ဟန်လင်းရေးသားသည်။
သြဂုတ် ၂၀၁၂
ကျွန်တော်ဆယ်တန်းအောင်ပြီးစ ဘ၀ကိုအလွယ်တကူဖြင့် ဖြတ်သန်းရင်း အိပ်မက်များနှင့်သာ ပျော်ရွှင်နေခဲ့သော်လည်း တစ်နေ့တွင် ကျွန်တော့်ဘ၀အတွက် အလှည့်အပြောင်းတစ်ခုနှင့် ကြုံတွေ့ခဲ့ရပေသည်။
ထိုအပြောင်းအလဲမှာ ထိုင်းနိုင်ငံ၊ မဲဆောက်ရှိ ဒုက္ခသည်စခန်း တစ်ခုမှာရောက်နေသည့် ကျွန်တော့်အဒေါ်ဖြစ်သူနှင့် အဆက်အသွယ် ရလိုက်ခြင်းဖြစ်သည်။
ကျွန်တော့်အဒေါ်သည် ကျွန်တော်၏ ဦးလေးဝမ်းကွဲ (အမေရိက တွင် နေထိုင်သူ)နှင့်အဆက်အသွယ်ရပြီး ၄င်း၏လမ်းညွှန်မှုဖြင့် ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းမှတစ်ဆင့် အမေရိကသို့သွားရန် ပြင်ဆင်နေသူ ဖြစ် သည်။ ဒေါ်လေးကဆက်သွယ်လာခြင်းမှာ ကျွန်တော့်ကိုလည်း သူ့လိုပင် ဒုက္ခသည်စခန်းမှတစ်ဆင့် အမေရိကကိုသွားဖို့ သူနှင့်အတူလာနေရန် လှမ်းခေါ် ခြင်းဖြစ်သည်။
ထိုနေ့မှစပြီး ကျွန်တော်၏အိပ်မက် များကို အမေရိကဆိုတာချည်းကပဲ စိုးမိုး ထားခဲ့လေသည်။ အဒေါ်ဖြစ်သူ၏ အွန် လိုင်းမှတစ်ဆင့်ပြောပြချက်အရ ထိုင်း နိုင်ငံရှိ ဒုက္ခသည်စခန်းတွင် ခြောက်နှစ် ကြာနေထိုင်ပြီးပါက အမေရိကသို့ အလွယ်တကူ ရောက်ရှိနိုင်မည်ဟု သိရလေရာ ကျွန်တော်သည်လည်း ထိုသို့သွားရန် ဆုံးဖြတ်ချက်ချခဲ့လေသည်။
ထိုအချိန်က ကျွန်တော့်တွင် မှတ်ပုံ တင်မရှိသေးပေ။ ထို့ကြောင့် မှတ်ပုံတင် အမြန်ဆုံးရရှိရန် ကျပ်ငွေ ၇၀,၀၀၀ ဖြင့် ပြုလုပ်ခဲ့ရလေသည်။ မှတ်ပုံတင်လုပ်ပြီး နောက်တစ်ရက်အကြာတွင် ကျွန်တော့် အစ်ကိုဝမ်းကွဲတစ်ဦး၊ ညီမ၀မ်းကွဲတစ်ဦး တို့နှင့်အတူ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်း များသို့သွားရန် မြ၀တီသို့ လိုင်းကားဖြင့် သွားခဲ့ကြသည်။
မြ၀တီမြို့သို့ သွားရာလမ်းတစ် လျှောက် စစ်ဆေးရေးဂိတ်များစွာတို့၏ မေးမြန်းချက်၊ စစ်ဆေးချက်များစွာတို့ကို ကျွန်တော်တို့ ဖြတ်သန်းခဲ့ရသည်။ မြ၀တီ သို့ ညနေစောင်းမှသာ ရောက်ခဲ့ကြပြီး ကျွန်တော်တို့သည် ထိုင်းနိုင်ငံ မဲဆောက် မြို့သို့ ကူးခဲ့ကြသည်။
မဲဆောက်သို့ ရောက်သောအခါ ကျွန်တော့်အဒေါ်အား ဖုန်းဖြင့် အကြောင်း ကြားကာ ကျွန်တော်တို့အား လာရောက် ခေါ်ယူရန် ပြောလိုက်သည်။
အဒေါ်က ဒုက္ခသည်စခန်းများသို့ပို့ဆောင်ပေးသူသုံးဦးအား စေလွှတ်ပြီး ခေါ် ခိုင်းလိုက်သည်။ ၎င်းတို့က ကျွန်တော်တို့ အား ၎င်းတို့နေထိုင်ရာအိမ်သို့ ခေါ်ဆောင် သွားခဲ့သည်။
ယင်းအိမ်တွင် ထိုလူများက အစီ အစဉ်ဆွဲပြီး ကျွန်တော်တို့အား ထပ်မံခေါ် ဆောင်သွားခဲ့သည်။ လမ်းတစ်လျှောက် တွင် ကျွန်တော်သည် ထိုလူများဆိုင်ကယ် မောင်းနေသည်ကို လမ်းပြောင်းပြန်ထင် ပြီး တစ်ချိန်လုံး ကြက်သီးထနေခဲ့သည်။ မြန်မာနိုင်ငံက လမ်းများမှာ ညာမောင်း စနစ်ဖြစ်ပြီး ထိုင်းနိုင်ငံတွင် ဘယ်မောင်း စနစ်ဖြစ်သည်ကို ကျွန်တော် မသိခဲ့ပေ။
