Monday, September 24, 2012

မြန်မာပြည်နှင့်ခွဲထွက်ခွင့်ကိစ္စ by Socretes Athensian on Saturday, July 16, 2011 at 10:26am · Friday, November 9, 2007





ဖက်ဒရေးရှင်းဟူသည် (federation) လက်တင်ဘာသာစကား(foedus)မှ ဆင်းသက်လာပြီး သဘော တူညီမှု ပဋိညာဉ်(သို့) သဘောတူညီမှု စာချုပ်ဟု အဓိပ္ပါယ်ရသည်။ တချို့ကတော့ ဖက်ဒရယ်ဟု ပြောလိုက် သည်နှင့် ခွဲထွက်ခွင့်နှင့် ယှဉ်တွဲပြေးမြင်မိကြသလို ခွဲထွက်ခွင့်မပါဘဲနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက် ၍ မရပါဟုဆိုကြသည်။ အမေရိကန် နိုင်ငံသား (David William) ကမူ ခွဲထွက်ခွင့်မပါဘဲနှင့် ဖက်ဒရယ် ပြည်ထောင်စုစစ်စစ် တည်ဆောက်၍ရပါသည်ဟု အခိုင်အမာပြောဆိုခဲ့သည်။ တဆက်တည်းမှာပင် “တူညီတဲ့ အကျိုးစီးပွားတွေကို ဘယ်လိုပေါင်းစပ်မလဲဆိုတာ ဖက်ဒရယ်ရဲ့ အနှစ်သာရဖြစ်ပြီး ခွဲထွက်ခွင့်မပါရှိပါက ဖက်ဒရယ်ဖွဲ့စည်းမှုမှာ အဓိပ္ပါယ်မဲ့ဖြစ်သည်ဆိုခြင်းမှာ မှားယွင်းပါသည်။ ဖက်ဒရေးရှင်းဟူသော သတ်မှတ်ချက် ဘောင်အတွင်းမှ ခွဲထွက် ခြင်းသည် တရားဝင်မှုမရှိပါ”ဟု ပြောခဲ့သည်။
ခွဲထွက်ခွင့်မှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၏ အမြင့်ဆုံးလုပ်ပိုင်ခွင့်ဖြစ်သည်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ပတ်သက် ပြီး လေ့လာသူအားလုံးက ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အစမှာ ဥရောပအင်ပါယာနိုင်ငံကြီးများ လက်ထက်ကစခဲ့သည် ဟု လက်ခံကြသည်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အရှိန်ကောင်းလာသောကာလ ပထမကမ္ဘာစစ်အပြီး အမေရိကန် သမ္မတ ၀ီ(လ်)ဆင် အဆိုပြုသော ကိုလိုနီနိုင်ငံများအား လွတ်လပ်ရေးမပေးမီ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပေးရန် တင်ပြခဲ့သည်။ ခွဲထွက်ခွင့်နှင့်ပတ်သက်ပြီး တချို့ကကောင်းသည့်ဘက်က ပြောကြသလို တချို့ကလည်း ဆိုးသည့်ဘက်ကပြောကြပြီး ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး ကိုဖီအာနန်ကမူု ခွဲထွက်ခွင့်နှင့်ပတ်သက် ပြီး မထည့်ရင် ကမ္ဘာကြီးအတွက် အေးချမ်းတယ်ဟု ပြောခဲ့သည်။
လူမျိုးစုတချို့ကတော့ ပါးအနေဖြင့်မသုံးပါ။ ဒိုင်းအနေဖြင့် သုံးရန်အတွက်တော့ ခွဲထွက်ခွင့်ကို ထည့်သင့်သည်ဟု ဆိုကြသည်။ ခွဲထွက်ခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့၏ ကွာခြားချက်မှာ ခွဲထွက်ခွင့်၌ သီးခြား လုံးဝလွတ်လပ်ခြင်းရဲ့ အစုအဝေးဖြစ်ပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၌ အတူတကွ နေထိုင်ကြပြီး ပြဋ္ဌာန်းခွင့်နှင့် အုပ်ချုပ်မှုကောင်းတို့ဖြစ်သည်။
