်းချင်းလျှောက်လာပါတယ်။ ကျနော်တို့ကလည်းစိုးရိမ်တကြီးဆီး
ကြိုကြရတာပေါ့။
“ဟင်..ဒုက္ခရောက်မှမိဘဆီပြန်လာတယ်--ပြီးရင်
ပြန်ထွက်သွားအုံးမှာမဟုတ်လား“ လို့ဗျစ်တောက်ဗျစ်တောက်ပြောနေရင်းနဲ့ဘဲ--
ရေသုတ်ပေးနေမိပါတယ်။
မိုးလုံးဝတိတ်သွားပြီး
အခြားခိုတွေလည်းကျနော်တို့တိုက်ရှေ့နားကို အစာလာပြန်စား တဲ့အခါမှာတော့
သမီးက အဲဒီခိုလေးတွေဆီကို ပြန်ရောက်သွားပြန်ပါတယ်။
နောက်တနေ့မှာတော့ ထုံးစံအတိုင်းမနက်ဖက်ထွက်သွားပြီး ညနေပြန်
ရောက်လာမယ်ထင်ပေမဲ့ပြန်ရောက်လာနေကျအချိန်မှာပြန်ရောက်မလာတော့ပါဘူး။
သမီးလေးတော့ ငါတို့ကိုခွဲသွားပြီဆိုတဲ့သောကကကျနော်တို့ကို
အိပ်မရဖြစ်စေခဲ့ပါ တယ်။
နောက်နေ့တွေမှာသမီးက
တရက်ခြားပြန်လာတယ်။ တရက်ခြားသော်ငြား လည်း
သမီးကိုမြင်တွေ့ခွင့်နေရသေးတာကိုပဲ ကျနော်တို့ ကျေနပ်ပျော်ရွှင်နေမိပါ
တယ်။တဖြည်းဖြည်းနဲ့နှစ်ရက်ခြား။ နောက်တော့သုံးရက်ခြားမှ ရောက်ရောက်လာ
တော့တယ်။ဒီလိုနဲ့ခြားတဲရက်တွေများလာရင်းကနေ သမီးလေးကိုလုံးဝမတွေရတော့
ပါဘူး။
ကျနော်တို့သမီးလေးကိုလွမ်းပါတယ်။
သမီးနဲ့ကယုကလင်ပျော်ရွှင်ခဲ့တဲ့ အချိန်တွေဟာကျနော်တို့ဘ၀ရဲ့
အရေးပါတဲ့အချိန်တွေဖြစ်ခဲ့ပါတယ်။ သမီးရဲ့ချော
မွတ်မွတ်ငှက်တောင်မွေးလေးတွေကိုပွတ်သပ်ရင်း သမီးကိုချော့မြူချင်ပါသေးတယ်။
သမီးကတော့ကျနော်တို့ရဲ့အလွမ်းတွေ၊
ကျနော်တို့ရဲ့ဆန္ဒတွေကိုသိနိုင်မှာ
မဟုတ်ပါဘူး။လွတ်လပ်တဲ့မိုးကောင်းကင်မှာ ပျော်ပျော်ရွင်ရွင်ပျံသန်းနေမဲ့
သမီးလေး အကြောင်းကိုတွေးရင်း ပီတိဖြစ်နေတဲ့လူ၃ယောက်ကတော့
သမီးခေတ္တနားခိုခဲ့ဖူးရာ လှောင်အိမ်ကလေးထဲမှာပဲရှိနေပါသေးတယ်။
ပျံသန်းနေတဲ့ခိုကလေးတွေကိုတွေ့တိုင်း သူတို့သမီးလေး ‘ဘူစတာ’ လားလို့
လိုက်ရှာကြည့်နေရင်း သူတို့လည်းသူတို့သမီးလေးလို လိုရာပျံသန်းခွင့်ရနိုင်မယ့်ရက် ကို ဆက်စောင့်နေကြလေရဲ့။
မှတ်ချက်။ ။ သူတို့ ၃ ယောက်စလုံး ပြန်လည်လွတ်မြောက်လာကြပြီး
တစ်ယောက်ကတော့ဖြင့် ဒုတိယအကြိမ် ပြန်လည် အဖမ်းဆီးခံရပြီး အခုချိန်အထိ
အကျဉ်းထောင်ထဲမှာ ရှိနေဆဲပါ။
ဘိုကြည်
No comments:
Post a Comment
mr.kyaingtun@gmail.com