ထိုသို့ဆိုင်ကယ်စီးလာရာ သုံးနာရီ ကျော်အကြာတွင် ကျွန်တော်တို့ စက်ရုံ တစ်ရုံသို့ ရောက်သည်။ ထိုစက်ရုံနောက် ကျောရှိ အခန်းတွင် ကျွန်တော်တို့အား ညအိပ်ခိုင်းခဲ့သည်။ နောက်နေ့မနက် လေးနာရီခန့်တွင် ထိုလူများက ကား တစ်စီး၊ ဆိုင်ကယ်တစ်စီးဖြင့် ပြန်ရောက် လာခဲ့ကြပြီး ကျွန်တော်တို့ကို ခရီးဆက်ရ ဦးမည်ဟု ပြောသည်။
ထိုစက်ရုံနောက်မှတစ်ဆင့် ဆိုင် ကယ်တစ်စီးက ကျွန်တော်တို့စီးနင်းလာ သော ကား၏အရှေ့မှ လမ်းပြရှေ့ပြေး အဖြစ် သွားနှင့်သည်။ တစ်နာရီခွဲခန့် ကား စီးပြီးသောအခါတွင် ကျွန်တော်တို့ ရောက် ချင်နေခဲ့သော ဒုက္ခသည်စခန်းကို တောင် ကုန်းပေါ်မှ စတင် မြင်တွေ့ခဲ့ရသည်။
အုန်းပြန့်ဒုက္ခသည်စခန်း
ကျွန်တော်တို့ စီးနင်းလာသော ကားသည် ယင်းဒုက္ခသည်စခန်းသို့ မသွား ရဲပေ။ အကြောင်းမှာ ဒုက္ခသည်စခန်း ပတ်ပတ်လည်တွင် ထိုင်းစစ်သား အစောင့် များ ရှိနေခြင်းကြောင့်ဖြစ်သည်။
ကျွန်တော့်ညီမ၀မ်းကွဲကိုမူ ဆိုင် ကယ်ဖြင့် ဒုက္ခသည်စခန်းထဲအထိ ခေါ် ဆောင်သွားကြသည်။ ထိုစဉ်တွင် ကျွန် တော်တို့နှစ်ယောက်သည် စခန်းထဲသို့ မည်သို့ဝင်ရမည်မသိ ဖြစ်နေသည်။ ဒုက္ခ သည် စခန်းပတ်ပတ်လည်တွင်လည်း ခြံစည်းရိုးများကာထားပြီး ဂိတ်ကြီး၊ ဂိတ် ငယ်များဖြင့် ထိုင်းစစ်သားများ ၀ိုင်းရံ လျက် ရှိလေသည်။
ထိုကဲ့သို့ ယောင်ချာချာဖြစ်နေချိန် တွင် ဘုန်းတော်ကြီးတစ်ပါး စခန်းအတွင်း မှထွက်လာကာ ကျွန်တော်တို့အား မေး မြန်းပြီး စခန်းအတွင်းလမ်းပြကာ ကျွန် တော်တို့အဒေါ်ရှိရာအိမ်သို့ ခေါ်ဆောင် သွားခဲ့သည်။ ယင်းအိမ်သို့ ရောက်ရောက် ချင်း ကျွန်တော်တို့ ခရီးပန်းလာသော ကြောင့် အိပ်ရာထဲသို့သာ ပစ်ဝင်ခွေနေခဲ့ တော့သည်။
ထိုနေ့ညနေတွင် အဒေါ်ဖြစ်သူပြော သော စကားတစ်ခွန်းကြောင့် ကျွန်တော် တို့ အထူးပင် အံ့သြခဲ့ရသည်။
၎င်းစကားမှာ ဧည့်စာရင်းတိုင်ပြီး စာရင်းသွင်းရန်ဖြစ်သည်။ ထို့ကြောင့် ကျွန်တော်တို့ မောင်နှမသုံးယောက်မှာ ရပ်ကွက်မှူးနေအိမ်သို့ ဧည့်စာရင်းတိုင်ပြီး စာရင်းသွင်းရန် သွားခဲ့ရသည်။
ရပ်ကွက်မှူးနှင့် ဧည့်စာရင်းကိစ္စပြီး သောအခါ ၎င်းမှ ဒုက္ခသည်စာရင်းဝင်ရန် တစ်ယောက်လျှင် ထိုင်းဘတ် ငွေ ၃,၀၀၀ ပေးရန် ပြောလေသည်။
ထိုအချိန်တွင် ကျွန်တော့်စိတ်ထဲ၌ အတွေးတစ်မျိုး ၀င်မိသွားသည်။ ပိုက်ဆံ မရှိသော ဒုက္ခသည်တွေ မည်သို့စာရင်း သွင်းကြမည်နည်း။
စခန်းအတွင်းသို့ ရောက်သွားချိန် တွင် ကျွန်တော်တွေးမိခဲ့သော စခန်းအ တွင်းပုံစံနှင့် အားလုံး ကွဲပြားခြားနားနေ တော့သည်။ ရန်ကုန်တွင်နေထိုင်ခဲ့သော အချိန်က ကျွန်တော်တွေးထင်ခဲ့သော ဒုက္ခ သည်စခန်းသည် လူများအား အဆောင် ကြီးတစ်ခုတွင် ထားပြီးလျှင် ထမင်းကို အားလုံးသောသူများအတွက် ချက်ကျွေး သည်ဟု ထင်ခဲ့မိသည်။