တကယ့်ဖက်ဒရယ်စစ်စစ်နှင့် အာဏာခွဲဝေအုပ်ချုပ်ကြပါက ခွဲထွက်ခွင့်ထည်ရန်မလိုဘဲ ပြည်ထောင်စု အစိုးရနှင့် ပြည်နယ်အစိုးရကြား တည်ဆောက်မည့် ယုံကြည်မှုကသာ အရေးကြီးပါသည်။ ဖက်ဒရယ်ကို အဓိကဖော်ဆောင်ရာ၌ အဓိကအရေးကြီးဆုံးမှာ အဖွဲ့ဝင်ပြည်နယ်အချင်းချင်း ပူးပေါင်း ဆောင်ရွက်ရာတွင် မည်သည့်ပြည်နယ်တခုခုကမှ လွှမ်းမိုးမှုမရှိသည့် သဘောကိုဆောင်သည်။
တနည်းဆိုရသော် ဖက်ဒရယ်ဆိုသည်မှာ မတူကွဲပြားသည့် ပြည်နယ်များ၊ လူမျိုးများ၊ အုပ်စုများ စုစည်းရာတွင် အာဏာကို ခွဲဝေကျင့်သုံးသည့် သဘောတရားတရပ်လည်းဖြစ်သည်။ ဖက်ဒရယ်၏ အဓိက ကျသော အခြေခံမှုမှာ စေ့စပ်ညှိနှိုင်းမှုဖြစ်ပြီး အလွန်အရေးကြီးပါသည်။ စေ့စပ်ဆွေးနွေးပြီး တူညီမှုများကို တူညီသလို အကောင်အထည်ဖော် ဆောင်ရွက်ဖို့လိုသလို မတူညီမှုများကို တူညီမှုရအောင် လုပ်နိုင်ဖို့ လိုသည်။
စေ့စပ်ညှိနှိုင်းမှတဆင့် ဥပဒေ မပြဋ္ဌာန်းခင် ညီညွတ်မှုကို အရင်ပြဋ္ဌာန်းသင့်သည်။ ၄င်းစေ့စပ် ညှိနှိုင်းမှုအပေါ် အခြေပြု၍
(က)ရေးသားထားသော အခြေခံဥပဒေရှိခြင်း၊
(ခ)အခွင့်အာဏာများကို ဗဟိုဦးစီးထိန်းချုပ်မှုမရှိခြင်း၊
(ဂ)နယ်မြေဒေသအလိုက် အာဏာခွဲဝေအုပ်ချုပ်ခြင်း တည်းဟူသော အနိမ့်ဆုံးစံသတ်မှတ်ချက် (၃) ခုဖြင့် ဖက်ဒရယ်စနစ်ကို ကျင့်သုံးကြပါသည်။
မည်သည့်အတွက်ကြောင့် ဖက်ဒရယ်ကျင့်သုံးကြသနည်းဟုဆိုလျှင်
(က) မတူကွဲပြားသော ယဉ်ကျေးမှုများကို ဖော်ထုတ်ရန်၊
(ခ)အခွင့်အရေးများ တန်းတူရန်၊
(ဂ)လူမျိုးကြီးဝါဒနှင့် ကြီးနိုင်ငယ်ညှင်းဝါဒကို ကာကွယ်နိုင်ရန်အတွက်နှင့်
(ဃ)ဒေသ၏ လိုအပ်ချက်ဖြစ်ပျက်မှုကိစ္စများကို ပြည်ထောင်စုအစိုးရထက် ဒေသဆိုင်ရာအစိုးရက ပိုမိုသိရှိပြီး လူထုလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် ကျင့်သုံးကြသည်။
ဖက်ဒရယ်စနစ် ကျင့်သုံးရာတွင် အရေးကြီးသောအချက် (၃)ချက်ရှိပါသည်။


(က)လွတ်လပ်မှု၊
(ခ)ပူးပေါင်းဆောင်ရွက်မှု၊
(ဂ)ကောင်းမွန်သည့်အုပ်ချုပ်ရေးတို့ဖြစ်သည်။
မြန်မာပြည် လူမျိုးစုပြဿနာ၏ အတိတ်ရင်းမြစ်ကိုကြည့်လျှင် ပြည်နယ်များ ပြည်ထောင်စုမှ ခွဲထွက် ခွင့်ဆိုသည့် ခွဲထွက်ရေးပြဿနာကို အကြီးအကျယ်ဆုံး ပြဿနာအဖြစ်တွေ့ရသည်။ ခွဲထွက်ခွင့် ပြဿနာ အစကို လေ့လာကြည့်လျှင် ပထမပင်လုံညီလာခံမှ စတင်ခဲ့သည်ကို တွေ့ရှိရသည်။