အမှန်တကယ်မှာမူ ဒုက္ခသည်စခန်း ဆိုသည်မှာ အကျယ်ချုပ် ထောင်တစ်ခုနှင့် သာ တူလေသည်။ လူများအား နေရာ အကျယ် အ၀န်းတစ်နေရာတွင် ကိုယ်ပိုင် အိမ်များဖြင့်ထားကာ လစဉ်ရိက္ခာများအ ဖြစ် လူတစ်ဦးလျှင် ဆန်၊ ဆီ၊ မီးသွေး၊ ပဲ နှင့် အခြားအသုံးအဆောင်ပစ္စည်းတို့ကို လစဉ်ပေးဝေလျက်ရှိသည်။
အရေးကြီးသော အဆောက်အအုံ ဆောက်ရန် သက်ကယ်၊ ၀ါးနှင့် သစ်တို့ကို တော့ တစ်နှစ်တစ်ခါမှသာ ဖြန့်ဝေလေ့ရှိ သည်။ သို့သော် ၎င်းအရာများနှင့် ရိက္ခာ များသည် ဒုက္ခသည်များအဖို့ လုံ လောက် ခြင်းမရှိချေ။ ထို့ကြောင့် လူအများစုသည် ဒုက္ခသည်စခန်း ပြင်ပသို့ခိုးထွက်ပြီး အလုပ် ကြမ်းများကို ထိုင်းလူမျိုးများထံတွင် လုပ်ခ လစာ အနည်းအကျဉ်းနှင့် လုပ်ကိုင်စား သောက်နေကြရသည်။
ကျွန်တော် လေးနှစ်ကြာနေထိုင်ခဲ့ သော ထိုစခန်းအမည်မှာ အုန်းပြန့်ဒုက္ခ သည်စခန်းဖြစ်ပြီး ထိုင်းနိုင်ငံရှိဒုက္ခသည် စခန်းကိုးခုအနက် ဒုတိယအကြီးဆုံးစခန်း ကြီးဖြစ်သည်။ တက်ခရိုင်၊ ဖုတ်ဖတ်မြို့ တွင်တည်ရှိသော အဆိုပါ ဒုက္ခသည်စခန်း မှာ လူဦးရေ ၄၀,၀၀၀ ၀န်းကျင်ရှိသည်ဟု ဆိုသည်။
ကျွန်တော်တို့၏စခန်းသည် တောင် ကုန်းပေါ်တွင်တည်ရှိသောကြောင့် လေ တဟူးဟူးတိုက်လေ့ရှိသည်။
မနက်စောစောအချိန်များတွင် လူ အများစုမှာ ထမင်းကို သူ့ထက်ငါ အလျင် စလိုချက်ပြုတ်နေကြသောကြောင့် စခန်း အတွင်းရှိ အိမ်တိုင်းလိုလိုမှ ထွက်သော မီးခိုးများကို မြင်ရသည်။ အကြောင်းမှာ မိုးလင်းလျှင် အလုပ်သို့ ထမင်းထုပ်ယူသွား ရန် ပြင်ဆင်နေကြခြင်းကြောင့်ဖြစ်သည်။
ဒုက္ခသည် စခန်းအတွင်းရှိ ယောက်ျား အများစုမှာ စခန်းပြင်ပတွင် လုပ်ကိုင်စား သောက်နေကြရပြီး အမျိုးသမီးအများစု မှာဈေးသည်များအဖြစ်လုပ်ကိုင်ကြရ သည်။ ထို့ကြောင့် နေ့လယ်နေ့ခင်းများ တွင် ဈေးသည်မများ၏ အပြိုင်အဆိုင် ရောင်းချနေသောအသံများကိုပါ ကြားနိုင် ပေသည်။
ညနေခင်းတွင် အလုပ်မှပြန်လာ သော ယောက်ျားသားများ၊ ဈေးရောင်း ပြန်လာသော မိန်းမများနှင့် ကျောင်းမှပြန် လာသော ကလေးငယ်များဖြင့် မိသားစု စုံစုံလင်လင် ညနေစာ စားသောက်နေ ကြသည်ကိုလည်း မြင်နိုင်သည်။
သို့နှင့် နေ၀င်ပြီးမိုးချုပ်ကာ ည ဘက်တွင်မူ အသံများ တိတ်ဆိတ်နေ သည်။ လမ်းမီးများလည်း မရှိပေ။ သို့သော် လည်း ပိုက်ဆံရှိသောလူအချို့မှ မီးစက် များမောင်းကာ အခြားသောအိမ်များကို အခကြေးငွေဖြင့် ညနေ ၆ နာရီမှ ည ၉ နာရီထိ ဖြန့်ဝေသောကြောင့် အလင်း ရောင်အနည်းငယ်ကို မြင်တွေ့နိုင်ပေ သည်။ အခကြေးငွေအဖြစ် မီးချောင်းတစ် ချောင်းလျှင် လစဉ် ဘတ် ၉၀ (၃,၀၀၀ ကျပ်ဝန်းကျင်)နှင့် တီဗီနှင့် အောက်စက် အတွက် တစ်လ ဘတ် ၄၀၀ (၁၂,၀၀၀ ကျပ်ခန့်) ပေးရသည်။
သို့သော်လည်း ဆင်းရဲသောမိသား စု အချို့မှာမူ မီးမယူနိုင်ကြဘဲ ဖယောင်း တိုင်ကိုသာ သုံးစွဲနေကြရသည်။ စခန်းသူ စခန်းသားများအားလုံးတို့သည် ည ၉ နာ ရီထက်ကျော်လွန်ပါက ရပ်ကွက်တစ်ခုမှ တစ်ခုသို့မသွားရန် စခန်းဥပဒေရှိသော ကြောင့် လူအများစုမှာ မိမိတို့နေအိမ်များ တွင်သာ နေထိုင်ကြပြီး လမ်းမပေါ်တွင် ခွေးများနှင့် ရပ်ကွက်အတွင်းရှိ ရပ်ကွက် လုံခြုံရေးများသာလျှင်ရှိပေသည်။ ညဥ့်နက် ပိုင်းတွင် စခန်းတစ်ခုလုံးသည် မှောင်မည်း ပြီး ကြောက်စရာ အလွန်ကောင်းလှသည်။
ကျွန်တော်မကြာခဏ ကြားရတတ် သည့် သတင်းတစ်ခုရှိသည်။ ယင်းမှာ ထိုင်း လူမျိုးများမှ မြန်မာများအပေါ် မတရားပြု ကျင့် အနိုင်ယူခြင်းများဖြစ်သည်။ ဒုက္ခ ပေါင်းစုံရောက်နေသည့်ကြားထဲမှ မြန်မာ အချင်းချင်း လှည့်ပတ်ခြင်းများလည်း ရှိ ပေသည်။
ဥပမာ- ငွေတိုးထုတ်ချေးသူများ ငွေတိုးမပေးနိုင်သောကြောင့် ရရာရိက္ခာ များကို မတရားသိမ်းယူခြင်းများလည်း အမြဲ မပြတ် ဖြစ်နေသော အကြောင်းအရာများ ပင်ဖြစ်သည်။
ထိုသို့သော အခြင်းအရာများကို နေ့ စဉ်နှင့်အမျှ မြင်တွေ့လာခဲ့ရသော ကျွန်တော့် အဖို့ တတိယနိုင်ငံသို့ သွားရောက်ခွင့်ရရေး အတွက် သည်မှာလာနေနေရသည့်ဘ၀ကို စိတ်ပျက်လာသည်။ ကျွန်တော့်အဒေါ် ပြောသလောက် မလွယ်မှန်းလည်း ကျယ် ကျယ်ပြန့်ပြန့် နားလည်သဘောပေါက် လာခဲ့သည်။
အဘယ်ကြောင့်ဆိုသော်ကျွန်တော် သည် တရားဝင်ဒုက္ခသည်စာရင်းမ၀င် သေးချေ။ ထိုသို့စာရင်းဝင်နိုင်ရန် ရပ်ကွက် မှူးလည်း မကူညီနိုင်ပေ။
ဒုက္ခကိုအရောင်ဆိုးထားတယ်
ထိုလူများထဲမှအများစုမှာ တတိယ နိုင်ငံသို့သွားရန် ကြိုးပမ်းနေသူများသာ ဖြစ်ကြခြင်းကြောင့် ကျွန်တော်အလှည့် မည်သည့်အခါမှ ကျရောက်မည်ကိုသာ တွေးနေမိတော့သည်။
ကျွန်တော်နေသော ဒုက္ခသည်စခန်း တွင် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုး ပေါင်းစုံနှင့်အတူ တရုတ်နှင့် အိန္ဒိယနွယ်ဖွား အချို့ကိုလည်းတွေ့ခဲ့သည်။ ကရင်ဒုက္ခသည် များကတော့ လူဦးရေ အများဆုံးဖြစ်သည်။
ထိုသူများထဲမှ တချို့သောသူများ သည် အမှန်တကယ် ဒုက္ခသည်များမဟုတ် ကြဘဲ ကျွန်တော့်လိုပင် တတိယနိုင်ငံသို့ သွားရောက်အခြေချရန်ဟူသောအိပ်မက်များဖြင့် လာရောက်နေထိုင်သူ အများ အပြားပါဝင်သည်။
စစ်ပြေးဒုက္ခသည်နှင့် နိုင်ငံရေးဒုက္ခ သည် အချို့တော့ရှိသည်။ သို့သော် သူတို့ ကလူနည်းစုသာဖြစ်သည်။ ကျွန်တော့်ကိုယ် တွေ့အရ များစွာသော တောင်ပေါ်ကရင်များ သည် အမှန်အကန် ဒုက္ခသည်များဖြစ်ပေ လိမ့်မည်။ တောင်ပေါ် ကရင်ဒုက္ခသည်များ သည် ၎င်းတို့၏နေအိမ်များ၊ သူတို့၏မိသားစုဝင်များအား စစ်ပွဲများအတွင်း ဆုံးရှုံးခဲ့ရသောကြောင့် ဒုက္ခသည်စခန်း အတွင်း အကူအညီတောင်းခံကာ နေထိုင် လုပ်ကိုင်စား သောက်နေရသည်။
ယင်းကဲ့သို့ အမှန်တကယ်ဒုက္ခ ရောက်နေသူများသည် အလုပ်ကြမ်း အ မျိုးမျိုးကို လုပ်ကိုင်စားသောက်ကြရသူ များဖြစ်သည်။ တတိယနိုင်ငံသို့သွားရောက် ရန် လာရောက် နေထိုင်ကြသူများမှာမူ ပြည်တွင်းပြည်ပရှိ ဆွေမျိုးမိဘ အသိုင်း အ၀ိုင်းများထံမှ ငွေကြေးများမှာယူကာသုံးနိုင်ဖြုန်းနိုင်ကြသဖြင့် စခန်းအတွင်းတွင် လူတွင်ကျယ်များအဖြစ် နေထိုင်နိုင်ကြသည်။