ပထမပင်လုံညီလာခံကို ၁၉၄၆-ခု မတ်လ(၁)ရက်နေ့မှ မတ်လ(၁၂)ရက်နေ့ထိ ကျင်းပခဲ့ပြီး ယင်းညီလာခံတွင် ဂဠုန်ဦးစောက “တောင်တန်းဒေသများသည် မြန်မာပြည်မနှင့် တပြိုင်တည်း လွတ်လပ် ရေးရယူကြပြီး လွတ်လပ်ရေးရပြီးပါက ခွဲထွက်လိုက် ခွဲထွက်ခွင့်ရှိစေရမည်”ဟု ဆွေးနွေးခဲ့သည်။
ဒုတိယပင်လုံ ညီလာခံတက်ရန်လာသော ကချင်ကိုယ်စားလှယ်အဖွဲ့ကလည်း ၁၉၄၇-ခု ဖေဖော် ၀ါရီ (၁) ရက်နေ့တွင် ကွတ်ခိုင်နယ်၊ နန့်ဖတ်ကာရွာတွင် ကြိုတင်ညှိနှိုင်း ဆွေးနွေးကြပြီး အချက်(၇)ချက်ကို တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြသည်။ ၄င်းအချက်များအပြင် အောက်ခြေခြွင်းချက် (၄)ချက်အနက် အပိုဒ်(ခ)တွင် ပြည်ထောင်စု ဖွဲ့စည်းပြီးသည့်နောက်တွင် ကချင်အမျိုးသားများသည် လွတ်လပ်စွာ ခွဲထွက်ခွင့်ရှိရမည်ဟု ထည့်သွင်းဖော်ပြခဲ့သည်။
၁၉၄၇- ဖေဖော်ဝါရိ (၆)ရက်နေ့တွင် ပင်လုံတွင် ကျင်းပသော ရှမ်းစော်ဘွားကိုယ်စားလှယ်များ၊ ရှမ်းလူထုကိုယ်စားလှယ်များ၊ ကချင်ခေါင်းဆောင်များပါဝင်သော အစည်းအဝေးမှ ဆုံးဖြတ်ချက်(၅)ချက် ချမှတ်ခဲ့ရာတွင် အမှတ်(၅)ဆုံးဖြတ်ချက်၌ လွတ်လပ်ရေးရပြီးနောက် မြန်မာပြည်ထောင်စုမှ ကျွန်ုပ်တို့ သဘောကျသည့်အချိန်တွင် ခွဲထွက်လိုက ခွဲထွက်ခွင့်ရှိရမည်ဟု တင်ပြခဲ့ကြသည်။ ထို့ပြင် ၁၉၄၇-ခု ဖေ ဖော်ဝါရီ (၇)ရက်နေ့ နံနက်(၉)နာရီတွင် ကျင်းပခဲ့သော ရှမ်း၊ ကချင်၊ ချင်းတို့၏ ပူးတွဲကော်မတီ၏ ဆုံးဖြတ် ချက်တွင် ယင်းအချက်များကို ချင်းကိုယ်စားလှယ်အဖွဲ့မှ ဖြည့်စွက်ထောက်ခံသဖြင့် အားလုံးသဘောတူ လက်ခံကြသည်။
ကချင်၊ ရှမ်း၊ ချင်းတိုင်းရင်းသားများ တောင်းဆိုခဲ့ကြသော ခွဲထွက်ခွင့်ကို ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ကန့်ကွက်မှုမရှိဘဲ ၄င်းကိုယ်တိုင် ဦးစီးရေးဆွဲခဲ့သော ၁၉၄၇-ခု မေလ ဖဆပလ ပဏာမပြင်ဆင် မှုညီလာခံတွင်း အတည်ပြုပြဋ္ဌာန်းကာ ဖွဲ့စည်းပုံအခြခံဥပဒေ အခန်း(၁၂)၌ ခွဲထွက်နိုင်သော အခွင့်အရေး ကိုလည်းကောင်း၊ ဗိုလ်ချုပ်တို့ကျဆုံးပြီး ဦးချန်ထွန်း ဦးစီးရေးဆွဲကာ ၁၉၄၇-ခု စက်တင်ဘာလတွင် တိုင်းပြု ပြည်ပြုလွှတ်တော်၌ ပြဋ္ဌာန်းသော ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁၀)တွင် ၄င်းခွဲထွက်နိုင်သော အခွင့် အရေးများကို အတိအလင်း ပြဋ္ဌာန်းပေးခဲ့သည်။ ခွဲထွက်ခွင့်ကို သီးခြားဥပဒေ ပြဋ္ဌာန်းပေးခဲ့သော်လည်း အခြေခံကျသော တန်းတူညီရေးကို ဖော်ဆောင်နိုင်ခဲ့ခြင်းမရှိ၍ မြန်မာနိုင်ငံသမိုင်းတွင် အကျိုးထက် အပြစ် ကို ဖြစ်စေခဲ့သည်။