အမှန်အကန်ဒုက္ခသည်အများစုမှာ တတိယနိုင်ငံသို့ ရောက်ရှိရန် ခက်ခဲကြပြီး ရောက်ရှိသော်လည်း အလုပ်ကြမ်းများ ကိုသာ အများဆုံးလုပ်ကိုင်စားသောက် ကြရသည်ဟု ကျွန်တော်သိထားသည်။
စခန်းအတွင်းရှိ များစွာသောအ ခက်အခဲများကိုမသိရှိဘဲ တတိယနိုင်ငံသို့ အလွယ်တကူသွားလို့ရသည်အထင်ဖြင့် ပိုင်ဆိုင်ရာ အိမ်၊ ခြံ၊ မြေတို့ကိုရောင်းချပြီး ဒုက္ခသည်စခန်းသို့ ရောက်ရှိလာသူများ ကိုလည်း ကျွန်တော် သိမြင်ထိတွေ့ဆက်ဆံ ခဲ့ရသည်။
ထို့အပြင် တတိယနိုင်ငံများသို့သွား ရောက်ရန် အင်တာဗျူးများ၊ ဆေးစစ်မှု များ ပြုလုပ်ရသည်။ အားလုံးအောင်မြင် ပြီးလျှင် လေယာဉ်စီးသင်တန်းကို တက် ရောက်ရသေးသည်။ ပြီးမှ တတိယနိုင်ငံ ကို ရောက်ရှိနိုင်မည်ဖြစ်သည်။ သို့သော် လည်း ထိုအင်တာဗျူးအပြီးတွင် ငြင်းပယ် ခံရခြင်းများနှင့် ရပ်ဆိုင်းထားခြင်းတို့ကို လည်း ရံဖန်ရံခါ ကြုံတွေ့ရတတ်သည်။
ထိုသို့ကြုံတွေ့ရသူ အများစုမှာ လိမ် လည်ပြီးဇာတ်လမ်းထွင်ကာ နိုင်ငံရေးနှင့် ပတ်သက်အောင် လုပ်ကြံဖန်တီးသူများ နှင့် လက်နက်ကိုင်အဖွဲ့များနှင့် ပတ်သက် သူများဖြစ်သည်။
ထို့ကြောင့် စခန်းအတွင်း အဆင် ပြေစွာလုပ်ကိုင်စားသောက်နိုင်သော လူ တချို့သည် နိုင်ငံခြားသို့မထွက်တော့ဘဲ စခန်းအတွင်းမှာပင် ဆက်လက်လုပ်ကိုင် စားသောက်ကြသည်။ စခန်းအတွင်း အ ဆင်ပြေစွာ လုပ်ကိုင်စားသောက်နိုင်သူ အချို့ဆိုသည်မှာ ဒုက္ခသည်စခန်းပတ်လည် ၌အစောင့်ကျနေသည့် ထိုင်းစစ်တပ်မှ လူ ကြီးပိုင်းနှင့် အဆင်ပြေစွာ ဆက်ဆံနိုင်သူ များသာ ဖြစ်ပေသည်။
ထိုကဲ့သို့လူများသည် စခန်းအတွင်း တွင် ဆိုင်ခန်းများဖွင့်လှစ်ပြီး ၄င်းတို့စိတ် ကြိုက် မှောင်ခိုအလုပ်များကိုပါ လုပ်စားနိုင် သည့်အပြင် မိမိတို့ရရှိရာ ရိက္ခာများကို သွားရောက်ထုတ်ယူပြီး ယင်းရိက္ခာများ ကိုရောင်းကာ အကောင်းစားဆန်များကို ၀ယ်ယူ စားသောက်ကြပေသည်။ ထိုမျှမ က ၎င်းတို့၏အိမ်များကို သွပ်မိုးခြင်းများ၊ အုတ်နံရံများကိုလည်း ပြုလုပ်နိုင်ကြ လေသည်။
အမှန်မှာ စခန်းအတွင်းတွင် ဒုက္ခ သည်စခန်းကို ကြီးကြပ်သည့် အဖွဲ့အစည်း အဆောက်အအုံမှလွဲ၍ မည်သည့်အိမ်မှ သွပ်မိုးခွင့်၊ အုတ်နံရံဆောက်ခွင့် မရှိပေ။ စခန်းရှိဥပဒေများသည် ထိုသို့သော အခွင့် ထူးခံလူများ လိုက်နာရန်အတွက် လုံးဝ မဟုတ်ပေ။
ရပ်ကွက်အရာရှိများနှင့် စခန်းအရာရှိ အများအပြားသည် အတော်ပင် အဂတိ လိုက်စားမှုများရှိကြောင်း မကြာခဏဆို သလို ကြားသိနေရသည်။ စခန်းအတွင်း အုပ်ချုပ်ရေးတာဝန်ရှိ မြန်မာနိုင်ငံသား လူကြီးများ၏လစာသည် ဘတ် ၂,၀၀၀ (မြန်မာငွေ ၆၀,၀၀၀ ကျပ်)ထက် မည်သူမှ ပိုပြီးမရကြချေ။
သို့သော် ထိုလူကြီးတို့၏အိမ်များမှာ တိုက်များဖြစ်ကြပြီး ကိုယ်ပိုင်ဆိုင်ကယ် များဖြင့် စခန်းအတွင်း သွားလာနေ ထိုင်နိုင်ကြသည်။ ကျွန်တော်နေထိုင်ရာ ရပ်ကွက်မှ ရပ်ကွက်မှူးသည်ပင် သူ့အိမ်ကို သွပ်မိုးထားသည်။
ရပ်ကွက်မှူးများသည် ဒုက္ခသည် လူသစ်စာရင်းသွင်းရာတွင် အခကြေးငွေ တောင်းခွင့်မရှိပေ။ သို့သော် လူကိုကြည့် ပြီး သူတို့ ကောက်ခံကြသည်။ တချို့သော ရပ်ကွက်မှူးများသည် ရပ်ကွက်သူ၊ ရပ် ကွက်သားများ၏ရိက္ခာကိုပါ ဖြတ်တောက် ခြင်းများ လုပ်ဆောင်ကြသည်။
ဥပမာအားဖြင့် စခန်းအတွင်းရှိ လူ အများစုမှာ အပြင်ထွက်ကာ အလုပ်ကြမ်း များကိုသာ လုပ်ကိုင်စားသောက်နေကြ ရသောကြောင့် စခန်းအတွင်းတွင် အမြဲ မနေထိုင်နိုင်ကြချေ။ ယင်းအချက်သည် စခန်းအတွင်းရှိရပ်ကွက်မှူးများအတွက် အခွင့်ကောင်းပင် ဖြစ်ပေသည်။
အကြောင်းမှာ စခန်းအတွင်းတွင် တစ်လလျှင်တစ်ကြိမ် ရိက္ခာရရန်အတွက် လူအစစ်ခံသွားရသည်။ ထိုကဲ့သို့သွား ရောက် မစစ်ဆေးနိုင်သူများမှာ ရိက္ခာ ဖြတ်ခံရသည်။ ထို့ကြောင့် ၎င်းရိက္ခာများ ကို မည်သူယူနေကြသည်ကို စဉ်းစားစရာ ဖြစ်လာတော့သည်။ ရပ်ကွက်မှူးများ ရောင်းစားနေသည်ကို လူအများအပြား သိသော်လည်း မပြောရဲဘဲ သည်းခံနေ ကြရသည်။
ဒုက္ခသည်ဟောင်း နေရာကောင်း
စခန်းအတွင်း၌ ဒုက္ခသည်နှစ်မျိုး နှစ်စားရှိပေသည်။ တစ်မျိုးမှာ ကုလသ မဂ္ဂ ဒုက္ခသည်နံပါတ်ရှိသောလူဟောင်းနှင့် နံပါတ်မရရှိသေးသော လူသစ်ဟူ၍ ဖြစ် သည်။ ထိုလူများထဲမှ လူဟောင်းများမှာ တတိယနိုင်ငံသို့ သွားရောက်ရန် လျှောက် ထားနိုင်ကြပြီး လူသစ်များမှာမူ နံပါတ်ရရှိ ရေး မျှော်ကိုးပြီးနေကြရသည်။ ယင်းကတ် ရရှိရန်မှာ များစွာခဲယဉ်းသည်။
တရားဝင်ဒုက္ခသည်ဖြစ်ဖို့ ကုလ သမဂ္ဂအဖွဲ့အစည်းမှ တရားဝင်ဓာတ်ပုံရိုက် ပေးဖို့လိုသည်။ ထို့နောက် သုံးလမှ ခြောက်လအတွင်း တရားဝင်အထောက် အထား စာရွက်စာတမ်းများတင်ပြနိုင်မှ မိမိကိုယ်ပိုင်ဒုက္ခသည်နံပါတ်ကိုရရှိလိမ့်မည်။ သို့မှသာ တရားဝင်ဒုက္ခသည်အဖြစ် အသိ အမှတ်ပြုကာ တတိယနိုင်ငံသို့ သွား ရောက်ရန် လျှောက်ထားနိုင်သည်။
ကုလသမဂ္ဂမှ ဓာတ်ပုံလာရိုက်မည် အထင်နှင့် စောင့်နေသောသူများမှာ စခန်း ရှိ လူဦးရေတစ်ဝက်လောက်ပင် ရှိသည်။ ကျွန်တော်သိရသလောက် ၂၀၀၅ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ စခန်းသို့လာပြီး ဓာတ်ပုံ ရိုက်ခြင်း မရှိသေးချေ။ ထို့ပြင် ကုလသမဂ္ဂ နှင့် အင်အားကြီးနိုင်ငံကြီးများက ရွေး ကောက်ပွဲအပြီး မြန်မာနိုင်ငံတွင်း ဖြစ်ပေါ် နေသော အပြောင်းအလဲများကို စောင့် ကြည့်နေကြသည်။
ကျွန်တော်လည်း ဒုက္ခသည်စခန်း တွင် နေထိုင်ဖူးသော လူသစ်ဒုက္ခသည် တစ်ယောက်ဖြစ်သောကြောင့် လူသစ်များ သည် တတိယနိုင်ငံသွားရောက်ရန် မည်မျှ လောက် စိတ်အားထက်သန်နေကြသည် ကို ကျွန်တော့် ကိုယ်တွေ့ပင်ဖြစ်သည်။