ထို ၄၇-ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် ခွဲထွက်ခွင့်နှင့်ပတ်သက်၍ ကျပ်တည်းသော ချုပ်ချယ် ခြင်းဖြင့် ခွဲထွက်နိုင်သော အခွင့်အရေး လိုက်လျောချက်နှင့်အတူ ပြည်နယ်များဖွဲ့စည်းရေး အခန်းများထည့် သွင်းရခြင်းမှာ အမှန်တကယ် နိုင်ငံရေးနှင့် အုပ်ချုပ်ရေးအရ လိုအပ်၍မဟုတ်ဘဲ နယ်စပ်ဒေသခေါင်းဆောင် များ၏ ယုံမှားသံသယ ပျောက်စေရေးအတွက်ဖြစ်သည်ဟု ထိုဥပဒေကို အဓိကရေးဆွဲသူ ဦးချန်ထွန်းမှ ထုတ်ဖော်ပြောကြားခဲ့သည်။
ကမ္ဘာပေါ်တွင် ဖက်ဒရယ်ကျင့်သုံးရာ၌ တနိုင်ငံနှင့်တနိုင်ငံ မတူညီပါ။ ဖက်ဒရယ်နိုင်ငံပေါင်း (၃၀) ကျော်ကို လေ့လာရာ၌ ခွဲထွက်ခွင့်ကို ဆိုဗီယက်ယူနီယံဟောင်းနှင့် မြန်မာနိုင်ငံဥပဒေများ၌သာ တွေ့ရ သည်။ ၄၇-ဖွဲ့စည်းပုံ အခြေခံဥပဒေ၌ ခွဲထွက်ခွင့်ပါသည်ဟု ဆိုနိုင်သော်လည်း ကျပ်တည်းသောချုပ်ချယ် ခြင်းဖြင့် ခွဲထွက်ခြင်းကို ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ ကနေဒါနိုင်ငံ၏ ဖွဲ့စည်းပုံ၌မူ ခွဲထွက်ခြင်းကို လုံးဝခွင့်မပြု ကြောင်း အတိအလင်းဖော်ပြခဲ့သည်။ ဗဟိုချုပ်ကိုင်မှုအနည်းဆုံးဟု ကမ္ဘာပေါ်တွင် နာမည်ကြီးသော ဆွစ်ဇာလန် နိုင်ငံတွင်မူ (၁၈၁၅) ဖက်ဒရယ်အခြေခံဥပဒေအရ အာဏာအားလုံးနီးပါးကို ပြည်နယ်များတွင် ခွဲဝေထားပြီး ဗဟိုအင်အားချိနဲ့သော အစိုးရမျိုးကိုသာခွင့်ပြုခဲ့သည်။ ဗဟိုအစိုးရအားနည်းနေ၍ ပြည်သူလူထုအကြား အမျိုးသား စည်းလုံးညီညွတ်မှုကို မတည်ဆောက်နိုင်ခဲ့ပေ။ ၁၈၄၇-ပြည်တွင်းစစ်ပြီးမှ ပြည်သူအများစုက ဗဟိုအားကောင်းသော အစိုးရတရပ် လိုအပ်ကြောင်း ဆုံးဖြတ်ခဲ့ကြသည်။
အနာဂတ်မြန်မာပြည်အတွက်မူ စဉ်းစားစရာတွေရှိလာပါသည်။ ဒီမိုကရေစီရပြီးနောက် အမျိုးသား ရေး လှုပ်ရှားမှုများဖြစ်လာပြီး ကိုယ့်လူမျိုး ကိုယ်ဂရုစိုက်မှုများဖြစ်လာလျက် တိုင်းရင်းသား လူမျိုးစုများမှာ သူတို့ဘာသာသူတို့ အုပ်ချုပ်ကြပြီး ကိုယ့်လူမျိုးကောင်းစားရေးတခုတည်းကို ကြည့်ခဲ့ပါလျှင် တိုင်းပြည် ပြိုကွဲရေးသို့ ဦးတည်သွားနိုင်ပါသည်။ ထို့ပြင် လူဦးရေအနည်းအများကိုမကြည့်ဘဲ တိုင်းရင်းသားလူမျိုးစု ညီမျှမှုပေါ်တွင် အခြေခံရမည်ဟူသော တောင်းဆိုချက်သည် ဒီမိုကရေစီညီမျှမှု အခြေခံမူများကို ယုတ် လျော့သွားစေမည်သာမက ပြဿနာအချို့ကို ပိုမိုကြီးထွားလာစေနိုင်သည်။ ပုံစံအားဖြင့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (မူကြမ်း)တွင် ပြည်ထောင်စုကို (၈) ပြည်ထောင်ဖြင့် ခွဲခြားထားခဲ့သည်။