စခန်းအတွင်းရှိလူသစ်များသည် တတိယနိုင်ငံသို့ သွားရောက်ရန် နည်းအမျိုးမျိုးဖြင့်ကြိုးစားကြသည်။ နောက်ဆုံး နည်းမှာ ကုလသမဂ္ဂနံပါတ်ရှိသော လူ ဟောင်းများကိုရှာဖွေပြီး လက်ထပ်ကြ ခြင်း ဖြစ်သည်။ ယင်းမှာ အလွန်ပင် ခေတ် စားလှသည်။
အကြောင်းမှာ လူဟောင်းများ တတိယနိုင်ငံသို့ ထွက်ခွာသွားပြီးပါက ၎င်းတို့၏ ဇနီး၊ ခင်ပွန်း၊ ကလေးများကို အလွယ်တကူ ခေါ်ယူနိုင်ကြမည် (သို့မ ဟုတ်) ၎င်းတို့အား ငွေကြေးပြန်လည် ထောက်ပံ့နိုင်လိမ့်မည်ဟု ထင်မိသော ကြောင့်ဖြစ်သည်။
ထို့ကြောင့် မည်မျှလောက် ရုပ်ဆိုး နေပါစေ၊ လူဟောင်းတစ်ယောက်အတွက် မူ ရုပ်ချောချောဇနီးသော်လည်းကောင်း၊ ခင်ပွန်းသော်လည်းကောင်းရရှိရန် အလွန် ပင်လွယ်ကူပေသည်။
တချို့လူဟောင်းများမှာ အလွန်ပင် ရိုးလှသည်။ သူတို့သည် တတိယနိုင်ငံ သို့သွားရောက်ရန် အင်မတန်ကြောက်ရွံ့ ကြသည်။ အလွန်ရိုးသော ထိုလူဟောင်း တချို့သည် လူသစ်များ၏စကားကို နား ယောင်ပြီး နိုင်ငံခြားသို့သွားရန် တင်ပြပြီး သည့်အခါမှ သွားရမည်ကို စိုးရိမ်ပြီး တောင်ယာများသို့ပုန်းရှောင်နေခြင်း၊ မဲ ဆောက်သို့ အင်တာဗျူးသွားဖြေရာတွင် ကားပေါ်မှ ခုန်ဆင်းနေခဲ့ခြင်းများလည်း ရှိ တတ်ကြသည်။
သူတို့၏အိပ်မက်သည်ကား ကိုယ့် ရပ်ကိုယ့်ပြည်သို့ပြန်ပြီး လုပ်ကိုင်စား သောက်ရန်သာဖြစ်သည်။
ကျွန်တော်တို့ဒုက္ခသည်စခန်းသည် ကျန်းမာရေးအတွက်လည်း ရတက်မအေး စရာနေရာတစ်ခုဖြစ်ပေသည်။
စခန်းအတွင်း ဆေးပေးခန်းမရှိ၍ လားဟု မေးစရာမေးခွန်း တစ်ခုရှိလာသည်။ ကျွန်တော်တို့ဒုက္ခသည်စခန်း၌ အဓိကဆေး ခန်း နှစ်ခုရှိသော်လည်း ဆေးဘက်ဆိုင်ရာ တတ်ကျွမ်းသူမှာ အနည်းငယ်မျှသာရှိပြီး ဆေးဝါးမှာလည်း လုံလောက်မှုမရှိပေ။ စခန်း အတွင်းရှိ ဆေးခန်းများက ဖောဖောသီသီ ပေးနိုင်သောဆေးမှာ ပါရာစီတမောသာ ဖြစ်သည်။
ထို့ကြောင့် အရေးပေါ်ဖြစ်လာပါက မဲဆောက်မြို့သို့ ကားနှင့်သွားပြီး ကုသမှုခံ ယူရသည်။ ဆေးကုသမှုစရိတ်နှင့် သယ် ယူပို့ဆောင်ရေး အခကြေးငွေပေးရန်တော့ မလိုပေ။
တကယ်တော့ ဒုက္ခသည်အစစ်အမှန် မဟုတ်ဘဲ တတိယနိုင်ငံသို့ သွားချင်ကြ သော ကျွန်တော့်လို လူငယ်များအတွက် ဒုက္ခသည်စခန်းမှာနေကြရသောအချိန် များမှာ စိတ်လေလွင့်ဖို့အတော် ကောင်း သည်။ စခန်းအတွင်းတွင် ငွေရှိပါက လိုချင် သည့် မူးယစ်စေသည့် အရာမှန်သမျှကို အများအပြား အလွယ်တကူ ၀ယ်ယူရရှိ နေခြင်းကလည်း စိတ်လေလွင့်နေသော လူငယ်များကို ပျက်စီးခြင်းသို့ ရောက်စေ ပါသည်။
ထိုစခန်းတွင် လူငယ်အချင်းချင်း ခိုက်ရန်ဖြစ်ပွားခြင်းများ၊ လူများစုလူမျိုး များက လူနည်းစုလူမျိုးများကို အနိုင်ကျင့် ကြခြင်းများ စသည့်စရိုက်အဖုံဖုံကို မျက် မြင်တွေ့ခဲ့ရသည်။
ယင်းနေ့ရက်များတွင် ကျွန်တော် သည်လည်း အလုပ်မရှိဘဲ စိတ်လေနေပြီး တတိယနိုင်ငံကိုပင် စိတ်ကူးထဲတွင် မေ့ ပျောက်နေကာ ရှေ့ရေးတွေးမိတိုင်း စိတ် ဓာတ်ကျနေခဲ့မိသည်။
အဘယ့်ကြောင့်ဆိုသော် ကျွန် တော်၏ ဘ၀တွင် ဒုက္ခသည် စခန်းလောက် စိတ်ဓာတ်ကျစေရာနေရာ တစ်ခါမှ မတွေ့ ဖူးသေးချေ။
စခန်းအတွင်း လေးနှစ်ကြာအချိန် ဖြုန်းခဲ့သော ကျွန်တော်သည် စခန်း အတွင်းရှိနီးစပ်ရာလူငယ်အများအပြားကဲ့သို့ ကျွန်တော်သည်လည်း စိတ်လေလွင့် နေသည်ကို သတိထားမိသော ကျွန်တော့် အဒေါ်က ကျွန်တော့်အား ကျောင်းတက်ဖို့ နည်းလမ်းရှာရန် ဖိအားပေးလာသည်။
ကံကောင်းထောက်မစွာ ကျွန်တော် သည် ကော်လာဂျူနီယာ (Kaw Lah Junior) ကောလိပ်ဝင်ခွင့်စာမေးပွဲကို အောင်မြင်ခဲ့ပြီး ကျောင်းတက်ဖြစ်လာ တော့သည်။ ယင်းအခွင့်အရေးကို အမိ အရယူကာ ကျွန်တော်သည် ဒုက္ခသည် စခန်းကို စွန့်ခွာလာခဲ့သည်။
သို့သော်လည်း ကျွန်တော်သည် ဒုက္ခ သည်စခန်းနှင့် အဆက်မပြတ်ခဲ့ဘဲ မကြာ ခဏ သွားရောက်လည်ပတ်ဖြစ်သည်။ တစ်ခေါက်ရောက်ရှိတိုင်း ဒုက္ခသည်စခန်း အကြောင်း မသိသေးသော လူသစ်များ နည်းနည်းလာသည်ကိုတော့ ကျွန်တော် သတိထားမိလာခဲ့သည်။
အကြောင်းမှာ မြန်မာနိုင်ငံ၌ ၂၀၁၀ ရွေးကောက်ပွဲအပြီးတွင် ဒုက္ခသည်လူသစ် များသည် ၄င်းတို့၏ရည်မှန်းချက်များ ဖြစ် လာနိုင်ခြေမရှိတော့သည့် အနေအထားသို့ ရောက်ရှိသွားသောကြောင့် တခြားသော နည်းလမ်း များရှာဖွေကာ နေရာအမျိုးမျိုးသို့ ထွက်ခွာ သွားကြသောကြောင့် ဖြစ်သည်။
တချို့မှာ ဘန်ကောက်သို့ အလုပ် လုပ်ကိုင်ရန်သွားကြပြီး တချို့ မှာ မလေးရှား သို့သွားကြကာ မလေးရှားတွင် ကုလ သမဂ္ဂ အသိအမှတ်ပြု ဒုက္ခသည်အဖြစ် ခံယူရန် ကြိုးစားကြပြန်သည်။
ဒုက္ခသည်စခန်းက ဖြစ်အင်တွေကို စိတ်ကုန်ပြီး အမိနိုင်ငံပြန်ကာ လုပ်ကိုင် စားသောက်နေသူများလည်း ရှိပေသည်။ စခန်းတွင်ဆက်လက် ကျန်ရှိနေ သော ဒုက္ခသည်အစစ်အမှန် မဟုတ်သည့် အတုအယောင်အချို့အတွက်ကား မြန်မာ ပြည် ပြောင်းလဲနေခြင်းသည် သူတို့အ တွက် ကောင်းချင်မှကောင်းပါ လိမ့်မည်။
နောက်ပိုင်းမှာ ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် မြန်မာအစိုးရတို့ ငြိမ်းချမ်းရေးလက်မှတ် ရေးထိုးလိုက်ပြီး သည့် နောက်တွင်တော့ ဒုက္ခသည်အတု အယောင်များအဖွဲ့ ပိုပြီး မျှော်လင့်ချက် ကုန်ဆုံးစေခဲ့သည်။
ကျွန်တော်သိရသလောက် ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်တွင် ပြည် တွင်းစစ်ပွဲများ လျော့နည်းလာသောကြောင့် ကုလသမဂ္ဂမှလည်း ဒုက္ခသည်များကို မိမိတို့ ၏နေရပ်များကို ပြန်စေချင်နေပြီဟု ဆိုသည်။
ထို့ကြောင့် ပြည်ပရှိဒုက္ခသည်များ၏အရေးသည် ပြည်တွင်း ရှိအစိုးရအပေါ်တွင် သာမူတည်နေပြီး ယခု အရပ်သားအစိုးရ တက်ပြီးသောအချိန်မှစပြီး ဒုက္ခသည်စခန်း တွင် လူအများအပြား လျော့နည်းလာ သည်။ နောင်တွင် ဒုက္ခသည်စခန်းကြီး များမှာ လူမရှိတော့ဘဲ သရဲများပင် ခြောက်နေမည်လား မပြောတတ်ပါ။ ။
No comments:
Post a Comment
mr.kyaingtun@gmail.com