တနိုင်ငံလုံး လူဦးရေ ရာခိုင်နှုန်းအရ ဗမာက (၆၀)ရာခိုင်နှုန်းရှိပြီး လူမျိုးစုများက (၄၀)ရာခိုင်နှုန်းရှိ လျက် အာဏာခွဲဝေမှု၌ ဗမာက (၈)ပုံ(၁)ပုံရပြီး လူမျိုးစုများက (၈)ပုံ(၇)ပုံယူသွားခဲ့ကြသည်။ ထိုသို့ လူမျိုး စု (လူနည်းစု)များက အာဏာအများကြီးယူသွားမှုမှာ လူများစုမြန်မာများ၏ လုပ်ပိုင်ခွင့်များကို ချိုးနှိမ်ပစ် လိုက်ခြင်းဖြစ်သည်။ ဤသို့ခွဲဝေမှုအပေါ် မညီမျှတရားဟု ထင်မြင်လာခဲ့သော် မြန်မာများအနေဖြ့င် လူမျိုးစု များအား မုန်းတီးလာလျက် ပဋိပက္ခများ ပြင်းပြင်ထန်ထန်ဖြစ်လာနိုင်ပါသည်။ ထို့အတူ လူမျိုးစုများဘက်မှ ကြည့်ပြန်လျှင်လည် ဒီမိုကရေစီနည်းကျသော မြန်မာပြည်တွင် ကျင့်သုံးနေသော အများစုအနိုင်ရရေး ရွေး ကောက်ပွဲများ၌ လူများစု ဗမာများသာ အမြဲအနိုင်ရနေခဲ့လျှင် လူများစုမဟုတ်သော လူမျိုးစုများအနေဖြင့် တရားမျှတမှု မရှိဟု ထင်မြင်လာပါလိမ့်မည်။ ရွေးကောက်ပွဲစနစ်ကိုလည်း အသေအချာ ဆန်းစစ်ရွေးချယ် အသုံးပြုသင့်သည်။ ထိုသို့မဟုတ်ပါက ဒီမိုကရေစီနည်းကျသော နိုင်ငံရေးပုံစံသည် လူမျိုးစုပြဿနာများကို အလွယ်တကူဖြစ်စေနိုင်ပြီး ရွေးကောက်ပွဲမှ တဆင့်ပြဿနာများ ဖြစ်ပေါ်လာနိုင်လျက် ဒီမိုကရေစီကြောင့် ကောင်းမွန်ခြင်းထက်စာလျှင် လူမျိုးစု အဓိကရုဏ်းများကို ပေါ်ပေါက်လာစေနိုင်သည်။
လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှုအစရှိသည့် မတူညီမျှများကို အခြေခံပြီး အားလုံးသဘောတူ လက်ခံ နိုင်မည့် ပြည်နယ်ဖွဲ့စည်းမှုသည် အကောင်းဆုံးဟုထင်ပါသည်။ ခွဲထွက်ခွင့်ကို အသေဆုပ်ကိုင်မထားဖို့ရန် လည်း ခွဲထွက်မှုကို အကြောင်းပြကာ အာဏာရှင်စနစ်လည်း ပေါ်ပေါက်ခဲ့ပြီ။ ယနေ့အထိ ခွဲထွက်ခွင့်ကို ဆုပ်ကိုင်လျက် ခွဲထွက်ခွင့်မပါလျှင် ဖက်ဒရယ်ပြည်ထောင်စုမစစ်၍ လက်မခံဟု ငြင်းဆန်နေခဲ့ပါလျှင် နှစ် ပေါင်း (၅၀)ကျော်ခဲ့ပြီးဖြစ်သော ပြည်တွင်းစစ်မီးကြီး ဆက်လက်လောင်ကျွမ်းလျက် နအဖစစ်အာဏာရှင် တို့ကလည်း လက်ခုပ်တီး၍ ကြိုဆိုနေမည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။ ။

ဇော်ထွန်း

သီရိလင်္ကာရောက် မြန်မာရဟန်းတော်များဘလော့မှ ကူးယူဖော်ပြထားသည်။
http://lanka-msma.blogspot.com/2007/11/blog-post_6010.html
Posted by ပိတောက်မြေ at 5:15:00 AM
Labels: ပြည်ထောင်စုမပြိုကွဲရေး

No comments:

Post a Comment

mr.kyaingtun@gmail.com